ဒီမိုကရက်တွေကတော့ ၂၀၂၄ အတွက် အသည်းအသန် ပြင်ဆင်နေပါပြီ။ အင်မတန်ချမ်းသာတဲ့ အီလိအများစုရော ကမ္ဘာ့ရွာလက်မဲကြီးတွေ အာဏာရှင်တွေ ခြစားတွေ မူးယစ်ဂိုဏ်း လူမှောင်ခိုဂိုဏ်း စတာတွေရဲ့ ကျောထောက်နောက်ခံမှုရထားတော့ ငွေမည်း/ဖြူ/နီ/ဝါတွေနဲ့ရော တဆင့်ခံတွေနဲ့ရော တရားတဲ့နည်းရော မတရားတဲ့နည်းရော မုသားတွေရောနဲ့ အင်တိုက်အားတိုက် တိုက်စစ်ဆင်နေပါတယ်။ ယူကျူမှာဆိုလည်း လာလိုက်တဲ့ကြော်ငြာတွေ ဘိုင်ကြီးလက်ထက်မှာ ဘယ်လိုတွေ တိုးတက်ကြောင်း၊ အဲဒါကို ရီပါဘလစ်ကန်တွေက မနာလိုလို့ အပုတ်ချနေကြကြောင်းတွေ ကျော်ပစ်လို့မရတဲ့ ကြော်ညာတွေ ဖောဖောသီသီ လာနေပါတယ်။
နီ/ပြာ ဘယ်သူနိုင်မယ် အတတ်ပြောမရတဲ့ ဆွင်းပြည်နယ်တချို့မှာ ညစ်တကာ့ဘုရင် အမွှေစိန်တင်တဲ့ ဒီအေတွေ နည်းမျိုးစုံနဲ့ ရကပနိုင်အောင်လုပ်ပြီး ရကပစည်းမျဥ်းတွေကို ပြင်ပစ်တာတွေကတော့ မဆန်းတော့ပါဘူး။ အခုလုပ်လာတာက တက္ကဆက်စ် အေဂျီပက်စ်တန်လို သူတို့လုပ်တာတွေ မဟုတ်ရင် မဟုတ်သလို ငြိမ်မခံပဲ လိုက်ဖိုက်တဲ့သူကျတော့ ထရမ့်ကို လုပ်သလိုပဲ မရှိတဲ့ပြစ်မှု ၁၆ခုနဲ့ စွဲပြီး အင်မ်ပိချ်လုပ်ကြပြန်ပါတယ်။
မီဒီညာတွေကလည်း မြန်မာပြည်မှာ တချိန်က အာဏာရူးလက်ကိုင် မီဒီညာတွေက အမှန်တင်ပြသူတွေကို မိုးလုံးပြည့်မုသာဝါဒလို့ စွပ်စွဲကြသလို အခုလဲ ဘာအထောက်အထားမှ လက်ဆုပ်လက်ကိုင်မပြနိုင်ပဲ အပြစ်တွေ အများကြီးရှိကြောင်းပဲ အချိန်ပြည့် တသံတည်း ထုတ်လွှင့်နေကြပါတယ်။ ပက်စ်တန်ကိုလည်း ထရမ့်လိုပဲ လစ်ဗြဲတရားရုံးတွေက အမှုအကြောင်း မီဒီယာကို လုံးဝ မပြောရလို့ ချည်တုတ်ထား လိုက်ပါတယ်။ ပက်စ်တန်က မဟုတ်တာ မလုပ်ထားတဲ့သူဆိုတော့ သတ္တိရယ် ဉာဏ်ပညာရယ်ကလွဲရင် စပွန်ဆာမရှိ စီးပွားရေးသမားမဟုတ်တော့ ရေလျံသူလည်း မဟုတ်တဲ့အတွက် အမှုစားရိတ်တွေအပြင် ကိုယ်ပိုင်ငွေကိုတောင် သုံးဖို့ခက်အောင် ကြပ်ထားကြပြန်ပါတယ်။
တပ်ကာနဲ့ တွေ့စဥ်မှာ ပက်စ်တန်က တက္ကဆက်စ်မှာ ပြီးခဲ့တဲ့ နှစ်ဆယ်နှစ်ဆယ်ထဲက မဲကလိန်တွေ လုပ်နေတာ တော်တော်ဆိုးနေကြောင်း၊အုပ်ချုပ်ရေး တရားရေး လက်ဗြဲချုပ်ကိုင်မှုအားကောင်းတဲ့ နေရာတွေမှာ အခြေအနေမဟန်ဘူးထင်ရင် ရေနေရင်း ရပ်ပစ်ပြီး ဘယ်လောက်အကြံအဖန်လုပ်ရမယ်ဆိုတာကို တွက်ချက်ပြီး နိုင်လောက်တဲ့ ပမာဏရှိမယ့် စောမဲတွေ ထုတ်လာကြကြောင်း၊ အဲဒီက ဂျပ်ဂျ်ကလည်း လက်ဗြဲဆိုတော့ အမှုဖွင့်ရင် ပယ်တာ(သို့) အချိန်ဆွဲတာတွေပဲ လုပ်နေကြောင်း၊ အဲဒါတွေ အဲဒီအချိန်ကတဲက ၄၅ကို တင်ပြပြီးဖြစ်ကြောင်းတွေပါ ပြောပြသွားပါတယ်။
ဒါတောင် ပက်စ်တန်က ထရမ့်နဲ့ နီးကပ်တဲ့သူမဟုတ်ပါဘူး။ ထရမ့်နဲ့ နီးကပ်သူတွေ အလုပ်တွဲလုပ်ခဲ့ဖူးသူတွေကတော့ အညစ်ခံနေရတာကြာပါပြီ။ အဲဒါက သူတို့ အာဏာ အမြဲတမ်း ထိန်းထားနိုင်မယ့်လမ်းမှာ ပိတ်နေသူတွေကို တစစနဲ့ ရှင်းလာနေပြီဆိုတာကို ပြတာပါ။ တက္ကဆက်စ်က အမေရိကန်မှာ ဒုတိယလူဦးရေအများဆုံးပြည်နယ်ကြီးပါ။ ကယ်လီဖိုးနီးယားက အကြီးဆုံး၊ ဖလော်ရီဒါက တတိယ၊ နယူးယောက်က နံပါတ် ၄ပါ။ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်က ပြာမှာကျိန်းသေပေမယ့် တက္ကဆက်စ်နဲ့ ဖလော်ရီဒါက ဒီမိုကရက်တွဗ လက်ဝဲစွန်းမရောက်ခင်အထိ အပြောင်းအလဲရှိတတ်ပါတယ်။ လောလောဆယ်မှာ ဖလော်ရီဒါက နီဖို့သေချာသလောက်ရှိတော့ တက္ကဆက်က်စ်ကို ဥပဒေနဲ့ပဲဖြစ်ဖြစ် ညစ်နည်းစုံလင်နဲ့ဖြစ်ဖြစ် ရသလောက် ဖဲ့ထုတ် အမဲဖျက်ကြဖို့ ပုံအောကြမှာ အသေအချာပါပဲ။ တက္ကဆက်စ်ကလူတွေ သွေးမအေးကြပဲ တက်ကြွလှုပ်ရှားကြဖို့ အရမ်းအရေးကြီးနေပါပြီ။
သတင်းကောင်းတခုက အမေရိကမှာ နဝမအကြီးဆုံးမြို့ဖြစ်တဲ့ တက္ကဆက်စ်ပြည်နယ် ဒါးလပ်စ်မြို့က ဒီမိုကရက်မြို့ဝန် အဲရစ်ဂျွန်ဆင်က ဒီမိုကရက်ပါတီရဲ့ ပေါ်လစီတွေဟာ ရာဇဝတ်မှုတွေ အခြေအနေမဲ့တွေ များပြားနေရခြင်းရဲ့ အကြောင်းရင်းဖြစ်ကြောင်း၊ ဒါကြောင့် ပြည်သူထဲက ခေါင်းဆောင်လုပ်ကြမယ့်သူများအနေနဲ့ ကွန်ဆာဗေးတစ်ပေါ်လစီတွေကို လေ့လာကျင့်သုံးကြဖို့ တိုက်တွန်းပါကြောင်း၊ အမေရိကမြို့ကြီးတွေမှာ ရီပါဘလစ်ကန်အမြင်ရှိသူတွေ အများကြီးလိုအပ်နေတာဖြစ်လို့ သူကစပြီး ရီပါဘလစ်ကန်အဖြစ် ပြောင်းလဲခံယူတော့မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ဂျွန်ဆင်က ၁.၃သန်းကျော်နေထိုင်တဲ့ ဒါးလပ်စ်ကို လုံခြုံစိတ်ချရပြီး စီးပွားရေးလုပ်လို့ကောင်းတဲ့ မြို့တမြို့အဖြစ် မြင်ချင်ကြောင်း၊ သူ့လက်ထက်မှာ ရာဇဝတ်မှု ၂နှစ်ဆက်တိုက် ကျဆင်းသွားခဲ့ကြောင်း၊ သူတက်လာကတည်းက အိမ်ခွန်တွေကို နှစ်တိုင်းလျော့ချပေးခဲ့ကြောင်း၊ လာမယ့် ၄နှစ်မှာလည်း အဲဒီအတိုင်းပဲ ဆက်အုပ်ချုပ်သွားမှာဖြစ်ကြောင်း၊ တခုပဲကွာသွားမှာက ဒါးလပ်စ်လိုမြို့ကြီးမှာ ရှားရှားပါးပါး ရီပါဘလစ်ကန်အုပ်ချုပ်တာ တွေ့ရမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ လက်ရှိဒီမိုကရက်ပါတီရဲ့ ပေါ်လစီတွေနဲ့ ကောကပ်စ်ကို မကြိုက်ခဲ့သလို ဒီမိုကရက်တွေကလည်း သူ့ကိုကြိုက်မှာမဟုတ်တာ သိပါကြောင်း၊ သူ့အနေနဲ့ မြို့/ဒေသကောင်းဖို့လုပ်တာက ပါတီအရေးထက် ပဓါနထားပါကြောင်း၊
ရီပါဘလစ်ကန်ပေါ်လစီတွေက တကယ်တိုးတက်ဖို့ ရည်ရှည်ကောင်းမယ့်အရာတွေကိုပဲ အစဥ်တစိုက် ဦးစားပေးကြပေမယ့် ဒီမိုကရက်တွေက ပိုးလ်နံပါတ်တက်ဖို့လောက်အတွက်ပဲ တပွဲတိုးအလုပ်တွေပဲ လိုက်လုပ်နေကြတာ တွေ့ရကြောင်း၊ အမေရိကန်စီးပွားရေးမကောင်းလာတာနဲ့ လူတွေက အလုပ်အကိုင်ရှားပါးလာတဲ့ မြို့လေးတွေကို စွန့်ခွာပြီး မြို့ကြီးတွေဆီ ပြောင်းလာကြကြောင်း၊ အဲဒါကြောင့် မြို့ကြီးတွေမှာ ရီပါဘလစ်ကန်တွေ ပိုလိုသလို ရီပါဘလစ်ကန်နိုင်ဖို့ဆိုရင်လည်း မြို့ကြီးတွေပါ ပါလာဖို့လိုကြောင်း၊ အခုဆိုရင် သူပါတီပြောင်းလိုက်တဲ့အတွက် အမေရိကရဲ့ အကြီးဆုံး ၁၀မြို့ကို အုပ်ချုပ်သူတွေထဲမှာ ရီပါဘလစ်ကန်တဦး ရှိလာပြီလို့ ပြောလို့ရကြောင်း၊ မြို့ကြီးတွေကို ပေါ်လစီကောင်းတွေနဲ့ အေးချမ်းဖွံ့ဖြိုးအောင် လုပ်နိုင်မယ့်သူတွေ တက်စေချင်ရင် အများကြီး လုပ်ကြရဦးမှာဖြစ်ကြောင်း၊ ပြည်သူတွေအနေနဲ့ မြို့တော်ခန်းမမှာ ဒီမိုကရက်တွေရဲ့ အာဘော်ကို သံယောင်လိုက်နေဖို့ထက် အစစ်အမှန်ကို ရွေးချယ်ကြဖို့လိုကြောင်း ပြောကြားသွားပါတယ်။
ဂျွန်ဆင်ဟာ တက္ကဆက်စ်ပြည်နယ်အောက်လွှတ်တော်ကို ဒီမိုကရက်အမတ်အနေနဲ့ ၂၀၁၀မှာ စတင်အရွေးခံရပြီး ၂၀၁၉မှာ မြို့ဝန်အဖြစ် ဒီမိုကရက်ပါတီကိုယ်စားပြုယှဥ်ပြိုင်အနိုင်ရခဲ့ပါတယ်။ ဒီနှစ် မေလထဲမှာ ဒုတိယသက်တမ်းအတွက် ရကပမှာ မဲ ၉၃% နဲ့ နိုင်ခဲ့ပါတယ်။
ဂျွန်ဆင်ရဲ့စာကို ဖတ်လိုက်ရတာ ပြည်သူကို ကောင်းစားစေချင် မြို့ကို တိုးတက်စေချင်တဲ့ စေတနာ ခံစားမိသလို စီးပွားရေးကျဆင်းတာကနေ ကျေးလက်စီးပွားရေး လူဦးရေ ကြုံ့လိုက်လာပြီး မြို့ကြီးတွေမှာ လူတွေသွားပုံနေတာရဲ့ ဖြစ်လာမယ့် နောက်ဆက်တွဲ စီးပွားရေး လူမှုရေးပြဿနာတွေအပေါ် စိုးရိမ်မကင်းဖြစ်နေတယ်လို့လည်း နားလည်လိုက်ပါတယ်။ ဒါကြောင့်လည်း ဘိုင်ကြီးတို့တတွေက စီးပွားရေးကျတာကို ကုစားဖို့ မလုပ်ကြတဲ့အပြင် ရှိနေတဲ့ အလုပ်ကလေးတွေတောင် ပြောင်/ပြောင်းထွက်သွားအောင် ကလိုင်းမိတ်အကြောင်းပြ၊ အီးအက်စ်ဂျီအကြောင်းပြနဲ့ တမင်ကို အစီအစဥ်တကျ လုပ်ဆောင်နေတာပါ။
ယူအက်စ်တနိုင်ငံလုံးမှာပဲဖြစ်ဖြစ် ကယ်လီဖိုးနီးယားလို နယူးယောက်လို အပြာရင့်ပြည်နယ်တွေမှာပဲဖြစ်ဖြစ် မြို့ကြီးတွေမှာပဲ ဒီမိုကရက်တွေ စိုးမိုးတာပါ။ ကျန်တာ တပြည်လုံး ရဲရဲတောက်ပါပဲ။ ကျေးလက်ဒေသ ကြုံ့လိုက်လာပြီး မြို့ကြီးတွေမှာ လူများလာတာ ဘယ်ဘက်ကြည့်လို့မှ ကောင်းတဲ့အလားအလာမဟုတ်ပါဘူး။ အရှည်တွေးရင် တွေးသလောက် ကြောက်စရာကောင်းပါတယ်။ (မြန်မာပြည်မှာတော့ ရန်ကုန် မန္တလေးအပြင် မြို့ကြီးက သိပ်မရှိတော့ နိုင်ငံခြားထွက်ကြတာပေါ့။) သူတို့အသံကောင်းဟစ်နေတဲ့ ကလိုင်းမိတ်အတွက်တောင် မကောင်းပါဘူး။ လူနေနည်း စီးပွားရေးနည်းတော့ အခွန်နည်း၊ အခွန်နည်းတော့ မထိန်းသိမ်းနိုင်၊ အဲဒီတော့ လူအိုတွေပဲကျန်မယ့်မြို့ရွာလေးတွေ ဘယ်လိုအသက်ဆက်ကြမလဲ။ ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် တကယ်ကောင်းအောင် လုပ်ချင်ရင် လုပ်လို့ရတယ်၊ တကယ်ကောင်းအောင် လုပ်မယ့်သူကို ရွေးဖို့ အရေးကြီးတယ်ဆိုတဲ့ သင်ခန်းစာလည်း ဂျွန်ဆင်ဆီက ရလိုက်ပါတယ်။
ဘိုင်ဒန်က ကြော်ညာထဲမှာသာ သူ့ကြောင့် စီးပွားရေးတိုးတက်လာတယ်ဆိုတာ တကယ်တမ်းသူ့ပေါ်လစီတွေက တိုင်းပြည်ကို အထည်ကြီးပျက်ဖြစ်အောင် တွန်းပို့ပြီး သူတို့တသက်လုံး အာဏာကိုင်ထားနိုင်အောင် လုပ်နေတာပါပဲ။
လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် တည်တံ့ဖို့ဆိုတာ ပြည်သူတွေ ချောင်လည်ဖို့ စီးပွားရေးကောင်းဖို့အပြင် ပြည်သူ့လွတ်လပ်ခွင့်တွေ ထိန်းသိမ်းဖို့အတွက် အာဏာချိန်ခွင်လျှာ ညီရပါတယ်။ တပါတီထဲကပဲ အမြဲတက်နေအောင် ကြံဖန်ထားတယ်ဆိုတာ အန္တရာယ်အလွန်များတဲ့ကိစ္စပါ။ ဒီမိုကရက်တွေ လုပ်နေတာတွေက ဒီမိုကရေစီနဲ့ကိုက်တာရော ပြည်သူအများအကျိုးအတွက်ဆိုတာရော တခုမှ မပါပါဘူး။ အခုဆိုပြည်သူဆီမှာ လက်နက် မထားနိုင်အောင် ခြေ/ဥကပေးတဲ့ ရပိုင်ခွင့်တွေကိုကျော်ပြီး ကြပ်သထက် ကြပ်လာကြပြီလေ။ အကြောက်တရားနဲ့ အသားကျနေတဲ့ မြန်မာတွေကြားမတော့ ဒီမိုကရေစီမဆန်ဘူးဆိုတာကမှ ပုံမှန်လို မြင်နေဦးမလားပါပဲ။
လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေနဲ့ ဝေးလာတာ ကွန်ကွန်တွေစံနောက် လိုက်လာတာ အနောက်ကမ္ဘာမှာ ကနေဒါက ရှေ့တန်းရောက်ပါတယ်။ ကနေဒါရောက်ပြီး အောင်မြင်ရင် ဥရောပတို့ အမေရိကန်တို့ဆီကို ရောက်တာပါပဲ။ အခုကနေဒါက ကျောင်းတချို့မှာ ၂၀၀၈မတိုင်ခင်က ထုတ်ဝေတဲ့ စာအုပ်တွေကို အင်ကလူးဆစ်ဖ်မဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စာကြည့်တိုက်တွေက ဘန်းလိုက်ပါတယ်။ တရုပ်ပြည်က ယဥ်ကျေးမှုတော်လှန်ရေးမှာ စနစ်ဟောင်းနဲ့ သမိုင်းက ဓလေ့တွေ ထုံးစံတွေ ယဥ်ကျေးမှုတွေ အတွေးအခေါ်တွေ ပါမလာအောင် အကုန်မီးရှို့ပစ်တာ၊ နာဇီခေတ်မှာ ပြည်သူမျက်စေ့ပွင့်မယ့် စာအုပ်တွေ မီးရှို့ပစ်တာနဲ့ သဘောချင်း တူတူပါပဲ။ ဘယ်ကို ဦးတည်နေတယ်ဆိုတာ ခုထိ မရှင်းသေးရင်တော့ ဆီပုလင်းလေး လည်ပတ်ကြိုးလေး ဆောင်ထားကြပေါ့။ ဒါနဲ့ ၂၀၀၈ဆိုတာ အဖျက်သမား အိမ်ဖြူရောက်တဲ့နှစ်ဆိုတာတော့ မှတ်မိကြမယ်ထင်ပါတယ်။
မြန်မာပြည်မှာ တပ်လိုလားသူတွေ ပြောနေကြစကားက (အရင်ကပေါ့လေ) တပ်က ပလန်အမြဲရှိတယ်တဲ့။ အခုလည်း အကြံသမား ဒီမိုလက်ဝဲတွေမှာ ပလန်အပြည့်နဲ့ပါပဲ။ မကောင်းတဲ့အကြံရှိသူက ညစ်ဖို့ ကြိုအကွက်ချစီစဥ်တာ ဘယ်မှာပဲဖြစ်ဖြစ် ပုံမှန်ပါပဲ။ အတွင်းစိတ်ဆိုတာ နဖူးမှာရေးထားတာမဟုတ်တော့ ရွေးပြီးတော့မှ မကောင်းတာတွေ ဖြစ်လာ ကောင်းတာတွေ ဖြစ်မလာရင် ပြည်သူက ပြန်ထိန်း/ ပိုကောင်းမယ့်သူရွေးရတာပါ။ အဲဒီလိုမှ မဟုတ်ပဲ ဘယ်သူကြိုးဆွဲနေမှန်းမသိတဲ့ အကောင်းလုပ်/ပြောဖို့ ယောင်နန၊ မုသာနဲ့ ရန်တွေ့ဖို့မှာပဲသွက်တဲ့ ခြစားတွေ စောရတွေ လုပ်ခဲ့သမျှထဲ အကောင်းဘာတခုမှ မပြနိုင်တဲ့ လူတွေပဲ တင်ချင်နေပြီး အကောင်းတွေဖြစ်လာဖို့ မျှော်လင့်နေသေးလားဆိုတာ ကိုယ့်ကိုယ်ကို မေးဖြစ်အောင် မေးကြပါ။