တခါက စားသောက်ဆိုင်တခုမှာ ဘယ်ကထွက်လာမှန်းမသိတဲ့ ပိုးဟပ်တကောင်ဟာ ပျံသန်းလာပြီး အမျိုးသမီးတဦးပေါ် နားလိုက်ပါတယ်။ ကြောက်လန့်သွားတဲ့ အမျိုးသမီးလည်း ငယ်သံပါအောင် အော်ဟစ်ရင်း သူမကိုယ်ပေါ်က ပိုးဟပ် ထွက်သွားအောင် ခုန်ဆွ ခုန်ဆွ လုပ်နေခဲ့ပါတယ်။ သူမရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ ရုပ်သွင်၊ အသံနဲ့ အပြုအမူက ပတ်ဝန်းကျင်ကသူတွေကိုပါ ကူးစက်ပြီး သူမနဲ့အတူ စားသောက်နေတဲ့ တအုပ်စုလုံး ကသောင်းကနင်းတွေ ဖြစ်လာပါတယ်။ နောက်ဆုံးတော့ ပိုးဟပ်ကလည်း သူမပေါ်ကနေ ပျံထွက်သွားပြီး သူမတို့အုပ်စုထဲက နောက်အမျိုးသမီးတဦးထံ သွားနားပြန်ပါတယ်။ နောက်အမျိုးသမီးကလည်း အရင်တဦးလိုပဲ အလွန်အမင်း ထိတ်လန့်စွာ တုန့်ပြန်ခဲ့ပါတယ်။ ဒီအခါမှာတော့ လာကူညီတဲ့ စားပွဲထိုးက သူမအနား ရောက်လာခဲ့ပြီး ကံအားလျော်စွာပဲ အနှီပိုးဟပ်ကလည်း စားပွဲထိုးပေါ် ရောက်သွားခဲ့ပါတယ်။ စားပွဲထိုးက သူ့အင်္ကျီပေါ်က ပိုးဟပ်ဘာဆက်လုပ်မလဲဆိုတာကို ငြိမ်ငြိမ်သက်သက် ခဏစောင့်ကြည့်ပြီးမှ အခွင့်ကောင်းရတာနဲ့ သူ့လက်နဲ့ အမြန်ဖမ်းလိုက်ပြီး ဆိုင်အပြင်မှာ သွားလွှတ်ခဲ့ပါတယ်။
အဆိုပါအဖြစ်အပျက်အားလုံးကို ဆိုင်ထောင့်တနေရာကနေ ကော်ဖီတခွက်နဲ့ စောင့်ကြည့်ရင်း ခေါင်းထဲမှာ အတွေးတချို့ ဝင်လာပါတယ်။ ဖြစ်သွားခဲ့တဲ့ ရုပ်ပျက်ဆင်းပျက် တုန့်ပြန်မှုတွေအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ၊ ပိုးဟပ်လား။ ပိုးဟပ်က အဲဒီလို ဘရုတ်ဘရက်တွေ ဖြစ်စေခဲ့တယ်ဆိုရင် စားပွဲထိုးကျတော့ ဘာဖြစ်လို့ အဲဒီလို မဖြစ်ခဲ့တာလဲ။ သူက ကောင်းကောင်းကိုင်တွယ်ပြီး အခြေအနေကို ထိန်းနိုင်သွားခဲ့တယ်လေ။ ဒီတော့ ပိုးဟပ်က တကယ့်ပြဿနာမဟုတ်ပဲ ကြုံတွေ့လာတဲ့ အနှောက်အယှက်တွေအပေါ် ခေါင်းအေးအေးထားပြီး တုန့်ပြန်နိုင်မှု မရှိခဲ့တာက ပြဿနာလို့ သုံးသပ်လိုက်မိတယ်။
နေ့စဥ်ဘဝတွေမှာ ကြုံတွေ့ကြရတဲ့ အနှောက်အယှက်တွေကို ကြည့်ရင်လည်း ကိုယ့်ရဲ့ စိတ်ဆင်းရဲ ပင်ပန်းမှုတွေဟာ မိဘတို့ အထက်လူကြီးတို့ အိမ်ထောင်ဖက်တို့ရဲ့ ပြစ်တင်ဆူပူမှုတွေ၊ ကားပိတ်လို့၊ အသံဆူလို့ စတာတွေကြောင့်လို့ စွဲမနေပဲ ကိုယ့်ဘက်က ဘယ်လို တုန့်ပြန်သလဲဆိုတဲ့အပေါ်မှာ ပိုပြီး မူတည်နေတယ်လို့ နားလည်လိုက်ပါတယ်။ ပြဿနာနဲ့ ကြုံလာရင် အဲဒီပြဿနာဆိုတာထက် ပြဿနာပေါ်မှာ တုန့်ပြန်ပုံက ဘဝမှာ ပရမ်းပတာဂယက်တွေထအောင် လုပ်မလား အထိအခိုက် အနည်းဆုံးနဲ့ အမြန်ဆုံး ကျော်လွှားနိုင်အောင် လုပ်မလားဆိုတာကို အဆုံးအဖြတ် ပေးသွားမှာပါ။
ဒီပုံပြင်လေးကနေ ရယူနိုင်တဲ့ သင်ခန်းစာကတော့ ဘဝမှာ ဘာပဲကြုံလာကြုံလာ စိတ်လိုက်မာန်ပါ မဆင်မခြင် မတုန့်ပြန်ပါနဲ့၊ သေချာစဥ်းစားသုံးသပ်ပြီးမှ အကောင်းဆုံး တုန့်ပြန်ပါ ဆိုတာပါ။ Do not react. Always respond. Reaction ဆိုတာ အလိုအလျောက် တုန့်ပြန်တာဖြစ်ပြီး Response ဆိုတာကတော့ ကောင်းကောင်းစဥ်းစားပြီးမှ တုန့်ပြန်တာဖြစ်ပါတယ်။ ဘဝနဲ့ ပတ်သက်တဲ့ လှပတဲ့ သင်ခန်းစာတခုပေါ့။
စိတ်ချမ်းသာပျော်ရွှင်တဲ့သူဆိုတာ သူ့ဘဝမှာ အကုန်လုံး အဆင်ပြေတာတွေချည့် တွေ့ခဲ့ရလို့ မဟုတ်ပါဘူး။ သူကြုံတွေ့လာရတာတွေအပေါ်မှာ မှန်ကန်တဲ့ သဘောထား ထားရှိနိုင်ခဲ့လို့သာ စိတ်အေးချမ်းသာမှု ရရှိလာခဲ့တာပါ။