လက်ရှိစစ်ဖြစ်နေတဲ့ ဂါဇာကမ်းမြှောင်မှာ ပါလက်စ်တိုင်းတွေကို ဝမ်းစတိတ်လား၊ တူးစတိတ်လား၊ အစ္စရေးနဲ့ပေါင်းချင်လား၊ သီးခြားနေချင်သလား၊ သီးခြားဆိုဘယ်လိုစနစ်နဲ့ ဘယ်သူ/ပါတီကို ဦးဆောင်စေချင်သလဲဆိုတာ လူထုဆန္ဒခံယူပွဲ လုပ်လိုက်ရင် ရှင်းသွားမှာပါ။ ပြဿနာက အဲဒီလိုလုပ်ဖို့ဝေးလို့ အစ္စရေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဆက်ဆံချင်တဲ့သူမျိုးဆိုရင် ရကပွဲမလုပ်ခင် အသတ်ခံကြရတာဖြစ်နေတော့ ဘယ်သူမှ မဟရဲကြတော့ပါဘူး။ ဟာမာ့စ်တို့ ဟဇ်ဘိုလာတို့ ဓါးမိုးအုပ်ချုပ်နေသ၍ အာဏာရှင်နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ပြည်သူ့ဆန္ဒအစစ်အမှန်ကို သိရဖို့ မလွယ်ပါဘူး။
အမေရိကန်မှာကြီးတဲ့ ပါကစ္စတန်တယောက်က နှစ်ဖက်ဒေသခံတွေကို လိုက်မေးထာတာမှာတော့ ပါလက်စ်တိုင်းတွေထဲ ဂျူးအရပ်သားတွေအပေါ် အကြမ်းဖက်တာ မှန်တယ်လို့ ထင်သူတွေရှိကြသလို အာရပ်တွေက အချင်းချင်းသတ်ကြလို့ အစ္စရေးအုပ်ချုပ်မှုအောက်မှာမှ ပိုလုံခြုံတဲ့အတွက် အစ္စရေးလက်အောက်မှာပဲ နေချင်သူတွေပါ ရှိနေတာကို တွေ့ရပါတယ်။
ဂါဇာမှာ နောက်ဆုံးလုပ်ခဲ့တဲ့ ရကပွဲက ၂၀၀၆ကပါ၊ ဟာမာ့စ်က နိုင်တယ်ဆိုပေမယ့် အကြီးဆုံးပါတီဖြစ်တဲ့ ဖာတာနဲ့ ပီအယ်လ်အိုက ခုထိအသိအမှတ်မပြုပါဘူး။ နောက်ထပ် ပါလက်စ်တိုင်းဒေသတခုဖြစ်တဲ့ အနောက်ဖက်ကမ်းကိုတော့ အစ္စရေးက အုပ်ချုပ်ပြီး ပီအေဆိုတဲ့ ပါလက်စ်တိုင်းအစိုးရက တချို့နေရာတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားပါတယ်။
တကယ်တော့ အန်တိုင်ဆီမက်တစ်ဆိုတဲ့ ဂျူးဆန့်ကျင်ရေးဆိုတာ ဟစ်တလာခေတ်ထဲက ရှိတာပါ။ ဂျူးတွေက အော်တိုမန်အင်ပါယာခေတ်မှာ သူတို့နေရာကနေ ကမ္ဘာအနှံ့ကို ပြောင်းပြေးကြရပေမယ့် ရောက်ရာအရပ်မှာ ကြိုးစားကြတာကြောင့် သုညကနေ စကြသည့်တိုင် လုပ်သမျှ အောင်မြင်ကြတာ များပါတယ်။ ပညာရှင်တွေရော စီးပွားရေးသမားတွေပါ သူ့နေရာနဲ့သူ အောင်မြင်ကြတာပါပဲ။ သူတို့ဘာသာပြန့်ပွားဖို့ အားထုတ်ကြတာမျိုးမရှိပဲ သူတို့မျိုးဆက်တွေထဲမှာပဲ ဓလေ့ထုံးတမ်းတွေမပျောက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းပေးကြတာပါ။ ဂျူးဆန့်ကျင်တယ်ဆိုတာကလည်း အောင်မြင်တဲ့သူမျိုးကို အမြင်ကပ်ကြတာနဲ့ သိပ်မထူးပါဘူး။ လက်ရှိအစ္စရေးကို အချင်းချင်းတောင် အစေးမကပ်တဲ့ ပါလက်စ်တိုင်းတွေသာ အုပ်ချုပ်ခဲ့ရင် ခုလို တိုးတက်နေပါ့မလားဆိုတာ စဥ်းစားသင့်ပါတယ်။
ကလေးတွေသေတာကိုလည်း အကြမ်းဖက်ဘက်က ရပ်သူများက ပါလက်စတိုင်းကလေးတွေ သေရတာကိုပဲ တခုတ်တရပြောကြပြီး ဂျူးကလေးငယ်တွေ အသတ်ခံရတာကိုတော့ လုံးဝမမြင်ချင်ယောင် ဆောင်ကြပါတယ်။ ကလေးတွေသေရတာ ဘယ်ကလေးဖြစ်ဖြစ် ဘယ်ဘက်ကသေသေ အပြစ်မရှိသူသေတာဖြစ်လို့ စိတ်မကောင်းစရာဆိုတာ အငြင်းပွားစရာမရှိပါ။ ဒါပေမယ့် သေရတဲ့အကြောင်းရင်းက ကွာခြားလှပါတယ်။
ဂျူးကလေးငယ်တွေ သေရတာက ဟာမာ့စ်က အိမ်တွေထဲ အိပ်ယာတွေထဲက တမင်ဖမ်းသွားပြီး မိဘရှေ့၊ ကင်မရာရှေ့မှာ ရက်ရက်စက်စက် ခေါင်းဖြတ်၊ မီးရှို့သတ်တာပါ။ ဟာမာ့စ်ဘက်က ထွက်လာတဲ့ စာရွက်စာတမ်းတွေအရ သူတို့ဟာ အစ္စရေးဘက်က ကျောင်းတွေကို ပစ်မှတ်ထားတာကို တွေ့ရပါတယ်။ ပါလက်စ်တိုင်း ကလေးငယ်တွေ သေရတာက အစ္စရေးက အကြမ်းဖက်တွေ တပ်စွဲထားတဲ့ မြေကနေ အရပ်သားတွေ ဖယ်ခိုင်းပြီး ရက်အတန်ကြာ စောင့်နေခဲ့ပေမယ့် ဟာမာစ်က ပေးမထွက်ပဲ သူ့လူတွေနဲ့ သူတို့ကိုယ်သူတို့ အကာအကွယ်ယူထားတာကြောင့် ကြားညပ်သေကြရတာပါ။ သူတို့ကလေးတွေ မသေစေချင်ရင် ဘေးကင်းရာသွားခွင့်ပြုဖို့ ဟာမ့ာစ်မှာပဲ တာဝန်အရှိဆုံး ဖြစ်တာကို မမေ့ဖို့ လိုပါတယ်။ လိုင်ဇာက ကလေးတွေအဖြစ်နဲ့ ယှဥ်ကြည့်မယ်ဆိုရင်လည်း တမင်လုပ်တဲ့ war crime လား မတော်တဆထိတဲ့ war casualty လားကြည့်လိုက်ရင် သိပါလိမ့်မယ်။ မတူတာတွေ တန်းညှိရင် အကြမ်းဖက်တဲ့ဘက်ကို အားပေးတာနဲ့ အတူတူပဲဖြစ်လို့ ခုတ်တော့ ခုတ်လိုက်တာပါပဲ၊ ကိုယ့်ပေါင်ကိုယ် ခုတ်မိသလို ဖြစ်သွားပါလိမ့်မယ်။
အစ္စရေးဆန့်ကျင်ရေးလုပ်နေကြသူတွေ စွပ်စွဲကြတာနောက်တခုက အစ္စရေးက လူမျိုးရေးခွဲခြားတဲ့ အပါသိတ်နိုင်ငံပါတဲ့။ အစ္စရေးနိုင်ငံသားတွေထဲမှာ အာရပ်တွေပါသလို သူတို့မှာ မဲပေးခွင့်၊ စစ်မှုထမ်းခွင့်၊ ရွေးချယ်ခံပိုင်ခွင့် စတဲ့အခွင့်အရေးအပြည့်နဲ့ပါ။ ဂျူးဆိုတာကလည်း ဒေသပေါင်းစုံမှာ အခြေချခဲ့ကြတဲ့ အရောင်အသွေးပေါင်းစုံ ရှိကြသူတွေပါ။ သူတို့ကို ဘယ်သူကမှ ဂျူးစစ်သလား၊ ရာခိုင်နှုန်းဘယ်လောက်သွေးနှောသလဲ ဘယ်သူမှ မမေးကြပါဘူး။ ဂျူးသွေး တစက်လောက်ပါလည်း ဂျူဒါယစ်ဇင်လက်ခံရင် ဂျူးပါပဲ။ မကြိုက်လို့ စွန့်ချင်ရင်လည်း ခက်ခဲလှတယ်လို့ မကြားမိပါဘူး။
ဥရောပဘက်က ဂျူးတွေမှာ ဖြူကြသူတွေရှိပေမယ့် လူဖြူ ကော့ကေးရှန်း/ အာရီယန် မဟုတ်တာကလည်း ဟစ်တလာမုန်းခဲ့တဲ့ အကြောင်းတခုပါပဲ။ အခုဂျူးတွေကို အပါသိတ်လို့ စွဲနေကြသူတွေ၊ ဘီအယ်လ်အမ်တွေ၊ သူများတွေကို ရေ့စစ်လို့ လက်ညှိုးတချောင်းထိုးနေသူတွေ၊ war crime နဲ့ war casualty မကွဲသူတွေက လူဖြူလူမျိုးကြီးဝါဒီ ဟစ်တလာရဲ့စက်ြာအလံလေးတွေ ကိုင်ထားကြတာ အမြှီးအမောက်တော်တော်ကို မတည့်နေတာပါ။
ဘလင်ကန်ရော ဂျနက်ယဲလင်ရော အိမ်ဖြူရောက ဟာမာ့စ်နောက်ကွယ်မှာ အီရန်မရှိပါဘူးလို့ မျက်နှာပြောင်ပြောင်နဲ့ ငြင်းနေချိန်မှာ အီရန်က အစ္စရေးအနေနဲ့ ဂါဇာကို ဆက်တိုက်နေမယ်ဆိုရင် ကြီးမားတဲ့”ငလျင်”ကြီးနဲ့ တွေ့ကြုံရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ ရှေ့ကဖုံး နောက်ကပေါ် ဆိုပါတော့။ ငလျင်ဆိုတာက အရှေ့အလယ်ပိုင်းစစ်ပွဲတွေမှာ ဝင်ပါလေ့ရှိတဲ့ အီရန်ထောက်ခံထားတဲ့ လက်ဘနွန်က ရှီးယားမွတ်အုပ်စုပါပါလာရင် စစ်က ပိုကျယ်ပြန့်လာမှာကို ပြောတာဖြစ်နိုင်သလို နျူဗုံးပေါက်ရင်လည်း ငလျင်လို တုန်ခါမှုကြီးတွေ ဖြစ်တတ်တာကြောင့် နျူလက်နက်ပိုင်နေပြီလားလို့ စိုးရိမ်မကင်း ဖြစ်ကုန်ကြပါတယ်။ အဲဒီထဲမှာ အိမ်နီးချင်း ဘာသာတူအာရပ်နိုင်ငံတွေက ထိပ်ဆုံးက ဖြစ်နေတာပါ။
ဆော်ဒီက အီရန်က နျူလက်နက်လုပ်နိုင်နေပြီဆိုရင် ငါတို့မှာလည်း ရှိမှ ဖြစ်တော့မှာပေါ့တဲ့။ ခွေးရူးပြန်ရောဂါလို အစိုးလည်းမရ ဆေးလည်းမရှိတဲ့ အကြမ်းဖက်တွေလက်ထဲ နျူလက်နက်ပိုင်သွားရင် မြောက်ကိုရီးယားလောက်က စာကို မဖွဲ့လောက်တော့ပါဘူး။
အီရန်က နျူလက်နက်ပိုင်မယ်ဆိုလည်း ဖြစ်နိုင်နေပါပြီ။ ထရမ့်လက်ထက်က အီရန်တို့ ရုရှားတို့ရဲ့ ငွေဝင်ပေါက်တွေအကုန် ပိတ်ထားလို့ ထရမ့်ခြေသလုံးလိုက်ဖက်နေရတဲ့ဘဝကနေ ဂျိုးဘဒခေတ်ကျမှ ရေနံတိုးထုတ်ခိုင်းနေတော့ ၁၀ဆတိုးထုတ်ပြီး ပြည်ပအရံငွေ ဘာမှမရှိတဲ့ဘဝကနေ ၂နှစ်ခွဲအတွင်း ပြည်ပအရံငွေချည့် ဘီလီယံ ၅၀ ကိုင်ထားနိုင်တဲ့ အခြေအနေ ရောက်လာတာ ဂျိုး/ဟူစိန်တို့ ကျေးဇူးတွေပါပဲ။ ဟူစိန့်လက်ထက်မှာရော ခုရော နျူမထုတ်ဖို့ စစ်တာဆေးတာ မလုပ်ကြဘူးလေ။
အီရန်ကို မဝေဖန်ပေမယ့် အစ္စရေးကိုတော့ ပါလက်စ်တိုင်းအရပ်သားတွေ တယောက်မကျန် ကယ်ထုတ်ပြီးမှ ဝင်တိုက်ပါလို့ ဂျိုးအစိုးရက ချည်ပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေပါ။ အီရန်ကိုလည်း မထိရဲ၊ ဟာမာ့စ်ဘက်ကလည်း ကာပေးနေပြီး အစ္စရေးကိုမှ ချည်တုပ်ချင်နေလို့ ဝေဘန်သံတွေ ညံလာတော့မှ ဂျိုးဘဒက အစ္စရေးကို သွားမယ်လို့ ကြေငြာပါတယ်။ ခုလို အချိန်မျိုးမှာ ကြည့်မဖတ်ပဲ ၂ခွန်းပြည့်အောင် စကားမပြောနိုင်တဲ့သူ အစ္စရေးကိုသွားတာက တကယ့်အကူအညီဖြစ်မလား၊ ဆေးအတွက်လေးမလားဆိုတာ စဥ်းစားကြပါ။
အမေရိကန်သမ္မတ နိုင်ငံခြားခရီးစဥ်တခုသွားရင် လုပ်ရတဲ့ လုံခြုံရေးအစီအမံတွေက ငြိမ်းချမ်းနေတဲ့အချိန်မှာတောင် တော်တော်များလွန်းတာပါ၊ အခုလို ရှိသမျှအင်အားကို စစ်အတွက် သုံးနေရတဲ့အချိန်မှာ ဂျိုးအတွက် ခွဲပေးရမယ်ဆိုတာ အကောင်းဖြစ်နိုင်ပါ့မလား။ တကယ်ကူချင်ရင် အမြှီးနင်းမထားရုံပေါ့၊ လူလုံးသွားပြစရာ မလိုပါဘူး။ ခုအချိန် ဂျိုးသွားသင့်တာက မြန်မာပြည်ပါ။ မြန်မာပြည်ကို ဟူစိန်အိုလာသွားတုန်းကရော သူ့ကမ်ပိန်းအတွက် အမြတ်ထုတ်သွားတာပဲရှိတာပါ၊ မြန်မာပြည်ဒီမိုကရေစီရေးအတွက် ဘာများ ဖြစ်ဖြစ်မြောက်မြောက် ကူညီဖူးလို့လဲ။ နိုင်ငံရေးက အဲဒီလောက် မရိုးစင်းပါဘူး။
ဒီကြားထဲ စစ်ကြိုက်တဲ့ အက်စ်တာဘလစ်ရှ်မန့်ရီပါဘလစ်ကန်တွေကလည်း တမှောင့်ပါ။ လင်ဒ်ဇီဂရမ်က အစ္စရေးအနေနဲ့ အီရန်ကို ဗုံးသွားကြဲဖို့ ပြောသွားသလို သူ့မဟာမိတ် နစ်ကီဟေလီကလည်း အမေရိကန်က မဟာမိတ်အစ္စရေးဘက်က ကူတိုက်ပေးသင့်သလို ပြောနေပြန်ပါတယ်။ ဝါရင့်နိုင်ငံရေးသမားတွေထုံးစံအတိုင်း ရုပ်တည်ကြီးတွေနဲ့ ဌာန်နဲ့ မာန်နဲ့ ပြောကြတာပါ။ စစ်သံကြားတော့ စစ်လက်နက်ထုတ်တဲ့ ဒီဖန့်စ်ရှယ်ယာဈေးတွေ ဆောင့်တက်ပြီပေါ့။ ဒီဖန့်စ်ရှယ်ယာတွေ ဘယ်လောက်တောင် ပိုင်နေလို့လဲလို့ မေးချင်လာပါတယ်။ ဒီလိုဦးနှောက်တွေနဲ့ ကမ္ဘာစစ်က သိပ်မဝေးတော့ပါဘူး။
အစ္စရေးမှာ အနောက်တိုင်းက ဝုခ်အယူအဆတွေ ဝင်ကြီးစိုးလာတဲ့ထဲမှာ ဂန်းကွန်ထရိုးလ်ကလည်း တော်တော်အခရာကျတာပါ။ ခုလိုတွေဖြစ်တော့မှ ပြည်သူကို ရရာလက်နက်စွဲကိုင်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ကြပါဆိုတော့ နဲနဲတောင် နောက်ကျနေပါပြီ။ အမေရိကန်မှာလည်း ပြည်သူကိုသာ အတင်းဂန်းထရိုလ်းလုပ်နေပေမယ့် နယ်စပ်ကနေ အကြမ်းဖက်တွေ ပေးဝင်နေတော့ တခုခုဆို ပြည်သူက လည်လေးစဥ်းပေးရတော့မှာလားလို့ မေးကြည့်ကြပါဦး။
ကမ္ဘာမှာ အာဏာရှင်တွေပဲ ဂန်းကွန်ထရိုးလ်ကြိုက်တာပါ။ အာဏာရှင်တွေ၊ အာဏာရှင်စိတ်ပေါက်သူတွေ၊ အာဏာရှင်ကိုးကွယ်သူတွေက အာဏာရှင်တွေဘက်ကပဲ ရပ်ပါတယ်။ တရုတ်လည်း ထိုနည်းတူပါပဲ။ ပြည်သူအားလုံးကို လုံးဝ လှုပ်မရအောင် အနီးကပ်စောင့်ကြည့်နေတဲ့ တရုတ်ပြည်က ဘေကျင်းမှာ အစ္စရေးသံတမန်တဦး ဓါးနဲ့အကြိမ်ပေါင်းများစွာ အထိုးခံရပါတယ်။ ဖြစ်စဥ်နဲ့ ဘယ်သူကထိုးသလဲဆိုတာ မသိရပဲ သတင်းကိုတောင် အစ္စရေးသံရုံးကတဆင့်မှ သိကြရတာပါ။ အခုတော့ ပါလက်စ်တိုင်းတွေအပေါ် တိုက်ခိုက်တာတွေရပ်ဖို့ ပြောလာပါပြီ။ အကြမ်းဖက်တွေကို ဂျိုးဘဒတို့ မထိရဲတာကလည်း ပါပါဦးပေါက်ဆီဆီက ပါမစ်မရလို့ ဖြစ်နေနိုင်ပါတယ်။ လာဘ်စားထားတဲ့သူ အဖော်မခံနိုင်တာ ထုံးစံပါ။
ဒါတွေရေးနေတာ အစ္စရေးဘက်က ရှေ့နေလိုက်နေတာမဟုတ်သလို ပုဂ္ဂိုလ်စွဲနဲ့ အတင်းကာရော မဲဝင်တင်းနေတာလည်း လုံးဝ မဟုတ်ပါဘူး။ အစ္စရေးကို ချစ်စရာအကြောင်းမရှိသလို ပါလက်စ်တိုင်းမို့ မုန်းစရာအကြောင်းလည်း မရှိပါဘူး။ လူ့ယဥ်ကျေးမှုနဲ့ လုံးဝဆန့်ကျင်တဲ့ အကြမ်းဖက်ဝါဒ၊ အာဏာရှင်ဝါဒကိုတော့ ဘယ်လိုပုံစံနဲ့မှ လက်မခံနိုင်ပါဘူး။ ပါတီမရွေး ပုဂ္ဂိုလ်မရွေးပါ။ ဒေသတွင်းရော ကမ္ဘာမှာပါ တရားမျှတမှု၊ ဥပဒေစိုးမိုးမှုတို့ တွင်ကျယ်စေချင်တယ်ဆိုရင် ချစ်သူရော မုန်းသူတွေပါ အားလုံးအတွက် စံ တစ်ခုတည်း ဖြစ်သင့်ပါတယ်။