အဖမ်းမတစ်အက်ရှင်သရုပ်မှန်

ပြီးခဲ့တဲ့လက ဆူပရင်းမ်ကုတ်က ကောလိပ်ဝင်ခွင့်တွေမှာ လူမျိုး/အသားအရောင်ပေါ် အခြေခံတဲ့ ရွေးချယ်မှုမျိုး ပြုလုပ်အဖမ်းမတစ်အက်ရှင်ကို နိဂုံးချုပ်စေခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ ကောလိပ်တွေ တက္ကသိုလ်တွေဟာ သူတို့လိုချင်တဲ့ပုံစံနဲ့ ဇကာချမြဲချမှာဖြစ်လို့ သိပ်အကြောင်းမထူးပါဘူးလို့ ဆိုသူတွေရှိသလို အာရှသားတွေ အဓိကခံနေရတဲ့ ခွဲခြားမှုမျိုး မခံရတော့ဘူးလို့ မျှော်လင့်ဝမ်းသာနေသူတွေလဲရှိ၊ အခွင့်အရေးတွေ ဆုံးရှုံးပါပြီဆိုပြီး ဒေါသအမျက် အချောင်းလိုက်ထွက်သူတွေလည်း မနည်းကြပါဘူး။

ဘယ်လိုဥပဒေကြီးထားထား ကောလိပ်တွေ လုပ်ငန်းတွေဟာ သူတို့သဘောကျသူတွေကို ရအောင်ခေါ်ကြမှာကတော့ အမှန်တရားပါပဲ။ ဒါပေမယ့် သိပ်မထူးပါဘူးဆိုပြီး မညီမျှတဲ့ ဥပဒေကို အဆုံးမသတ်လို့လည်း မဖြစ်ပြန်ပါဘူး။ မညီမျှတဲ့ဥပဒေတွေ ရှိနေသ၍ ရည်ရွယ်ချက်အတိုင်း အမှန်တကယ် အကျိုးဖြစ်သူထက် အမြတ်ထုတ်သူတွေ အဂတိတရားတွေက ပိုများလာမယ့်အပြင် တရားဝင်ခွဲခြားပိုင်ခွင့်ပေးလိုက်သလို ဖြစ်သွားမှာရော ရည်ရှည်မှာ စိတ်ဓါတ်ရေးရာ ထိခိုက်ကုန်မှာရောကိုပါ ထည့်တွက်ရပါမယ်။ အဲဒီလို ဥပဒေတွေဟာ ဘုရားတည် စုတ်ထိုးတာလိုမျိုး အပြုလွယ် အဖျက်ခက်ကြတာကို သမိုင်းက သက်သေခံထားပြီးဖြစ်ပါတယ်။

အဖမ်းမတစ်အက်ရှင်နဲ့ ပတ်သက်ပြီး ကိုးကားစရာတခုက ကျွန်လည်းဖြစ်ခဲ့ဖူးသူ ကျွန်အဖြစ်မှ လွတ်ပြီးတော့လည်း ကျွန်စနစ်ဖျက်သိမ်းရေးလှုပ်ရှားမှုကို ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ ဖရက်ဒရစ်ဒေါက်ဂလပ်စ်ဆိုသူ လူမည်းအသိပညာရှင်တဦးရဲ့ စကားပါ။ လူမည်းတွေအတွက် ဘာများအထူးလုပ်ပေးစရာလိုမလဲလို့ မေးမြန်းခဲ့ရာမှာ ဒေါက်ဂလပ်စ်က ဘာမှ သီးသန့်တို့ အထူးတို့ လုပ်ပေးစရာမလိုဘူး၊ သူ့ခြေထောက်ပေါ် သူရပ်နိုင်တဲ့ အရည်အချင်းမရှိလို့ မရပ်နိုင်ရင် လဲပါစေ၊ ထားလိုက်ပါ၊ (ကိုယ်တိုင်ပြန်ထမှဖြစ်မယ်ဆိုတဲ့ စိတ်ဓါတ်ရှိမှ ပြန်ထဖို့ ကြိုးစားမှာဖြစ်ပါတယ်။) မင်းတို့(လူဖြူ)တွေဝင်ပါ (ဝင်သနားမှ)  ငါတို့တွေ ပြဿနာပိုကြုံရတယ်၊ လုံးဝ ဝင်မပါပါနဲ့လို့ ပြောခဲ့ပါတယ်။

ဒေါက်ဂလပ်စ်ပြောခဲ့တာတွေက မှန်နေသလို လက်တွေ့ဖြစ်ရပ်တွေကလည်း ဒေါက်ဂလပ်စ်ရဲ့ ပြောကြားချက်ကို သက်သေထူနေကြပါတယ်။ ပညာရေးကိုပဲကြည့်ကြည့် ဝင်ငွေကိုပဲကြည့်ကြည့် အဖမ်းမတစ်အက်ရှင်မရှိခင်က အသားရောင်တွေကြား တဦးချင်းစီရဲ့ ကျောင်းစာတတ်မြောက်မှု၊ ဉာဏ်ရည်ဉာဏ်သွေး စတာတွေမှာ သိပ်မကွာခဲ့ကြပေမယ့် လူမည်းတွေကို အဆင့်နှိမ့်ချပေးထားတဲ့ အဖမ်းမတစ်အက်ရှင်လုပ်လာတဲ့ နောက်ပိုင်းမှာ လူမည်းတွေရဲ့ ပညာရေး လူမှုရေး ဝင်ငွေ စတာတွေ အဖက်ဖက်က လျော့ကျလာတာကို တွေ့ရတယ်လို့ ဒေါက်တာသောမတ်စ်ဆိုးလ်က ဆိုပါတယ်။

အရည်အချင်းမပြည့်မှီတဲ့ သူတဦးကို အသားရောင်လို နိုင်ငံရေးမဲဆွယ်လိုမှုတခုနဲ့ ဒိုင်ဗာစတီခေါင်းစဥ်အောက်မှာ ကျောင်းဝင်ခွင့်၊ ဘွဲ့၊ လုပ်ပိုင်ခွင့်၊ ကုသခွင့် စတာတွေ အပ်နှင်းလိုက်ရင် ဒါဟာ လူနာ၊ အဆောက်အဦ/ တံတား၊ လမ်းစတဲ့ သုံးစွဲသူတွေအပေါ် ရက်စက်လွန်းရာကျတာ အမှန်ပါပဲ။ အဲဒီစားသုံးသူတွေရဲ့ ထိခိုက်နစ်နာမှုတွေအတွက် တရားမျှတမှုက ဘယ်မှာလဲ၊ ဘယ်သူက တာဝန်ယူ/တာဝန်ခံကြမှာလဲ။

အဖမ်းမတစ်အက်ရှင်လို အပေါစားနိုင်ငံရေးဆွယ်လုံးတခုဟာ ဒဗိုက်အန်ရူးလ်ဆိုတဲ့ သွေးခွဲအုပ်ချုပ်ရေးတမျိုးဖြစ်တဲ့အပြင် အရှည်ကိုမျှော်ကိုးပြီး ကန့်ကွက်သူတွေအပေါ် နိုင်ငံရေးလုပ်စားတွေက အလွယ်တကူထိုးနှက်လာနိုင်တာကြောင့် တော်ရုံလူ လက်ရှောင်ကြတာ ဖြစ်ပါတယ်။ တကယ်တော့ အဖမ်းမတစ်အက်ရှင်လိုဟာမျိုးက အမေရိကန်တနိုင်ငံတခုထဲမှာ ရှိတာတော့ မဟုတ်ပါဘူး။ ထောက်ခံရင် မဲ/လက်ခုတ်သံရနိုင်သလောက် ကန့်ကွက်ရင် အဆဲခံရနိုင်လို့ ကျင့်သုံးသမျှနိုင်ငံတိုင်းလိုလိုမှာ ငရဲခွေးကြီး လွတ်နေသလို ဆိုးကျိုးတွေ အဟန့်အတားမရှိ ဖြစ်လာပြီး ဒီစနစ်အပေါ် မလျော်အမြတ်ထုတ်သူတွေ တိုးလာတာပါပဲ။

ဥပမာ ၁၉၆၀ သန်းခေါင်စာရင်းအရ အသက် ၁၅-၁၉နှစ်ကြား အမေရိကန်ဌာနေလူနီ အရေအတွက်ဟာ ၅သောင်းတောင် မရှိတတ်ပေမယ့် နောက်အနှစ် ၂၀အကြာ ၁၉၈၀မှာတော့ အသက် ၃၅-၃၉နှစ်အတွင်း အဖမ်းမတစ်အက်ရှင်တန်ခိုးနဲ့ လူနီအရေအတွက်ဟာ ၈သောင်းကျော်သွားခဲ့ပါတယ်။ တကယ်က ၁၅-၁၉အတွင်းက လူအုပ်စုကိုပဲ နောက် အနှစ်၂၀မှာ ပြန်စာရင်းကောက်ထားတာဖြစ်လို့ အရေအတွက်က ဘာမှတိုးလာစရာ မရှိပါဘူး။ ဒါပေမယ့် လူနီတွေကိုပေးတဲ့ အခွင့်အရေးတွေကို ဝင်ယူချင်ကြတဲ့ အခြားသူတွေက ဟိုးမျိုးဆက် ၅-၁၀ဆက်အထက်လောက်က လူနီနဲ့ သွေးနှောဖူးတာတွေကိုပါ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အတင်းဆွဲစပ်ပြကြတဲ့အတွက် လူနီစာရင်းထဲမှာ ဆံပင်ရွှေရောင် မျက်လုံးပြာတွေပါ ပါနေတာ တွေ့ရမှာပါ။ အဲဒီထဲကတဦးကတော့ ထရမ့်က ပိုကာဟွန်တာလို့ ပြောင်ခေါ်ခဲ့တဲ့ မန်ဆာချူးဆက်က ဆီနိတ်တာ အဲလစ်ဇဘက်ဝါရန်ဆိုတဲ့ လူဖြူမဖြစ်ပါတယ်။

အဖမ်းမတစ်အက်ရှင်လို ကွက်ကျားမိုးတွေဟာ အိန္ဒိယမှာ ဇတ်နိမ့်အန်တပ်ချေးဘဲလ်တွေအပေါ် အသာပေးတဲ့ ဥပဒေ၊ ဘရူနိုင်း၊ အင်ဒိုနီးရှားတို့မှာ ဌာနေတွေအပေါ် ပေးတဲ့ အခွင့်အရေးတွေ မလေးရှားမှာ မလေးတွေကို အသာပေးတဲ့ ဥပဒေ စတာတွေဟာ အဆိုးအပြစ်တွေနဲ့တကွ ဖြစ်တည်လာကြသလို၊ ဩစတေးလျမှာ အလားတူဥပဒေ ပြဌာန်းအပြီး ၁၉၈၁-၁၉၈၆အတွင်း ဌာနေအဘော်ရီဂျင်းအဖြစ် စာရင်းဝင်သူ ၄၂% တိုးလာခဲ့ပြီး တရုပ်ပြည်မှာလည်း လူနည်းစုတွေကို အခွင့်အရေး ပိုပေးတဲ့ ဥပဒေပြဌာန်းပြီးနောက်မှာ လူနည်းစုအဖြစ် မှတ်ပုံတင်ထားသူ ၁၀သန်းအထိ တိုးလာတာ တွေ့ရပါတယ်။

တရုပ်ပြည်မကြီးရဲ့ တအိမ်ထောင် ကလေးတယောက်ပေါ်လစီက လူနည်းစုလူမျိုးစုတွေအပေါ် သက်ရောက်မှုမရှိတာ၊  လူမျိုးစုငယ်တွေရဲ့ ကောလိပ်ဝင်ခွင့်တွေမှာလည်း အဖမ်းမတစ်အက်ရှင်လိုပဲ တလေးသာ အကျောပေးထားတာ၊ စီးပွားရေးလုပ်ငန်းတွေမှာလည်း လူမျိုးစုငယ်ပိုင်ဆိုင်တာတွေကို အခွန်လျော့တာ စတဲ့ မက်လုံးတွေပေးထားတဲ့အတွက် မှတ်ပုံတင်တွေကို နည်းမျိုးစုံနဲ့ ရအောင်လိုက်ပြောင်းပြီး လူမျိုးစုငယ်အဖြစ် စာရင်းဝင်အောင် လုပ်ကြသလို လုပ်ငန်းတွေမှာ လူများစုဟန်တရုပ်တွေက လူမျိုးစုငယ်အစစ်ကို အမည်ခံခိုင်းပြီး လူနည်းစု အခွင့်အရေး ဝင်ယူနေတာ စတဲ့မထော်မနန်းတွေ ဖြစ်နေကြပါတယ်။

အမေရိကမှာ အသားအရောင်ခွဲခြားတဲ့ခေတ်က အသားလတ်တဲ့ လူမည်းတွေဟာလည်း လူဖြူသွေးပါကြောင်းတွေ ကြံဖန်ပြကြပြိး လူဖြူစာရင်းထဲ မဝင့်ဝင်အောင် ကြိုးစားခဲ့ကြပါတ​ယ်။ အဖမ်းမတစ်အက်ရှင်လိုမျိုး ဥပဒေတွေက အဲဒါတွေကိုကြည့်ရင် လူတစုအတွက် စေတနာနဲ့ဖြစ်စေ ထုတ်ထားတဲ့ ဥပဒေတွေဟာ အဂတိလိုက်စားကြဖို့ အကြံအဖန်တွေလုပ်ကြဖို့ မြေတောင်မြှောက်ပေးရာနေရာကြီး ဖြစ်နေတာ တွေ့ရမှာပါ။ အဲဒီလို အကြံအဖန်သမားတွေဟာ အဆိုပါဥပဒေတွေက ကာကွယ်ဖို့ ရည်ရွယ်ရင်းဖြစ်တဲ့ လူမျိုးစုလေးတွေထက် ငွေကြေးပိုတတ်နိုင်၊ ပိုလည်၊ ပိုပေါက်ရောက်ကြမှာဖြစ်လို့ ဥပဒေက မည်သို့ပင်ဆိုဆို တကယ်ရည်ရွယ်ထားသူတွေထက် အကြံအဖန်လုပ်ကြမယ့်သူက များလာမှာပဲ ဖြစ်ပါတယ်။ နောက်ပြဿနာတခုက လူတစုအကျိုးဆိုပေမယ့် အဲဒီလူတစုဆိုတာကို တိတိကျကျ ဘယ်လိုသတ်မှတ်မလဲ အဲဒီထဲမပါပဲ ကပ်ကျန်ခဲ့သူ လူနည်းစုတွေက ကျေနပ်ပါ့မလားဆိုတာတွေက အငြင်းပွားစရာတွေ ဖြစ်လာနိုင်တာပါ။

တချို့ကလည်း လူမျိုး/ အသားအရောင်ပေါ် မူမတည်ဘူးဆိုရင်တောင် ဝင်ငွေ လူမှုအဆင့်အတန်း စတာတွေပေါ်မူတည်ပြီး ကွက်ကျားမိုးရွာသင့်တယ်လို့ ငြင်းရင်း မပြီးဆုံးနိုင်တဲ့ အိုင်ဒန်တတီပေါ်လတစ်စ်ကို ဆက်ပလေးကြပြန်ပါတယ်။ ဝင်ငွေနဲ့ သတ်မှတ်ပြန်တော့လည်း အခြေခံ ဝင်ငွေနည်းသူတွေရဲ့ ကိုယ့်အားကိုယ်ကိုးချင်စိတ် ကိုယ့်အစွမ်းအစအပေါ် ယုံကြည်စိတ် ဇွဲ  သတ္တိတွေအစား သတ်မှတ်ချက်မဝင်မှာစိုးတဲ့အတွက် ကိုယ့်အစွမ်းအစ အကုန်ထုတ်မသုံးဖို့ သင်ကြားပေးနေသလို ဖြစ်နေပြန်ပါတယ်။

လူတွေတကယ်အလုပ်ရစေချင်တယ်၊ ဆင်းရဲတွင်းက တကယ်လွတ်စေချင်တယ်ဆိုရင် အရင်ဆုံးက အောင်မြင်မှုပြေးလမ်းပေါ်က ခလုပ်ကန်သင်းဖြစ်နေတဲ့ မလိုအပ်တဲ့ ဥပဒေတွေကို ရှင်းထုတ်ပစ်ရပါမယ်။ မဲဆွယ်လို့ကောင်းပေမယ့် ပြည်သူအပေါ် မလိုအပ်ပဲ ဝန်ပိစေတဲ့ ဥပဒေတွေကို ဖျက်သိမ်းလိုက်ရင် ပြည်သူ့ဘဝ အဆင်ပြေ ချောမွေ့လွယ်ကူပြီး ယန္တရား မြန်ဆန်သွက်လက်စေသလို အစိုးရဌာနတွေမှာလည်း ဘတ်ဂျက်အလေအလွင့်နည်းပြီး ကျစ်လစ်မြန်ဆန်လာမှာဖြစ်ပါတယ်။ အဲဒါမှ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတဲ့ ပညာရေး စတဲ့ ကဏ္ဍတွေမှာ ငွေပိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဥပဒေချုပ်နှောင်ချက် ပြဌာန်းချက်တွေ များလေလေ အစိုးရပိုကြီးလာလေလေဖြစ်ပြီး အစိုးရ အသုံးစားရိတ်၊​ အလေအလွင့်၊ အာဏာအလွဲသုံးမှု၊ အဂတိလိုက်စားမှုတွေပါ တိုးလာမှာ အသေအချာပါပဲ။

တကယ်တော့လည်း အမေရိကန်အပါအဝင် အဖမ်းမတစ်အက်ရှင် ကျင့်သုံးနေတဲ့ နိုင်ငံတွေအားလုံးရဲ့ မူရင်းအခြေခံဥပဒေမှာတော့ ပြည်သူပြည်သားအားလုံးဟာ တန်းတူအခွင့်အရေးကို တပြေးညီရကြဖို့ ရေးဆွဲထားမှာ အသေအချာပါပဲ။ နောက်မှ ထပ်ကွန့်တဲ့ ဥပဒေတွေက မူလအခြေခံ ပြည်သူ့အခွင့်အရေးကို ကန့်လန့်တိုက်သလို ဖြစ်နေတာ ဖြစ်သင့်တဲ့အနေအထားတခု မဟုတ်ပါဘူး။ ဒါတွေဘာလို့ လာပြောနေလဲဆိုတော့ မဝေးတော့တဲ့ အနာဂတ် မြန်မာပြည်မှာ ခြေ/ဥပြန်ဆွဲကြတဲ့အခါ အခုလိုကိစ္စတွေ ပါလာနိုင်တဲ့အတွက် ကြိုပြီး စဥ်းစားထားနိုင်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။  

Leave a comment