အမျိုးအမည်မသိပဲ ပျံသန်းနေတာတခု တွေ့ရှိတယ်ဆိုပြီး ဒီနေ့မနက်စောစောမှာ မီရှီဂန်ရေကန်ကြီးရဲ့ တစိတ်တပိုင်းကို national defense airspace လို့ သတ်မှတ်ပြီး အဲဒီပေါ်ကို လေယာဥ်ဖြတ်မပျံဖို့ the Federal Aviation Administration က အမိန့် ထုတ်လိုက်ပါတယ်။ ဒီလိုအချိန်မှာ အမိန့်ကို မနာခံပဲ ဖြတ်ပျံရင် ပျံသန်းခွင့်လက်မှတ်ကို စစ်ဆေးအရေးယူခြင်း၊ ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲခြင်းတို့အပြင် ပစ်ချပါ ခံရနိုင်တယ်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့နှောင်းပိုင်းမှာတော့ အဆိုပါကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။
မီရှီဂန်ပြည်နယ်နဲ့ ကနေဒါနိုင်ငံကြားက (မီရှီဂန်ရေကန်နဲ့ သိပ်မဝေးလှတဲ့) ဟူရွန်ရေကန်ကြီးပေါ်မှာလည်း အမျိုးအမည်မသိတဲ့ အရာတခု ပျံသန်းနေတာ တွေ့ခဲ့လို့ ဒီနေ့မှာ အမေရိကန်တိုက်လေယာဥ်တွေက ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ မနေ့ကလည်း မွန်တားနားပေါ်မှာ ဘာမှန်းမသိတာတခု ပစ်ချခဲ့ပါသေးတယ်။ ဘာမှန်းမသိတာကြီးပျံနေတယ်ဆိုတဲ့ သတင်းတွေက အကြီးကြီးဖြစ်ပြီး မထင်မရှားဖော်ပြထားတာတခုက မိုးပျံဘောတွေပါ၊ တခုက ပျံသန်းရေး ပစ္စည်းတွေကို ကြိုးနဲ့ချည်ထားတဲ့ သတ္တုဘောပျံလေးဖြစ်ပြီး နောက်တခုက လေသင်္ဘောပုံစံမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဘောပျံတွေ ဘယ်ကစတယ်ဆိုတာကို အမေရိကန်ကရော ကနေဒါကပါ မသိဘူးလို့ ပြောထားပေမယ့် ဂြိုလ်တုကနေ ဘာမဆို ထောက်လှမ်းနိုင်တဲ့ ခေတ်ကြီးမှာ ဒါဟာ ဖြစ်နိုင်ပါ့မလားလို့ မေးစရာရှိပါတယ်။ တရုပ်က ဘောပျံကြီးလာတုန်းက ပစိဖစ်ကိုဖြတ်ပြီး ကနေဒါဘက်ကနေ ဝင်လာတာကို ပြည်ထဲတော်တော်ဝင်လာပြီးမှ သတင်းထုတ်ပြန်ခဲ့တာပါ။ အစိုးရက လူတွေကို ကြောက်လန့်စေချင်တာ အရင်လာတဲ့အတွက် ပွင့်လင်းမြင်သာတဲ့ အသိပေးမှုမျိုး မရှိနေတာလို့ ထင်ပါတယ်။ ဘောပျံဆိုတာလည်း မသိစရာ မရှိပါဘူး၊ အဲဒါကို ယူအက်ဖ်အိုလို့ ပြောချင်သေးတာ။ မီရှီဂန်ရေကန်မှာ သတိပေးကြေငြာချက်ထုတ်တုန်းကလည်း သတိပေးတာလောက်ဆို ရရဲ့သားနဲ့ ပစ်ချပါ ခံရနိုင်တယ်ဆိုတာကတော့ တဆိတ် များသွားပြီထင်ပါတယ်။ တရုပ်က ဘာများလုပ်ဦးမလဲလို့လည်း စိတ်မပူကြပါနဲ့။ သေနတ်တချက်မဖောက်ရပဲ ကိုယ့်နိုင်ငံ ပျက်စီးကြောင်း အင်တိုက်အားတိုက်လုပ်နေတဲ့ ရုပ်သေးအစိုးရရှိနေတာဆိုတော့ ဘာမှ ဖျင်ယားစရာ မလိုပါဘူး။
စိန့်လူးဝစ်ကလေးဆေးရုံရှိ ဝါရှင်တန်တက္ကသိုလ်ရဲ့ ထရန် ဂျန်ဒါဌာနမှာ အလုပ်လုပ်ခဲ့သူ ဂျေမီရိဒ်က အဆိုပါဌာနမှာ အတင်းအကြပ်မျိုးတုန်းစေတာတွေနဲ့ ကလေးသူငယ်များအပေါ် မလျော်မကန် အလွဲသုံးစားလုပ်တာတွေ အများကြီးရှိနေကြောင်း သယ်ဖရီးပရက်စ်ကနေ ဖွင့်ချလိုက်ပါတယ်။ ဒါတင်မက ရိဒ်ဟာ အပျို/လူပျိုဖော်ဝင်တာကို ဟန့်တားမယ့်ဆေးတွေ၊ မွေးရာပါလိင်နဲ့ ဆန့်ကျင်တဲ့ ဟော်မုန်းတွေနဲ့ လိင်ပြောင်းခွဲစိတ်မှုတွေပြုလုပ်တာကို ကလေးတွေအတွက် တပြည်လုံးမှာ ဟန့်တားသွားဖို့ နှိုးဆော်နေပါတယ်။ စိန့်လူးဝစ်ကလေးဆေးရုံကို မေးမြန်းဖို့ အဲပေါ့ခ်တိုင်းမ်စ်က ဆက်သွယ်ရာမှာတော့ မီဒီယာတွေအတွက် ဖုံးလိုင်းက မအားသေးပါဘူးလို့ ဖြေပြီး လိုင်းကျသွားပါတယ်။
ရိဒ်က သူ့အနေနဲ့ ထရန် လုပ်တဲ့ကလေးတွေကို စောင့်ရှောက်ကယ်ဆယ်ဖို့ ဒီဌာနကို လာခဲ့တာကနေ ခုတော့ သူတို့ကို ကာကွယ်ဖို့ ဖွင့်ချနေရပြီလို့ ဆိုပါတယ်။ သူမက ထရန် လုပ်ချင်ကြတဲ့ ကလေးတွေနဲ့ မိဘတွေဟာ ဖြစ်လာမယ့် နောက်ဆက်တွဲဖြစ်လာနိုင်တာတွေကို ပြည့်ပြည့်ဝဝ နားမလည်ကြတဲ့အတွက် နားလည်အောင် ရှင်းပြဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဆေးရုံ ထရန် ဌာနကတော့ ပြဿနာရှာတဲ့သူ အဖြစ် နှာခေါင်းရှုံ့ကြပါတယ်။ ဆေးပညာ၊ သိပ္ပံပညာနဲ့ သူတို့ရဲ့ ရာထူး/အာဏာ၊ လုပ်ပိုင်ခွင့်တွေကို မေးခွန်းမထုတ်ဖို့ သူမကို ဆရာဝန်တွေ လုပ်ဖော်ကိုင်ဖက်တွေက ပြောကြတယ်လို့ ဆိုပါတယ်။ ၂၀၂၂ နှောင်းပိုင်းမှာတော့ ရိဒ်ဟာ ဆက်မခံစားနိုင်တော့တဲ့အတွက် အလုပ်ထွက်လိုက်ပါတယ်။
သူမအလုပ်လုပ်ခဲ့တဲ့ ၄နှစ်အတွင်းမှာ စိတ်ဆင်းရဲနေတဲ့ ကလေးပေါင်း ၁၀၀၀လောက် ဆေးရုံ ထရန် ဌာနကို လာရောက်ပြီး အကူအညီတောင်းခံခဲ့ကြရာမှာ အများစုကို တဘဝလုံး ပြန်ပြောင်းမရနိုင်ပဲ မျိုးပွားနိုင်ခြေကိုပါ ဆုံးရှုံးစေမယ့် ဟော်မုန်းတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ အလုပ်ထွက်ပြီး ဒီကိစ္စတွေကို မေ့ထားလိုက်ချင်ပေမယ့် အောက်တိုဘာ ၂၀၂၂တုန်းက ရိုက်တာက သတင်းတပုဒ်ကြောင့် သူမအတွေ့အကြုံတွေကို ပြန်ဖြန့်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီသတင်းမှာ ဘိုင်ဒန်အစိုးရရဲ့ လက်ထောက်ကျန်းမာရေးဝန်ကြီးဖြစ်တဲ့ ကလေးဆရာဝန် (ထရန်) ရေချယ်လဗိုင်းက ထရန် ဆေးခန်းတွေဟာ သတိကြီးစွာနဲ့ ရှေ့ဆက်နေပြီး လိင်အတွက် စိတ်ရှုပ်နေတဲ့ အမေရိကန်ကလေး တွေထဲမှာ မရသင့် မသုံးသင့်တဲ့သူတွေက အဲဒီ ဆေးတွေ မရနေဘူးလို့ ပြောသွားတာပါ။ သူမဟာ ပရိုဂရက်ဆစ်ဖ်ဖြစ်ပေမယ့် ဒီလူပြောသွားတာ မဟုတ်နေတာကိုတော့ သူမအတွေ့အကြုံအရ သိနေသလို သူမနှလုံးသားက ခွင့်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
ရိဒ်ဟာ သူမအတွေ့အကြုံတွေကို မစ်ဇိုးရီက ရှေ့နေချုပ်ထံ ဖွင့်ချပြီး ဖြစ်ပါတယ်။ သူမအကြောင်းကို ရီပါဘလစ်ကန်ဆီနိတ်တာ ဂျော့ရှ်ဟော်လီက လွှတ်တော်မှာ တင်ပြပြီး အဲဒီ ထရန် ဆေးခန်းကို သူ့ရုံးအဖွဲ့က အမြန်ဆုံး စစ်ဆေးရေးဝင်မယ်လို့ ဆိုပါတယ်။
စိတ်ပညာရှင် ဒေါက်တာဂျော်ဒန်ပီတာဆန်ကတော့ ကလေးတွေ အပျို/လူပျိုဖော်မဝင်ခင်နဲ့ ဝင်စဥ်မှာ စိတ်မသက်မသာဖြစ်တာ၊ အဆိုးမြင်တာ၊ အထီးကျန်ဆန်တာတွေ ပိုဖြစ်တတ်တာ ပုံမှန်ဖြစ်သလို အပျို/လူပျိုဖော်ဝင်စမှာ ကလေးတွေဟာ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်စိတ်တိုင်းမကျ/ မကျေနပ်တာတွေ ဖြစ်တာဟာလည်း ပုံမှန်ပဲလို့ ဆိုပါတယ်။ အဲဒီသဘောတရားတွေကို ပြောပြပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်တခု ပေးထားနိုင်ရင် အချိန်တခု ကျော်သွားပြီးတဲ့အခါ လိင်ကြောင့် စိတ်ရှုပ်နေတဲ့ ကလေးအများစုက ကိုယ့်မွေးရာပါလိင်နဲ့ အသားတကျ ဖြစ်သွားကြတာ များတယ်လို့ ဆိုပါတယ်။ အဲဒီသဘောတရားကို လစ်လျူရှုပြီး အလျင်စလို လိင်ပြောင်း ခွဲ/ဖြတ်လိုက်ရင် နောင်ဘယ်လိုမှ ပြန်ပြင်မရတော့မှာ ဖြစ်တဲ့အတွက် ပြောင်းထားသူအများ နောင်တရကြောင်း ရှင်းပြထားကြတဲ့ ဗီဓီယိုတွေ အများကြီး ရှိပါတယ်။
အိုဟိုင်းအိုးပြည်နယ်အရှေ့ပိုင်းက အရှေ့ပါလက်စတိုင်းဆိုတဲ့ မြို့ငယ်လေးနားမှာ ဖေဖေါ်ဝါရီ ၄ရက် စနေနေ့က တွဲ၅၀ပါတဲ့ ရထားတစီး မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီတွဲ၅၀ထဲမှာ တွဲ၂၀က အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ငန်းသုံး ဓါတုပစ္စည်းတွေကို သယ်ဆောင်လာတာပါ။ တနင်္လာနေ့မှာတော့ သယ်ဆောင်လာတဲ့ vinyl chloride ကို လောင်ကျွမ်းဖျက်ဆီးပြစ်ဖို့ အနီးတဝိုက်က လူတော်တော်များများကို ရွှေ့ပြောင်းစေခဲ့ပါတယ်။ မီးရှို့လိုက်တော့ ထွက်လာတာက အဆိပ်ဖြစ်စေတဲ့ phosgene ဓါတ်ငွေ့နဲ့ hydrogen chloride တွေကို လေထုထဲ ရောက်သွားစေပါတယ်။ နောက် ၂ရက်အကြာမှာတော့ လူတွေကို အိမ်ပြန်လို့ရပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ကယ်ဆယ်ရေးဇုံနဲ့ ကပ်ရက်မှာနေတဲ့ စိုက်ပျိုးမွေးမြူရေးသမားတဦးဖြစ်တဲ့ တေလာဟိုလ်ဇာက လေထဲကို ပျံ့လွင့်လာတာတွေကြောင့် သူ့တိရိစ္ဆာန်တွေ နာဖျားမကျန်း ဖြစ်ကုန်ကြတယ်လို့ ဆိုပါတယ်။ တချို့တိရိစ္ဆာန်တွေက ချောင်းတွေ ပြင်းပြင်းထန်ထန်ဆိုးပြီး ပစ်လဲသွားကာ ဝမ်းအရည်တွေ သွားကာ တချို့က မှိန်းမှိုင်၊ အစာမစားချင်တွေဖြစ်ပြီး မျက်နှာတွေကလည်း ဖောအန်းနေတယ်လို့ ဆိုပါတယ်။ ဒါတင်မကပဲ ကယ်ဆယ်ရေးလုပ်တုန်းက အိမ်မှာ ကျန်ခဲ့ကြတဲ့ ကြောင် ငှက် စတဲ့ အိမ်မွေးသတ္တဝါတွေလည်း ဖျားကြ သေကြ ဖြစ်ကြတယ်လို့ သိရပါတယ်။
ဒေသခံတာဝန်ရှိသူတွေက အဲဒီလို တိရိစ္ဆာန်အသေအပျောက်ရှိတာ သူတို့ကို ဘယ်သူမှ သတင်းမပို့သေးတဲ့အတွက် ခုမှသိရတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေဟာ အဲဒီဒေသက လေနဲ့ရေ အရည်အသွေးကို စောင့်ကြည့်သွားမှာဖြစ်ပြီး ကယ်ဆယ်ရေးက ပြန်လာသူများကတော့ လေစစ်လဲခြင်း၊ အိမ်တွင်း လေသန့်မသန့်စစ်ဆေးခြင်း၊ အိမ်အပြင်ကို အင်အားပြင်းတဲ့ ရေပန်းနဲ့ power-washing စသည်တို့ လုပ်ကြမှာဖြစ်ပါတယ်။