အမေရိကန်အောက်လွှတ်တော်မှာ ၁၁၈ ကွန်ဂရက်စ်အတွက် ဟောက်စ်စပီကာရွေးနေတာ ၅ရက် ၁၄ကြိမ် ရှိသွားပြီဖြစ်ပြီး နောက်ဆုံးအကြိမ်မှာတော့ ကယ်ဗင်မက်ကာသီက သတ်မှတ်မဲအရေအတွက် ပြည့်ဖို့ ၁ မဲပဲ လိုတော့တာ ဖြစ်ပါတယ်။ မီဒီယာတွေကရော ဒီမိုကရက်တွေကရော ရီပါဘလစ်ကန်တွေ ကွဲပြဲနေပြီတို့၊ ခုလိုဖြစ်ရတာ ရှက်စရာတို့နဲ့ ဝမ်းသာအားရ ဖြစ်နေကြပေမယ့် တကယ်တမ်းတော့ ဒါဟာ နိုင်ငံရေးလောကမှာ ရှိသင့်တဲ့ အကျေအလည်ဆွေးနွေးမှုရဲ့ ပရိယာယ်တခုပဲ ဖြစ်ပါတယ်။
ရီပါဘလစ်ကန်တွေကြားမှာ သဘောထားကွဲလွဲမှုဆိုတာ အမြဲရှိတတ်ပါတယ်၊ ဒါဟာလည်း သဘာဝကျတာဖြစ်လို့ လူကြီးလူကောင်းများပီပီ ငြင်းခုံစရာရှိရင် ငြင်းခုံ၊ ပြီးရင် ရန်သူတွေ ဖြစ်မသွားပဲ လက်ဆွဲနှုတ်ဆက်ပြီး အလုပ်ဆက်တွဲလုပ်နေကြတဲ့ ပုံမှန်ဓလေ့တခုထက် မပိုပါဘူး။ ပါတီတွင်းရော လွှတ်တော်ထဲမှာပါ ငြင်းခုံကြတာ ပုံမှန်ဖြစ်သင့်ပေမယ့် ဒါမျိုးဟာ ရင့်ကျက်မှုအားနည်းသူတွေ၊ အဂတိတခုခုကြောင့် အားနည်းချက်ရှိနေသူတွေအတွက် လုံးဝရှောင်လွှဲချင်တဲ့ ကိစ္စ ဖြစ်နေပြန်ပါတယ်။
ရီပါဘလစ်ကန်တွေဖက်က တင်းခံထားတဲ့သူတွေဟာ နာမည်ပျက်လုံးဝမရှိပဲ တိုင်းပြည်အကျိုးအတွက် ထိရောက်တဲ့ အလုပ်တွေ လုပ်နိုင်အောင် ဆွေးနွေးချင်တဲ့အတွက် ကယ်ဗင်မက်ကာသီကို မဲမပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့လိုချင်တာတွေက ဧရာမလိုငွေပြနေတဲ့ ဘတ်ဂျက်ကို လျော့ချဖို့၊ ကျေနပ်ဖွယ်မရှိတဲ့ လွှတ်တော်စပီကာကို ဖြုတ်ချနိုင်တဲ့ လုပ်ငန်းစဥ်ကို အရမ်းကြီးခက်ခဲအောင် လုပ်မထားဖို့၊ နယ်စပ်ပြဿနာကို အရေးတကြီး ဆောင်ရွက်ဖို့ စတာတွေ ပါဝင်ပါတယ်။ အခုလို လုပ်ရတာလည်း ကယ်ဗင်က အက်စ်တာဘလစ်ရှ်မန့်ရီပါဘလစ်ကန်တွေလို မဲပေးခဲ့တဲ့ သမိုင်းရှိတာကြောင့် ရီပါဘလစ်ကန်ကွန်ဂရက်စ်မှာ ထိရောက်တဲ့ ရလာဒ်တွေ ရဖို့သေချာအောင် လုပ်ရတာဖြစ်ပါတယ်။ မက်ကာသီအနေနဲ့ ကနေ့ည မရသေးရင်တောင် တနင်္လာနေ့လောက်တော့ လုံလောက်တဲ့ မဲရနိုင်မယ်လို့ ထင်ပါတယ်။ ရက်အနည်းငယ်ပုပ်တာကို ပုံကြီးချဲ့ပြောနေကြသူတွေက ဂျန်၆ စုန်းယိုး ကော်မီတီနဲ့ ပြည်သူတွေအတွက် ကြွေးပုံနစ်စေမယ့် Omnibus bill တွေလောက်ပဲ အာရုံစိုက်ပြီး ပြည်သူအကျိုးရှိမှာ ဘာမှ ဟုတ်တိပတ်တိ မလုပ်ခဲ့တဲ့ ၁၁၇ ကွန်ဂရက်စ်ကိုတော့ နှာစေးနေကြတာ တွေ့ရမှာပါ။
ကြားဝင်စေ့စပ်ပေးသူတွေက မက်ကာသီအနေနဲ့ သဘောတူညီချက်တွေကို စာနဲ့ရေးပြီး လိုက်လျောထားပါတယ်လို့ ဆိုပါတယ်။ ပြည်သူ့အကျိုးအတွက် မီဒီယာတိုက်ခိုက်မှုခံပြီး ဆွေးနွေးကြသူ ရီပါဘလစ်ကန်လူငယ်အမတ်များကို မီဒီယာတွေက အကြမ်းဖက်တွေ သူပုန်တွေလို့ သမုတ်ကြပါတယ်။ ဒီမိုကရက်မှာတော့ အဲဒီလို သဘောထားကွဲလွဲတာမျိုးမရှိပဲ လွှတ်တော်ထဲ စရောက်ကထဲက ပါတီလိုင်းအတိုင်းပဲ မဲပေးဖို့၊ အထွန့်တက်ရင် မနာခံရင် ဘာကော်မီတီမှာမှ မထည့်ပဲ ပယ်ထားဖို့ ပလိုးစီက ကြိုဇတ်သွင်းထားတဲ့အတွက် ဒီမိုကရက်အားလုံးက စီစီပီလို အစိတ်သားတွေလို ထိုင်အတူ၊ ထအတူ၊ မဲပေးအတူနဲ့ ဖြစ်ကုန်ကြတာပါ။ အေးအေးချမ်းချမ်း သဘောထားကွဲလွဲတာနဲ့ အစိတ်သားလို တသံတည်းထွက်တာနဲ့ ဘယ်ဟာက ရှက်ဖွယ်ဆိုတာတော့ သိကြမယ်ထင်ပါတယ်။
ဒီကနေ့ဟာ လွှတ်တော်မှာ ပလိုးစီကောင်းမှုနဲ့ ထရမ့်ထောက်ခံသူတွေ အသတ်ခံခဲ့ရပြီး သတ်ခဲ့သူတွေ ဂုဏ်ပြုခံရတဲ့ ၂ နှစ်မြောက်နှစ်ပတ်လည် ဖြစ်ပါတယ်။ ဘာအပြစ်မှ မလုပ်မိသလို ကြိုတင်ဝမ်နင်ပေးခြင်းမရှိပဲ လည်ပင်းကို အနီးကပ် ပစ်သတ်ခံခဲ့ရတဲ့ လက်နက်မဲ့ ရေတပ်စစ်ပြန် ခပ်သေးသေးအမျိုးသမီးရဲ့ မိခင်ဟာလည်း သူ့သမီးပစ်သတ်ခံရတဲ့ အဆောက်အဦအပြင်မှာ ပန်းခွေလာချလို့ အဖမ်းခံလိုက်ရပါတယ်။ ဒီနိုင်ငံမှာ ရုတ်တရက်သေတဲ့သူတွေကို သေတဲ့နေရာမှာ မိသားစုတွေက သေတဲ့နေရာမှာ ပန်းစည်းလေးတွေ လာချတာ ပုံမှန်လုပ်နေကြ ဖြစ်ပါတယ်။
ဒီကနေ့မှာပဲ အောက်လွှတ်တော်ဒီမိုကရက်ခေါင်းဆောင် ဟာကင်းမ်ဂျက်ဖရေက ဂျန်၆မှာ (ထရမ့်ထောက်ခံသူတွေကြောင့်) ရဲ ၅ဦး သေဆုံးခဲ့တယ်လို့ လိမ်ပါတယ်။ သေတာက တဦးတည်းပါ၊ အဲဒီလူကလည်း နောက်ရက်မှ လေဖြတ်သေတာပါ။ ဘာမှကို မဆိုင်တာပါ။ ဒါပေမယ့် မော်စီတုန်း ပြောခဲ့သလိုပဲ တခါလိမ်ရင် မယုံပေမယ့် အကြိမ်ကြိမ်လိမ်လိုက်တော့လည်း ယုံသွားတာပဲဆိုတဲ့ ဇတ် သွင်းနေတာပါ။ အဲဒါကြောင့်လည်း တရုပ်ပြည်လို မီဒီယာတွေ ဆိုရှယ်မီဒီယာတွေကို လက်ဝါးကြီး အုပ်ထားချင်ကြတာ ဖြစ်ပါတယ်။
၂၀၂၂ကနေ ၂၀၂၃ကို မကူးခင် နောက်ဆုံးရက်မှာ ဘိုင်ဒန်တို့ဝုခ်အစိုးရရဲ့ ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီ EPA က အမေရိကန်မြေပေါ်က အင်းတွေအိုင်တွေကို နိုင်ငံပိုင်ရေတွေအဖြစ် တိတ်တိတ်လေး နာမည်ပြောင်းလိုက်ပါတယ်။ အဲဒီမြေတွေဟာ ၂၀၁၅ အိုဘားမားလက်ထက်တုန်းက (အစိုးရပိုင်လုပ်ဖို့ ဦးတည်ချက်နဲ့) အကြီးစားပြောင်းလဲမှုတွေ ပြုလုပ်လိုက်တဲ့အတွက် ဥပဒေရေးရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အခုလို နာမည်ပြောင်းလိုက်တဲ့အတွက် အခု EPA ရင်ဆိုင်နေရတဲ့ အမှုတွေ လျော့သွားတော့မှာပါ။ လက်ရှိမှာလည်း အမြင့်ဆုံးတရားရုံးက EPA နဲ့ပတ်သက်တဲ့ အရေးကြီးအမှုတခုကို ကြားနာနေဆဲ ဖြစ်ပါတယ်။
အစိုးရပိုင်ရေဖြစ်သွားတော့ ရေအိုင်လေးတွေကအစ ပြည်သူတွေ ထိခွင့်မရှိတော့ပဲ ဗျူရိုကရက်တွေရဲ့ ထိန်းချုပ်မှုအောက် လုံးလုံး ကျရောက်သွားတော့မှာပါ။ ကယ်လီဖိုးနီးယားမှာလည်း ရေရှားတဲ့ကြားထဲ မိုးရေတောင် ခံခွင့်မရှိ၊ တောမီးပြဿနာ အမြဲကြုံနေပါလျက်နဲ့ သစ်ပင်တွေ သေနေရင်တောင် ဖယ်ခွင့်ရွှေ့ခွင့်မရှိဆိုတော့ ပြဿနာတွေအားလုံးရဲ့ တရားခံက အစိုးရဆိုးတွေပဲ ဖြစ်နေတာပါ။ နှစ်မကုန်ခင် နောက်ဆုံးရက်မှာ လုပ်လိုက်တော့ ဝေဖန်မယ့်သူတွေ မအားတာနဲ့၊ လွှတ်တော်က နားနေတာနဲ့၊ ပြည်သူတွေ အာရုံမစိုက်နေတုန်းမှာ သူခိုးကျင့် သူခိုးကြံနဲ့ လုပ်သွားခဲ့တာပါ။ ဦးတည်ချက်ကတော့ အာဏာရှင် စီပီနိုင်ငံတော်ကြီးပဲ ဖြစ်ပါတယ်။
နယူးယောက်မြို့တော်ကြီးမှာ ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခဲ့တဲ့ ဆိုင်တွေကနေ အလစ်သုတ်ခိုးမှုနဲ့ ဖမ်းဆီးခဲ့မှုပေါင်း ၂၂,၀၀၀ ခန့်မှာ ၃၀ရာနှုန်းဖြစ်တဲ့ ၆,၆၀၀ ကို ၃၂၇ဦးကပဲ အဖန်တလဲလဲ ကျူးလွန်နေတာဖြစ်ကြောင်း တွေ့ရှိထားပါတယ်။ အဲဒီလူတွေက ၂၀၂၂ အတွင်း တဦးကို ပျှမ်းမျှ အကြိမ် ၂၀လောက် ခိုးခဲ့ကြတာဖြစ်လို့ စီးပွားဖြစ် ခိုးနေကြတယ်လို့တောင် ပြောလို့ရမှာပါ။ တကြိမ်ကို ၉၅၀အောက်ဆိုရင် အမှုသေးလို့ ပြန်လွှတ်ရမှာဖြစ်လို့ တနှစ်ကို ခိုးတာကချည့် ၁၉,၀၀၀ လောက် စီနေမှာပါ။ ဒါက မမိလိုက်တဲ့အကြိမ်တွေ မပါသေးပါဘူး။
၂၂,၀၀၀ လောက် ဖမ်းဆီးမှုတွေက ဆိုင်ရှင်တွေတိုင်တဲ့ ၆၃,၀၀၀ နဲ့ယှဥ်ရင် အများကြီး နည်းနေသေးတာပါ။ ၂၀၁၉မှာ အာမခံ မလိုပဲ ပြန်လွှတ်နိုင်တဲ့ ဥပဒေကို ပြဌာန်းလိုက်တဲ့အတွက် အဆိုပါ ၃၂၇ဦးထဲက ၂၃၅ဦးက နယူးယောက်က လမ်းတွေပေါ်မှာ သာသာယာယာပဲ သွားမြဲလာမြဲဖြစ်ပါတယ်။ ထပ်တလဲကျူးလွန်သူတွေရဲ့ တဝက်လောက်က ထောင်ကျခဲ့ဖူးတဲ့ ရာဇဝတ်ကောင်တွေပါ။ လူဦးရေ ၁၀သန်းခန့်ရှိတဲ့ နယူးယောက်မြို့တော်မှာ ၂၀၂၂ အတွင်း ရာဇဝတ်မှုကြီး ကျူးလွန်မှုပေါင်း ၂၂.၄ရာနှုန်း တက်သွားခဲ့တာ ဖြစ်ပါတယ်။ တက်လာတဲ့ ရာဇဝတ်မှုတွေရဲ့ စားရိတ်နဲ့ ဆိုင်တွေ ဆုံးရှုံး/ပိတ်သိမ်းမှုတွေက အခွန်လျော့ရမှာနဲ့ဆိုတော့ ပြည်သူတွေအတွက် နောက်ထပ်အခွန်တွေ ပေါ်တင်တမျိုး ရုပ်ဖျက်ပြီးတမျိုး လာကြဦးတော့မှာပေါ့။
နယူးယောက်မြို့ကြီးဟာ နယ်စပ်ဖြတ်ဝင်လာသူတွေကြောင့် ဒေဝါလီခံသွားရနိုင်တယ်လို့ မြို့ဝန် အဲရစ်အဒမ်စ်က ဆိုပါတယ်။ ဒါပေမယ့် ပြဿနာရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဘိုင်ဒန့်ရဲ့ နယ်စပ်ဖွင့်ပေါ်လစီကိုတော့ လုံးဝ ဝေဖန်မသွားခဲ့ပါဘူး။ အကြပ်အတည်းတွေ့တိုင်း အမြတ်ထုတ်ရာမှာ ကျွမ်းကျင်လှတဲ့ ဒီမိုကရက်ထုံးစံအတိုင်း နယ်စပ်ပြဿနာကို မွေးထားပြီး ဖက်ဒရယ်ကနေ မချိမဆန့်ဘတ်ဂျက် ပိုတောင်း ခြူစားကြမယ့် သဘောပါ။ ပြွတ်သိပ်နေတဲ့ စခန်းတွေကနေ ကဗတွေ ဖြစ်ကြရင်လည်း ဘတ်ဂျက်တိုးတောင်းလို့ ကောင်းပြန်သလို ရာဇဝတ်မှုတွေ တိုးလာတော့လည်း သေနတ်တွေကိုပဲ အပြစ်ရှာကြတာပေါ့။ သူတို့အတွက်ကတော့ အေးဆေးပါ။ ပြည်သူတွေသာ ဒုက္ခများကြမှာ။