ဂျိုးဘိုင်ဒန်ဟာ ရင်ဘတ်မှာ ဘေစယ်ဆဲလ်ကာစီနိုမာဆိုတဲ့ အဖြစ်များတဲ့ အရေပြားကင်ဆာဆဲလ်တွေ တွေ့ရတဲ့အတွက် ဆရာဝန်များက ဖယ်ရှားပေးလိုက်ပြီဖြစ်ပါတယ်။ မကြာသေးမီက ဆေးစစ်ချစ်မှာ အသက် ၈၀အရွယ် အယ်လ်ဇိုင်းမားအဖိုးအိုကို သူ့ရဲ့ဆရာဝန်အဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တဲ့ ဒေါက်တာ ကယ်ဗင်အိုကော်နာက healthy, vigorous, and fit ဖြစ်လို့ အိမ်ဖြူတာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ တရားဝင်ကြေငြာတယ်ဆိုတိုင်း ပညာတတ် ရာထူးကြီးဆိုတိုင်း မျက်စိမှိတ်မယုံသင့်တဲ့ သာဓကတခုပါ။
မကြာသေးမီကမှ ဆီနိတ်တာအရွေးခံထားရတဲ့ ဦးနှောက်လေဖြတ်ထားသူ ဖက်တာမန်းဟာလည်း ဆေးရုံတင်ထားရပါတယ်။ မကျန်းမာတဲ့သူက ကုသမှုခံယူဖို့ အရေးကြီးတာကို အရင်မလုပ်ပဲ ကိုယ့်အနေအထားနဲ့ မထော်မနန်းတွေလုပ်တော့ တိုင်းပြည်ဘယ်လောက်အကျိုးရှိ/ယုတ်သွားလဲဆိုတာ အစွဲကင်းကင်းနဲ့ စဥ်းစားနိုင်ဖို့ လိုပါတယ်။ ကယ်လီဖိုးနီးယားက အသက် ၈၉နှစ်ရှိပြီဖြစ်တဲ့ ဆီနိတ်တာ ဒိုင်ယန်းဖန်းစတိုင်းလည်း ဆန်ဆရန်မှာ ဆေးရုံတင်ထားရပြီဆိုတော့ မကျန်းမာနေစဥ်အတွင်း ဒီ၂ယောက်မဲက ဒီမိုကရက်တွေအတွက် နစ်နာမှာကို စိုးရိမ်နေကြပါတယ်။
ဝေါလ်မတ်က အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်မြို့မှာရှိတဲ့ သူ့ရဲ့စတိုးတွေကို တစတစ ပိတ်သိမ်းလာခဲ့တာ ဒီလကုန်ဆိုရင် မြို့တဖက်တချက်မှာရှိတဲ့ လက်ကျန်ဆိုင် ၂ဆိုင်ကိုပါ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ အဲဒီလို ပိတ်သိမ်းလိုက်ခြင်းအားဖြင့် လက်ရှိ ၂ဆိုင်က ဝန်ထမ်း ၆၀၀နီးပါး အလုပ်ပြုတ်မှာအပြင် ဒေသခံတွေအနေနဲ့လည်း ဈေးချိုပြီး ပစ္စည်းစုံရတဲ့ စတိုးတခုကို ပိုဝေးဝေးသွားမှ ရောက်တော့မှာဖြစ်ပါတယ်။
အရင်းရှင်မုန်းတဲ့ လစ်ဗြဲတွေက အဲဒီဆိုးကျိုးတွေကို မမြင်ကြပဲ အရင်းရှင်တွေထိပြီဆိုပြီး ဝမ်းသာ နေကြသလို ဝေါမတ်မရှိရင် ဆိုင်သေးလေးတွေ ပေါ်လာလိမ့်မယ်ဆိုပြီး စိတ်ကူးယဥ် နေကြတာကို တွေ့ရမှာပါ။ ဒီလောက်ဆိုင်ကြီးတွေတောင် တရားဝင်ခိုးခွင့်ပေးထားတာကို မခံနိုင်ကြလို့ လစ်ကုန်ကြတာ ဆိုင်သေးသေးက ဒီလိုဒဏ်တွေကို ခံနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ကယ်လီဖိုးနီးယားက လူလတ်တန်းစားများတဲ့ မြို့အသန့်လေးတွေမှာတောင် ဆိုင်တွေမှာ အဝတ်လျော်ဆပ်ပြာ၊ ကလေးနို့မှုန့်တွေကအစ မှန်ပုံးထဲ သော့ခတ်ထားရတာကို တိုးတက်တယ်လို့ ထင်ပြီး အဲဒီလိုဖြစ်အောင် လုပ်သူတွေကိုပဲ ဆက်တင်နေရင်တော့ လူဖြစ်ရှုံးလိုက်တာလို့ပဲ ပြောပါမယ်။
ရှီကာဂိုမြို့မှာ ပြည်သူရဲ့ လုံခြုံမှုကို အလေးမထားပဲ ရာဇဝတ်မှုအားပေးတဲ့ မြို့ဝန်လော်ရီလိုက်ဖွတ်ဟာ ပထမဆင့် ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၁၇.၁% နဲ့ တတိယပဲ ရခဲ့တဲ့အတွက် ရှေ့ဆက်ခွင့်မရှိတော့ပါဘူး။ မဲ ၃၃.၅% နဲ့ ပထမနေရာက ပြေးနေသူ Paul Vallas ဟာ ပြည်သူ့လုံခြုံရေးကို ပထမဦးစားပေးအနေနဲ့ မဲဆွယ်ခဲ့သူဖြစ်ပြီး မဲ ၂၀.၅% နဲ့ ဒုတိယလိုက်သူ ဘရန်ဒန်ဂျွန်ဆင်ကတော့ ရှီကာဂိုဆရာများသမဂ္ဂက ထောက်ခံပေးထားသူ ဖြစ်ပါတယ်။ သမဂ္ဂကြီးတွေပါလာရင် အစိုးရနဲ့ အပေးအယူလုပ်၊ လော်ဘီတွေငှားနဲ့ ပြည်သူ့အကျိုးကနေ သွေဖယ်သွားကြတာပါပဲ။
အမေရိကန်က မြို့ကြီးတွေမှာ လျော့လျဲလျဲရာဇဝတ်ဥပဒေတွေနဲ့ ပျော့ညံ့တဲ့ ကိုင်တွယ်မှုတွေ ပြုလုပ်နေတဲ့ ဒီမိုကရက်အုပ်ချုပ်သူတွေဟာ ပြည်သူ့အကျိုး/လုံခြုံရေးကို အရေးမထား သော်ငြားလည်း အချိန်တန် ရာထူးပြန်ရနေကြတာပါ။ ခုလို လော်ရီလိုက်ဖွတ် အရေးမလှ ဖြစ်သွားပြီးတော့ ဘိုင်ဒန်နဲ့ ဒီမိုကရက်တွေက ငါတို့က ရဲဘတ်ဂျက်ဖြတ်ဖို့တွေ ပြောတာမဟုတ်ပါဘူး၊ ရာဇဝတ်မှုတွေအပေါ်လည်း ပျော့ညံ့တာမဟုတ်ပါဘူးလို့ စကားတွေ ပြင်ပြောလာကြပါပြီ။ ဘိုင်ဒန်တို့ အိမ်ဖြူမရောက်ခင်ရော ရောက်အပြီးမှာပါ ပြည်သူတွေ လုံခြုံဖို့ ဘာတခုမှ မကြိုးပမ်းခဲ့တဲ့အပြင် ရဲဘတ်ဂျက်ဖြတ်တာ ထောက်ခံလားလို့ မေးလိုက်တိုင်း အလကားရတဲ့လေတွေနဲ့ ဘလောင်းဘလဲတွေ ပြောကြတော့တာပါပဲ။
ရာဇဝတ်သားတွေကို ကိုယ်ချင်းစာလွန်းတဲ့ ကယ်လီဖိုးနီးယားဂါဗာနာ နျူဆမ်ရဲ့ ဇနီး ဂျနီဖာဆီဘဲလ် နျူဆမ်ဟာ ဂျန်ဒါဂျပ်စ်တစ်စ်ရုပ်ရှင်တွေကို အစိုးရကျောင်းတွေမှာ ပြသစေခြင်းဖြင့် အမြတ်အစွန်းတွေ ရနေတယ်လို့ အိုးပင်းသယ်ဘွခ်စ်လို့ခေါ်တဲ့ အစိုးရကို စောင့်ကြည့်တဲ့ ပါတီစွဲမထားတဲ့ အုပ်စုက စွပ်စွဲ လိုက်ပါတယ်။ သူတို့ကတော့ ပြဿနာတခုရဲ့ ရင်းမြစ်ကို သိချင်ရင် ငွေစီးဆင်းတာကို ခြေရာခံလိုက် ဆိုတဲ့ စကားအတိုင်း လိုက်ကြည့်ရင်းနဲ့ တွေ့ရှိလာတာ ဖြစ်ပါတယ်။ သူမရဲ့ ချယ်ရတီအဖွဲ့ဟာ ရုပ်ရှင်နဲ့ သင်ရိုးတွေနဲ့ဆိုင်တဲ့ နန်းပရောဖစ်အဖွဲ့တခုဖြစ်ပြီး အဆိုပါဂျန်ဒါဂျပ်စ်စတစ်စ်ဖလင်မျိုး၊ သင်ရိုးမျိုး တွေကို လိုင်စင်ယူပေးပြီး တပြည်လုံးနဲ့ တပြည်နယ်လုံးက ကျောင်းတွေကိုဖြန့်ချီနေတာ ဖြစ်ပါတယ်။
သူမရဲ့ နန်းပရောဖစ်နာမည်က သည်ရီပရီဆန်တေးရှင်းပရောဂျက် ဖြစ်ပြီး ၂၀၁၁က တည်ထောင်ခဲ့ကထဲက ရုပ်ရှင် ၄ကား ထုတ်လုပ်ထားကာ အဲဒီ ၄ကားလုံးက ဂျန်ဒါနဲ့ ရေရှယ်ဂျပ်စ်တစ်စ်တွေချည့် ဖြစ်နေတာပါ။ အဲဒီထဲက ၂ကားမှာ ဂယ်ဗင်နျူဆမ် ပါဝင်နေပါတယ်။ သမ္မတဖြစ်ချင်တဲ့ ပလိုးစီတူက ကလေးတွေကို ဒါ့ခ်ကမ်ပိန်း စလုပ်နေပါပြီ။ ရီပါဘလစ်ကန်တဦး အဲဒီလိုလုပ်ရင် ဝက်ဝက်ကွဲဝိုင်းတွတ်ကြမှာ သေချာပါတယ်။
ဒီမိုကရက်တွေထဲက တဦးတည်းသော အလယ်အလတ်သမားလို့ ဆိုနိုင်တဲ့ ဆီနိတ်တာ ဂျိုးမန်ချင်ဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်က Bureau of Ocean Energy Management ရဲ့ အလက်စကားက ကမ်းလွန်ရေနံနဲ့ ဓါတ်ငွေ့လုပ်ကိုင်ခွင့်ငှားရမ်းခကို လျော့ကောက်ခြင်းဖြင့် လုပ်ကိုင်ချင်သူတွေကို တင်ဒါလာဆွဲအောင် ဖိတ်ခေါ်သွားချင်ကြောင်း အဆိုပြုထားတဲ့ မီမိုကိုကိုးကားပြီး ဘိုင်ဒန်အစိုးရကို ဝေဖန်လိုက်ပါတယ်။
ဘိုင်ဒန်အစိုးရလက်ထက်မှာ ကလိုင်းမိတ်ချိန့်အကြောင်းပြပြီး ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းတွေကို ဖြတ်တောက်၊ တင်းကြပ်ပြီး လုပ်မရတဲ့ ဥပဒေများနဲ့ ချည်နှောင်တဲ့အပြင် ဥပဒေတွေက ခုတမျိုး တော်ကြာတမျိုး ပြောင်းနေနိုင်တာကြောင့် လုပ်ချင်သူနည်းနေတာကို အခုလို ငှားရမ်းခလျော့တဲ့ မက်လုံးပေးတာက ပြည်သူတွေ စွမ်းအင်သက်သက်သာသာ သုံးရနိုင်တဲ့ ကောင်းကျိုးရှိပါတယ်။ ဒါပေမယ့် ကလိုင်းမိတ်အကြောင်းပြပြီး ဌာနရဲ့ အဆိုပြုချက်ကို ပယ်ချလိုက်တဲ့အတွက် လုပ်ငန်းရှင်ရော ပြည်သူပါ ဘယ်သူမှ အကျိုးမရှိတော့ဘူး ဖြစ်သွားတော့မှာပါ။ ကလိုင်းမိတ်ချိန့်သမားများလည်း အင်မတန်အအေးပိုတဲ့ ဒီနှစ်မှာမှ သံသယမဝင်ရင် တသက်လုံး ဝင်တော့မှာ မဟုတ်ပါဘူး။
ကလင်တန်ရဲ့လက်ထောက် အက်ပ်စ်တိန်းနဲ့လည်း အဆက်အသွယ်ရှိနေသူဟာ ယမန်နှစ် မေလက ပုံမှန်မဟုတ်ပဲ သေဆုံးခဲ့ပါတယ်၊ အလောင်းနားမှာ ဘာလက်နက်မှ မရှိပေမယ့် ဆူဆိုက်ပါလို့ တရားဝင် ဆုံးဖြတ်ပေးလိုက်တာပါ။ တနှစ်နီးပါးအကြာ ဒီတပတ်ထဲမှာတော့ ရရှိလာတဲ့ ရဲမှတ်တမ်းတွေအရ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတွေ့ရပြီး လည်ပင်းမှာ ပတ်နေတဲ့ extension cord က အနီးက သစ်ပင်မှာ ချည်ထားတာ တွေ့ရတယ်လို့ သိရပါတယ်။ သေဆုံးသူ မာ့ခ်မစ်ဒယ်လ်တန်ရဲ့ ကားထဲမှာတော့ သေနတ်ဗူးခွံနဲ့ ကျည်တွေ တွေ့ရပေမယ့် လက်နက်တော့ မတွေ့ခဲ့ရပါဘူး။ မာ့ခ်အိမ်ဖြူမှာ လုပ်တုန်းက အက်ပ်စတိန်းအိမ်ဖြူတဲလာတဲ့ ၁၇ကြိမ်မှာ ၇ကြိမ် လက်မှတ်ထိုးခွင့်ပြုပေးခဲ့တဲ့အပြင် အက်ပ်စတိန်းရဲ့ လိုလိတာအိတ်စ်ပရက်စ်မှာလည်း ပျံသန်းခဲ့ဖူးသူဖြစ်ပါတယ်။ အက်ပ်စတိန်းရဲ့ မိတ်ဆွေကြီး ဂျရှ်လင်မက်ဆွဲလ်က အက်ပ်စတိန်းသေတာ အသတ်ခံရတာပါပြောလို့ ၂ပတ်တိုက်ပိတ်ခံရတယ်လို့ ဆိုပါတယ်။ ဘယ်သူ ဘာဖြစ်တာဆိုတာထက် တရားမျှတမှုပျက်သုဥ်းရင် အလုံးစုံပျက်သုဥ်းမှာကြောင့် တရားမျှတမှုကို အလေးထားစေချင်တာပါ။
ကမ္ဘာ့အဝလွန်ဖက်ဒရေးရှင်းက ကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ၂၀၃၅ခုနှစ်ကျရင် ကမ္ဘာ့လူဦးရရဲ့ တဝက်က အဝလွန်ဖြစ်ဖို့ လမ်းပေါ်ရောက်နေပြီလို့ ဆိုပါတယ်။ ဟူးက BMI 25ကျော်ရင် overweight နဲ့ BMI 30 ကျော်ရင် အဝလွန်လို့ သတ်မှတ်ထားတာပါ။ ၁၂နှစ်အတွင်းမှာ ၄ဘီလီယံသော လူတွေ အဝလွန်ကြမယ်ဆိုတာက ရှူးဂါးဒယ်ဒီကြီးများက အစိုးရတွေကို လုံးဝ မဟ နိုင်အောင် ပိတ်ဆို့ထားလိုက်သလိုပါပဲ။ ကိုယ်တိုင်နဲ့ ကိုယ့်မိသားစု ကျန်းမာရေးအတွက် ငွေနဲ့အဝယ်မခံတဲ့ ပြည်သူ့အကျိုး အလေးထားတဲ့ အစိုးရတွေကိုပဲ တင်မြှောက်ပြီး အစိုးရ၊ ပညာရှင်၊ ပြည်သူတွေ စုပေါင်းပြီး အင်တိုက်အားတိုက် ကျန်းမာရေး ပညာပေးသွားဖို့ လိုနေပါပြီ။