အစ္စရေး-ဟာမာ့စ်စစ်မှာ အကြမ်းဖက်အဖွဲ့တွေ အာဏာရှင်နိုင်ငံတွေအနဲ့အတူ အမေရိကန်ရဲ့ ဆန့်ကျင်ဘက်မှာ ရပ်တဲ့ အဖွဲ့အစည်းကတော့ အမေရိကန်က အကောင်းဆုံးမြေနေရာ ပေးထားပြီး အများဆုံး ငွေထည့်ဝင်ပေးထားတဲ့ ယူအန်အဖွဲ့ကြီးပဲ ဖြစ်ပါတယ်။ တရုပ်ကြောက်ယူအန်အဖွဲ့ကြီးရဲ့ ထွေ/တွင်းမှူး အန်တိုနီယိုဂုတဟက်ရှ်က ဟာမာ့စ်ရဲ့ လုပ်ရပ်က အကြောင်းမဲ့ ပေါ်ထွက်လာတာ မဟုတ်ကြောင်း၊ ပါလက်စ်တိုင်းတွေဟာ အနှစ် ၅၀-၆၀လောက် အသက်တောင် ဝအောင်မရှုနိုင်တဲ့ အနေအထားမျိုးမှာ နေခဲ့ကြရကြောင်း၊ သူတို့နေတဲ့နေရာကို ဂျူးတွေ ဝင်နေရာယူပြီး အကြမ်းဖက်မှုတွေနဲ့ ကြုံရ၊ စီးပွားရေးတွေ ပျက်စီးရ၊ အိမ်တွေ အဖျက်ခံရကြောင်း၊ အဲဒီအတွက် နိုင်ငံရေးအရ အဖြေရှာဖို့ အခွင့်အလမ်းတွေလည်း ခမ်းခြောက်လာခဲ့ကြောင်း မျက်နှာပြောင်ပြောင်နဲ့ ပြောသွားပါတယ်။
အဲဒီပြောဆိုချက်နဲ့ အမေရိကန်မြို့ကြီးတွေ တက္ကသိုလ်တွေမှာ အလံရှူးတွေအော်နေကြတဲ့ ဖရီးပါလက်စ်တိုင်းဆိုတာနဲ့ တထပ်တည်း သွားကျနေတာကို တွေ့ရမှာပါ။ ၁၉၄၈မှာ ယူအန်ဆုံးဖြတ်ချက်အရေ ပေးတဲ့ နယ်မြေကိုပဲ ဂျူးတွေယူခဲ့တာပါ။ မကျေနပ်ကြတဲ့ ပါလက်စ်တိုင်းတွေထဲက စစ်သွေးကြွတွေကတော့ အစ္စရေးအခြေချသူတွေကို အခါသင့်တိုင်း ဝင်ဝင်တိုက်နေခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲပေါ်မူတည်ပြီး မြေပုံကလည်း ပိန်လိုက်ဖောင်းလိုက်ပါပဲ။ အိမ်နီးချင်းနိုင်ငံတွေပါ ပါကုန်ပေမယ့် စစ်သွေးကြွတွေရောနေတဲ့ ပါလက်စ်တိုင်းတွေကို ဘယ်အိမ်နီးချင်းအာရပ်ကမှ သူ့တို့နယ်မြေထဲ ခေါ်မထားချင်ကြပါဘူး။
ဒီနယ်မြေတွေကို ဘယ်သူအုပ်ချုပ်တာ အကောင်းဆုံးလဲဆိုရင် ဘယ်သူက အားလုံးဥပဒေဘောင်ထဲမှာ နေပြီး အေးချမ်းဖွံ့ဖြိုးအောင် လုပ်ဖို့ဦးတည်သလဲဆိုတာနဲ့ ဘယ်သူက ငါတို့ကလွဲရင် ကျန်တာ တယောက်မကျန် မရှိသင့်ဘူး၊ တဖက်ကလူတွေ အကုန်မရှင်းသေးသ၍ တိုက်နေဦးမှာပဲဆိုရင် အဖြေဆိုတာ ရှိလာပါဦးမလား။ ဘယ်သူက ပိုအန္တရာယ်ရှိသလဲဆိုရင် အစ္စရေးက အချိန်မရွေး ဗုံးမိုးရွာလာတာကနေ ကာကွယ်ဖို့ ကာကွယ်ရေးသံကွန်ချာစနစ် လုပ်ထားရတာကို ကြည့်ပါ။
၂၀၀၃မှာ အစ္စရေးက ဂါဇာကနေ အပြီးဆုပ်ခွာခဲ့တာဖြစ်ပြီး အနောက်ဖက်ကမ်းဒေသမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေးတွေ ပေးထားတာကြောင့် ဖရီးပါလက်စ်တိုင်းဆိုတာက အဓိပ္ပါယ် သိပ်မရှိနေပါဘူး။ ဂါဇာကနေ အစ္စရေးတပ်တွေ လုံးဝဆုပ်ခွာခဲ့လို့ပဲ အကြမ်းဖက်တွေ အင်အားကောင်းအောင် စုစည်းဖို့ အခွင့်အလမ်းပေးသလို ဖြစ်နေတယ်လို့ မြင်လာကြပါပြီ။ ဒီလိုမြင်အောင် ဟာမာ့စ်ကပဲ တွန်းပို့ခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးဆိုတာနဲ့ ပတ်သက်ပြီး ဟာမာ့စ်တွေက ပြည်သူ့အကျိုးအတွက် ကျောင်းတွေ ဆေးရုံတွေ ရေသန့်စနစ်တွေ ဆောက်ဖို့ ပြည်သူကို ကာကွယ်ဖို့ ဆိုတာထက် ကျောင်း/ဆေးရုံတွေရဲ့ အောက်မှာမှ သူတို့လက်နက်တွေ တပ်စခန်းတွေ ထားဖို့ အားထုတ်ကြတာက စီးပွားရေး ဖွံ့ဖြိုးရေး ပြည်သူ့လုံခြုံရေး အလေးထား/မထားဆိုတာကို ထင်ရှားစေတာပါပဲ။
ယူအန်ပဲ အမေရိကန်ရဲ့ ရန်ဘက်ကနေတာမဟုတ်ပါဘူး။ ဟူးအဖွဲ့ကြီးဆိုလည်း သွေးထွက်သံယိုမဟုတ်တဲ့ ကမ္ဘာစစ်လို့ ပြောလို့ရနိုင်တဲ့ ဝဟပိုးဖြန့်တဲ့ တြုပ်ကြီးကို အထိမခံပဲ ကာပေး ဖုံးပေးနေခဲ့တာ ရှင်းနေတာပဲ မဟုတ်ဘူးလား။ ပိုက်ဆံအများဆုံးထည့်ရတော့ အမေရိကန်၊ ဩဇာခံတော့ တရုပ်၊ ဘယ်သူအကျိုးရှိသလဲဆို ခုခေတ်မှာ ဘယ်နိုင်ငံမှ သူတို့ကြောင့် ပြည်သူ့ကျန်းမာရေးတွေ တိုးတက်သွားတာ၊ ဆင်းရဲတွင်းက လွတ်သွားတာ၊ ငြိမ်းချမ်းသွားတာ တခါဖူးမှ မကြားခဲ့ဘူးတာ အမှန်ပါ။ အကျိုးရှိတာက ထိပ်ကလူတွေ အိပ်ဖောင်းတာရယ် ခေါင်းဆောင်ပိုင်းကို အကျင့်ပျက်လာဘ်စားဇတ်သွင်းပြီး အညှာကိုင်ထားနိုင်သူတွေပဲ ဖြစ်ပါတယ်။
စစ်ဖြစ်ပြီဆိုရင် ကိုယ့်တိုင်းပြည်အကျိုးစီးပွားနဲ့ အခြားတိုင်းပြည်အကျိုးစီးပွား ယှဥ်လာတဲ့အခါ ကိုယ့်တိုင်းပြည်အကျိုးစီးပွားက ရှေ့ကလာတဲ့အတွက် နိုင်ငံချစ်စိတ်တွေ ပြင်းထန်လာပြီး လူအများစုစည်းလာလေ့ရှိပါတယ်။ ဒီတကြိမ်အမေရိကမှာတော့ ပြောင်းပြန်ဖြစ်နေတာပါ။ ဒက်သ်တူ အမေရိကလို့ အော်နေတဲ့ အကြမ်းဖက်တွေနဲ့အတူ ဒီမိုကရက်တွေနဲ့ ဒီမိုကရက်ဩဇာခံအဖွဲ့အစည်းတွေ တူတူရပ်ကြပြီး အမေရိကန်ရဲ့ စံတွေ တန်ဖိုးတွေနဲ့ နီးစပ်တဲ့ မဟာမိတ် အစ္စရေးဘက်မှာတော့ ရီပါဘလစ်ကန်တွေအကုန် ရပ်ကြပါတယ်။ အကြမ်းဖက်တွေဘက်က အတိအလင်းရပ်တာ လက်ဝဲစွန်းတွေပဲဆိုပေမယ့် ကျန်ဒီမိုကရက်တွေက အကြမ်းဖက်လုပ်ရပ်တွေကို မရှုတ်ချပဲ အစ္စရေးကိုသာ အပြစ်တင်ချင်နေကြတာပါ။
အစ္စရေးအပါအဝင် ဒီမိုကရေစီအင်အားစုများဘက်က အမေရိကန်ဟာ အစဥ်တစိုက် ရပ်ခဲ့ရာကနေ အခုလို အကြမ်းဖက်တွေ အာဏာရှင်တွေဘက်ကို ယိမ်းသွားရတာက သေချာအချိန်ယူဖျက်ဆီးမှုရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။ တက္ကသိုလ်တွေမှာ အစ္စရေးကို နယ်ချဲ့၊ ဖိနှိပ်သူအဖြစ်၊ ပါလက်စ်တိုင်းတွေကို သနားစရာ အဖိနှိပ်ခံတွေအဖြစ် ပုံဖော်ထားတဲ့ မှိုင်းတွေကို ဖြန့်ဖြူးပေးဖို့ အမေရိကန်ရန်သူတွေက သူတို့အလိုအတိုင်း လိုက်ပြောမယ့် ပညာရှင်တွေကို ဝယ်ယူမွေးမြူပြီး သင့်ခ်တန့်ခ်တွေ၊ “သုတေသန”အဖွဲ့တွေ ဖွဲ့ပေးပါတယ်။ ခေတ်သစ်သမိုင်းကို သူတို့လိုချင်တဲ့ပုံစံမျိုးနဲ့ ကောလိပ်တွေမှာ ဂျူးဆန့်ကျင်ရေး အတွေးအခေါ်တွေ ထည့်သွင်းသင်ကြားကြပါတယ်။
ဟူစိန်အိုနဲ့ ဂျိုးတို့ရဲ့ အစိုးရအဖွဲ့တွေထဲမှာ ဂျူးရော အမေရိကန်ကိုပါမုန်းတဲ့ အီရန်နောက်ခံရှိသူတွေ ပါနေတဲ့အပြင် အခု အစ္စရေးမှာ ခန့်ထားဖို့ လျာထားတဲ့ အမေရိကန်သံအမတ်ဟာလည်း အစ္စရေးကို ဘက်ပေါင်းစုံက ညှပ်တိုက်နေတဲ့ သူပုန်အဖွဲ့အားလုံးရဲ့ ခေါင်းကိုင်ဖခင်ကြီး အီရန်ကိုလိုလားသူ ဖြစ်နေတာ ပေါ့သေးသေးပြဿနာမဟုတ်တာ ခန့်မှန်းနိုင်ကြမှာပါ။
ဟာမာ့စ်ထောက်ခံတဲ့အုပ်စုက ဒဗိုက်အန်ရူးလ်နည်းတမျိုးဖြစ်တဲ့ ခရစ်တစ်ကယ်ရေ့စ်သီအိုရီကို တွင်ကျယ်အောင် တွန်းပါတယ်။ ဟာမာ့စ်လို အဖွဲ့လေးတွေက အဲဒီလောက် ခြေလှမ်းမကျယ်နိုင်ပါဘူး၊ နောက်ကွယ်မှာ ကာတာတို့ အီရန်တို့လို အဆိပ်ပင် ရေလောင်းသူတွေ၊ အီရန်နောက်ကွယ်မှာ တရုပ်တို့ ရုရှားတို့လို အာဏာရှင်တွေ ရှိနေပြီး အဲဒီအာဏာရှင်တွေ အားရှိအောင် ဆေးထိုးပေးနေတာက ဂျိုးကိုယ်တိုင်ဖြစ်နေတာဟာ အမေရိကန်ကို ပျက်စီးစေလိုတဲ့ ဟူစိန်အိုရဲ့ အိပ်မက်ကို ဆက်လက် အကောင်အထည် ဖော်ပေးနေတာပါပဲ။ ဂျိုးလိုလူကတော့ သူ့တကိုယ်စာ သူ့မိသားစု ချမ်းသာရင် ပြီးပြီလို့ တွေးကောင်းတွေးနိုင်ပေမယ့် ပြည်သူတွေက ပါးနပ်ဖို့တော့ လိုပါမယ်။
အမေရိကန်မှာ ယူကရိန်းစစ်ကိုရော အစ္စရေးစစ်ကိုပါ မဖြစ်ခင်က တားမယ်ဆို တားနိုင်တဲ့ အစွမ်း၊ ဖြစ်လာခဲ့ရင်တောင် အချိန်မီ ဝင်ဟန့်နိုင်တဲ့ အစွမ်း အပြည့်အဝ ရှိပါလျက်နဲ့ မတားခဲ့တာနဲ့ ဒုကမ္ဘာစစ်တုန်းက ပြင်သစ်အဖြစ်ကို ချိန်ထိုးကြည့်စေချင်ပါတယ်။ ပြင်သစ်မှာ ဟစ်တလာတို့ အမြှီးကုပ်ပြေးရလောက်တဲ့ စစ်ရေးစွမ်းအား ရှိပါလျက်နဲ့ အရှည်ကိုမကြည့်၊ မပြတ်သားခဲ့တဲ့အတွက် စစ်ကို မရှောင်လွှဲနိုင်ခဲ့ပဲ အမေရိကန်ပါလာလို့သာ စစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထရမ့်လက်ထက်က စစ်ပွဲတွေကို ရှောင်နိုင်ခဲ့တာဟာ စစ်ရေးအင်အားကို အကောင်းဆုံးဖြည့်တင်းခဲ့တာအပြင် ပြတ်သားပြီး ပြောတဲ့အတိုင်းလုပ်ခဲ့လို့ဆိုတာ မမေ့သင့်ပါဘူး။ ကြောက်တဲ့သူက မတိုက်ခင်က ရှုံးကြတာပါ။
တိုင်းပြည်ခေါင်းဆောင်ဆိုတာက တိုင်းပြည်ကို ပြတ်သားတဲ့ ဦးဆောင်မှု ပေးရပါတယ်။ အထူးသဖြင့် ရန်လိုမှုတွေပြည့်ဝနေတဲ့ အခုလို ကာလမျိုးမှာ အမေရိကန်လို ဒီမိုကရေစီရဲ့ ရှေ့ဆောင်လည်းဖြစ်၊ မဟာမိတ်တွေ အများကြီးလည်းရှိ၊ ဖြစ်သမျှဂယက်က ကမ္ဘာတဝှမ်းကို ရိုက်ခတ်နိုင်တဲ့ နိုင်ငံမျိုးမှာ ပြတ်သားခိုင်မာတဲ့ ခေါင်းဆောင်မှုက အရေးကြီးဆုံးဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ အစ္စရေးကိစ္စမှာ အစ္စရေးရဲ့ တုန့်ပြန်မှုတချက်လေး မှားသွားတာနဲ့ ဒေသန္တရစစ်ကနေ ကမ္ဘာစစ်အထိ ကျယ်ပြန့်သွားနိုင်တဲ့ အနေအထားမှာ ဂျိုးဟာ အစ္စရေးနဲ့ ဟာမာ့စ်ကြား မီးစတဖက် ရေမှုတ်တဖက်နဲ့ ယူကရိန်းလိုပဲ စစ်ပွဲကြာရှည်အောင် လုပ်နေပြန်ပါတယ်။
အစ္စရေး-ဟာမာ့စ်စစ်က ဒေသတွင်းပြဿနာမက တကမ္ဘာလုံးကို ရိုက်ခတ်နိုင်တဲ့ အကြောင်းက ကမ္ဘာ့စွမ်းအင် ထုတ်လုပ်ရာအချက်အချာဒေသဖြစ်သလို စွမ်းအင်အပါအဝင် ကမ္ဘာ့ကုန်စည် ပို့ဆောင်ရေးမှာ အချက်အချာကျတဲ့ စူးအက်စ်တူးမြောင်းနဲ့ နီးနေတာကြောင့် ဒီဒေသ မတည်မငြိမ် ဖြစ်ရင် ကမ္ဘာ့လောင်စာအကြပ်အတည်း၊ ကုန်စည်စီးဆင်းမှု အခက်အခဲ တွေကြောင့် ကုန်ဈေးနှုန်းတွေ ခုထက် အများကြီးတက်လာတာမျိုး နောက်ဆက်တွဲတွေ လိုက်လာတော့မှာပါ။ ဒါဆို လူတိုင်းနဲ့ဆိုင်တယ်ဆိုတာ သဘောပေါက်ကြမယ်ထင်ပါတယ်။ ယူကရိန်းစစ်တုန်းက တက်လာတဲ့ ရေနံဈေး လောင်စာဈေးက ခုထိ ပြန်မှမဆင်းသေးတာလေ။ ကုန်ဈေးနှုန်းတွေလည်း တူတူပဲပေါ့။
ယူကရိန်းစစ်လိုပဲ အစ္စရေး-ဟာမာ့စ် စစ်မှာ ဥရောပက မဟာမိတ်တွေနဲ့ အရှေ့အလယ်ပိုင်းက မိတ်ဆွေတွေက ဘာမှ ဟုတ်တိပတ်တိ အကုန်မခံပဲ အမေရိကန်ကချည့် ဘုန်းဘောလအောတွေ ဝင်ကူနေတာ တိုင်းပြည်အကြွေးလည်း ၃၄ထရီလီယံကို ရောက်တော့မှာပါ။ အဲဒီအကြွေးပမာဏက အမေရိကန်တယောက်ကို ဒေါ်လာ ၁သိန်းကျပါတယ်။ အဲဒီအတွက် အတိုးကတင် တရက်ကို ၂ ဘီလီယံကျော်နေပါပြီ။ စီးပွားရေးက မကောင်းတော့ အဲဒီကြွေးတွေကို ပေးနိုင်အောင် အခွန် အခ မျိုးစုံ ပေါ်တင်မျိုး ရုပ်ဖျက်ပြီးတဖုံနဲ့ လာကြဦးမှာပါ။ ပိုက်ဆံရိုက်ထုတ်တော့လည်း ငွေဖောင်းပွမှုတွေ တက်ပြီး ကုန်စည်ဈေးနှုန်းတွေ တက်ကြဦးမှာပေါ့။ ၂ခါနာတယ်ဆိုတာထက် အများကြီးပိုပါလိမ့်မယ်။
နယ်စပ်ကဝင်လာတဲ့ ၈သန်းအတွက်လည်း ဖက်ဒရယ်အပြင် ပြည်နယ်ပေါင်းစုံက အုပ်ချုပ်ရေးသမားတွေနဲ့ ပေါင်းစားတဲ့ အန်ဂျီအိုအမည်ခံတွေက ကန်ထရိုက်မျိုးစုံနဲ့ ဘီလီယံနဲ့ချီ ဝိုက်နေကြပါပြီ။ ခြတွေအတွက်တော့ အကျပ်အတည်းတွေများလေ သူတို့အူစိုလေပါပဲ။ ဒီကြားထဲ ထရမ့်လက်ထက်မှာ အပြည့်ဖြည့်ထားတဲ့ အရံရေနံတွေ ဂျိုး/အိုကျေးဇူးနဲ့ ပြောင်သလောက်ဖြစ်သွားတော့ စစ်များဖြစ်ခဲ့ရင် ရေနံရဖို့ ရန်သူတွေဆီ လိုက်ခယနေရရင် ဘယ်လိုကောင်းနိုင်ပါဦးမလဲ။
တရုပ်အရေးလေ့လာသူ ဂေါ်ဒန်ချန်းက ရှီဟာ မော်စီတုံးကို အားကျကိုးကွယ်သူပီပီ မော်ရဲ့ဗျူဟာတခုဖြစ်တဲ့ “ပဋိပက္ခတွေ ဖန်တီးပြီး ပဋိပက္ခတွေနဲ့မှ ကမ္ဘာကို တရုပ်က အုပ်စိုးနိုင်မယ်”လို့ ယုံကြည်ထားပုံရပါတယ်။ အဲဒီ မော့်ဗျူဟာကို ဒီကဂျိုးတို့အုပ်စုလည်း ခံတွင်းတွေ့နေပုံ ရပါတယ်။ မီးတစဖြစ်အောင် ချပေးလိုက် မီဒီညာတွေက လေပင့်လိုက်နဲ့ ပြီးရင် ဂန်းကွန်ထရိုးလ်နဲ့ ကလိုင်းမိတ်ခေါင်းစဥ်တပ်ပြီး လူတွေရဲ့ လွတ်လပ်ခွင့်တွေ၊ ကြွယ်ဝမှုတွေကို တစစ ဖြုတ်နှုတ်ယူနေကြတာပါ။ တပါတီအာဏာမြဲပြီး အတိုက်အခံတွေအားလုံး ရုပ်ပြတွေ ဖြစ်လာတဲ့အထိ ပဋိပက္ခတွေ မငြိမ်မသက်မှုတွေ ဖန်တီးနေဦးမှာပါပဲ။ စစ်တွေ ဖန်တီးတော့လည်း သူတို့တွေပဲ အိပ်ဖောင်းပြီး ပြည်သူက ကြွေးထူ အခွန်ပိ မလုံမခြုံဖြစ် ကျန်ခဲ့မှာပါ။ လူများများသေတော့လည်း ကမ္ဘာမှာ လူဦးရေသိပ်များနေတယ်လို့ အယူရှိတဲ့ ဂျိုး/အိုနောက်က အီလိကြီးတွေ ကြိုက်တာပါပဲ။