အရှေ့အလယ်ပိုင်းမှာ လွတ်လပ်မှု တန်းတူညီမျှမှု အရှိဆုံး၊ လူ့အခွင့်အရေး အလေးစားဆုံးနိုင်ငံဟာ အစ္စရေးနိုင်ငံပဲ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံ ပိစိလေးကို ဘေးပတ်ပတ်လည်က ဝိုင်းထားတာတွေက လူ့အခွင့်အရေးဆိုတာကို ပုတ်လောက်ရေးပြရင်တောင် နားမလည်တဲ့ ရေနံသူဌေးတွေအပါအဝင် အာဏာရှင်နိုင်ငံတွေ ဖြစ်ကြသလို အမေရိကန်တို့ အစ္စရေးတို့လို လွတ်လပ်တဲ့ ကမ္ဘာကြီးကို အမှုန့်ကြိတ်ပစ်ချင်နေတဲ့ အကြမ်းဖက်အဖွဲ့များရဲ့ ခြေကုတ်နိုင်ငံတွေလည်း ဖြစ်နေပါတယ်။
အောက်တိုဘာ ၆ရက်နေ့ကစပြီး ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟာမာ့စ်အကြမ်းဖက် စစ်သွေးကြွတွေဟာ ကျည်း ရေ လေ အင်အားစုံသုံးပြီး အစ္စရေးမြို့ကြီးတွေကို ရုတ်တရက် စတင်တိုက်ခိုက်လာရာမှာ ခုအချိန်အထိ အစ္စရေး ၂၀၀ကျော် သေဆုံးခဲ့ပြီး အစ္စရေးတပ်သား ၁၄၅၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပါလက်စ်တိုင်း ၂၃၂ဦးသေဆုံးပြီး ၁၆၀၀ကျော် ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။
အစ္စရေးကာကွယ်ရေးတပ်မတော် IDF က အစ္စရေးဘက်ကို ဒုံးကျည်ပေါင်း ၃၀၀၀ကျော် ကျရောက်ပြီးဖြစ်ပြီး အဲဒီဒုံးကျည်တွေက အရပ်သားတွေကို ပစ်မှတ်ထားတာဖြစ်ကြောင်း၊ ညဖက်မှာ ဒုံးကျည်တွေ ပိုပစ်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း၊ သူတို့အနေနဲ့ကတော့ ဟာမာ့စ်တွေ နောက်ထပ် တိုက်စစ်ဆင်မလာနိုင်အောင် ဟာမာ့စ်စခန်းတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်သွားမှာ ဖြစ်ကြောင်း၊ ဟာမာ့စ်ဘက်က အစ္စရေးတပ်ဖွဲ့ဝင်အများအပြားကို ဖမ်းဆီးထားကြောင်း၊ စစ်ပွဲက ခက်လည်းခက် တာလည်းရှည်မယ့်သဘောရှိကြောင်း IDF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး ဂျိုနသန်ကွန်ရိကပ်စ်က တွဒ်တာ X ကနေ အသံလွှင့်ပြောကြားသွားပါတယ်။ IDF ရဲ့ ကြေငြာချက်တခုထဲမှာ နဟာတပ်မဟာမှူး အစ္စရေးဗိုလ်မှူးကြီး ဂျိုနသန်စတိုင်းဘတ်ဂ်ဟာ ရန်သူနဲ့ ရင်ဆိုင်တွေ့စဥ်မှာ အသတ်ခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟူက ဂါဇာမှာနေထိုင်သူတွေကို ချက်ချင်းထွက်သွားကြဖို့ ပြောကြားလိုက်ပြီး ဟာမာ့စ်တွေကို IDF က အစွမ်းကုန်ထုတ်ပြီး ချေမှုန်းသွားမယ်လို့ ပြည်သူတွေကို ကြုံးဝါးသွားပါတယ်။ နေတန်ယာဟူက “ငါတို့က ဒီစစ်ပွဲကို နိုင်ကိုနိုင်မှာဖြစ်ကြောင်း၊ ဟာမာ့စ်တွေက ငါတို့အားလုံးကို ရှင်းပစ်ချင်နေတော့ ဒီစစ်ပွဲက အကုန်အကျ/ အကျအဆုံး/ အဆုံးအရှုံးများနိုင်ကြောင်း၊ ရန်သူက ငါတို့ကလေးတွေနဲ့ မိခင်တွေကို နေအိမ်တွေထဲ၊ အိပ်ယာတွေထဲမှာ သတ်ပစ်တဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ မိန်းကလေးတွေကို ပြန်ပေးဆွဲတဲ့ လူစားမျိုးတွေဖြစ်ကြောင်း၊ ဒီနေ့ဖြစ်သွားတာက အစ္စရေးသမိုင်းမှာ တစ်ခါဖူးမှ မကြုံဘူးသေးတဲ့ အဖြစ်ဖြစ်ကြောင်း၊ ဘယ်တော့မှ ဒါမျိုး ထပ်မဖြစ်စေရကြောင်း၊ ဟာမာ့စ်ကို ချေမှုန်းဖို့ IDF ရဲ့ စွမ်းအားအကုန် ထုတ်သုံးသွားမယ့်ဆုံးဖြတ်ချက်ကို အစိုးရတဖွဲ့လုံးက သဘောတူထားပြီးဖြစ်ကြောင်း၊ ငါတို့အနေနဲ့ ဟာမာ့စ်တွေကို ခါးသီးတဲ့နိဂုံးအထိ တိုက်ခိုက်သွားမှာဖြစ်ပြီး အစ္စရေးတွေရဲ့ ဒီလိုအမဲစွန်းတဲ့နေရက်အတွက် လက်စားချေသွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
နောက်ဆုံးသတင်းတွေအရ ဂါဇာကမ်းမြှောင်ဒေသအတွက် အစ္စရေးကာကွယ်ရေးတပ်ချုပ်ဟောင်း ဗိုလ်ချုပ်နင်မ်ရော့ဒ် အလိုနီကို စစ်သွေးကြွတွေက ဖိနပ်မပါ အတွင်းခံလေးနဲ့ ဖမ်းခေါ်သွားတဲ့ပုံ တက်လာပါတယ်။ သတင်းကတော့ ဟာမာ့စ်တွေဆီက လာတာပါလို့ ဆိုပါတယ်။ အလိုနီဟာ လက်ရှိ အစ္စရေးကာကွယ်ရေးတပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သလို အထူးစစ်ဆင်ရေးတွေကို ကိုင်တွယ်ရသူလည်းဖြစ်တယ်လို့ တယ်လီဂရပ်ဖ်မှာ ဖော်ပြထားပါတယ်။ ဟာမာ့စ်အရာရှိ ဆာလေ အယ်လ်အရောဝ်ရီက ထိပ်တန်းအရာရှိတွေကို ဖမ်းထားတယ်လို့ဆိုတော့ တဦးမကဆိုတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ အရောဝ်ရီက သူတို့ဖမ်းထားတဲ့သူတွေကို (အစ္စရေးထဲက) ထောင်တွေမှာ ထည့်ထားကြောင်း၊ တိုက်ပွဲကြာလာလေ အဖမ်းခံရသူ ပိုများလာလေ ဖြစ်လာမှာဖြစ်ကြောင်း၊ အစ္စရေးတပ်သားတွေအများအပြားကိုလည်း ချေမှုန်း/ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဆက်လက်တိုက်နေဆဲဖြစ်ကြောင်း ပြောကြားသွားပါတယ်။
IDF ကတော့ သူတို့ဖက်က ဘယ်ဗိုလ်ချုပ်မှ အဖမ်းခံရတာမရှိဘူးလို့ ဆိုကြောင်း တယ်လီဂရပ်ဖ်က ရေးပါတယ်။ အစ္စရေးသတင်းဌာနတွေကတော့ အစ္စရေးအရပ်ဖက်သား ၅၀လောက်ကို ဟာမာ့စ်တွေက ဖမ်းထားတယ်လို့ ဆိုပါတယ်။ ဖမ်းထားတဲ့ အစ္စရေးအမျိုးသမီးငယ်တွေကို ဟာမာ့စ်တွေအများကြီးက ဝိုင်းအမဲဖျက်သလို ဖျက်နေကြတဲ့ ပုံတွေလည်း တက်လာပါတယ်။ ဘာသာတူချင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်သွေးသားချင်းတောင် အမျိုးသမီးတွေအပေါ် လေးစားမှု စာနာမှု ယဥ်ကျေးမှု မထားနိုင်တဲ့သူတွေဆိုတော့ ရန်သူလို့ သဘောထားသူတွေအပေါ် ဆိုဘွယ်မရှိဖြစ်မှာက ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
ဂျိုးဘဒအကောင့်က “ကမ္ဘာကြီးက အကျည်းတန်တဲ့ ရုပ်ပုံတွေ မြင်နေရပြီ၊ ဒုံပျံထောင်ပေါင်းများစွာက အစ္စရေးမြို့တွေအပေါ် မိုးရွာသလို ကျရောက်ပေါက်ကွဲနေတယ်၊ ဟာမာ့စ်အကြမ်းဖက်တွေက အစ္စရေးစစ်သားတွေတင်မက အရပ်သားတွေကိုပါ လမ်းတွေပေါ် အိမ်တွေထဲအထိပါ ဝင်သတ်နေကြပြီ၊ အဲဒါ လွန်လွန်းတယ်၊ အစ္စရေးဟာ သူ့ကိုယ်သူ ကာကွယ်ပိုင်ခွင့်ရှိတယ်၊ ဒါပဲ။” လို့ တွိထားပါတယ်။ အိမ်ဖြူကနေ ကြေငြာတာမှာတော့ အစ္စရေးရဲ့ လုံခြုံရေးအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုဟာ ကျောက်တောင်ကျောက်သားလို ခိုင်မာဆဲဖြစ်ကြောင်း၊ အစ္စရေးအပေါ် ရန်ပြုသူတွေကို သတိပေးလိုက်ကြောင်း၊ စသဖြင့် အားမပါတဲ့ အာပေးစကားတွေ ဖတ်ပြသွားခဲ့ပေမယ့် သတင်းထောက်တွေကို ဘာတခုမှ မေးဖို့ အခွင့်မပေးခဲ့ပါဘူး။ ခုခေတ်ဒီမိုကရက်တွေ ထုံးစံအတိုင်း အကြမ်းဖက်/ အာဏာရှင်တွေဆို လက်ပါဖို့ဝေးလို့ စကားလုံးနဲ့တောင် နာမှာစိုးလို့ ဖော့ပြောနေရရှာတာပါ။
တကယ်တမ်း အမေရိကန်ထောက်လှမ်းရေးနည်းပညာတွေနဲ့ဆိုရင် ဟာမာ့စ်က အခုလို အကြီးအကျယ်တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို ကြိုမသိနိုင်စရာအကြောင်း လုံးဝ လုံးဝ မရှိပါဘူး။ (မသိတာမရှိဘူးဆိုလို့ မြန်မာပြည်မှာ ဖေဖော်ဝါရီ ၁ရက်မတိုင်ခင်ထဲက မြန်မာပြည်မှာ ဖြစ်လာနိုင်တာတွေအပေါ် စိတ်မအေးရတဲ့အကြောင်း အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး စီအိုင်အေ အကြီးအကဲဟောင်းလည်းဖြစ်တဲ့ မိုက်ခ်ပွန်ပေယိုက ပြောကြားသွားတာ မှတ်မိကြမှာပါ။) အခုမှ အစ္စရေးအပေါ် စာနာသလို လေပစ်နေပေမယ့် အစဥ်အလာမဟာမိတ်လည်းဖြစ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးမှာလည်း အရေးပါ၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးချိန်ခွင်လျှာမှာ အဓိကကျတဲ့ စစ်ပွဲမှာ မဟာမိတ်ဘက်က ဘာအကူအညီမှ ပေးဖို့ မဟသေးပါဘူး။ ဟာမာ့စ်တွေကို အရှေ့အလယ်ပိုင်းနဲ့ အနီးတဝိုက်မှာရှိတဲ့ ခံယူချက်တူနိုင်ငံတွေက ငွေအား၊ မြေအားတွေနဲ့ တိတ်တိတ်တမျိုး ပေါ်တင်တဖုံ ထောက်ပံ့နေကြတာဖြစ်ပါတယ်။ အဲဒီလို ကျောထောက်နောက်ခံ ပေးထားတဲ့ထဲမှာ အိုဘမရဲ့ အချစ်တော် အီရန်က ထိပ်ဆုံးက ဖြစ်ပါတယ်။
အိုဘမလက်ထက်မှာ အီရန်ကို နျူလက်နက်မထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေသား ဘီလီယံပေါင်းများစွာ ပေးကမ်းခဲ့ပေမယ့် အမေရိကန်တွေ ပြန်ပေးဆွဲ ခံရမြဲ၊ အသတ်ခံရမြဲ၊ ပြန်ပေးဆွဲထားသူတွေကို မလွှတ်မြဲအခြေအနေကနေ တိုးတက်မလာခဲ့ပါဘူး။ ထရမ့်တက်လာတော့မှ လက်ဝါးစောင်းထက်တဲ့ အီရန်စစ်ဗိုလ်ချုပ်တဦးကို ရှင်းပစ်ပြီး အင်အားနဲ့ညှိနှိုင်းခဲ့တဲ့နောက်မှသာ တပြားမှမကုန်ပဲ အမေရိကန်တွေ ဘေးမသီရန်မခ ပြန်လွတ်လာခဲ့တာပါ။
ထရမ့်အစိုးရရဲ့ ကြားဝင်ဆာင်ရွက်ပေးမှုကြောင့် အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကြားမှာ အဘရာဟင်မ်အကော့ဒ်နဲ့ ဘယ်သူမှ စိတ်ကူးမယဥ်ဖူးတဲ့ ငြိမ်းချမ်းရေးစာချုပ်တွေ အလီလီ ချုပ်နိုင်ခဲ့ပြီး တိုက်ရိုက်လေကြောင်းပျံသန်းမှုတွေပါ စလုပ်လာနိုင်ခဲ့တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးသာ ဆက်သွားခဲ့ရင် အကြမ်းဖက်အဖွဲ့တွေ အလိုလို ညှိုးခြောက်ကြွေကြကုန်ကြမှာ အမှန်ပါပဲ။ ငြိမ်းချမ်းရေးပန်းတွေ ဝေဆာနေခဲ့တာကနေ ၃နှစ်အတွင်း ဒုံးကျည်တွေ အလောင်းတွေ သွေးတွေ မျက်ရည်တွေ ပြာတွေနဲ့ ဖြစ်ကုန်တာရဲ့ နောက်ကွယ်မှာ ဂျိုးဘဒအစိုးရရဲ့စနက်လည်း မကင်းဘူးလို့ ဆိုရမှာပါ။
ဂျိုးဘဒတက်လာလာချင်း ပထမဆုံးလုပ်တာက ပြည်တွင်းအင်အားတွေဖြစ်တဲ့ လောင်စာကို ပိတ်ပင်ကန့်သတ်ပြီး ထရမ့်လက်ထက်က ပိတ်ထားခဲ့တဲ့ အီရန်အပေါ် ကြပ်ထားတာတွေကို ဖြေလျော့ပေးလိုက်တာပါ။ လက်မှတ်ထိုးတဲ့နာမည်က ဂျိုးဘဒဆိုပေမယ့် အိုဘမလက်ရာအတိုင်းပါပဲ။ နာမည်မခံရတော့ ပိုကြမ်းရဲလာတာပဲရှိတာပါ။ ဂျိုးဘဒက ပြီးခဲ့တဲ့ ၁လလောက်ကမှ အီရန်ကို ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေထဲက ၆ဘီလီယံ ပြန်လွှဲပေးထားတာပါ။ အချိန်ကိုက်ပါပဲ။ ဒီလို လွှဲမပေးခဲ့ရင်၊ ပြည်တွင်းရေနံ မပိတ်ခဲ့ရင် ဒီစစ်လည်း ဖြစ်လာနိုင်ဖို့ မလွယ်သလို ရုရှားက ယူကရိန်းကို ဝင်တိုက်ဖို့ လုံလောက်တဲ့ပိုက်ဆံ ရနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလို အကွက်ရွှေ့တာတွေ မမြင်အောင် အမုန်းမှိုင်းတွေ လှိမ့်လုံးနဲ့ ဖုံးထား ဖာတားတာတွေကို ကျော်ကြည့်နိုင်ဖို့တော့ လိုပါတယ်။
ဟာမာ့စ်က အခုလို ဝင်တိုက်ခြင်းအားဖြင့် အာရပ်ကမ္ဘာက စုစည်းသွားနိုင်ပြီး သူ့နောက်ကို တပါတည်း ပါလာနိုင်ရင် အမြတ်ကြီးကြီးထွက်ပါပြီ။ နယ်ခြားမဲ့ ကမ္ဘာ့ရွာအီလိကြီးများက ဘယ်ဘက်မှာရပ်မယ် ထင်ကြသလဲ။ သိချင်ရင် မြန်မာပြည်အနောက်ဖက်တံခါးကိစ္စကို ပြန်စဥ်းစားကြည့်လိုက်ပါ။ ဒီမိုကရက်တွေ ကမ္ဘာ့ရွာသမားတွေ သိပ်ချစ်ပြခဲ့တဲ့ ဒေါ်စုအပေါ် အနောက်ဖက်ကမ်းကိစ္စပေါ်မူတည်ပြီး ဆက်ဆံပုံ ဘယ်လိုပြောင်းသွားတာရယ်၊ ဘယ်ဘက်အပေါ် အသုံးအနှုန်းတွေ ပြင်းထန်/ ပေါ့လျနေလားဆိုတာရယ်ကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါက ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်ပြီး ပြောနေတာ မဟုတ်ပါဘူး။ အားလုံးက အီလိကြီးတွေရဲ့ စစ်တုရင်ခုံပေါ်မှာပါပဲလို့ သတိပေးချင်တာပါ။
ထရမ့်အိမ်ဖြူမှာ ဆက်ရှိခဲ့ရင် ဆွန်နီတွေနဲ့ အစ္စရေးတွေကြား ငြိမ်းချမ်းရေးရသွားမှာကို အီရန်တို့ အကြောက်ဆုံးပါပဲ။ အစ္စရေးက အရင်က လုံခြုံရေးကို သိပ်အလေးထားခဲ့ပေမယ့် ငြိမ်းချမ်းတာ ကြာလာပြီးနောက်ပိုင်းမှာ လူတွေက ကိုယ့်တိုင်းပြည်အင်အားကောင်းမှ ကိုယ့်ပြည်သူလုံခြုံမယ်ဆိုတာကို မေ့သွားပြီး မီဒီယာတွေ ဆိုရှယ်မီဒီယာတွေမှိုင်းတိုက်တဲ့ ဝုခ်အယူအဆတွေ တွင်ကျယ်လာပါတယ်။ အဲဒါက ပျက်စီးခြင်းရဲ့ အစပါပဲ။
အမေရိကန်စစ်တပ်မှာလည်း ဝုခ်အယူအဆတွေ အတင်းကြီးထည့်သွင်းလာတာက တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးတာပါ။ မကြာသေးခင်ကမှ အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီးမီလီဆိုရင် ထရမ့်လက်ထက်က တရုပ်တပ်ချုပ်ကို ထရမ့်ဆီ မဆက်သွယ်ပါနဲ့၊ တခုခုဆို ငါ့ဆီတိုက်ရိုက်ဆက်သွယ်ပါလို့ ပြောခဲ့တဲ့အထိ ပြည်သူ/နိုင်ငံတော်အပေါ် သစ္စာဖောက်ခဲ့တာပါ။ အာဖဂန်မှာ အစွမ်းပြခဲ့လို့ အမေရိကန်တွေ အမေရိကန်မဟာမိတ်တွေ အသက်ဆုံး၊ စစ်ပစ္စည်းတွေ ရန်သူလက်ကျရတာလည်း သူ့ကြောင့်ပါပဲ။ ဒီလိုလူတွေကိုမှ ဖူးဖူးမှုတ်ထားတဲ့ ဂျိုးဘဒလက်ထက်မှာ နယ်စပ်ကလည်း အပွင့်ဆိုတော့ နောက်ထပ် ၉/၁၁တွေ ဒီထက်ဆိုးတာတွေ ဖြစ်မလာဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ။