မနေ့ညနေက အီလွန်က ဟန်းတားလက်ပ်တော့ပ်ကိစ္စကို တွဒ်တာက ဘယ်လိုဖုံးကွယ်ခဲ့သလဲဆိုတာကို စတင်ဖော်ထုတ်ပေးခဲ့ပါတယ်။ ဖော်ထုတ်ချက်တွေကိုတော့ Rolling Stone က အယ်ီဒတာ Matt Taibbi @mtaibbi တွဒ်တာအကောင့်ကနေ Thread: The Twitter Files နာမည်နဲ့ တင်ထားခဲ့ပြီး ဆက်လက် တင်သွားဦးမယ်လို့ သိရပါတယ်။ အီလွန်က တင်မယ်ပြောခဲ့တာ မနေ့က ညနေ ၅နာရီဖြစ်ပြီး တကယ်တမ်းမှာ ၆နာရီခွဲကျော်မှ တင်နိုင်ခဲ့ပါတယ်။ တင်ထားသမျှက ဟန်းတားကိစ္စအပါအဝင် ဒီမိုကရက်မကြိုက်တဲ့ တွိတွေအပေါ် ဘယ်လို ဆင်ဆာလုပ်ကြမယ်ဆိုတာ အဲဒီအချိန်က တွဒ်တာဝန်ထမ်းအချင်းချင်း အပြန်အလှန်ဆွေးနွေးထားကြတဲ့ email မှတ်တမ်းတွေ ဖြစ်ပါတယ်။
ဖော်ပြထားတဲ့ထဲမှာတော့ ထရမ့်ရဲ့ အိမ်ဖြူကရော ဒီမိုကရက်တွေဘက်ကပါ တချို့သတင်းတွေကို ဆင်ဆာလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တွဒ်တာဝန်ထမ်းတွေရဲ့ နိုင်ငံရေးပါတီတွေကို လှူတာတွေကိုကြည့်ရင် ၉၅ကနေ ၉၉ရာနှုန်းလောက်က ဒီမိုကရက်တွေကို လှူတာဖြစ်ပြီး ကျန်အစွန်းထွက်နဲနဲလေးကပဲ ရီပါဘလစ်ကန်တွေကို လှူထားတာဖြစ်တော့ ဒီမိုကရက်အင်အားကောင်းတဲ့နေရာမှာ ဒီမိုကရက်မကြိုက်တဲ့ သတင်းတွေကိုပဲ ဆင်ဆာလုပ်ကြတာ ဖြစ်ပုံရပါတယ်။ ထရမ့်အစိုးရက တောင်းဆိုတယ်ဆိုတဲ့ထဲမှာ ဖြစ်နိုင်ခြေရှိတာက ရုရှားတွေနဲ့ဇတ်လမ်းရှုပ်တယ်လို့ လိမ်တာတွေ၊ သူနဲ့ သူ့မိသားစုအကြောင်း မဟုတ်မမှန် အပုတ်ချထားတာတွေ ဖြစ်ပုံရပါတယ်။ သေချာတာကတော့ အဲဒါတွေ အဘန်းမခံရတာပါပဲ။
ဟန်းတားသတင်း ဆင်ဆာတဲ့အကြောင်းတွေကို အီလွန်က ဖွင့်ချလိုက်တယ်ဆိုတဲ့ သတင်းဟာ အင်တာနက်မျက်နှာစာတော်တော်များများမှာ နေရာယူနေပေမယ့် နယူးယောက်တိုင်းမ်စ်က လုံးဝ မတင်ပေးခဲ့တဲ့အတွက် အီလွန်က နယူးယောက်တိုင်းမ်စ်ဟာ လက်ဝဲစွန်းတွေရဲ့ လော်ဘီ/လက်ကိုင်ဒုတ် ဖြစ်နေပြီလို့ ဝေဖန်လိုက်ပါတယ်။
ဟန်းတားလက်ပ်တော့ပ် ကိစ္စကို အိမ်ဖြူမှာ သတင်းထောက်တွေမေးတုန်းက အဲဒီအချိန်က အိမ်ဖြူပြန်ဝန် ဂျန်ဆာကီက ဟန်းတားဟာ အစိုးရအဖွဲ့ဝင်မဟုတ်တဲ့အတွက် သူနဲ့ပတ်သက်ပြီး တခုခုမေးစရာရှိရင် ဟန်းတားရှေ့နေကိုပဲ ဆက်သွယ်ပြီးမေးပါလို့ ဖြေပြီး စကား အတင်းဖြတ် သွားပါတယ်။ ဟန်းတားလက်ပ်တော့ပ်က ကိစ္စတွေက ဘိုင်ဒန်ဒုသမ္မတ ရာထူးနဲ့တုန်းက ဖြစ်ခဲ့တာတွေဖြစ်ပြီး မေးခွန်းမေးချိန်မှာ ဘိုင်ဒန်သမ္မတဖြစ်နေတဲ့အတွက် သမ္မတသားက နိုင်ငံတော်/သမ္မတကိုယ်စားပြု အဲဖို့စ်ဝမ်းနဲ့ လိုက်ပါပြီး နိုင်ငံခြားအစိုးရတွေနဲ့ အပေးအယူ လုပ်တာတွေဟာ ပြည်သူနဲ့ အပြည့်အဝ သက်ဆိုင်တယ်ဆိုတာကိုတော့ ဒီမိုကရက်တွေရော ဒီမိုကရက်အောက်ဆွဲတွေကပါ လစ်လျူရှုထားကြတာ ဖြစ်ပါတယ်။
ထရမ့်လက်ထက်မှာ ဖြုတ်ခဲ့တဲ့ထဲက တဦးက အိုဘားမားလက်ထက်ထဲက ရှိခဲ့တဲ့ တရားရေးဌာနဝန်ထမ်း အက်ဖ်ဘီအိုင်ရဲ့ ထိပ်တန်းရှေ့နေ ဂျိမ်းစ်ဘေကာဖြစ်ပါတယ်။ ဂျိမ်းစ်ဘေကာဟာ ဒီနေ့ထွက်ပေါ်လာတဲ့ တွဒ်တာဖိုင်တွေအရ အက်ဖ်ဘီအိုင်က ထွက်လာပြီးနောက် တွဒ်တာမှာ ထိပ်တန်းရှေ့နေ လာလုပ်ခဲ့ပါတယ်။ ဘေကာက ဟန်းတားသတင်းကို တွဒ်တာမှာ ဖုံးဖိ ဖျောက်ထားဖို့ အတည်ပြုပေးခဲ့တဲ့ အဓိက လူတဦး ဖြစ်နေတာပါ။
ရုပ်ရှင်မင်းသား(ဟောင်း)ဂျိမ်းစ်ဝုဒ်ကလည်း သူ့ကိုဆင်ဆာလုပ်ဖို့ ညွှန်ကြားခဲ့တဲ့ ဒီမိုကရက်နေရှင်နယ်ကော်မီတီ (DNC) ကို တရားစွဲဆိုသွားမယ်လို့ ကြေငြာလိုက်ပါတယ်။ ဂျိမ်းစ်ဝုဒ်က သာမာန်မင်းသား/ဆယ်လီတွေလိုမဟုတ်ပဲ ဉာဏ်ပညာကြီးတာ သူ့တွိတွေကိုဖတ်ကြည့်ရင် သိနိုင်ပါတယ်။ အရေးအသားရော အမြင်စူးရှတာရော တင်ပြပုံရော မှတ်သားစရာ ကောင်းလှပါတယ်။ သတ္တိရှိပြီး အမြင်မတော်တာတွေ့ရင် တွေ့သလိုပြောတတ်တဲ့ ဂျိမ်းစ်ကို ခြစားတွေ ကြောက်ကြတာတော့ မဆန်းပါဘူး။
MIT ဆင်း ဂျိမ်းစ်ကို တွဒ်တာက ပိတ်ထားခဲ့တာ အီလွန်ပြန်လာတော့မှ ပြန်ဖွင့်ပေးခဲ့ပေမယ့် သူ့ရုပ်ရှင်အသက်မွေးမှုကတော့ ဟောလိဝုဒ်ရဲ့ ကန်ဆယ်လ်ကားချား အမုန်းများအောက်မှာ ခုထိ နားလန်ထူမလာသေးပါဘူး။ အသက် ၇၅နှစ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်ဟာ ၁၉၉၉အထိ ဒီမိုကရက်ဖြစ်ခဲ့ပြိး အဲဒီကနေ ၂၀၁၅အထိ independent ဖြစ်ခဲ့ကာ ၂၀၁၅ နောက်ပိုင်းမှာမှ ရီပါဘလစ်ကန်အဖြစ် ခံယူလာခဲ့တာဖြစ်ပါတယ်။
တွဒ်တာဖိုင်တွေထွက်လာတာအပေါ် တရားစွဲကြမှာကတော့ ဂျိမ်းစ်ဝုဒ်တဦးတည်း မဟုတ်ပါဘူး။ တွဒ်တာဝန်ထမ်းတွေကို လွှတ်တော်မှာ ခေါ်စစ်ဆေးမှာတွေ ပါဝင်ပတ်သက်နေသူတွေကို ခုံရုံးတင်တာတွေ လာဦးမှာပါလို့ ရီပါဘလစ်ကန်အမတ်တွေက ကြုံးဝါးထားပါတယ်။
ကန်ထောက်လှမ်းရေး (စီးကရက်ဆားဗစ်) က ၂၀၁၈တုန်းက ဟန်းတားပိုင်ဆိုင်တဲ့ သေနတ်တလက်ကို ဒလဝဲက အမှိုက်ပုံးတခုမှာ ပစ်ထားတဲ့ကိစ္စအပေါ် မှတ်တမ်းပေါင်း ၁၀၀ကျော်၊ စာမျက်နှာပေါင်း ၄၀၀ကျော်ကို စီစစ်ရမှာဖြစ်လို့ လာမယ့်ဇန်နဝါရီလမှ ကနဦးစီစစ်မှုတွေ ပြီးပါမယ်လို့ အချိန်ဆွဲထားပါတယ်။ အချိန်ဆွဲရုံတင်မက ၂၀၂၁တုန်းက ဟန်းတားသေနတ်ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ဖြေထားတာက မှားနေပါတယ်လို့လည်း ပြောခဲ့သေးသလို ရှေ့စကားနဲ့ နောက်စကားမညီတာတွေ တော်တော်တွေ့နေရလို့ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့ ဂျူဒီရှယ်ဝေါ့ချ်က တရားစွဲပြီး မှတ်တမ်းတွေ တောင်းကြည့်ခဲ့ရာကနေ သိလာရတာ ဖြစ်ပါတယ်။
ကမလာရဲ့ ဗီပီရုံးက ဝန်ထမ်းတွေဟာ သူမရာထူးစတင်ယူကတည်းက တဖွဲဖွဲ နှုတ်ထွက်နေကြတာ အယောက် ၃၀လောက်ရှိသွားပြီဖြစ်ပါတယ်။ ထရမ့်တုန်းက သူ့ပေါ်လစီတွေကို အကောင်အထည် မဖော်ချင်/မဖော်နိုင်သူတွေကို ဖြုတ်ပြီး ပိုသင့်မယ်ထင်တဲ့သူနဲ့ အစားထိုးတာ၊ မူလခန့်ထားသူက နွံအိုင်ထဲက ခြကြီးဖြစ်နေတာ ပေါ်သွားလို့ နှုတ်ထွက်/ဖြုတ်ပစ်လိုက်ရတာတွေအပေါ် မီဒီယာက ထရမ့်က ဆိုးလွန်းလို့ သူနဲ့ ဘယ်သူမှအလုပ်တွဲမလုပ်နိုင်သလိုလို ပုံဖော်ကြပါတယ်။ အဲဒီလူတွေက အခုလို ရုံးသေးသေးက ကမလာရဲ့ ဝန်ထမ်းတွေ တဖြုတ်ဖြုတ်ထွက်နေကြတဲ့ အပေါ်မှာတော့ နှာစေးနေကြတာ တွေ့ရပါတယ်။
တွဒ်တာက အီလွန့်လက်ထက်မှာ ခုလို ပွင့်လင်းမြင်သာမှု တိုးတက်လာပေမယ့် တခြား တက်ခ်ကုမ္ပဏီကြီးတွေက ဆင်ဆာမှုကို အရှိန်အဟုန်နဲ့ လုပ်နေဆဲဖြစ်ပါတယ်။ တရုပ်ပြည်ဆန္ဒပြမှုတွေ အကြောင်း တင်တဲ့ ဗီဒီယိုတွေကို ကြမ်းတမ်းတာတွေ ပါလို့ဆိုပြီး ကြည့်ရှုသူအသက် ကန့်သတ်လိုက်ပါတယ်။ အဲဒီလို အသက်ကန့်သတ်လိုက်တာဟာ ဆင်ဆာအပြည့်အဝ လုပ်ခွင့်ပေးလိုက်တာနဲ့ သဘောချင်း တူတူပါပဲ။ ဆန္ဒပြပွဲက ပုံတွေကို ဝါးရင်ဝါး၊ မဝါးထားရင် ဖြတ်ပေးမှ ပုံမှန်တင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ ဒါတောင် ဆိုးဆိုးရွားရွား သွေးထွက်သံယို ရိုက်နှက်နေတာတွေ မဟုတ်သေးပဲ စီတန်းဟစ်ကြွေးဆန္ဒပြတာတွေများပြီး ဆန္ဒပြသူတွေကို ရဲက လိုက်ရိုက်တာ ဆွဲတာမျိုးက အနည်းအကျဥ်းပဲ ပါတာပါ။
မြန်မာပြည်က တလရဗီဒီယိုတွေ ဆင်ဆာအလုပ်ခံရတာလည်း အဲဒီပေါ်လစီတွေကြောင့်ပဲ ဖြစ်မှာပါ။ ဒီမိုကရေစီရေးနဲ့ ဆန္ဒပြတာတွေဟာ ခေါင်းနဲ့ပန်းလို ခွဲမရနိုင်တာဖြစ်လို့ ဒီမိုကရေစီလိုလားသူဆိုရင် မတရားမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြတာမျိုးကို အားတောင် ပေးရဦးမှာပါ။ ဒီမိုကရေစီအတွက် လှုပ်ရှားမှုတွေအပေါ် အဲဒီလိုဆင်ဆာလုပ်တာက ဒီမိုကရေစီဘက်တော်သားဖြစ်မလား အာဏာရှင်ဘက်သား ဖြစ်မလားဆိုတာကိုပဲ စဥ်းစားကြဖို့ လိုပါတယ်။