မနေ့က အီလွန်က အက်ဖ်ဘီအိုင်ထွက် ဂျိမ်းစ်ဘေကာကို တွဒ်တာကနေ ဖယ်ရှားလိုက်ပြီးနောက်မှာ မနေ့က တွဒ်တာဖိုင် ဒုတိယပိုင်းထွက်ခဲ့ပြီး ကနေ့တော့ တတိယပိုင်းဆက်ထွက်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ထွက်ခဲ့တာတွေက ကွန်ဆာဗေးတစ်အကောင့်တွေကို မသိမသာ ဘန်းတား ညစ်ထားပုံတွေကို ဖော်ထုတ်တာ ဖြစ်ပါတယ်။ တွဒ်တာ ဆင်ဆာလုပ်တဲ့ထဲမှာ တယောက်နဲ့တယောက် DM တိုက်ရိုက်မက်ဆေ့ချ်နဲ့ ပြောတာတွေကို စောင့်ကြည့်တာတွေပါ ပါနေပါတယ်။ ဖဘမှာလည်း အဲဒီလိုပါပဲ။ အာဏာရှင်ကတောင်းဆိုရင် အလွယ်တကူ လိုက်လျောကြတာပါ။
အဲဒါတွေ ထွက်ပေါ်လာပြီးနောက် အီလွန်က software update လုပ်လိုက်ပြီး ဗားရှင်းအသစ်မှာ ကိုယ့်အကောင့်ကို ဘယ်လို အကြောင်းနဲ့ ဘာလုပ်ထားတယ် ဆိုတာ ကြည့်လို့ရတဲ့ function ထည့်ထားမယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်တာဟာ ပွင့်လင်းမြင်သာမှု ရှိစေတဲ့အတွက် ကွန်ဆာဗေးတစ်တွေတင်မက သုံးစွဲသူ မည်သူကိုမဆို အကျိုးရှိစေမှာ ဖြစ်ပါတယ်။
တွဒ်တာဖိုင် တတိယပိုင်းမှာ သမ္မတထရမ့်ကို ၂၀၂၀ရကပွဲမတိုင်ခင် ရက်တွေမှာ ခြေခြေမြစ်မြစ်အကြောင်းပြချက် ဘာတခုမှမရှိပဲ တွိတွေကို ဖိနှိပ်ခဲ့ ဆင်ဆာလုပ်ခဲ့တဲ့ အထောက်အထားတွေ တွေ့လာရပါတယ်။ ထရမ့်ဘက်ကို ဖိထားသလောက် ဘိုင်ဒန်ဘက်ကိုတော့ အင်တိုက်အားတိုက် ဖုံးပေး ဖာပေး ငွေဖို့ မဲကောက်သင်း မဲဝယ်တွေကအစ အသေးစိတ် စီစဥ်ထားတယ်ဆိုတာက နိုင်မယ့်သူတွေက လုပ်မယ့်အလုပ်လား မနိုင်မှာသိလျက်နဲ့ မရမက ထိုင်ခုံလုချင်သူတွေရဲ့အလုပ်ဖြစ်မလားဆိုတာ ရှင်းနေတာပါပဲ။
ကနေ့ဘိုင်ဒန်တို့က ရုရှားမှာ မူးယစ်ဆေးကိုင်ဆောင်သုံးစွဲလို့ ထောင်ဒဏ် ၉နှစ်ခွဲ ကျခံနေရတဲ့ WNBA ဘတ်စကက်ဘောကစားသမ ဘရစ်တနေ ဂရီနာကို အမေရိကန်မှာ ထောင်ဒဏ်ကျခံနေရတဲ့ သေမင်းတမန်ကုန်သည်လို့ လူသိများတဲ့ အကြီးစား လက်နက်မှောင်ခို ဗစ်တာ ဘောက်နဲ့ ယူအေအီးနိုင်ငံမှာ လဲလှယ်ခဲ့ပါတယ်။ ဘောက်ဟာ ၂၀၁၁ကထဲက အမေရိကန်အခြေစိုက် နိုင်ငံခြားအကြမ်းဖက်အုပ်စုကို လက်နက်ရောင်းချမှုနဲ့ ထောင် ၂၅နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
ဘရစ်တနေဟာ အမေရိကန်ဖြစ်ရတာ ရှက်မုန်းနေတဲ့သူဖြစ်တဲ့အပြင် သူမက ရုရှားဥပဒေကို ဆန့်ကျင်ပြီး မူးယစ်ဆေးသုံးခဲ့တာကလည်း အထင်အရှားပဲ ဖြစ်ပါတယ်။ ဗစ်တာကတော့ သေမင်းတမန်ကုန်သည်ဆိုတဲ့ ဂုဏ်ပုဒ်အပြင် လက်နက်တွေ ဘယ်သူက ဘယ်လောက်ပဲ ပိတ်ဆို့ထားထား ဖောက်ထွက်ပြီး ရအောင် ရောင်းပေးနိုင်တဲ့ sanctions buster ဆိုတဲ့ နာမည်ပါ ရထားတာပါ။ ဒါကြောင့် ဗစ်တာဘောက်ကို ရုရှားလက်ထဲ ပြန်ထည့်ပေးလိုက်တာဟာ ရန်သူကို အားဆေးတိုက်တာ၊ ကိုယ့်အဆိပ်ကိုယ်မြိုတာဖြစ်သလို ကမ္ဘာကြီး မအေးချမ်းအောင် လုပ်လိုက်တာလည်း ဖြစ်နေပါတယ်။
ပိုစိတ်ပျက်စရာဖြစ်ရတာက ရုရှားမှာ မယ်မယ်ရရ အကြောင်းပြချက်မရှိပဲ ၂၀၁၈ထဲက သူလျိုလို့ စွပ်စွဲပြီး ထောင် ၁၆နှစ် ကျခံထားရတဲ့ မရင်းတပ်က စစ်ပြန်ပေါလ်ဝှီလန်နဲ့ ရအောင် မလဲနိုင်ခဲ့တာပါ။ ခေါင်းဆောင်မှုနဲ့ သံတမန်ရေးညံ့လို့ပဲ ဆိုရမလား၊ ဒီမိုကရက်တွေရဲ့ အလုံးစုံပျက်စီးရေးအေဂျင်ဒါ တွေထဲကလို မတည်ငြိမ်ဖို့၊ တရားဥပဒေ မစိုးမိုးဖို့ပန်းတိုင်ကို တမင်ဦးတည်သွားနေတာလားလို့ မေးရင်တော့ နှစ်ခုလုံးလို့ပဲ ဖြေရမယ်ထင်ပါတယ်။
အမေရိကန်မှာ အကြီးဆုံး လုပ်ငန်းတခုဖြစ်တဲ့ Walmart ရဲ့ စီအီးအို Doug McMillon က တရားဥပဒေစိုးမိုးရေးကို အစိုးရရှေ့နေတွေက ကရော်ကမယ်ကိုင်တွယ်နေတဲ့အတွက် ခိုးဆိုးလုယက်တွေ အလွန်ပေါများလာတာကြောင့် Walmart ဆိုင်တွေမှာ အခိုးခံရတာကို ကာမိအောင် ဈေးတွေ တင်ရင်တင် မတင်ရင် မကိုက်တော့တဲ့ဆိုင်တွေ ပိတ်ပစ်ရတော့မှာဖြစ်ကြောင်း စီအန်ဘီစီကို ပြောကြားသွားပါတယ်။ ကယ်လီဖိုးနီးယားမှာ တကြိမ်ကို ၉၅၀အောက် ခိုးရင် အရေးမယူတာကြောင့် စာရိတ္တပျက်စီးဖို့ လေ့ကျင့်ပေးနေသလို ဖြစ်နေတာပါ။
ဝေါမတ်ဆိုင်ကြီးတွေက တခြားဆိုင်တွေနဲ့ယှဥ်ရင် ဆိုင်တွင်း လုံခြုံရေးကို ပိုဂရုစိုက်တာ ခုနောက်ပိုင်းမှာ ပိုသိသာပါတယ်။ လူအင်အား ပိုချထားသလို အလွယ်တကူ ခိုးယူနိုင်တာတွေကို သော့ခတ်ထားတာ တန်ဖိုးကြီးပစ္စည်းတင်မကတော့ပဲ ၁၀ဝန်းကျင် လောက်ပဲတန်တဲ့ အားဆေးတွေ အလှကုန်တွေတောင် ပါလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်အတွင်း ဆုတ်ယုတ်သွားတာ မြန်ဆန်လွန်းပါတယ်။
Walgreens ကတော့ ခိုးတာတွေ မခံနိုင်လို့ ဆိုင်တွေပိတ်လိုက်ရတာ မနည်းတော့ပါဘူး။ အခိုးခံရတာတွေကြောင့် Target က ဒီနှစ်ထဲမှာ အမြတ်ငွေထဲက သန်း ၆၀၀ လုံးပါးပါးသွားခဲ့ပါပြီ။ Best Buy က CEO Corie Bary ကလည်း ဝန်ထမ်းတွေအနေနဲ့ ဆိုင်ထဲမှာ ခိုးသူတွေနဲ့ ရင်ဆိုင်တဲ့အခါ ဖိအားတော်တော်ကြီးပါတယ်လို့ ဆိုပါတယ်။ အပြင်လူတွေက လာလာခိုးနေကြတာ မြင်နေရတော့ ဝန်ထမ်းတွေကပါ ခိုးလာကြတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဆိုင်တွေက ခံနေကြရတာဖြစ်ပါတယ်။
ဆာဗေးတခုမှာတော့ ဆိုင် ၁၀ဆိုင်မှာ ၈ဆိုင်က ခိုးမှုတွေတင် မကတော့ပဲ လုယက်အကြမ်းဖက် တာတွေကိုပါ ရင်ဆိုင်လာနေရပြီး အဲဒီနှုန်းကလည်း ကြောက်စရာကောင်းလောက်အောင် မြင့်တက်နေတယ်လို့ သိရပါတယ်။ လက်လီဆိုင်တွေရဲ့ အဆိုပါပြဿနာက တနှစ်ကို ၁၀၀ဘီလီယံ လောက် ရှိနေပြီဖြစ်ပြီး အဲဒီဆုံးရှုံးမှုတွေကြောင့် အလုပ်တွေပြုတ်၊ ဈေးတွေတက်၊ အခွန်တွေတိုး၊ ဆိုင်တွေကျဲ စတဲ့ သက်ရောက်မှုတွေကို ပြည်သူ/စားသုံးသူကပဲ ခါးစည်းခံရမှာ ဖြစ်ပါတယ်။
အရီဇိုးနားက ဒီမိုကရက်ဆီနိတ်တာ ခရစ်စတန်ဆီနီမာက ကနေ့ပဲ ဒီမိုကရက်ပါတီက နှုတ်ထွက်လိုက်ပြီဖြစ်ပြီး အင်ဒီပန်းဒန့်အဖြစ်နဲ့ မှတ်ပုံတင်ထားကြောင်း ကြေငြာလိုက်ပါတယ်။ သူမဟာ အောက်တိုဘာတုန်းက ဘိုင်ဒန်ရဲ့ ခိုးဝင်တွေကို မစီမစစ်နိုင်ငံသားပေးမယ့် ဘစ်ဘက်ဘီအက်စ်ဘတ်ဂျက်ကြီးကို မထောက်ခံခဲ့တဲ့အတွက် အရီဇိုးနားပြည်နယ်တက္ကသိုလ်မှာ စာသင်နေစဥ် ကျောင်းသားတစုက အိမ်သာထဲထိ လိုက်လံနှောက်ယှက်ခဲ့ကြတာပါ။
နယူးယောက်မြို့တော်ကောင်စီအစည်းအဝေးမှာ အိမ်ရှင်တွေက အိမ်ငှားမယ့်သူတွေအပေါ် ရာဇဝတ်နောက်ကြောင်း စစ်ဆေးမှုမှ တားမြစ်ဖို့ မြို့တော်က အဆိုပြုထားတဲ့ ဥပဒေအပေါ် အာရှအမျိုးသမီး၂ဦးနဲ့ လူဖြူအမျိုးသမီး ၂ဦးတို့က ကန့်ကွက်ဆွေးနွေးသွားပါတယ်။ အာရှအမျိုးသမီး ၂ဦးကန့်ကွက်တဲ့အပေါ် အဆင့် ၂ လိင်ရာဇဝတ်ကောင်စာရင်းဝင် ဒေါက်ဂလပ်စ်ပေါင်းဝဲလ်ဆိုသူ လူမည်းက လူမျိုးရေးမကျေနပ်မှုတွေနဲ့ အပြစ်တင်ပြောဆိုခဲ့တဲ့အပေါ် ကောင်စီဝင်တွေကရော ရဲကပါ ဝင်ရောက်ဟန့်တားမှု မရှိခဲ့ပါဘူး။
အဆင့် ၂ လိင်ရာဇဝတ်ကောင်စာရင်းက အကြမ်းမဖက်သော်လည်း ကလေးသူငယ်အပေါ် ကျူးလွန်တာတွေ ပါပါတယ်။ အရင်ကဆို သက်ငယ်နဲ့ ကျူးလွန်ဖူးသူတွေက ကျောင်းတွေ ကလေးကစားကွင်းတွေနဲ့ ဝေးဝေးနေရတာဖြစ်ပေမယ့် အခုဆိုရင် ရာဇဝတ်နောက်ကြောင်းတောင် စစ်လို့မရတော့မယ့်အထိ တိုးတက်နေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နယူးယောက်က မြို့တော်ကောင်စီဝင်တဦးကလည်း ဒီမိုကရက်ပါတီဟာ လက်ဝဲစွန်းကို ရောက်နေပြီဆိုပြီး ရီပါဘလစ်ကန်ဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။
အပေါ်မှာ အလုံးစုံပျက်သုဥ်းရေးလို့ ပြောခဲ့တာ ငေါ့ပြောတာ ပိုပြောတာ မဟုတ်တာ အဲဒီသတင်းတွေကို ကြည့်ရင် သိနိုင်မှာပါ။ ၂၀၂၄မှာ ထရမ့်ဝင်ပြိုင်မယ်လို့ ကြေငြာပြီးကတဲက ဆိုမီဒီယာတွေမှာ အလုံးအရင်းနဲ့ စိတ်ဓါတ်စစ်ဆင်ရေးတွေ လုပ်လာနေတာ သတိထားမိနေပါတယ်။ အရင်က သမာသမတ်အတော်အတန်ရှိခဲ့တဲ့ ဖောစ်စ်နယူးစ်တို့ ဝေါစထရိဂျာနယ်တို့လို သတင်းဌာနတွေကအစ သိသိသာသာ ဘက်လိုက်လာကြသလို ရီပါဘလစ်ကန်အချင်းချင်း သွေးကွဲစေမယ့်ပို့စ်တွေ ခပ်စိတ်စိတ်ရေးလာကြပါတယ်။ ဖောက်စ်နယူးစ်က ထရမ့်ရဲ့ချွေးမ လာရာထရမ့်ကို ဘာအကြောင်းပြချက်မှ မယ်မယ်ရရမရှိပဲ ဖြုတ်ပစ်လိုက်ပါတယ်။ တရားမျှတမှုကို လိုလားသူများအနေနဲ့ အငိုက်မမိကြပါစေနဲ့လို့ သတိပေးလိုက်ပါတယ်။