တရုပ်က လွှတ်ထားတဲ့ စပိုင်ဘောပျံဟာ သတင်းထွက်လာတဲ့ ၁လုံး ၂လုံးမကပဲ နောက်ထပ် ၄လုံးအထိ ထပ်တွေ့ရှိခဲ့တာကို ဘိုင်ဒန်အစိုးရက ဖုံးကွယ်ထားခဲ့တဲ့အကြောင်း ဒစ်စ်ကော့ဒ်ကနေ တပ်ထဲမှာလုပ်တဲ့ IT သမား လူငယ်တဦးက ဖွင့်ချလိုက်ပါတယ်။ အဲဒီဘောပျံတခုစီကို ရာဇဝင်လူဆိုး နာမည်တွေ ပေးထားပြီး အဆင့်မြင့် ထောက်လှမ်းရေးဆန်ဆာတွေ တပ်ထားတဲ့အတွက် အမေရိကန်ရဲ့ မြေပြင်ပေါ်က အသေးစိတ် အချက်အလက်တွေကိုတောင် အာရုံခံ သိမ်းဆည်းပြီး သတင်းပြန်ပို့နိုင်စွမ်းရှိတဲ့အပြင် တပ်ဆင်ထားတဲ့ ဆိုလာပြားတွေကလည်း သုံးသမျှစွမ်းအင်ကို ပြန်ဖြည့်နိုင်တာထက် အများကြီး ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ဆန်ဆာတွေဟာ လျှပ်စစ်သံလိုက်လှိုင်းတွေကနေတဆင့် တာလပတ်၊ တိမ်နဲ့ အမှောင်ကိုတောင် ထိုးဖောက်အာရုံခံနိုင်ပြီး အမေရိကန်လက်နက်စနစ်တွေက အချက်ပြမှု ဆက်သွယ်မှုတွေကို ကောင်းကောင်းကြားဖြတ် ဖမ်းယူနိုင်တဲ့အပြင် တရုပ်ပြည်ကိုပါ ချက်ချင်း သတင်းဆက်ပို့နိုင်တယ်လို့ အမည်မဖော်လိုသူ အမေရိကန်အရာရှိများက အန်ဘီစီကို ပြောကြားခဲ့ပါတယ်။ အစိုးရဖက်က တရားဝင်ပြောကြားချက်တွေမှာတော့ ဒီဘောပျံတွေဟာ ဂြိုလ်တုက ရတာတွေထက် နဲနဲပဲ ပိုယူနိုင်တာပါလို့ ဆိုပါတယ်။ ဘာပဲပြောပြော ခြစားမီဒီယာကြီးတွေကတော့ ဒီသတင်းကို ဖော်ပြဖို့ သိပ်စိတ်ပါဟန် မတူပါဘူး။
သမ္မတထရမ့်လက်ထက်ကနေ ဘိုင်ဒန်ဆီ ကာကွယ်ရေးဝကဌာနကို တာဝန်ယူလွှဲပြောင်းပေးခဲ့တဲ့ ကက်ရှ်ပတဲလ်က ပန်တဂွန်ထောက်လှမ်းရေးကနေ ပေါက်ကြားလာတဲ့ အချက်အလက်တွေကို ကိုးကားပြီး အာဖဂန်က တပ်ဆုတ်ရာမှာရော၊ ရုရှား-ယူကရိန်းစစ်မှာရော၊ တရုပ်နဲ့ပတ်သက်လို့ရော၊ အစ္စရေးက မိုးဆက်အကြောင်းရော စတဲ့ အထိခိုက်မခံတဲ့ ထောက်လှမ်းရေးမှာရှိတဲ့ အချက်တွေနဲ့ ဘိုင်ဒန်တို့ကို ထောက်လှမ်းရေးက ပေးတယ်လို့ ပြောတဲ့အချက်တွေ မတူနေတာကို ထောက်ပြသွားပါတယ်။ ကက်ရှ်က အန်အက်စ်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီပြောသွားတာတွေနဲ့ အာဖဂန်နဲ့ ပတ်သက်ပြီး သူလွှဲပေးခဲ့တဲ့အချက်တွေ မတူနေတာကို ကိုးကားသွားတာ ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ပတ်သက်လို့တော့ သူ့မှာ ပါ့ဘလစ်သိတာတွေပဲသိရတာဖြစ်ပေမယ့် သိရသလောက်ထဲက ပြန်ဆက်စပ်ကြည့်ရင် ယူကရိန်းမှာ အမေရိကန်က သုံးထားတာ ဘီလီယံပေါင်း ၁၁၀ကျော်သွားပြီ၊ မီဒီယာတွေက ယူကရိန်းနိုင်နေတယ်၊ ရုရှားတွေ မရှုမလှ ခံနေရတယ်၊ အမေရိကန်ရဲ့ အကူအညီတွေ ထိရောက်နေတယ်လို့ တွင်တွင်ပြောနေပေမယ့် ထွက်လာတဲ့ စာရွက်စာတမ်းတွေ အရက ယူကရိန်းက ရှုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တယောက်ယောက်ကတော့ လိမ်နေတယ်၊ သုံးလိုက်တဲ့ ပိုက်ဆံတွေလည်း ဘယ်ကိုရောက်တယ်ဆိုတာ မပြနိုင်ဘူး၊ ထောက်လှမ်းရေးကလည်း ငါတို့ ကူနေတာတွေက အလုပ်မဖြစ်ဘူးလို့ ပြောနေတယ်၊ ဘိုင်ဒန်အစိုးရကရော ဂျွန်ကာဘီကပါ ထောက်လှမ်းရေးက ထွက်လာတာတွေက မှားနေတယ်၊ တကယ်က ငါတို့နိုင်နေတာလို့ မပြောဘူး၊ အဲဒါကိုက ပြဿနာက အကြီးကြီးဖြစ်နေပြီဆိုတာ ပြတာပဲလို့ ဆိုပါတယ်။
ကက်ရှ်က လျို့ဝှက်စာရွက်စာတမ်းဆိုတာက အပေါ်ရောက်လေ လျို့ဝှက်ပိုဖြစ်လေ လူပိုနဲနဲပဲ သိရလေ ဖြစ်တဲ့အတွက် အခုဟာက ထိပ်ပိုင်းထဲက အတွင်းလူတဦးဦးက ဖောက်ချလိုက်တာ ဖြစ်နိုင်ကြောင်း၊ ဘယ်လို ရည်ရွယ်ချက်ရှိသည်ဖြစ်စေ ဒီလိုထိပ်တန်းနေရာတွေကလူတွေဟာ ယုံကြည်မှုနဲ့ လုပ်ရတာဖြစ်တဲ့အတွက် သတင်းဖောက်ချတာမျိုး လုပ်ဖို့ မသင့်ကြောင်း၊ ဖောက်ချသူကိုလည်း ဖော်ထုတ်ပြီး အရေးယူသင့်ကြောင်း၊ ဂျူလီယန်အာဆန့်ချ်တို့ အက်ဒွပ်စနိုးဒင်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် မပေးခဲ့တာဟာ နောင်အဲဒီလို ဥပဒေချိုးဖောက်တဲ့ တကိုယ်တော် သူရဲကောင်းလုပ်လိုသူတွေ ထပ်ထွက်လာမှာကို မလိုလားလို့ဖြစ်ကြောင်းများလည်း ပြောကြားသွားပါတယ်။
နယူးယောက်မြို့ကြီးမှာ တရုပ်အစိုးရကနေ တိတ်တိတ်လေး လာဖွင့်ထားတဲ့ တရုပ်ရဲစခန်းရှိနေတာ ပေါ်သွားတဲ့အတွက် အက်ဖ်ဘီအိုင်က စီ၂ပီအေးဂျင့် ၂ဦးကို ဖမ်းဆီးခဲ့တယ်လို့ တရားရေးဌာနက ဆိုပါတယ်။ ပေါ်သွားတာက ဖေဖော်ဝါရီထဲက ဖြစ်ပေမယ့် ခုမှ ဖမ်းမိတာပါ။ အထောက်အထားတွေ ဖျောက်ဖျက်ဖို့ အချိန်အလုံအလောက် ရသွား(ပေးလိုက်)တယ်ထင်ပါရဲ့၊ သူတို့စစ်ဆေးတာကို နှောက်ယှက်ပြီး တရုပ်ပါ့ဘလစ်စီကျူရတီဝန်ကြီးဌာနရဲ့အရာရှိနဲ့ ဆက်သွယ်ထားတာတွေ အကုန်ဖျက်ပစ်တယ်လို့ ဆိုပါတယ်။ အဆိုစီရေးရှင်းအဆောက်အဦမှာရှိတဲ့ အဆိုပါဖူကျိုရဲစခန်းဟာ အမေရိကန်ရောက် တရုပ်အစိုးရဆန့်ကျင်သူများကို နောက်ယောင်ခံ နှုတ်ပိတ်ဖို့ ဗဟိုကပေးတဲ့ အမိန့်အတိုင်း ဆောင်ရွက်ရတာ ဖြစ်ပြီး ကမ္ဘာတလွှား ၅၃နိုင်ငံမှာ ဖွင့်ထားတဲ့ အလားတူ လျို့ဝှက်ရဲစခန်းပေါင်း ရာကျော်အနက်က တခုဖြစ်ကြောင်း စပိန်အခြေစိုက် အန်ဂျီအိုတခုက ဆိုပါတယ်။
အိမ်ဖြူက ဒီသတင်းကို ဘာမှ အရေးမကြီးသယောင်ပြုနေပေမယ့် တကယ်တမ်းမှာ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို စော်ကားမော်ကား ပြုလိုက်သလိုဖြစ်နေတာပါ။ ဘိုင်ဒန်တို့ ဘာလုပ်လုပ် လက်ခုပ်တီးဖို့ အဆင်သင့်ဖြစ်နေသူများ တရုပ်ပြည်တွင်းမှာ အမေရိကန်ရဲ့ လျို့ဝှက်ရဲစခန်းတခု သွားဖွင့်ကြည့်ကြပါလို့ ပြောချင်ပါတယ်။ ဖမ်းမိတဲ့ထဲက ၁ဦးဟာ အနည်းဆုံး ၂၀၁၅ထဲက တရုပ်အစိုးရအတွက် စလုပ်ပေးနေတာလို့ သိရပါတယ်။ အဆိုစီရေးရှင်းအဖွဲ့ဝင်တွေဟာ နံနက်တိုင်း အဆိုစီရေးရှင်းအဆောက်အဦမှာ စုရပ်အနေနဲ့တွေ့ပြီး ကောင်စစ်ရုံးကပေးတဲ့ $60စီ ယူကာ လွှတ်တဲ့နေရာ သွားရတာ ဖြစ်ပါတယ်။ ၂၀၁၅မှာ ရှီ လာတုန်းက ဖ လုံကုန်းတွေဆန္ဒပြကြတာကို တန်ပြန်ဆန္ဒပြဖို့အတွက် အဲဒီလူက အနီးအနားပြည်နယ်တွေကပါ ရှာပြီး လူစုစီစဥ်ပေးရတဲ့အပြင် လိုကယ်တရုပ်သတင်းစာတွေကပါ ဖ လုံကုန်းတွေထံရောက်ဖို့ ဝါဒဖြန့်ပေးနေရတာ ဖြစ်ပါတယ်။
နယူးယောက်ဒီအေရုံးဟာ ထရမ့်ကိုသာ ပိတ်ပြီးသားအမှုတွေနဲ့ လှည့်ပတ် အသစ်လုပ်နေပေမယ့် ၂၀၂၂ ကမ်ပိန်းကရတဲ့ ပိုက်ဆံတွေကို ဘာခေါင်းစဥ်/အထောက်အထားမှ မပေးနိုင်ပဲ အကြိမ်ကြိမ် သုံးစွဲနေတဲ့ အေအိုစီကိုတော့ မသိကျိုးကျွံပြုနေတာ ဖြစ်ပါတယ်။ အေအိုစီဟာ အရင်ရကပွဲတွေတုန်းကလည်း အလားတူကိစ္စမျိုး ဖြစ်ခဲ့တဲ့အပြင် ဘွိုင်းဖရန့်ရဲ့ အသုံးစားရိတ်တွေကိုပါ သုံးစွဲတာမျိုးတွေ ရှိနေတာပါ။
ကယ်လီဖိုးနီးယားက အသစ်ဆောက်မယ့် အဆောက်အဦတွေမှာ သဘာဝဓါတ်ငွေ့သုံးတဲ့ appliances တွေ မသုံးရဘူးလို့ပဲပါတဲ့ စွမ်းအင်ပေါ်လစီကို ဘာ့ကလေမြို့ အုပ်ချုပ်သူတွေက အဆောက်အဦသစ် တွေဆီကို ဓါတ်ငွေ့ပိုက်လိုင်း ပြေးမပေးဖို့ပါ ဥပဒေနဲ့ ထပ်ကွန့်ခဲ့တဲ့အတွက် ဂက်စ်နဲ့ပါတ်သက်တာ ဘာမှ သုံးမရဖြစ်မှာကို ကယ်လီဖိုးနီးယား စားသောက်ဆိုင်များအသင်းက တရားစွဲခဲ့တာမှာ ခရိုင်တရားရုံးက ပယ်ချခဲ့ပါတယ်။ ဖက်ဒရယ်က 9th Circuit court ကတော့ စားသောက်ဆိုင်များ အသင်းကို အနိုင်ပေးခဲ့ပါတယ်။ စားသောက်ဆိုင်တွေက ဓါတ်ငွေ့နဲ့မချက်ရလို့ မဖွင့်ကြတော့ရင် မြို့ပဲဝင်ငွေနာမှာ အလုပ်အကိုင်လျော့မှာ မဟုတ်လား ဘာ့ကလေရေ။ ဗြဲချင်တာပဲ သိလို့တော့ မဖြစ်ဘူး။