နိုဝင်ဘာ ၂၀၂၁တုန်းက ဒီမိုကရက်တွေ ထုတ်လိုက်တဲ့ Infrastructure ဘေလ်ထဲမှာ အမေရိကန် အများစု သတိမထားမိတဲ့ အချက်ကတော့ ဒီမိုကရက်တွေ နှစ်ပေါင်းများစွာ တွန်းလာတဲ့ လွတ်လပ်မှုကန့်သတ်မယ့် ထိတ်တုံးတခုပဲ ဖြစ်ပါတယ်။ ဒီမိုကရက်တွေဟာ safety အတွက်လို့ အယောင်ပြ သကာအုပ်ထားတဲ့ ဘေလ်ကတော့ မူးပြီး မောင်းတာတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကားတိုင်းမှာ မတပ်မနေရ “safety device” တခုကို ၂၀၂၆မှာ စပြီး ကားထုတ်လုပ်သူတွေအားလုံး ထည့်သွင်းထုတ်လုပ်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။
ကားဝယ်ယူသူတွေဟာ ငြင်းပိုင်ခွင့်လည်းမရှိ၊ အဲဒီစက်ကိုလည်း ပိတ်ထားလို့မရပဲ ဗျူရိုကရက်တွေ၊ ရဲတွေနဲ့ ကားထုတ်လုပ်သူတွေက သူတို့ကြည့်ချင်တဲ့သူကို အချိန်နဲ့ တပြေးညီ ဘယ်မှာရှိနေလဲ သိနိုင်တဲ့အပြင် အဝေးကနေ ခလုပ်လေးတချက် နှိပ်လိုက်ရုံနဲ့ ကားက လုံးဝ မောင်းလို့မရအောင် လုပ်ကြတော့မှာပါ။ လူတွေကို ထိန်းချုပ်ဖို့ အားထုတ်ရာမှာ တရုပ်ပြည်နဲ့ တူတူလာတဲ့ အချက်တခုပဲ ဆိုပါတော့။ ဒီမိုကရက်တွေ ဥပဒေရေးမြဲ ထုံးစံအတိုင်း ဘယ်လိုဖြစ်ရင် ဘာလုပ်ဆိုတာမျိုး သေချာ တိတိပပ ပြောထားတာမရှိတဲ့အတွက် သားရေကွင်းလို လိုရာဆွဲသုံးလို့ ရနေမှာလည်း ဖြစ်ပါတယ်။
အဆိုပါ ဥပဒေဟာ အခြေခံဥပဒေနဲ့ ညီမညီဆိုတာကို သုံးသပ်ထားခြင်းမရှိသလို စက်ပစ္စည်းတွေရဲ့ သဘာဝအတိုင်း အမှားအယွင်း ရှိတတ်မှာ သံသယ ဖြစ်စရာမရှိပါဘူး။ တကယ်ပြဿနာ တက်ကြတာက မူးပြီးမောင်းတာထက် ဖုံးသုံးလို့ တိုက်ကြတာက ပိုများပါလိမ့်မယ်။ နောက်တချက်က ပညာရှိကြီးများရဲ့ မိန့်မှာချက်တခုဖြစ်တဲ့ ဥပဒေဖြစ်ဖြစ် အစိုးရရဲ့ လုပ်ဆောင်ချက်ကိုပဲဖြစ်ဖြစ် သုံးသပ်ရင် ရည်ရွယ်ချက်ကို မကြည့်ပဲ တကယ်သက်ရောက်မှု သက်ရောက်နိုင်မှုတွေကို အရင်ကြည့်ပါ ဆိုတာပါ။ ဥပမာ လစေ့ကိုယ်ဝန် ဖျက်ချတာကိုပဲ ကြည့်လေ၊ မိခင်က မလိုချင်လို့ မိခင် စိတ်ကျန်းမာရေးအတွက် ဖျက်ချရပါတယ်ဆိုရင် ရည်ရွယ်ချက်က ဟုတ်မလိုလိုနဲ့ ထိခိုက်ကြတာတွေက အများကြီး ဖြစ်နေတာပါ။ အကျိုးဖြစ်တာတော့ နိုင်ငံရေးစားဖားတွေပါပဲ။
ယူးထာပြည်နယ်က ရာလန်ဘရွန်ဆန်နဲ့ ညီအကို ၃ဦးဟာ ၂၀၂၀ ဂျန်၆ တုန်းက ကွန်ဂရက်စ်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အခြေခံဥပဒေက ပြဌာန်းထားတဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်ပဲ ၂၀၂၀ ရကပွဲက အငြင်းပွားစရာတွေကို စီစစ်ပေးခဲ့ခြင်း မပြုခဲ့တဲ့အပေါ် ပြည်ထောင်စု အမြင့်ဆုံးတရားရုံးက ကြားနာစစ်ဆေးပေးဖို့ ဦးတိုက်လျောက်ထားလိုက်ပါတယ်။ အဲဒီအကြောင်းကို အာကန်ဆောဂါဗာနာဟောင်း မိုက်ခ်ဟပ်ကဘီက တင်ပြထားတာဖြစ်ပြီး အမှုနိုင်ခဲ့တယ်ဆိုရင် ဘိုင်ဒန်နဲ့ ကာမလာတို့ ရာထူးက ဖယ်ရှားခံရတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို အမှုမျိုး တင်တာ ပြည်သူအကျိုး ရှေ့ရှုတာဖြစ်လို့ အားပေးပါတယ်။ အင်မတန် ကြီးမားနက်ရှိုင်းတဲ့ ခြအုံကြီးရဲ့ ရန်ကို ရင်ဆိုင်ပြီး ဆူပရင်းမ်ကုတ်က အချုပ်ကြီးက ကြားနာပေးဖို့ လုံလောက်တဲ့ အသည်း သတ္တိ ရှိပါ့မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ သမိုင်းအရတော့ သိပ်မထင်ပါဘူး။
ဒီမိုကရက်ပါတီကို စွန့်ခွာခဲ့တဲ့ တူလ်စီဂက်ဘတ်က တပ်ကာကို အမေရိကန်နိုင်ငံရေးအခြေအနေဟာ အဆိုးဖက်ကို ဆက်တိုက်ဆင်းနေခဲ့တာကို ဘယ်လို သတိထားမိသွားတာလဲ ဘယ်တုန်းကလဲလို့ မေးမြန်းခဲ့ပါတယ်။ တပ်ကာက သူ့ဖခင်ဟာ ဘုရှ် ၄၁လက်ထက်က ဆေရှဲလ်စ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်ခဲ့တဲ့အတွက် သူအနေနဲ့ နိုင်ငံရေးနဲ့ မီဒီယာအသိုင်းအဝိုင်းနဲ့ ရင်းနှီးနေခဲ့တာ ခပ်ငယ်ငယ်ထဲက ဖြစ်တယ်လို့ ဆိုပါတယ်။
တပ်ကာက ၂၀၀၆ကနေ ၂၀၂၀အထိ ဒီမိုကရက်အဖြစ် ခံယူခဲ့သူဖြစ်ပြီး ၂၀၂၀ နောက်ပိုင်းမှာမှ ရီပါဘလစ်ကန်အဖြစ် ပြောင်းလဲ ခံယူလာသူ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘာဘွဲ့ ညာဘွဲ့ ဘာရာထူး ညာရာထူးကြောင့် လူတွေကို အထင်တကြီး မရှိတတ်ပေမယ့် ဝါရှင်တန်ကလူတွေနဲ့ ထိတွေ့ခင်မင်နေခဲ့တာပါ။ သူ့အမြင်တွေ ပြောင်းလဲလာပြီးတဲ့နောက် သူနဲ့ သူ့မိသားစုကို ဝါရှင်တန်မှာ တိုက်ခိုက်ခံရမှုတွေ ရှိလာတဲ့အတွက် ဝါရှင်တန်ကို စွန့်ခွာလာခဲ့တာ ဖြစ်ပါတယ်။
တပ်ကာရဲ့အမြင်တွေကို ပြောင်းပေးလိုက်သူကတော့ သမ္မတဒေါ်နယ်ထရမ့်ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ တပ်ကာဟာ ထရမ့်နဲ့လည်း အရင်းနှီးကြီးမဟုတ်ပေမယ့် သိနေကြတာတော့ ၁၅နှစ်ကျော်ပြီ ဖြစ်ကြောင်း၊ ထရမ့်ပြောခဲ့တာတွေက သူ့ကို တခါမှ မတွေးဖူးတဲ့ အတွေးတွေ တွေးဖြစ်စေခဲ့ကြောင်း၊ ထရမ့်ပြောသမျှအပေါ်မှာ ဘာကြောင့်ပြောလဲ၊ မှန်သလား မှားသလား စသဖြင့် စဥ်းစားမယ်မရှိပဲ ပြောသမျှ စကားလုံးတိုင်းအပေါ် ခါးခါးသီးသီး ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်နေကြတာက သူ့ကို တခုခုတော့ မှားနေပြီဆိုတာ အချက်ပေးနေသလို ဖြစ်ခဲ့တယ်လို့ ရှင်းပြသွားပါတယ်။
ထရမ့်က ပြောသွားတာတွေထဲက စစ်အေးတိုက်ပွဲ ပြီးသွားတာ ကြာလှပြီ၊ အခုထိ နေတိုးကို ဘာလို့ ပိုက်ဆံထောက်နေရတာလဲဆိုတာနဲ့ ပတ်သက်ပြီး တပ်ကာက ငါ့ဖခင်လည်း နိုင်ငံရေးလောကထဲကပါ။ ဒါပေမယ့် တခါမှ ဒီလိုမတွေးဖူးဘူး။ သေချာစဥ်းစားကြည့်တော့လည်း ဟုတ်နေပြန်တယ်၊ ဘာကြောင့် နေတိုးကို ပိုက်ဆံတွေ ဖို့နေရတာလဲ ဆိုတာ စဥ်းစားရမယ်၊ ဆိုဗီယက်အုပ်စုရဲ့ အန္တရာယ်က စစ်အေးခေတ်ကနဲ့ယှဥ်ရင် အများကြီး နဲသွားပြီပဲ။ နယ်စပ်ကိစ္စဆိုလည်း လူကောင်းပေးဝင်တာ ပြဿနာ မဟုတ်ပေမယ့် ကိုယ့်နယ်စပ်ကိုယ် ထိန်းချုပ်မှုကတော့ ရှိကိုရှိရမယ်လေ။
ထောက်လှမ်းရေးက သူ့ကို စပိုင်လုပ်နေကြောင်း ထရမ့်က ပြောခဲ့တုန်းက တပ်ကာက မယုံခဲ့တဲ့အပြင် ဟားတောင် ဟားခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒါဟာ အမှန်တကယ်ဆိုတာ သိလာရတဲ့ နောက်ပိုင်း ဒီအစိုးရစနစ်ကြီးတခုလုံးအပေါ် ယုံကြည်မှုက လုံးဝ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုးဆုံး ပြဿနာက ထရမ့်ဘာပြောပြော common sense လေးသုံးပြီး စဥ်းစားမယ်မရှိပဲ အပြောကိုမခံ၊ မျက်စိပိတ် နားပိတ်ပြီး အတင်းကြီး ပေါက်ကွဲပြနေကြတာကိုပါလို့ တူလ်စီကို ဖြေကြားသွားပါတယ်။