78th Birthday Wishes

ပြီးခဲ့တဲ့နှစ်တွေက ဆုမွန်များနဲ့ ၂၀၁၉တုန်းက နေအိမ်မှာ လာကန်တော့သူတွေကို ပြည့်မိခင်ခြွေခဲ့တဲ့ အမှာစကား ကောက်နှုတ်ချက်လေးပါ။ တန်ဖိုးရှိလှတဲ့ အဆုံးအမလေးကို အားလုံး လိုက်နာနိုင်ကြပါစေ။

“တိုင်းပြည်ကျန်းမာဖို့ ပြည်သူတဦးချင်းက မှန်ကန်တဲ့ ကျန်းမာရေးဗဟုသုတရှိဖို့လိုတယ်၊ စိတ်အေးအေးချမ်းထားဖို့လည်း လိုတယ်၊ စိတ်အေးချမ်းဖို့ လောဘ၊ ဒေါသ၊ မောဟ နည်းပါးဖို့ လိုတယ်။ ပတ်ဝန်းကျင်ကိုလည်း စိတ်ချမ်းသာအောင် ထားဖို့လိုပါတယ်။ ဒုက္ခတွေ့နေသူတွေကို ကူညီဖေးမခြင်းဖြင့် ကိုယ့်စိတ်ချမ်းသာမှုလည်း ရလာပါလိမ့်မယ်။

ကိုယ့်တာဝန်ကိုယ် ကျေပြွန်တဲ့အခါမှာလည်း လိပ်ပြာသန့်မယ်၊ လိပ်ပြာသန့်တော့ စိတ်အေးချမ်းပြီး အိပ်ပျော်ပါတယ်။ လူတွေကြားထဲမှာ ကိုယ့်ကို သူများဘယ်လိုမြင်တယ်ဆိုတာကိုလည်း ဂရုသိပ်စိုက်စရာ မလိုသလို ဂရုမစိုက်ဘူးရယ်လို့လည်း လုပ်လို့ မရပါဘူး။ ခြောက်တိုင်းလည်း မကြောက်နဲ့၊ မကြောက်ပဲလည်း မနေနဲ့၊ မြှောက်တိုင်းလည်း မမြောက်နဲ့၊ မမြောက်ပဲလည်း မနေနဲ့ ဆိုတဲ့ အဆုံးအမအတိုင်း ဆင်ခြင်တုံတရားနဲ့မဇ္ဈိမ ပဋိပဒါလမ်းစဥ်ကို ကျင့်သုံးပြီး ကိုယ့်စိတ်ကို ထားတတ်အောင် လေ့ကျင့်ကြပါ။

သတိကတော့ လွန်ကဲတယ်ရယ်လို့ မရှိပါဘူး၊ သတိရှိအောင် လေ့ကျင့်ပါ၊ ပြော၊ လုပ်၊ စား၊ သွား ဘာပဲဖြစ်ဖြစ် သတိကို အပြည့်အဝ ဆောင်ခြင်းအားဖြင့် ပေး/တောင်းတဲ့ဆုတွေ အားလုံးပြည့်ဝစေဖို့ လမ်းပွင့်သွားပါလိမ့်မယ်။ အဲဒီကနေ သတိနဲ့ပဲ တလှမ်းခြင်း ရှေ့ဆက်ပါ၊ တရားအားထုတ်တယ်ဆိုတာလည်း သတိပါပဲ။ စိတ်က ထိန်းဖို့ အခက်ဆုံးပါ။ အဲဒါကြောင့် စိတ်ကို သတိနဲ့ ထိန်းဖို့ လေ့ကျင့်ပါ၊ သတိနဲ့ ကိုယ်၊ စိတ်ကိုထိန်းတဲ့အကျိုးတွေကို အများကြီး ခံစားကြရပါစေ။”

Leave a comment