တွဒ်တာရဲ့ အကြီးဆုံးကြော်ငြာထည့်သူဖြစ်တဲ့ ပန်းသီးဟာ ဒီနှစ် ပထမ ၃လမှာတင် တွဒ်တာမှာ ကြော်ငြာခ ၄၈သန်းသုံးထားခဲ့ပြီး အီလွန်ဝယ်လိုက်ပြီးနောက် တခြားကော်ပိုရေးရှင်းကြီးတွေလိုပဲ ခိုင်လုံတဲ့ စီးပွားရေးအကြောင်းပြချက်မရှိပဲ ကြော်ငြာထည့်တာကို ကန့်သတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အီလွန်က တွဒ်တာကို အက်ပ်စတိုးကနေ ဖယ်မယ်ဆိုတာနဲ့ ပတ်သက်လို့ ဝေဖန်လိုက်ပြီး နောက်တရက်မှာပဲ ပန်းသီးက တင်မ်ကွတ်ခ်က အီလွန်ကို ဖိတ်ပြီး ဆွေးနွေးခဲ့ရင်း တွဒ်တာကို အက်ပ်စတိုးကနေ ဖယ်ဖို့ အစီအစဥ်မရှိပါဘူးလို့ ပြောခဲ့ပါတယ်။
အခုတော့ ပန်းသီးက တွဒ်တာမှာ ကြော်ငြာတွေ ပုံမှန်ပြန်ထည့်နေပြီဖြစ်ပြီး ကြော်ငြာရှင်တွေ ပြန်လာတာ ကြိုဆိုကြောင်း အီလွန်က တွိသွားပါတယ်။ ဖြောင့်ဖြောင့်သွားနေတဲ့ အီလွန်လို လူတော် လူစွမ်းကို ညစ်လိုက်ရင် ရေရှည်မှာ ခံစားရမယ့်သူက တင်မ်/ ပန်းသီးပဲ ဖြစ်လိမ့်မယ်ဆိုတာ သဘောပေါက်သွားပုံပါပဲ။
အီလွန်ရဲ့ တွဒ်တာမှာ ကြော်ငြာမထည့်ဖို့ ဒီမိုကရက်တွေက သူတို့ “စီးပွားဖက်” ကော်ပိုရေးရှင်းကြီးတွေရဲ့ ခေါင်းဆောင်တွေကို ဖိအားပေး/ညွှန်ကြားကြပါတယ်။ ဒီမိုကရက်တွေအပြင် အဓိက civil rights အဖွဲ့အစည်းတွေဖြစ်တဲ့ NAACP တို့ Anti-Defamation League စတာတွေကပါ တွဒ်တာမှာ ကြော်ငြာမထည့်ဖို့ ကော်ပိုရေးရှင်းကြီးတွေကို လှုံဆော်ပေးကြပါတယ်။ ဒါဆိုရင် အီလွန်က ဖရီးစပိချ်ကို ကာကွယ်ဖို့ တွဒ်တာကို ဝယ်လိုက်တာက ဘယ် civil right (နိုင်ငံသားအခွင့်အရေး) ကို ချိုးဖောက်နေလို့လဲလို့ မေးရမှာပါပဲ။ ချိုးဖောက်တယ်လို့ ဘာမှ သက်သေမပြနိုင်ပဲ လက်တံရှည်တဲ့ အဖွဲ့ကြီးတွေ နာမည်သုံးပြီး ပုဂ္ဂလိကကုမ္ပဏီတခုကို ဘူးလီးလုပ်တာဟာ အဲဒီအဖွဲ့အစည်းတွေက ဘယ်သူတွေအသုံးချခံဖြစ်နေတယ်ဆိုတာကို ပြလိုက်တာပါပဲ။
လူ့အဖွဲ့အစည်းတိုင်းမှာ ပြည်သူက အရေးအပါဆုံးဖြစ်ပြီး အဲဒီလို အရေးပါနေအောင်လည်း ပြည်သူက အစဥ် ထိန်းကျောင်းနေရမှာ ဖြစ်ပါတယ်။ အခုလက်ရှိ တွဒ်တာမှာ ကြော်ငြာမထည့်ပဲ သပိတ်မှောက်နေကြတဲ့ ကော်ပိုရေးရှင်းကြီးတွေ ပြည်သူ့အကျိုးကို မျက်နှာမမူသ၍ ပြည်သူကလည်း ပြန်သပိတ်မှောက်ခြင်းအားဖြင့် ထိန်းကျောင်းသင့်ပါတယ်။ (စာရင်းပုံမှာကြည့်ပါ။) ပြည်သူကို အလေးထားစေဖို့ ပြည်သူကလည်း ရှိတဲ့ပါဝါကို မဖြစ်မနေ သုံးဖို့ လိုအပ်ပါတယ်။
ဟန်းတားဟာ ဘာအလုပ်မှ မလုပ်တတ်ပဲ အဖေအဆက်အသွယ်နဲ့ တရုပ်အစိုးရပိုင် ကုမ္ပဏီများ၊ ယူကရိန်းက ဘူရစ်စ်မာနဲ့ ရုရှားက မော်စကိုမြို့ဝန်နဲ့ အော်လီဂါ့ခ်တွေဆီက သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ တံစိုးလက်ဆောင်တွေယူ၊ ဒါရိုက်တာဘုတ်တွေမှာ အမည်ခံဝင်ထိုင်ပြီး သိန်းချီ သန်းချီတဲ့ လခတွေယူနေရုံမကပဲ ပြည်တွင်းမှာလည်း ခွင်တွေရိုက်စားနေကြောင်း ဝက်စတန်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဘွိုက်စ်ရှေလာဖလက်စ်နာဆိုတဲ့ ဥပဒေအကျိုးဆောင်အဖွဲ့က ၂၀၂၀နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ဝင်ငွေ သန်း ၄၈၀ ရရှိခဲ့တဲ့အတွက် ပါတနာတဦးကို ၄.၅သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီလောက် ဝင်ငွေကောင်းနေတဲ့ လုပ်ငန်းတခုဟာ ၂၀၂၀ ၂၀၂၁တုန်းက ကဗကြောင့် ဝင်ငွေလျော့/ပြတ်သွားတဲ့ လုပ်ငန်းငယ်လေးတွေကို ပေးတဲ့ ချေးငွေ ၁၀သန်း ရရှိခဲ့ပါတယ်။ အဲဒီချေးငွေကို နောက်တော့ ဘိုင်ကြီးအစိုးရက လျော်ပေးလိုက်တဲ့အတွက် ပြည်သူ့ဘဏ္ဍာထဲက ၁၀သန်း ပလုံသွားခဲ့ပါတယ်။
ငဗစ်အကြောင်းပြပေါ်လစီတွေကြောင့် အမှန်တကယ်မျက်ဖြူဆိုက်နေတဲ့ လုပ်ငန်းငယ်လေးတွေက ချေးငွေရဖို့ အခက်အခဲတွေအများကြီး ရှိနေတဲ့အချိန်မှာ အမြတ်ကြမ်းနေတဲ့လုပ်ငန်းက ချေးငွေအများကြီး လွယ်လွယ်ရခဲ့တဲ့အကြောင်းကတော့ ဟန်းတားက ပါတနာတဦးဖြစ်နေလို့ပါပဲ။ အဲဒီအတွက်လည်း ရုံးတက်စရာမလိုပဲ တနှစ် ၂သိန်းကျော် ရနေသေးတာ ၂၀၁၀ထဲက ဖြစ်ပါတယ်။ အဲဒီအကျိုးဆောင်ကုမ္ပဏီက ၂၀၂၀တုန်းက ဘိုင်ဒန်ကမ်ပိန်းကို ၂သိန်းကျော် လှူထားတာအပါအဝင် ၂၀၂၀ နဲ့ ၂၀၂၂ ရကပွဲတွေမှာ ဒီမိုကရက်တွေကို ၁သန်းလှူထားခဲ့ပါတယ်။ ဘွိုက်စ်ရှေလာဖလက်စ်နာက ဘူရစ်စ်မာနဲ့ကိစ္စမှာလည်း ပါဝင်နေပေမယ့် ကွန်ဂရက်စ်မှာ အစစ်ခံတုန်းကတော့ အဲဒီအကြောင်း ထိမ်ချန်ထားခဲ့ပါတယ်။ အဲဒီအကြောင်းတွေက ဟန်းတားလက်ပ်တော့ပ်က လာတာဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားဂါဗာနာ ဂယ်ဗင်နျူဆမ်က ကျွန်ဖြစ်ခဲ့သူတွေရဲ့ အဆက်အနွယ်တွေ (သို့) အမေရိကန်မှာ ၁၉ရာစုမဝင်ခင်ထဲက နေလာခဲ့တဲ့ လူမည်းမျိုးဆက်တွေကို လူမျိုးရေးခွဲခြားခဲ့မှုအပေါ် နစ်နာကြေးအနေနဲ့ တဦးကို ၂၂၃,၀၀၀ ဒေါ်လာ ပေးသွားဖို့ အဆိုပြုထားပါတယ်။ အမေရိကန်မှာ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့တာ နှစ်ပေါင်း ၁၅၀ကျော်ခဲ့ပြီဖြစ်ပြီး လူပေါင်း ၃သန်းခွဲကျော်ကို ကျွန်အဖြစ်က လွတ်စေခဲ့တာ ဖြစ်ပါတယ်။ မဲပေးရာမှာ ID ပြဖို့လိုတယ်ဆိုတာကိုတောင် ပညာမတတ်တဲ့ လူမည်း လူမွဲတွေဟာ ID လိုဟာမျိုးလျောက်ဖို့တောင် အခက်အခဲရှိပါတယ်၊ အဲဒါကြောင့် မဲပေးဖို့ ID လိုတယ်ဆိုတာ လူမျိုးရေးခွဲခြားတာပါလို့ လိပ်ခေါင်းထွက်မတတ် အော်နေတဲ့ ဒီမိုကရက်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ကျော်က မှတ်တမ်းတွေပြပြီး ပိုက်ဆံတောင်းရမယ်ဆိုတာ ဖြစ်နိုင်ခြေ ရှိရဲ့လားလို့ စဥ်းစားသင့်ပါတယ်။
နောက်တချက်ကလည်း နိုင်ငံခြားကလာတဲ့သူတွေတောင် လက်ကြောတင်းရင် ပညာမတတ်သည့်တိုင် လူတန်းစေ့နေနိုင်တဲ့နိုင်ငံမှာ လွတ်လပ်ခဲ့တာ မျိုးဆက် ၆ခု ကျော်နေတဲ့သူတွေက အခုအချိန်အထိ မွဲနေသေးတယ်ဆိုရင် ဒီပြဿနာက ပိုက်ဆံပုံပေးလိုက်ရုံနဲ့ ပြီးသွားမယ့် ပြဿနာမဟုတ်တာ သေချာပါတယ်။ အဆင်ပြေပြေ ဂုဏ်သိက္ခာနဲ့ နေနိုင်ကြသူတွေကလည်း သုံးစားမရတဲ့ နလပိန်းတုံးတွေလို အထင်သေးအမြင်သေးဆက်ဆံခံရတာ ကြိုက်ကြမှာ မဟုတ်ပါဘူး။
ကယ်လီဖိုးနီးယားမှာ လူမည်း ၂.၅သန်းရှိတဲ့အတွက် အဆိုပြုချက်အတည်ဖြစ်လာရင် ဇီးသီးဗန်းတင်မဟုတ်ပဲ ဇီးသီးကွန်တိန်နာကြီး မှောက်သလို ဖြစ်မယ့်အပြင် အကျိုးဆက်အနေနဲ့ အခွန်တွေ အများကြီး တက်လာဦးမှာပါ။ သမိုင်းဆိုတာ သင်ခန်းစာ ယူဖို့က ချေးခြောက်ရေနှူးဖို့ထက် အရေးကြီးမယ်ထင်ပါတယ်။
