ဇန်နဝါရီ ၂၂ ရက် ၂၀၂၃

ရှာဖွေလေ တွေ့ရှိလေကတော့ ဘိုင်ဒန်နဲ့ လျို့ဝှက်စာရွက်စာတမ်းများပဲ ဖြစ်ပါတယ်။ စတွေ့တာကနေ အထပ်ထပ် တွေ့နေပြန်တာဆိုတော့ ဘယ်ကဘယ်လို သဲလွန်စရလာတာလဲလို့ စဥ်းစားသင့်ကြောင်း ကက်ရှ်ပတဲလ်က ထောက်ပြသွားပါတယ်။ တကယ်ဆို အပ်ကျတာကသိနေတဲ့ ထလရတွေက ဖော်ချင်ရင် အစောကြီးထဲက ဖော်လို့ ရနေပါလျက်နဲ့ ခုမှ စဖော်ပြီး တတိတတိနဲ့ တိုးပြလာတာဟာ ဘိုင်ဒန်ကို ၂၀၂၄မှာ ဝင်မပြိုင်စေလိုတာကြောင့် စ နေတာလည်း ဖြစ်နိုင်ကြောင်း၊ ဘိုင်ဒန်ကိုယ်၌က မပြိုင်တော့ဘူးမပြောလာမချင်း ကလပ်စီဖိုင်းတွေ ပိုပိုတွေ့လာမယ့်သဘောရှိကြောင်းလည်း ခန့်မှန်း ပြောကြားသွားပါတယ်။ အဲဒါကြောင့်လည်း မီဒီညာကြီးတွေက ဝိုင်းတင်နေကြတာ ဖြစ်မှာပါ။

နောက်တချက်က လွှတ်တော်ထဲမှာ ဘတ်ဂျက်အတွက် တိုက်ပွဲတွေ ပြင်းထန်နေတာဆိုတော့ ရီပါဘလစ်ကန်တွေကို ဘိုင်ဒန်အမှုတွေနဲ့ အာရုံလွှဲထားနိုင်ရင် သူတို့လိုချင်တဲ့ ဘတ်ဂျက်ရနိုင်မယ်လို့ တွက်ကြတာ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူအနေနဲ့ အမှန်အတိုင်း သိရဖို့ သိပ်တော့ မလွယ်ပါဘူး။ ဘိုင်ဒန့်ကေ့စ်ကို ကိုင်ဖို့ ဂါလန်ခန့်လိုက်တဲ့ စပယ်ရှယ်ကောင်ဆယ်က အလိမ်အညာ ရုရှားဂိတ်မှာ ပါဝင်ပတ်သက်ဖူးသူ ဖြစ်နေလို့ပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန်ရဲ့ ကြွေးမြီဟာ အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်တဲ့ ၃၁.၄ ထရီလီယံကို ရောက်ရှိသွားပြီဖြစ်ပါတယ်။​ အစိုးရယန္တယား ဆက်လက်လည်ပတ်ဖို့အတွက် ကြွေးမြီသတ်မှတ်ချက်ကို ထပ်မြှင့်ရဦးမှာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ရီပါဘလစ်ကန်က အများစုဖြစ်တဲ့အတွက် ဒီမိုကရက်လွှတ်တော်မှာလို တာဝန်ယူမှု တာဝန်ခံမှုမှမရှိပဲ အကန့်အသတ်မရှိ တိုးမြှင့်နေတာမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ မက်ကာသီက ဆိုပါတယ်။ ထရမ့်ကတော့ တခြားဟာ ဖြတ်ချင်ဖြတ်ပါ၊ မက်ဒီကဲနဲ့ ဆိုရှယ်စီကျူရတီကိုတော့ မဖြတ်ပါနဲ့လို့ တိုက်တွန်းလိုက်ပါတယ်။

အစိုးရဘတ်ဂျက်/ ဗျူရိုကရက်အစိုးရအဖွဲ့အစည်းတွေရဲ့ လေလွင့်/သုံးသလောက် မထိရောက်တဲ့ အသုံးစားရိတ်တွေကို ဖြတ်တောက်လျော့ချခြင်းမပြုပဲ တောင်းသလောက်ပေး ဖြုန်းသလောက် ဖို့နေရင် ငွေဖောင်းပွမှုကို ပိုဆိုးစေပြီး ပြည်သူကို ပိုကြပ်တည်းစေပါလိမ့်မယ်။​ တိုင်းပြည်မတိုးတက်ပဲ ပိုပဲကြွေးထူလာမှာကို လုံးဝ လက်မခံနိုင်တဲ့ ရီပါဘလစ်ကန်တွေနဲ့ ဘယ်နားမှ မလျော့နိုင်ဘူး၊ ဘယ်လို ကန့်သတ်ချက်မှလည်း လက်မခံနိုင်ဘူး၊ စီစစ်ဖို့လည်း အချိန်မပေးနိုင်ဘူး၊ တောင်းသလောက် ပေးမှာသာပေးဆိုတဲ့ ဒီမိုကရက်တွေကြား တိုက်ပွဲကတော့ ကြည့်ကောင်းဦးမှာပါပဲ။ ဘတ်ဂျက် လျော့ခိုင်းရင် ဒီမိုကရက်တွေက ထုံးစံအတိုင်း လူမျိုးရေး လူမှုရေးနဲ့ အမုန်းမီးလောင်အောင် ပင့်ကြပါဦးမယ်။ ရီဆက်ရှင်ဖြစ်နေပြီဆိုတော့ အလုပ်ဖြုတ်တာတွေလည်း ဆက်တိုက် လာဦးမှာပါ။ လူတွေ ဒုက္ခများနေချိန် အမုန်းမီး အချိန်ကိုက် ထည့်ပြီး နိုင်ငံရေးအမြတ်ထုတ်ကြဖို့က ဒီမိုကရက်တွေ လုပ်နေကြဖြစ်လို့ သတိထားကြဖို့ လိုပါမယ်။  

ဘတ်ဂျက်နဲ့ ပတ်သက်ပြီး မေလတုန်းက ကယ်လီဖိုးနီးယားမှာ ဒီနှစ် ဘတ်ဂျက်ပိုငွေ ၁၀၀ ဘီလီယံ ကျော်လိမ့်မယ်လို့ ခန့်မှန်းချက် ထွက်ခဲ့ပါတယ်။ လတ်တလောထွက်ပေါ်လာတဲ့ ခန့်မှန်းချက်မှာတော့ လာမယ့်နှစ်မှာ ၂၅ဘီလီယံ လိုငွေပြမှု ဖြစ်လာနိုင်ကြောင်း ပြောထားပါတယ်။ ဝင်ငွေက ခန့်မှန်းထားတာအောက် ၄၁ဘီလီယံ လျော့နည်းမှာဖြစ်ပေမယ့် တခြားနေရာက အသုံးစားရီတ်တွေ နည်းသွားမှာဖြစ်လို့ လိုငွေပြမှုကို ၂၅ဘီလီယံလောက်ပဲ မှန်းလိုက်တာပါ။​ အဲဒီရှေ့ကိုလည်း လိုငွေပြမှုတွေ ဆက်ရှိနေဦးမယ်လို့ သိရပါတယ်။​ လုပ်ငန်းရှင်လေးတွေအတွက် လုပ်လို့ ကိုင်လို့ ကောင်းတဲ့ ပတ်ဝန်းကျင် ဖန်တီးမပေးနိုင်ရုံမက သိသိသာသာရော ခိုးကြောင်ခိုးဝှက်ပါ အခွန်အခတွေ များလာတဲ့အတွက် ဝင်ငွေကောင်းတဲ့ ကုမ္ပဏီကြီးတွေရော တိုင်းပြည်စီးပွားရေးရဲ့ အမာခံဖြစ်တဲ့ လုပ်ငန်းရှင်ငယ်လေးတွေရော အခွန်ထမ်းပြည်သူတွေပါ ရွှေ့ပြောင်းကုန်ကြတာက ဝင်ငွေလျော့တာရဲ့ အဓိက အကြောင်းတွေ ဖြစ်ပါလိမ့်မယ်။

တက္ကဆက်စ်ပြည်နယ်မှာတော့ ဒီနှစ်ထဲမှာ ၃၃ဘီလီယံအထိ ဘတ်ဂျက်ပိုငွေ စံချိန်တင်ခဲ့ပါတယ်။ ကဗ ကန့်သတ်ချက်တွေ ဖြေလျော့ပေးလိုက်ပြီးနောက်မှာ အမေရိကန်တနိုင်ငံလုံး စီးပွားရေးလုပ်ငန်းတွေ တရှိန်ထိုး ဆောင့်တက်ဖို့ အားလုံးက မျှော်မှန်းထားကြတာပါ။ ဒါပေမယ့် စီးပွားရှာလို့ ကောင်းမယ့် ပတ်ဝန်းကျင် မဖန်တီးပေးနိုင်တဲ့အပြင် လူဆိုးသူခိုးတွေကိုသာ ဆွဲဆောင်နေတဲ့ အပြာပြည်နယ်တွေမှာ ဝင်ငွေဆောင့်တက်ဖို့ဝေးလို့ အကြွေးဆောင့်တက်တာတာနဲ့ပဲ ကြုံတွေ့နေရပါတယ်။​ တချို့က တက္ကဆက်စ် ပြည်နယ်မှာ ရေနံလုပ်ငန်းတွေ ရှိတဲ့အတွက် စွမ်းအင်အကြပ်အတည်းကာလမှာ ဝင်ငွေကောင်းခဲ့တာကို ထောက်ပြကြပါတယ်။ ဖက်ဒရယ်အဆင့်ကကြည့်ရင် အမေရိကန်မှာ ကမ္ဘာ့အကြီးဆုံး ရေနံလုပ်ငန်းရှိပြီး ထရမ့်လက်ထက်က စီးပွားရေးအောင်မြင်အောင် လုပ်နိုင်ခဲ့သလောက် ဘိုင်ဒန်လက်ထက်မှာ ကြွေးမြီ ထောင်တက်ပြီး စီးပွားရေးက ဇောက်ထိုး ဆင်းနေတာနဲ့ ယှဥ်ကြည့်ရင် မတူတဲ့ မူဝါဒတွေရဲ့ သက်ရောက်မှုကို ခန့်မှန်းနိုင်မှာပါ။

ဆီနိုဗက်ထိုးပြီး မကြာခင် ကြွသွားတဲ့ ၁၂၁လောင်းကို ရင်ခွဲလေ့လာမှုတခု ကိုလံဘီယာနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲက ၅၇% က နှလုံးကြွက်သားယောင်/ သွေးခဲပြီးသွေးကြောပိတ်/ သွေးကြောမကြီးပေါက်ပြဲ၊ စတာတွေကြောင့် ရုတ်တရက်နှလုံးရပ်သွားကြတာဖြစ်ပြီး ၂၁ % ကတော့ အဆုတ်သွေးကြောမကြီး တခုခု ပိတ်သွားတာကြောင့် ဖြစ်ပါတယ်။ အဆိုပါဒေတာတွေဟာ ဂျာမနီက ရွှက်ဘ်တို့အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ အလားတူ ဖြစ်နေပါတယ်။ ရွှက်တို့အစီရင်ခံစာမှာ ဆေးထိုးထားပြီး ရက် ၂၀အတွင်း ဆုံးပါးသွားကြသူတွေရဲ့ ၇၁% ဟာ အထက်မှာ ဖော်ပြထားတဲ့ ထိုးဆေးကြောင့် ဖြစ်ရတဲ့ ပြင်းထန်တဲ့ ဝေဒနာတွေကြောင့်ဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်မှာလည်း ရုတ်တရက် အနိစ္စရောက်သွားတာတွေ သတင်းထဲမှာ နေ့တိုင်းပါနေပါတယ်။ အီလွန်တောင် ဒုတိယဘုစ်တာထိုးပြီး ရက်အနည်းငယ်အတွင်း သေမတတ် ခံလိုက်ရတယ်လို့ ဖွင့်ဟ ထားပါတယ်။ ပြောချင်တာက ဘယ်တာဝန်ရှိသူကမှ ဘာမှ မလုပ်ကြဘူးလား၊ ကြည့်ကောင်းလို့ ကြည့်နေတာလားလို့ မေးချင်တာပါ။ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေ၊ မသင်္ကာရင် စမ်းသပ်စစ်ဆေးခံနိုင်မယ့် နည်းလမ်းတွေ၊ အပီပန်လို အသက်ကယ်ဆေးတွေ စတဲ့ ဖြစ်နိုင်မယ့် တတ်နိုင်မယ့် နည်းလမ်းမျိုးစုံကို ပညာရှင်တွေ ခေါင်းချင်းရိုက် အဖြေရှာ အဖြေထုတ်သင့်နေပါပြီ။ တဖက်မှာလည်း ကဗကကဆကြောင့် ကောင်းကျိုး ပိုများမယ့်လူတွေကလွဲလို့ ကျန်းမာတဲ့ ၅၅အောက်တွေကို ဆေးထိုးဖို့ ဘက်ပေါင်းစုံက ဖိအားပေးနေတာတွေ ရပ်တန့်လိုက်စေချင်ပါပြီ။

နောက်သတင်းတပုဒ်မှာ ကပ်ပိုးကူးထားဖူးတဲ့သူတွေကြားမှာ ခန္ဓာကိုယ်တွင်း အပြောင်းအလဲများစွာ ရှိနေနိုင်တဲ့အတွက် အရာရာ သတိထားဖို့လိုကြောင်း ပြောထားတာပါ။ သတင်းထဲကတဦးကတော့ အရက်သောက်တာမှာ အရင် ပုံမှန်သောက်နေကျသူက ကဗဖြစ်အပြီးမှာ နဲနဲလေးသောက်ရုံနဲ့ နောက်တရက်အထိ ဆိုးဆိုးရွားရွား အရက်နာကျတာမျိုး တွေ့ရတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ထဲ​ဝင်လာတဲ့ အဆိပ်တွေကို တိုက်ထုတ်နိုင်စွမ်း နည်းသွားလို့ ဖြစ်မယ်ထင်ပါတယ်။ တချို့ဆိုရင် ၃နှစ်လောက် ကြာတဲ့အထိ အရင်လို အရက်သေစာ မသောက်စားနိုင်ကြောင်း၊ အဲဒါဟာအရက်နဲ့ ဓါတ်မတည့်တာနဲ့လည်း မတူပေမယ့် အရက်နဲ့ ဓါတ်မတဲ့တဲ့ လက္ခဏာတွေဖြစ်တဲ့ နှာခေါင်းပိတ်၊ အင်ပြင်ထွက်၊ အသားပူ/အေးဖြစ်၊ သွေးပေါင်ကျ၊ မူးဝေအော့အံ၊ ဝမ်းပျက် စတာတွေ ဖြစ်လာနိုင်တယ်လို့  မေယိုကလင်းနစ်က ဆိုပါတယ်။

ရကပွဲသမာသမတ်ရှိမှု စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ ပါ့ဘလစ်အင်းထရက်စ်လီဂယ်ဖောင်ဒေးရှင်း (PILF) က ကယ်လီဖိုးနီးယားမှာ မဲမှတ်ပုံတင်ထားသူတွေကို ပေးပို့ခဲ့တဲ့ မဲ ၂၂.၁သန်းထဲက ၁၀.၉သန်းဟာ ပျောက်ဆုံး (သို့) ပယ်မဲတွေဖြစ်ပြီး စာရင်းမဝင်တော့ကြောင်း တွေ့ရှိထားပါတယ်။ ပြည်သူတွေအနေနဲ့ ဘယ်လောက်က ပျောက်ဆုံး၊ ဘယ်လောက်က မှားပို့၊ ဘယ်လောက်က လိပ်စာမှန်ပေမယ့် တဦးဦးက ဖွက်ထားတာမျိုး ရှိနေမလဲဆိုတာ သိဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

စာတိုက်ကလည်း ယူနီယံအားကောင်းပြီး အစိုးရနဲ့ လက်ဝါးရိုက်နိုင်အောင် အားကောင်းတဲ့ ဗျူရိုကရက်လို အဖွဲ့အစည်း ဖြစ်နေတဲ့အတွက် ဒီမိုကရက်အထက်အရာရှိတွေက မလျော်ဩဇာနဲ့ စွက်ဖက်ကြတာတွေလည်း သတင်းတွေ ထွက်လာတတ်ပါတယ်။ အဲဒီသတင်းမျိုးကလည်း ကဗကကဆသတင်းတွေလိုပဲ အာဏာရှင်တွေ မကြိုက်တာဖြစ်တော့ ဘယ်လိုအရေးယူတာ၊ နောက်ဆက်တွဲ ဘာဖြစ်သွားတာတွေ မသိရတော့ပါဘူး။

မနှစ်က မစ်တမ်းမှာလည်း ကယ်လီဖိုးနီးယားမှာ မဲပေးသူအရေအတွက် သိသိသာသာ နည်းနေတာကို မသင်္ကာ ဖြစ်နေခဲ့တာက ခုမှ သတင်းထွက်လာတာပါ။ ဘယ်သူက ဘယ်ပါတီမှာ မှတ်ပုံတင်ထားတယ်ဆိုတာ ပါ့ဘလစ်ဒေတာတွေကနေ သိနိုင်နေတာဆိုတော့ ရီပါဘလစ်ကန်မဲတွေ ဖျောက်ဖျက်ခံရတာလည်း ဖြစ်နိုင်သလို ရောက်လာတဲ့ မဲတွေကို ပယ်မဲဖြစ်အောင် လုပ်ပစ်လိုက်တာလည်း ဖြစ်နိုင်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အစိုးရက ဘယ်လောက် အသုံးမကျတာတွေလုပ်လုပ် ရကပွဲလုပ်လိုက်ရင် အမြဲ ဇောက်ထိုးကြီးပါပဲ။ ဈေးထဲက အလေးခိုးတတ်သူတွေကို မြင်ယောင်မိကြမယ်ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: