Dr. Robert Lustigဟာ လွန်ခဲ့တဲ့ နှစ်၅၀လောက်က လူတွေမှာ ကာဘိုဟိုက်ဒရိတ်တွေ အဆီတွေ စားနေပါလျက်နဲ့ ဘာလို့မဝပဲ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်ကြောက်အောင် လုပ်ထားတဲ့ခုခေတ်ကျမှ လူတွေအဝလွန် ရောဂါထူနေကြတာကို ယှဥ်ကြည့်ပြီး ဘာတွေမှားနေလဲဆိုတာကို သိချင်စိတ်နဲ့ အဖြေရှာနေခဲ့ပါတယ်။ ကျမမှာ ဆေးပညာနောက်ခံမရှိပေမယ့် ဆရာကြီးပြောထားတဲ့ ဗီဒီယိုတွေထဲက သိသင့်တာတချို့ကို သိချင်သူများအတွက် နားလည်သလို အကျဥ်းချုပ် ပြန်ရေးပေးလိုက်ပါတယ်။
ဆရာကြီးတွေ့ရှိလာတာကတော့ ၁၉၈၀ဝန်းကျင်ခုနှစ်တွေမှာ ထောပတ်တို့ တိရိစ္ဆာန်အဆီတို့ကို ကျန်းမာရေးအတွက် အန္တရာယ်ရှိသလို၊ နှလုံးရောဂါဖြစ်နိုင်သလို အင်တိုက်အားတိုက် ကြော်ငြာခဲ့ သတိပေးဝမ်နင်တွေ ထုတ်ခဲ့ကြတဲ့နောက်ပိုင်းမှာ လူတွေ ပိုဝလာ နာတာရှည်ရောဂါတွေ ပိုဖြစ်လာ ကျန်းမာရေး ပိုဆိုးလာကြတာ တွေ့ခဲ့ရပါတယ်။ အဖြစ်များလာတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး စတဲ့ chronic metabolic disease နာတာရှည်ရောဂါတွေအတွက် ဆေးပညာမှာ ကြိုတင်ကာကွယ်တဲ့အပိုင်း လုံးဝမတွေ့ရပဲ ရေရှည်ကုသနည်းတွေကိုပဲ တွေ့ရတာပါ။ ဆိုလိုတာက ဥပမာ ဆီးချိုဖြစ်ပြီလို့ သိရတာနဲ့ ဆေးတွေက စသောက်ရပါပြီ။ တသက်လုံး အလျော့မရှိ၊ အတိုးသာရှိပြီး သောက်ဆေးမတိုးတော့တဲ့ အခါ ထိုးဆေးပေးကြပါတယ်။
ဆီးချိုမဖြစ်ခင် ခပ်စောစောထဲက သွေးထဲမှာ သကြားကြောင့်ဖြစ်တဲ့ ဓါတ်တွေ မြင့်နေတာ တွေ့ရမှာပါ။ ဒါပေမယ့် သမားရိုးကျဆေးပညာမှာ ဒီအဆင့်ကို သတိထားဆိုတာလောက်အပြင် ဆီးချိုဖြစ်တဲ့အဆင့်ထိ တက်မလာအောင် ပညာပေးတာ ဆွေးနွေးတာမျိုးက ဆရာဝန်တဦးတလေ လုပ်ကောင်းလုပ်မှာဖြစ်ပေမယ့် အများစုအတွက် ပုံမှန်လုပ်ထုံးတခု မဟုတ်နေပါဘူး။ အဲဒါက ဘာကြောင့်လဲဆိုတော့ တသက်လုံးဆေးသောက်သွားရရင် ဘယ်သူအကျိုးရှိမလဲလို့ မေးလိုက်ရင် ရှင်းပါလိမ့်မယ်။ အဲဒီဘစ်ဖာမာကပဲ သုတေသနေတွေ ဆေးကျောင်းတွေကို ပံ့ပိုးနေတာဖြစ်တော့ သူတို့အကျိုးမရှိမယ့်ကိစ္စတွေကို စပွန်ဆာပေးမှာမဟုတ်လို့ပါပဲ။
ဆရာကြီးဟာ ဆရာဝန်တယောက်အနေနဲ့ သွေးစစ်ရလာဒ် ဒေတာတွေကို ကိုးကားလေ့ရှိသူပါ။ သူတွေ့ရှိထားတာက သွေးတိုး၊ ဆီးချို၊ နှလုံးစတဲ့ နာတာရှည်ရောဂါကြီးတွေရဲ့ ဇစ်မြစ်က သကြား ဖြစ်နေတာကို တွေ့လာပါတယ်။ glucose, sucrose & fructose ဆိုတဲ့ သကြား ၃မျိုးရှိတဲ့ထဲမှာ ကျန်းမာရေးကို ပြဿနာအပေးဆုံးက fructose ဖြစ်သလို ခန္ဓာကိုယ်က survival mode မှာ ပြန်ထုတ်ပေးတာကလည်း fructose ပဲ ဖြစ်ပါတယ်။ Fructose ဟာ အသီးချို၊ ပျားရည်တို့မှာ တွေ့ရတဲ့ အချိုပြင်း သကြားမျိုးပါ။ Fructose တွေထဲမှာ အဆိုးဆုံး၊ ပြဿနာအပေးဆုံးက အချိုရည်အများစုနဲ့ ဈေးချိုတဲ့ အစားအစာတွေမှာ ပါလေ့ရှိတဲ့ high fructose corn syrup ပဲဖြစ်ပါတယ်။ ဆရာကြီးက hfcs ကို metabolic စနစ်ရဲ့ အဆိပ်လို့ ဆိုပါတယ်။
ဥရောပကလူတွေက အမေရိကန်တွေလောက် မဝကြတာဟာ သူတို့ဆီက အစားအသောက်တွေမှာ hfcs တို့ natural flavoring တို့လို စွဲတတ်တဲ့ ပစ္စည်းတွေ မထည့်ထားတာ၊ အချိုရည်ကြိုက်သလောက် ဖြည့်လို့ရတဲ့စနစ် မရှိတာတွေ၊ မကုန်မခမ်းနိုင်ပေးတဲ့ စားသောက်ဆိုင်မရှိတာတွေကို တွေ့ရပါလိမ့်မယ်။ အချိုရည်လိုပဲ ဆိုးတာက အသီးဖျော်ရည် juiceတွေ ဖြစ်ပါတယ်။ အသီးကိုစားရင် အမျှင်ဓါတ်ပါလို့ အများကြီးမစားနိုင်သလို အဲဒီအမျှင်ဓါတ်က သကြားကို သွေးထဲ မရောက်အောင် ဟန့်တားပေးတယ်လို့ ဆိုပါတယ်။ သွေးထဲမရောက်သ၍ ဝင်လာတဲ့ သကြားဟာ ဆီးကနေ ပြန်ထွက်သွားမှာဖြစ်လို့ ပြောသွားပါတယ်။
Fructose တို့ hfcs တို့ရဲ့သဘောက သာမာန် မပြုပြင်ထားတဲ့ သကြားနဲ့စာရင် အများကြီးပိုချိုပါတယ်။ နဲနဲလေးသုံးရုံနဲ့ အများကြီးချိုတော့ ထုတ်လုပ်သူတွေလည်း စားရိတ်သက်သာပြီး စွဲတတ်သလို အချိုများတဲ့ စားကုန် အစားများတဲ့ ပါးစပ်တွေဟာလည်း တခြားဟာ မတိုးတော့ပဲ corn syrup ပါမှပဲ လျာရင်း မြက်ပါတော့တယ်။ တချိန်က ခေတ်စားပြီး ခုချိန်ထိ တချိူ့ အကောင်းထင်နေတဲ့ Fat free တို့ low fat တို့စတဲ့ အစာတွေမှာ အရသာရှိတဲ့အဆီကို ဖယ်လိုက်တဲ့အတွက် အဲဒီနေရာမှာ သကြား/အချိုဖြည့်ပြီး စားသုံးသူတွေ စွဲလမ်းအောင် လုပ်ကြပြန်ပါတယ်။ အချိုများပေမယ့် တကယ့်အာဟာရ တန်ဖိုးက နဲနေတဲ့ စားကုန်တွေကို စားကြတဲ့အခါ အာသာမပြေကြတာကြောင့် အစားတွေ ပိုစားရင်း ဘစ်ဖာမာနဲ့ ဘစ်ဖုဒ်ထုတ်လုပ်သူများရဲ့ ထောင်ချောက်မှာ ပြန်မထွက်နိုင် ဖြစ်ကြရပါတယ်။
Cholesterol တို့ ပြည့်ဝဆီတို့ကို မီဒီယာအားနဲ့ ခြောက်ထားကြတဲ့ အတွက် တချို့လူတွေမှာ ခုထိတောင် ဆီမပါလို့ ကျန်းမာရေးနဲ့ ညီညွတ်တယ်တို့၊ တိရိစ္ဆာန်ဆီက ပြည့်ဝဆီမို့ နှလုံးသွေးကြော ပိတ်လိမ့်မယ်တို့၊ ကြက်ဥအနှစ်က ကိုလက်စ်ထရောလ်များလို့ မစားဘူးတို့ စသဖြင့် အမြင်တွေ လွဲနေကြတုန်းပါ။ သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ပြည့်ဝဆီတွေကို ကြောက်အောင် ခြောက်ထားပြီး အများကြီးပြုပြင်ထုတ်လုပ်ထားတဲ့ မာဂျရင်းလို ဟင်းရွက်ဆီတွေကိုမှ ကျန်းမာသလို မှိုင်းတိုက်ကြ ပြန်ပါတယ်။ သဘာဝနဲ့ ဝေးသွားပြီး ပြုပြင်ထားတဲ့ အစားအစာတွေဟာ ရောင်ရမ်းခြင်းကို အားပေးနိုင်သလို သကြားစားသုံးခြင်းက (အရက်သောက်ခြင်းလိုပဲ) အသည်းကို အဆီဖုံးစေပါတယ်။ အရင်က အသည်းအဆီဖုံးတယ်ဆိုရင် အရက်ကြောင့်လို့ တန်းပြောလို့ ရခဲ့ပေမယ့် ခုအခါမှာ ကလေးကအစ အသည်းအဆီရှိနေတာတွေ များလာပါပြီ။
အသည်းမှာ အဆီဖုံးတဲ့အခါ နောက်ဝင်လာတဲ့ သကြားတွေကို ချေဖျက်ဖို့ အင်အားပြည့် မလုပ်နိုင်တော့တဲ့အတွက် insulin resistance ဖြစ်လာပါတယ်။ Insulin resistance ဖြစ်လာတဲ့အခါ တဖြည်းဖြည်းနဲ့ နာတာရှည်ရောဂါတွေ ရလာတော့မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုလက်စ်ထရောလ်နဲ့ ကယ်လိုရီကို ပြဿနာရှာတဲ့ ခေတ်က ကုန်သွားပြီ။ တကယ့်ပြဿနာကောင်က တုန့်ပြန်မှုပုံမှန်မဟုတ်နေတဲ့ အင်ဆူလင်ဖြစ်တယ်လို့ ဆရာကြီး Lustig က ပြောသွားတာပါ။
ဆရာကြီးက သွေးစစ်ရလာဒ်တွေထဲမှာ LDL cholesterol ကို သိပ်မကြောက်ဖို့နဲ့ အဓိက သတိထားရမှာက triglyceride နဲ့ VLDL က စားတဲ့သကြားနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ဆိုပါတယ်။ LDL မှာ particle အရည်အတွက်ကို ကြည့်ပြီး particle ကြီးတာတွေက လူကို သိပ်ဒုက္ခမပေးပဲ particle သေးတဲ့ vldl ကသာ နှလုံးသွေးကြောတွေမှာ ပြဿနာတက်နိုင်တာလို့ ဆိုပါတယ်။ ဒါပေမယ့် LDL မြင့်လာရင် statin ဆေးတွေ ပေးပြီး အလုပ်ဖြစ်နေတဲ့ ဘစ်ဖာမာက လူတွေ အမှန်မသိလေ ကြိုက်လေပါပဲ။ Triglyceride နိမ့်ပြီး HDL မြင့်နေသ၍ LDL မြင့်တာကို ပူစရာမလိုဘူးလို့ ဆိုပါတယ်။
ဆရာကြီးအလေးထားပြောသွားတဲ့ထဲမှာ ALT ဆိုတဲ့ အသည်းထဲက ပရိုတိန်းကို စွမ်းအင်အဖြစ် ပြောင်းပေးနိုင်တဲ့ အင်ဇိုင်းတမျိုးကို တိုင်းတာတာ ပါပါတယ်။ အသည်းဒဏ်ပိနေတယ်ဆိုရင် အင်ဇိုင်းတွေက (အလုပ်မလုပ်ပေးနိုင်တဲ့အတွက်) သွေးထဲရောက်ပြီး ALT level တက်လာပါတယ်။ ALT သွေးစစ်ချက်မှာ ဆရာကြီးက ၂၄ဆိုရင်တောင် မကောင်းဘူး၊ အဆီလျော့ဖို့ သင့်နေပြီ၊ အထူးသဖြင့် လူမည်းတွေဆိုရင် ၂၀ဆို သတိထားသင့်နေပြီဆိုပေမယ့် ဆေးလာကမှာ ပုံမှန်လို့ သတ်မှတ်ထားကြတာက ၄၀-၅၀လောက်အထိ ဖြစ်နေတတ်ပါတယ်။ ၄၀ဆိုရင်တောင် အသည်းက ပုံမှန်အလုပ်လုပ်ဖို့ အရမ်းခက်သွားပြီလို့ ဆိုပါတယ်။
လူတွေက range ထဲဝင်တယ်ဆိုပြီး ပေါ့ပေါ့နေကြရင် နောက်ကျမှသိတော့ နာတာရှည်အဖြစ် ဆေးစွဲသောက်ရ၊ အသည်းခွဲစိတ်ကုသ/ အစားထိုး စတဲ့ ကုသမှုအကြီးကြီးတွေ လိုအပ်လာပါတယ်။ ကုသမှုအကြီးကြီးတွေက အကုန်အကျ လည်းများတော့ လူနာတွေအတွက် မကောင်းပေမယ့် ဘစ်ဖာမာနဲ့ ပေါင်းစားဆေးလောကအတွက်တော့ ပျော်စရာပါပဲ။ အသည်းက လူတွေစားလိုက်တာ မှန်သမျှကို အဆိပ်ဖျက်ပေးရတာဆိုတော့ အသည်းကျန်းမာဖို့က အရေးကြီးလှပါတယ်။
Children’s endocrinologist လည်းဖြစ်တဲ့ ဆရာကြီးဟာ သူအလုပ်လုပ်ခဲ့တဲ့ UCSF ဆေးရုံက အသည်းအဆီရှိနေတဲ့ ကလေးလူနာတွေကို ၉ရက်ကြာ စမ်းသပ်ချက် ပြုလုပ်ခဲ့ပါတယ်။ အဲဒီရက်အတွင်းမှာ သကြား/အချိုရည်တွေ လုံးဝရှောင်ပြီး စားနေကျကယ်လိုရီအတိုင်း သကြားအစား ဆန်/ဂျုံ စတာတွေ ဖြည့်ကျွေးခဲ့ရာမှာ ကလေးတွေက ဝိတ်မကျပဲ အသည်းကအဆီတွေပဲ ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ဝိတ်မကျစေချင်တာနဲ့ starch ကျွေးတာက သကြားရဲ့ ဆိုးကျိုးကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။ ဝတာ ပိန်တာနဲ့ ကျန်းမာတာ မဆိုင်ဘူး၊ ကျန်းမာလားသိချင်ရင် သွေးစစ်ကြည့်၊ အင်ဆူလင် ၅နဲ့အောက်ဆိုရင် ကျန်းမာတယ်လို့လည်း ပြောသွားပါသေးတယ်။
သကြားရှောင်ဆိုလို့ diet coke လို low calorie alternative ကလည်း ပုံမှန် coke ဆိုးတာရဲ့ တဝက်လောက်တော့ ဆိုးတယ်၊ ဆီးချိုမတက်ဘူးလို့ လွယ်လွယ်တွေးပြီး များများသောက်ရင် ဆိုးကျိုးတွေ ရလာလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
နာတာရှည်ရောဂါတခုဖြစ်တဲ့ သွေးတိုးရောဂါမှာ သွေးတိုးရှိရင် ဆား/အငံ လျော့စားဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ကြပါတယ်။ တကယ်တမ်းမှာ ဆားက အဓိကပြဿနာမဟုတ်ပဲ သကြားက အဓိက ဒုက္ခပေးနေတာပါ။ ဆားကို ခန္ဓာကိုယ်လိုအပ်ချက်ထက် လျော့စားမိရင် နှလုံးဖောက် သေနိုင်ကြောင်း the Creighthon University School of Medicine in Omaha က သုတေသီတွေက တွေ့ရှိထားပါတယ်။ လူတဦးစားသုံးလိုက်တဲ့ ဆားတွေကို အင်ဆူလင် ပုံမှန်ဖြစ်နေသ၍ ကျောက်ကပ်က စစ်ထုတ်ပေးတာ ဖြစ်ပြီး အင်ဆူလင်တက်နေတဲ့အခါ ဝင်လာတဲ့ ဆားအနည်းငယ် ကိုတောင် စစ်ထုတ်ပေးနိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။ ဆရာကြီးဥပမာပေးတာက ရေခဲ/ရေခဲသေတ္တာမပေါ်ခင်က ဆားနဲ့ပဲ အသားငါးတွေ မပုပ်အောင် စီမံခဲ့ကြတဲ့အတွက် အဲဒီတုန်းက လူတွေရဲ့ ဆားစားသုံးမှုဟာ အခုခေတ်လူတွေထက် အများကြီးပိုများတယ်ဆိုတာပါ။ အက်ဖ်ဒီအေကတော့ သုံးမရတဲ့ ဝမ်နင်တွေ ထုတ်တုန်းပါပဲ။
အခုလို လူတွေအပေါ် အန္တရာယ်ရှိနေတာ သိပေမယ့် အစိုးရက လက်ပိုက်ကြည့်နေတဲ့ အကြောင်းရင်း တခုက ဘစ်ဖာမာနဲ့ စားသောက်ကုန်လုပ်ငန်းကြီးတွေဆီက တံစိုးလက်ဆောင်ယူပြီး ပေါင်းစားနေတာ ဖြစ်နိုင်ပါတယ်။ အမေရိကန်မှာ စားသောက်ကုန်က တနှစ်ကို ၁.၃ထရီလီယံဝင်ငွေရှိပြီး ဘီလီယံ ၆၀၀ကျော်က အမြတ်ငွေဖြစ်လို့ ၄၅% မြတ်တာဖြစ်ပါတယ်။ ဘစ်ဖာမာက အမြတ်ငွေကတော့ ၂၀% သာသာပါ။ ပြုပြင်ပြီးအစားအသောက်အမယ်များစွာ တံဆိပ်ပေါင်းများစွာကို ထုတ်လုပ်သူက လက်ချိုးရေလို့ရတဲ့ ကုမ္ပဏီကြီးတွေပဲ များပါတယ်။
လူတွေ အစားအသောက်နဲ့ ပတ်သက်တဲ့ မှန်ကန်တဲ့ ဗဟုသုတ မရှိကြတော့ အလွယ်ရတဲ့ အစားတွေ စားကြတာက စားသောက်ကုန်ထုတ်လုပ်သူတွေ အကျိုးရှိသလို နာတာရှည်ဖြစ်ပြီး ဆေးစွဲသောက်ရတော့လည်း ဘစ်ဖာမာတွေ အကျိုးရှိကြတာပါပဲ။ မကျန်းမာလို့ ၆၅နှစ် မပြည့်ခင် သေကုန်ကြတော့လည်း ဆိုရှယ်စီကျူရတီပေးစရာ မလိုတော့တာက အစိုးရအတွက် တချက်ခုတ် နှစ်ချက်ပြတ်လို ဖြစ်နေမှာပါ။ အဲဒါကြောင့်လည်း အိုပီရွိုက်တွေ ဆူနာမီလို ဝင်လာနေတာကို ဘိုင်ဒန်တို့ မျက်နှာလွဲနေကြပြီး ဘေးထွက်ဆိုးကျိုးတွေများတဲ့ ကကဆကိုတော့ အတင်းတွန်းထိုးခိုင်းနေတာပါ။
လူထုကျန်းမာရေးကို ကောင်းအောင်လုပ်ဖို့အတွက် တဦးချင်းစီရဲ့ ကျန်းမာရေးကနေပဲ စရမှာဖြစ်ပြီး တဦးချင်းစီရဲ့ ကျန်းမာရေးကို ကောင်းစေဖို့ဆိုရင် ဘာတွေရှောင် ဘာတွေစားသင့်တယ်ဆိုတာကို ပြင်ဆင်ဖို့က အရင်လာပါတယ်။ ဘာတွေရှောင်ပြီး ဘာတွေ စားရမယ်ဆိုတာကို သိဖို့က ဘယ်ဟာတွေက ကိုယ့်ကို ပြဿနာပေးနေတယ်ဆိုတာကို သိမှ ဖြစ်မှာပါလို့ ဆရာကြီးက ဆိုပါတယ်။ ဆရာကြီးက သကြားရှောင်ပြီး သဘာဝအစားအစာတွေကို အိမ်မှာပဲ ချက်ပြုတ်စားကြဖို့ nutrition label ကို ဝမ်နင်လေဘယ်အဖြစ် မှတ်ယူကြဖို့၊ မဖြစ်လို့ အသင့်စားအစာ ဝယ်ရပြီဆိုရင် သဘာဝ အမယ် ၅မျိုးလောက်ပဲ ပါတာကို ရွေးချယ်ဖို့ တိုက်တွန်းသွားပါတယ်။