ယူရစ်အက်ဆစ်ကို ဟိုးတုန်းက စားကောင်းသောက်ကောင်းတွေ ထင်သလို စားနိုင်တဲ့ ဘုရင်တွေဖြစ်တဲ့ ရောဂါလို့ တင်စားခဲ့ကြပါတယ်။ အခုအခါမှာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀နဲ့စာရင်တောင် လူလတ်ပိုင်းတွေ ထဲမှာ အဖြစ်များလာတာ တွေ့ရမှာပါ။ ယူရစ်အက်ဆစ်နဲ့ ပတ်သက်လို့ ကြားဖူးသမျှထဲမှာ Dr. David Perlmutter ပြောသွားတာက တကယ်ကို အသိသစ် အမြင်သစ် ရစေပါတယ်။ သူ့ခေတ်မှာတောင် ဆေးကျောင်းမှာ ဂေါက်ဖြစ်ရင် allopurinol ပေးတာနဲ့ purine များတာတွေ ရှောင်ခိုင်းဖို့ပဲ သင်ခဲ့ရတာပါလို့ ဆိုပါတယ်။ ကိုယ်တိုင်သိချင်လို့ နားလည်အောင် ကြိုးစားထားတာလေးကို သိချင်သူများအတွက် မျှဝေပေးလိုက်ပါတယ်။
ဒီဆရာကြီးက ယူရစ်အက်ဆစ်ဟာ insulin resistance၊ သွေးတိုး၊ နှလုံး၊ အဆီလုပ်/သိုလှောင်ခြင်၊ စတဲ့ ခုခေတ်အဖြစ်များတဲ့ ရောဂါတွေအပြင် အာရုံကြောရောဂါတွေဖြစ်တဲ့ ဒီမန်းရှာ၊ ADHD စတာတွေနဲ့ပါ ပတ်သက်ဆက်နွယ်နေတာကို တွေ့ရှိလာတဲ့နောက် အဆိုပါ ရောဂါကြီးတွေကို ကာကွယ်ဖို့ လမ်းစပါ စတွေ့လာတာပါ။ အရင်က ယူရစ်အက်ဆစ် မြင့်တာကနေ တခြားရောဂါတွေ ဖြစ်စေတာ သိပ်မရှိခဲ့ပေမယ့် နောက်ပိုင်းသုတေသနေတွေအရ တခြားရောဂါတွေ ဖြစ်ဖို့ ယူရစ်အက်ဆစ်က အစပျိုးပေးသလို ဖြစ် နေမှန်း သိလာရတာပါ။
တကယ်တော့ အဲဒီ ဆက်နွယ်မှုတွေအကြောင်း တွေ့ရှိပြီး Alexander Haigက စာအုပ်ထုတ်ဝေထားတာ ၁၈၈၈ခုနှစ် ထဲကပါ။ ဂျပန်နဲ့ တူရကီတို့မှာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ကျော်ထဲက ယူရစ်အက်ဆစ်နဲ့ metabolic disease တွေဆက်နွယ်တာ သုတေသနစာတမ်းတွေ ထွတ်ထားပြီးသားပါ။ အမေရိကန်မှာ ကျမှ ယူရစ်အက်ဆစ်အကြောင်း သေချာသင်ပေးဖို့မပြောနဲ့ ဂေါက်မရှိရင် ယူရစ်အက်ဆစ်စစ်ဖို့တောင် စနစ်က ခွင့်ပြုမပေးထားဘူးဖြစ်နေတာပါ။ ဘယ်သူ့အကျိုးလဲ စဥ်းစားသင့်ပါတယ်နော်။
ဆရာကြီးရှင်းပြသွားတာက ဖြစ်စဥ်ကြီးတခုလုံးဟာ survival mechanism ပေါ်မှာ မူတည်နေကြောင်း၊ နွေကာလမှာ အသီးချိုတွေစားလိုက်ရင် insulin မြင့်ပြီး အဆီဖြစ်၊ ဆောင်းတွင်း အစာရှားပါးတဲ့အခါမှာ ပြန်လောင်ကျွမ်း စသဖြင့် မှန်မှန်လည်ပတ်နေတာ ဖြစ်ကြောင်း၊ အခုခေတ် နေရာအများစုမှာ အစာရေစာရှားပါးမှုဆိုတာ မရှိသလောက် ဖြစ်သွားတဲ့အတွက် အချိုကနေ ဖြစ်လာတဲ့ အဆီတွေဟာ လောင်ကျွမ်းဖို့ အခွင့်မရတော့ပဲ ထပ်ခါထပ်ခါ စုမိရာကနေ ရောဂါတွေ ဖြစ်လာကြကြောင်း၊ တကယ်တော့ ငါတို့ရဲ့ genes နဲ့ ငါတို့ရှိနေတဲ့ အစာပေါလှတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်နေတာဖြစ်ကြောင်း စသဖြင့် ပြောကြားသွားပါတယ်။ (ဒါကြောင့်လည်း intermittent fasting အချိန်ပိုင်းအစာရှောင်တာက ရောဂါတွေတော်တော်များများရဲ့ ထိရောက်တဲ့ ကုထုံးတခု ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။)
ခန္ဓာကိုယ်ရဲ့ ယူရစ်အက်ဆစ် ၂/၃ကို ကိုယ့်ခန္ဓာကနေ ထုတ်လုပ်တာဖြစ်ပြီး fructose က ယူရစ်အက်ဆစ်မြင့်တာရဲ့ အဓိကျတဲ့အခန်းမှာ ပါဝင်နေပါတယ်။ Fructose ကို ကိုယ်ကလုံးဝ မစားရင်တောင် သွေးထဲမှာ glucose level မြင့်နေရင် ဦးနှောက်ထဲမှာ fructose အများကြီးရော uric acid ပါ စထုတ်ပါတယ်။ Uric Acid မြင့်နေတာရဲ့ နောက်ဆက်တွဲ ၂ခုက ရောင်ရမ်းခြင်း inflammation နဲ့ oxidative stress ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားကလည်း oxidative stress တမျိုးကြောင့် ဖြစ်လာတာပါပဲ။ Uric acid က ရောင်ရမ်းခြင်းဖြစ်ဖို့ တိုက်ရိုက်ပံ့ပိုးပေးနေသူပါ။
ယူရစ်အက်ဆစ်မြင့်လာတော့ နိုက်ထရစ်အောက်ဆိုဒ်ကို ဟန့်တားလိုက်တဲ့အတွက် သွေးကြောတွေ ပျော့ပျော့ပြောင်းပြောင်း relax မဖြစ်တော့ပဲ reactive oxygen, active oxidative stress လည်း မြင့်တက်လာပါတယ်။ ဝမ်းထဲမှာကျတော့ ဝမ်းထဲအူထဲက ပိုးတွေ အလုပ်လုပ်တာကို ကမောက်ကမ ဖြစ်စေတာကနေ leaky gut ဖြစ်လာပါတယ်၊ Leaky gut ဖြစ်လာတော့ ရောင်ရမ်းခြင်းကပါ ပါလာတော့တာပါပဲ။ ဒါကြောင့် ခုအသုံးတည့်နေတဲ့ ကုထုံးတခုက ကျန်းမာပြီး ဂေါက်မရှိတဲ့သူရဲ့ ဝမ်းသွားလမ်းကြောင်းက ပိုးတွေကို ဂေါက်ရှိတဲ့သူရဲ့ ဝမ်းသွားလမ်းကြောင်းထဲ ပြောင်းထည့်ပေးတဲ့နည်းက အောင်မြင်နေတာပါ။
ယူရစ်အက်ဆစ်မြင့်တော့ နိုက်ထရစ်အောက်ဆိုဒ် မဝင်နိုင်တော့တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေမှာ vascular သွေးကြောပြဿနာနဲ့ insulin resistance ပြဿနာတွေ လိုက်လာပါတယ်။ ယူရစ်အက်ဆစ်ကို မြင့်လာတာက blood supply သွေးလျောက်တာကိုလည်း ချို့တဲ့စေပါတယ်။ ယူရစ်အက်ဆစ်မြင့်သူ တွေရဲ့ ၃၈% က ED ဖြစ်နိုင်သလို ED ဖြစ်နေတဲ့ အမျိုးသားတွေဟာလည်း နှလုံးသွေးကြောရောဂါနဲ့ အသက်ဆုံးရှုံးနိုင်ခြေ မြင့်တက်သွားပါတယ်။
လူ့ခန္ဓာကိုယ်ရဲ့ survival mechanism အရ သွေးကြောတွေ တင်းမာနေရင် သွေးကောင်းကောင်း မလျောက်နိုင်တဲ့အတွက် အင်ဆူလင်လည်း ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး၊ သွေးလျောက်တာနဲသွားရင် survival mechanism အရ ခန္ဓာကိုယ်က ရေဓါတ်ခမ်းခြောက်တယ်လို့ နားလည်လိုက်ပါတယ်။ အဲဒီ stress နဲ့ ကြုံတွေ့လာရတဲ့ ခန္ဓာကိုယ်က fructose တွေကို ထုတ်လုပ်ပါတော့တယ်။ ရည်ရွယ်ချက်ကတော့ အဆီအဖြစ် ပြောင်းပြီး ရေဓါတ်ဆုံးရှုံးမှုကို ကုသဖို့ဖြစ်ပါတယ်။ ရေကြာကြာမသောက်ပဲ သဲကန္ဒာရထဲသွားနိုင်တဲ့ ကုလားအုပ်တွေရဲ့ ဘို့ကြီးတွေမှာ ရေတွေရှိတယ်လို့ ထင်ကြတာ တကယ်တော့ ရေတွေမဟုတ်ပါဘူး၊ အဆီတွေပါ။ အဲဒီအဆီတွေကို လောက်ကျွမ်းစေရင် ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေထွက်ပါတယ်။
အခုလို ဆိုးကျိုးများတဲ့ ယူရစ်အက်ဆစ်ကို ကာကွယ်/ကုသဖို့ ဆရာကြီးက ရေများများသောက်ဖို့နဲ့ သကြားစားသုံးမှု လျော့ချဖို့အပြင် Quercetin ၅၀၀မီလီဂရမ်နဲ့ Luteolin ၁၀၀ဂရမ်သောက်ရင် ခန္ဓာကိုယ်က ယူရစ်အက်ဆစ်ကို ပိုမိုလွယ်ကူစွာ စွန့်ပစ်နိုင်လိမ့်မယ်လို့ ပြောသွားပါတယ်။ (ကျမအာဘော်မဟုတ်ပါ၊ စိတ်ဝင်စားရင် ဆရာကြီးဗီဒီယိုကို သေချာကြည့်ပြီး နားလည်သူများနဲ့ တိုင်ပင်ပါ။) (နောက်ဗီဒီယိုတခုမှာ Dr. Robert Lustig က အလေးမ/ ကြွက်သားတက်အောင် လုပ်နေသူတွေ သောက်ကြတဲ့ ပရိုတင်းအမှုန့်တွေကို သာမာန်လူတွေ သောက်တာလိုမျိုး ပရိုတင်းကို ခန္ဓာကိုယ်က လိုအပ်တာထက် စားသုံးရင်လည်း ယူရစ်အက်ဆစ်တက်တယ်လို့ ပြောသွားပါတယ်။)