အစ္စရေး ဟာမာ့စ်စစ်မှာ အစဥ်အလာအရ အမေရိကန်နဲ့ အနောက်အုပ်စု၊ ဒီမိုကရေစီနိုင်ငံများက အစ္စရေးဘက်မှာ ရပ်တည်နေကြောင်း ပြကြသလို အာရပ်ကမ္ဘာနဲ့ အခြားက ဘာသာတူနိုင်ငံအများစု၊ (ကွန်မြူနစ်အပါအဝင်) အာဏာရှင်နိုင်ငံများကတော့ အကြမ်းဖက်ဟာမာ့စ်ဘက်မှာ တညီတညွတ်တည်း ရပ်တည်ကြပါတယ်။
နေတိုးမဟာမိတ်အုပ်စုထဲက တူရကီသမ္မတအာဒိုဂန်က ဟာမာ့စ်က စတင်ကျူးကျော်ပြီး အပြစ်မဲ့အရပ်သား ၁၄၀၀လောက်ကို အကြမ်းကြုတ်ဆုံးနည်းတွေနဲ့ သတ်ဖြတ်ခဲ့တဲ့အပေါ် လုံးဝအပြစ်မပြောပဲ လက်တုံ့ပြန်တဲ့ အစ္စရေးကိုပဲ အကြီးအကျယ် အပြစ်တင်ပါတယ်။ ဂျိုးအိမ်ဖြူရောက်ပြီးကတည်းက အာဒိုဂန်က အစ္စရေးကို ကိုယ်ကျင့်တရားမဲ့သူတွေ အကြမ်းဖက်တွေလို့ ထိုးနှက်နေခဲ့တာပါ။ မဟာသီယာကလည်း အာဒိုဂန်နဲ့ တသံတည်းပါပဲ။
အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးရပ်တည်ချက်က မဟာမိတ်အစ္စရေးဘက်မှာ ဖြစ်ပေမယ့် ဂျိုးအစိုးရက အစ္စရေးဘက်ကို နှုတ်လောကွတ်လောက်သာပေးပြီး လက်တွေ့မှာ လုပ်မရ ကိုင်မရဖြစ်အောင် နှောင်ကြိုးတွေနဲ့ ထိန်းထားတာပါ။ တဘက်မှာလည်း ဟာမာ့စ်ကို အဓိကကူညီပေးနေတဲ့ အီရန်ဆိုတဲ့ နာမည်ကိုတောင် မနေ့ညကအထိ လုံးဝမပြောမိအောင် ရှောင်နေတာက အီရန်နောက်မှာ တရုတ်ရှိနေတဲ့အတွက် ကျွန်တော်တို့က တရုတ်ကို ကြောက်ရပါတယ်ဆိုတဲ့ ပုံစံဖြစ်နေပါတယ်။
ဂျိုးကတော့ ထုံးစံအတိုင်း ဝေဖန်သံတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်လာတော့မှ အီရန်ဟာ ရုရှား-ယူကရိန်းစစ်မှာ ရုရှားဘက်က ပါသလို ခုလည်း ဟာမာ့စ်ဘက်က ပါနေတယ်၊ အဲဒီအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်လို့ ခပ်ပျော့ပျော့ tone နဲ့ ပြောပါတယ်။ အပြောထက် အရေးကြီးတာက အလုပ်ဆိုတော့ တကယ်မလုပ်ပဲပြောရင် မပြောတာနဲ့ သိပ်တော့ ထူးမှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ရဲ့ ရပ်တည်ချက်/ အကျိုးစီးပွားနဲ့ ဂျိုးအစိုးရရဲ့ လှုပ်ရှားမှုတွေ ဝိရောဓိဖြစ်နေတာကတော့ တစထက်တစ ထင်ရှားလာနေတာပါ။
အပြောနဲ့ အလုပ်မကိုက်သလို မဟာမိတ်နဲ့ ရန်သူ မကွဲပြားနေတဲ့ ဂျိုးလက်ထက်မှာ အမေရိကန်ရဲ့ အစဥ်အလာမဟာမိတ်တွေက အမေရိကန်ကို လေးစားမှုမရှိတော့သလို အမေရိကန်ရဲ့ အရိပ်၊ ဩဇာ အောက်မှာ မလုံခြုံတော့တဲ့အတွက် မရေရာမှုတွေအကြား တင်းမာမှုတွေ ရန်လိုမှုတွေ ပိုများလာတော့မှာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းကို ဂျိုးဘဒသွားတော့ ဂျော်ဒန်ဘုရင်၊ အီဂျစ်သမ္မတ၊ ပါလက်စတိုင်းအာဏာပိုင် (PA) ဥက္ကဋ္ဌတို့က အတွေ့မခံသလို ဆော်ဒီမင်းသားက ဘလင်ကန်ကို အချိန်အတော်ကြာ ထိုင်စောင့်ခိုင်းထားပြီးနောက်မှ တွေ့ဆုံဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ထရမ့်လက်ထက်ကနဲ့ဆို နေ့နဲ့ညလို ကွာခြားသွားတဲ့ အနေအထားပါ။ အခုလို ဖြစ်သွားတာဟာ မဟာမိတ်တွေတင်မက အမေရိကန်တွေရော တကမ္ဘာလုံးအတွက်ပါ အနှုတ်လက္ခဏာ ဖြစ်ပါတယ်။
ဂျိုးအစိုးရက အီရန်တို့ ဟာမာ့စ်တို့ဘက်ကို ဘယ်လိုပဲ ဖုံး/ဖိ/ကာပေးနေပါစေ၊ အီရန်တို့ ဟာမာ့စ်တို့ ဟဇ်ဘိုလာတို့စတဲ့ အကြမ်းဖက်အဖွဲ့တွေ အားလုံးအတွက် အစ္စရေးနဲ့ အမေရိကန်က အဓိကရန်သူကြီးတွေအဆင့်က လျော့ကျမသွားပါဘူး။ အစ္စရေးတို့ အမေရိကန်တို့ကို ရှင်းနိုင်ဖို့ ကိုယ့်သွေးသားအသက်နဲ့တောင် လဲဖို့ဝန်မလေးသူတွေကတော့ လူများများကို ရှင်းလင်းနိုင်မယ့် အခွင့်အရေးကို အမြဲချောင်းနေကြမှာပါ။
တမြန်နေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဌာနက ကမ္ဘာတလွှားမှာ ရောက်ရှိနေတဲ့ အမေရိကန်တွေ အကြမ်းဖက်တိုက်ခိုက်ခံလာနိုင်ရတဲ့အတွက် သတိထားကြဖို့ နှိုးဆော်စာ ထုတ်လိုက်ပါပြီ။ သတိထားဆိုပေမယ့် ဂျိုးအစိုးရက အစ္စရေးမှာ ပိတ်မိနေတဲ့ အမေရိကန်တွေကို ကယ်ယူဖို့တောင် အားမထုတ်နေလို့ ဒီဆန်းတစ်စ်က ဖလော်ရီဒါပြည်နယ်အရေးပေါ်ဘတ်ဂျက်ကနေ လေယာဥ်စီးလုံးငှားပြီး အမေရိကန် ၂၇၀ကို သွားခေါ်လာခဲ့ရပါတယ်။ နိုင်ငံခြားရေးဌာနကလည်း ဦးဆောင်ကယ်ထုတ်ဖို့ ဝေးလို့ ဒီဆန်းတစ်က လေယာဥ်လွှတ်ကယ်မယ်ဆိုတာတောင် ဘာမှ ဝင်ကူညီတာမျိုး မရှိခဲ့ပါဘူး။ ဒီဆန်းတစ်ကလိုအပ်ရင် နောက်ထပ် ၁စီး ၂စီး ထပ်လွှတ်သွားမယ်လို့ ဆိုပါတယ်။
တနေ့က လူ၅၀၀ဆန့် ဆေးရုံကို ဟာမာ့စ်ဒုံးကျည် ကျခဲ့တာနဲ့ ပတ်သက်ပြီး ကမ္ဘာတလွှား ဟာမာ့စ်ထောက်ခံသူတွေက အစ္စရေးက တိုက်ခိုက်တာလို့ အတင်းငြင်းနေဆဲဖြစ်ပြီး ဆန္ဒပြပွဲတွေနဲ့ အကြီးအကျယ် ပေါက်ကွဲတုန့်ပြန်ကြပါတယ်။ မီဒီညာတွေကလည်း အားလုံးအချိန်ကိုက် ငြင်းဖို့ ကြိုးစားကြတာဖြစ်လို့ လက်မဲကြီးတွေရဲ့ ကြိုးကိုင်ထားမှုက ပိုပြီး ပေါ်လွင်လာပါတယ်။ တိုက်ခိုက်ချိန်က ညကြီးညဥ့်နက် ဖြစ်နေသည့်တိုင် ကံကောင်းထောက်မစွာ ဗီဒီယိုသက်သေတွေ အချိန်မီထွက်လာတဲ့အတွက် ဂျိုးတောင် မလိမ်နိုင်တော့ပဲ ဝန်ခံလိုက်ရတာပါ။
နယူးယောက်တိုင်းမ်စ်က ဟစ်တလာကိုကိုးကွယ်တဲ့ ဆိုလိမန်ဟစ်ဂျီကို အစ္စရေး-ဟာမာ့စ်စစ် အကြောင်း တင်ပြပေးဖို့ ငှားရမ်းလိုက်တာကလည်း လက်မဲကြီးတွေရဲ့ စနက်တခုပဲ ဖြစ်ပါလိမ့်မယ်။ ကာတာအပါအဝင် အကြမ်းဖက်အားပေးတဲ့ နိုင်ငံတချို့က တရုတ်တွေ အီလိတွေ ဘစ်ဖာမာတွေလိုပဲ မီဒီယာတွေ ကျောင်းတွေကို ငွေထုပ်ပိုက်ဝင်လာနေတာ ကြာပါပြီ။
ဆေးရုံပေါ် ကျတဲ့ဒုံးကို အစ္စရေးကလုပ်တာပါ၊ အစ္စရေးနောက်မှာ အမေရိကန်ပါတယ် ဆိုတဲ့ ဝါဒဖြန့်မှိုင်းကို အကြောင်းပြုပြီး အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတချို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပါတယ်။ တိုက်ခိုက်သူတွေက ယီမင်အခြေစိုက် အီရန်ထောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေပါ။ ရှေ့လျောက်လည်း အမေရိကန်တပ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ အထူးတပ်ဖွဲ့တွေနဲ့ ဆက်လက်တိုက်ခိုက်လာကြဖို့ ရှိနေပါတယ်။
လောလောဆယ်တော့ ပင်လယ်နီထဲရောက်နေတဲ့ အမေရိကန်ဖျက်သင်္ဘောက ဟူသီတွေ အစ္စရေးဘက်ကို ပစ်လွှတ်နေတဲ့ ဒုံးကျည်တွေ ဒရုန်းတွေကို ကြားဖြတ် ဖျက်ဆီးပေးနေပါတယ်။ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ဖျက်သင်္ဘောတွေ ရှိနေတာကို တန်ပြန်ဖို့ ရုရှားကလည်း စစ်သင်္ဘာတွေ ပို့ထားပြီလို့ ပူတင်က ဆိုပါတယ်။ ပူတင်က တရုတ်ပြည်မှာ ခါးပတ်လမ်းအစည်းအဝေး သွားတက်ပြီး ပြန်လာတာပါ။
အစ္စရေးကပစ်တဲ့ ဒုံးကျည်မဟုတ်သည့်တိုင် အစ္စရေးအပေါ် ဝိုင်းအပြစ်ပုံချနေကြတာရယ်၊ စကျူးကျော်တုန်းကလည်း လူပေါင်းထောင်ချီတဲ့ အပြစ်မဲ့အရပ်သားတွေ အထူးသဖြင့် ကလေးငယ်တွေနဲ့ အမျိုးသမီးငယ်တွေကို ကြမ်းကြုတ်မှုအပြည့်နဲ့ မိသားစုနဲ့ အများမြင်အောင် သတ်ပြ၊ မီးရှို့ပြ၊ မုဒိမ်းကျင့်ပြခဲ့တာရယ်၊ အစ္စရေးကို အဖက်ဖက်က ဝိုင်းထိုးစစ်ဆင်ဖို့ ပြင်ဆင်ထားတာရယ်ကိုကြည့်ရင် အကြမ်းဖက်တွေက အစ္စရေးဒေါသကို တမင်ဆွပေးပြီး အမှားလုပ်မိအောင် အကွက်ချပြင်ဆင်ထားတာ ဖြစ်ပါတယ်။
အစ္စရေးစမှားပြီဆိုရင်တော့ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ အစ္စရေးကို ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားအောင် ဝိုင်းဆော်ကြတော့မှာပါ။ အဲဒီလို လုပ်ဖို့ကလည်း အမေရိကန်အကျိုးစီးပွားနဲ့ အမေရိကန်/မဟာမိတ် လုံခြုံရေးကို အမြဲ နောက်ဆုံးမှာထားတဲ့ ဂျိုးဘဒအိမ်ဖြူမှာ ရှိနေတဲ့အချိန်က အကောင်းဆုံးဖြစ်မှာပါ။ ဟူသီတွေက အမေရိကန်ရဲ့ မိတ်ဆွေတွေဖြစ်တဲ့ ယူအေအီးနဲ့ ဆော်ဒီတို့ကို ရန်စတိုက်ခိုက်လေ့ရှိတာမှာ ၂၀၂၂အစောပိုင်းက ယူအေအီးမြို့တော် အဘူဒါဘီကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ဂျိုးအစိုးရက လက်ရှောင်နေခဲ့ပါတယ်။
ဂျိုးအစိုးရက အစ္စရေးကိုရော ကိုယ့်နိုင်ငံသားတွေကိုပါ ထိထိရောက်ရောက် ကူညီချင်တယ်ဆိုရင် အရပ်သားတွေ အီဂျစ်ကို ခေတ္တသွားရှောင်စေပြီးမှ အစ္စရေးက ဟာမာ့စ်ကို မြေလှန်ဖို့ ဟာမာ့စ်ဖောင်ဒါတဦးရဲ့ သား မိုဆက်ဘ် ဟာဆန်ယူဆွပ်က အကြံပြုထားပါတယ်။ မိုဆက်ဘ်ဟာ လွန်ခဲ့တဲ့ ၂၅နှစ်က သူ့ကိုရာထူးကြီးပေးထားတဲ့ ဟာမာ့စ်ကို စွန့်ခွာကာ ခရစ်ယာန်ဘာသာကို ကူးပြောင်းပြီး ပါလက်စ်တိုင်းအရေး အကြံပေး လုပ်နေသူပါ။ ဟာမာ့စ်ကို ဓါးစာခံတွေ မလွှတ်ပေးသ၍ ဘာခေါင်းစဥ်နဲ့မှ အကူအညီမပေးဖို့နဲ့ ဂါဇာတလျောက် မြေအောက်မှာ ဆောက်လုပ်ထားတဲ့ ကွန်ယက်တွေကို အရင်ဖော်ထုတ်ပြီး အဆိပ်ငွေ့နဲ့ပဲဖြစ်ဖြစ် ရှင်းလင်းပစ်ဖို့လည်း အကြံပြုပါတယ်။ ဟာမာ့စ်အုပ်စိုးနေသ၍ လူ့အခွင့်အရေး ခေါင်းစဥ်ပဲတပ်တပ် ဘာပဲတပ်တပ် ဂါဇာကို ပို့သမျှဟာ အကြမ်းဖက်တွေအတွက် အဆိပ်ပင်ရေလောင်းသလို ဖြစ်မှာ စိုးနေတာပါ။
အီဂျစ်ကလည်း ဂါဇာက လူတွေ အများကြီးရောက်ချလာရင် အဲဒီထဲမှာ ဟာမာ့စ်တွေ ပါလာမှာကို စိုးရိမ်တဲ့အတွက် လက်ခံဖို့ တွန့်ဆုတ်နေပါတယ်။ အရင်က အစ္စရေးနဲ့ ဟာမာ့စ်တွေ တိုက်ပွဲဖြစ်တိုင်း သူတို့ဆီကို ပါလက်စ်တိုင်းတွေနဲ့အတူ ဟာမာ့စ်တွေ ရောက်လာတတ်ပြီး ရောက်လာတိုင်း သူတို့ရဲ့ ဆိုင်းနိုင်းဒေသမှာ စစ်တွေဆက်ဖြစ်၊ ဟာမာ့စ်က အီဂျစ်က သူပုန်တွေကို မြှောက်ပေးတော့ သူတို့ဆီမှာ သူပုန်ထကျန်ခဲ့တာတွေကို ကြုံဖူးထားလို့ ဖြစ်ပါတယ်။ အိမ်နီးချင်းအခြားနိုင်ငံတွေလည်း အတူတူပါပဲ။ အခုဟာမာ့စ်ဘက်က ရပ်နေတဲ့ နိုင်ငံတွေကိုလည်း ဂါဇာကဒုက္ခသည်တွေကို လက်ခံပေးပါဆိုရင် အင်ကုန်ကြမှာ အမှန်ပါ။ ဂျိုးကတော့ အမေရိကန်မုန်းတဲ့သူ ဘယ်သူလာလာ ဝဲလ်ကမ်းပါ။
ဆေးရုံထိခိုက်မှုအပြီးမှာ အစ္စရေးနဲ့ ပါလက်စ်တိုင်းကို လူသားချင်း စာနာထောက်ထားမှုအတွက် ဒေါ်လာ သန်း၁၀၀ ကူညီမယ်လို့ ပြောသွားပါတယ်။ အဲဒီသန်း၁၀၀က တဖက်လှည့်နဲ့ ဟာမာ့စ်ကို အားဆေးထိုးပေးနေမလား ဇီးသီးဗန်းတွေပဲ မှောက်ကြဦးမှာလား၊ နှစ်ခုလုံးလားဆိုတာ မသိနိုင်သေးပေမယ့် သေချာတာက ဂျိုးအစိုးရလုပ်တဲ့ ကိစ္စတိုင်းလိုပဲ တာဝန်ယူမှု တာဝန်ခံမှု မရှိလေတော့ မိတ်ဆွေအတွက် အရောင်ပြထားတာက ရန်သူအတွက်လည်း ဖြစ်သွားနိုင်နေတာပါ။