ဒီမိုကရက်တွေ နယ်ခြားအပွင့်ထားချင်ရတဲ့ အကြောင်းတွေကတော့ ၁ချက်ခုတ် ၁၀ချက်ပြတ် မကလောက်အောင်ကို အများကြီး ရှိနိုင်ပါတယ်။ အိုင်ဒီမလိုတဲ့ ဥပဒေနဲ့ တွဲလိုက်ရင် မဲတွေ ကလဖန်ထိုးလို့ ရနိုင်တာ၊ ဝင်လာခါစ နားမလည်ပါးမလည်တွေ၊ အချောင်သမားတွေက ဒီမိုကရက်တွေကို သေချာပေါက် ရွေးကြမှာ၊ ဘတ်ဂျက်အကြောင်းပြ ဂွင်ဖန်တာ၊ တရုပ်ကလာတဲ့ ကုန်ကြမ်းတွေနဲ့ထုတ်တဲ့ ဈေးပေါ အန္တရာယ်များတဲ့ မူးယစ်ဆေးတွေ အတွက် ဂျိုးရဲ့သခင်ကြီးအလိုကျ လမ်းကြောင်းတမင်ဖွင့်ပေးတာ၊ ရဇဝတ်မှုတွေ တက်လာပြီး မတည်ငြိမ်တာတွေနဲ့ ပြည်သူတွေ အသားကျလာအောင် လုပ်တာ၊ စတာတွေအပြင် လူကုန်ကူး လိင်ကုန်ကူး မူးယစ်ရာဇာတွေနဲ့ အာဏာပိုင်တွေအကြား လုပ်စားခွင်တွေ ဖန်တီးထားတာတွေ ပါဝင်နေပါတယ်။
ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာနက ဖောက်ချသူတဦးဖြစ်တဲ့ တာရာလီရိုဒါ့စ်က ရီပါဘလစ်ကန်ဦးစီးတဲ့ လွှတ်တော်တရားရေးကော်မီတီရှေ့မှောက် အစစ်ခံချက်မှာ တမင် လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အမေရိကန်အစိုးရဟာ ဘီလီယံဒေါ်လာများစွာတန်တဲ့ ကလေးလူကုန်ကူးတဲ့ ကွန်ယက်အကြီးကြီးမှာ ကြားပွဲစားအနေနဲ့ ပါဝင်ပတ်သက်နေကြောင်း၊ မသမာသူတွေဟာ ဘိုင်ဒန်အစိုးရ ဖန်တီးပေးထားတဲ့ နယ်ခြားအပွင့်ကနေ မိဘမပါပဲ နယ်စပ်က ဖြတ်ဝင်လာတဲ့ ကလေးတွေဟာ အနိုင်ကျင့် အမြတ်ထုတ် ခံနေကြရကြောင်း၊ ရဖြူဂျီ ရီဆက်တယ်လ်မန့်ရုံးက မိဘမပါပဲ ဝင်လာတဲ့ ကလေး ၂သောင်းလောက်ကို ဆက်သွယ်လို့ မရတော့ဘူးဖြစ်နေကြောင်း တာရာလီကို ကိုးကားပြီး အဲပုခ်တိုင်းမ်စ်က တင်ပြသွားပါတယ်။
သိရသလောက် အဆိုပါကလေးတွေကို ဘယ်သူဘယ်ဝါ ဖော်ပြမထားတဲ့ အရွယ်ရောက်ပြီး ယောက်ျားကြီးတွေနဲ့ အတူထားပြီး ကိုယ်ပိုင်အိပ်ခန်းမရှိ/ မပေးထားဘူးလို့ ဆိုပါတယ်။ အမှုကိုင်တဲ့ အရာရှိတွေက ဂူဂယ်လ်မြေပုံကနေပဲ လှမ်းစစ်ပြီး လူကိုယ်တိုင်သွားစစ်ဖို့ကိုတော့ ဌာနက အားမပေးဘူးလို့ ဆိုပါတယ်။ ဖလော်ရီဒါမှာ အဲဲဒီလိုကလေးတွေကို လိုက်လံစုံစမ်းတဲ့ အခါမှာ တချို့လိပ်စာတွေက အဖော်အချွတ်ကလပ်တွေ၊ တချို့က ကွန်တိန်နာအလွတ်တွေနဲ့ ကာထားတဲ့ ခြံလွတ်တွေ၊ တချို့က ဘာအဆောက်အဦမှမရှိတဲ့ မြေရိုင်းတွေ ဖြစ်နေတာပါ။ စိုးရိမ်ကြလို့ မေးကြမြန်းကြသူတွေကိုတော့ လူတွေ ဘယ်လိုနေတယ်ဆိုတာ ငါတို့က မဝေဖန်ဘူးလို့ပဲ ပြန်ပြောကြတယ်လို့ သိရပါတယ်။
တိရိစ္ဆာန်မွေးစားချင်ရင်တောင် သေချာစီစစ်ပြီးမှ ခွင့်ပြုတဲ့ အမေရိကန်မှာ လူဒီလောက်များများ စာရင်းပျောက်နေသလို ဖြစ်ရတာဟာ ဖျောက်ချင်လို့ကို ဖျောက်ထားတာပဲ ဖြစ်မှာပါ။ ဒီလိုပြောရတာဟာလည်း မုန်းလို့ စွပ်စွဲတာမဟုတ်ပဲ အာဏာ ငွေ ကြော်ကြားမှုရှိသူတွေက အက်ပ်စတိန်းနဲ့ ဘယ်လိုပတ်သက်ခဲ့ကြလို့ အက်ပ်စတိန်း လက်စဖျောက်ခံရတာအပြင် သူ့ဖောက်သည်စာရင်းပါ ထွက်မလာတာကို ကြည့်ပြီး သိနိုင်နေလို့ပါ။ အဲဒါတွေကို ကြိုမြင်လို့ ထရမ့်က မိဘတွေမပါပဲ ကလေးတွေချည့် ပွဲစားနဲ့ မလွှတ်ဖို့၊ တရားဝင် စာရင်းဇယား အထောက်အထားနဲ့ သေချာစီစစ်ပြီးမှ ပေးဝင်ဖို့ စသဖြင့် သတိပေးနေခဲ့တာကို ဒီမိုကရက်တွေက ရေ့စစ်လို့ စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒါတောင် အမေရိကန်နယ်မြေထဲ မဝင်ခင်လမ်းမှာ အမျိုးသမီးနဲ့ ကလေးတွေ ဘယ်လောက် အမြတ်ထုတ် ခံခဲ့ရတယ်ဆိုတာ မပါသေးပါဘူး။ မကြည့်ရင်တော့ မမြင်ဘူးပေါ့။
ဧပြီလထဲတုန်းကလည်း ပြည်တွင်းအခွန်က ဖောက်ချသူတဦးက ဟန်းတားရဲ့ အခွန်ရှောင်မှုတွေ အပေါ် စစ်ဆေးမှုတွေ့ရှိချက်တွေကို ဖုံးကွယ်ထားတဲ့အကြောင်းကို တင်ပြချင်တဲ့အကြောင်း ရီပါဘလစ်ကန်ကွန်ဂရက်စ် ကော်မီတီခေါင်းဆောင်များကို ဆက်သွယ်လာခဲ့ပါတယ်။ ဖောက်ချသူအရာရှိရဲ့ ရှေ့နေက ဌာနတွင်းက သန္ဓေဝန်ထမ်းမဟုတ်ပဲ နိုင်ငံရေးအရ ခန့်ထားတဲ့ အရာရှိကြီးက ကွန်ဂရက်စ်မှာ မဟုတ်မမှန်တာတွေ လာထွက်ဆိုသွားတဲ့အကြောင်းကိုလည်း ကော်မီတီလူကြီးများကို အသိပေးသွားခဲ့ပါတယ်။ ဟန်းတားဟာ နိုင်ငံရပ်ခြားကနေ ဝင်လာတဲ့ ဝင်ငွေအပေါ် အခွန်ပျက်ကွက်မှုအတွက် “မိတ်ဆွေ” တဦးဆီက ငွေ ၂သန်းချေးယူပြီး ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ တကယ်အမြစ်လှန်ချင်ရင် ခြစားမှုအကုန် ပေါ်အောင် ဖော်လို့ ရပေမယ့် ၂သန်းလောက်နဲ့ စတိဆောင်ခိုင်းလိုက်သလိုပါပဲ။
ဂက်စ်မီးဖိုတွေ ဂက်စ်နဲ့သုံးရတဲ့ appliances တွေကို နယူးယောက်ကစပြီး ဘန်းဖို့ လုပ်လာကြတာ တခြားအပြာပြည်နယ်တွေ ကိုပါ ကူးစက်လာပါပြီ။ ၂၀၂၆နောက်ပိုင်း မိုးပျံမဟုတ်တဲ့ အဆောက်အဦတွေမှာ မသုံးရတော့ပဲ ၂၀၂၉နောက်ပိုင်းမှာ မိုးပျံအဆောက်အဦတွေမှာပါ ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။ လျှပ်စစ်ကိုပဲ သုံးစေဖို့ ဥပဒေ ထုတ်ထားတာပါ။ ထုံးစံအတိုင်း လျှပ်စစ်က ဘယ်လောက်ပေါများနေလဲ၊ ဘယ်ကရမှာလဲ၊ လုံလောက်ပါ့မလား၊ ပြည်သူတွေက ဈေးကြီးပေးရမှာလား စတာတွေအတွက် ပြင်ဆင်ထားခြင်း အလျဥ်းမရှိသလို အောက်ဆွဲများကလည်း ကိုယ်ပိုင်ဉာဏ်နဲ့ သုံးသပ်စဥ်းစားတာမျိုးမရှိပဲ အပေါ်ကအသံတွေကိုသာ သံယောင်လိုက်ပြောကြတဲ့ ယဥ်ကျေးမှုနဲ့ဆိုတော့ အရူးနဲ့အလူး ဟုတ်တော့ ဟုတ်နေပါပြီလို့ပဲ ပြောပါတော့မယ်။
ဘိုင်ဒန်အစိုးရဟာ ဗဟိုဘဏ်က ထုတ်မယ့် ဒစ်ဂျစ်တယ်ငွေကြေးတရပ်ကို စတင် မိတ်ဆက်နိုင်ဖို့ တိတ်တိတ်လေး စီစဥ်နေတယ်လို့ ဖောက်စ်နယူးစ်က အရင်အပတ်က တင်ပြထားပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ ဒစ်ဂျစ်တယ်ငွေကြေးထုတ်တာ ဘာဆန်းလဲလို့ ဆိုနိုင်ပေမယ့် ဘိုင်ဒန်တို့ စီစဥ်နေတဲ့ စီဘီဒီစီက အစိုးရကနေ အပြည့်အဝ ခြေရာခံနိုင်မယ့် စနစ်ဖြစ်လို့ ဘယ်သူ့မှာ ဘယ်လောက်ရှိနေမှန်း သတင်းပို့စရာမလိုပဲ အလိုလို သိနိုင်နေတာပါ။ တရုပ်မှာက စနေတာ ၂၀၂၀ထဲကဆိုပေမယ့် တရုပ်က ပြည်သူတွေအားလုံးကို ဘယ်ဘက်ကကြည့်ကြည့် နဖားကြိုးတင်းတင်းနဲ့ ကိုင်ထားပြီးသား၊ ပြည်သူမှာလည်း ရွေးချယ်ခွင့် လွတ်လပ်ခွင့်က ရှိမနေတော့ အမေရိကန်နဲ့ အခြေအနေချင်း ကွာတယ်လို့ ပြောရမှာပါ။
တဖက်မှာလည်း ဘိုင်ဒန်တို့ ကောင်းမှုနဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုပ်နဲ့ တောင်အာဖရိကတို့ဟာ နယူးဒေလီမှာ ပြီးခဲ့တဲ့လက တွေ့ဆုံပြီး ဒေါ်လာအစားထိုး ငွေကြေးသစ်တရပ် ထွက်ပေါ်လာဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်လာရဲ့ အရေးပါမှု လျော့ကျသွားရင် အမေရိကန်ရဲ့ ဩဇာဟာ စက္ကူကျားလို ဖြစ်သွားမှာဖြစ်လို့ ကမ္ဘာတလွှား ငပွကြီးများကို ဘေးမဲ့လွှတ်ထားသလို ဗရမ်းဗတာတွေ ဖြစ်လာပြီး တည်ငြိမ် အေးချမ်းမှုတွေ ပျက်သုန်းတော့မှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျမှ နောင်တရရင် သိပ်နောက်ကျသွားပါပြီ။ ကမ္ဘာကြီး အေးချမ်းစေချင်တယ်ဆိုရင် အာဏာရှင်တွေကို ဖိထားနိုင်ပြီး အမျှော်အမြင် လုပ်ရည်ကိုင်ရည် ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်း လိုကို လိုအပ်ပါတယ်။