Speaker Mike Jackson’s 7 Core Principles

Speaker Mike Johnson lists the seven core principles that have made us the most successful nation in the history of the world:

1. Individual Freedom

2. Limited Government

3. The Rule of Law

4. Peace Through Strength

5. Fiscal Responsibility

6. Free Markets

7. Human Dignity

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ လူဝီစီယားနားက ရီပါဘလစ်ကန်အမတ် မိုက်ခ်ဂျွန်ဆန်က သမိုင်းတလျောက်မှာ အမေရိကန်ကို အအောင်မြင်ဆုံးနိုင်ငံအဖြစ်ကို ပို့ပေးခဲ့တဲ့ ပင်မမူဝါဒ ၇ချက်ကို ဖော်ပြလိုက်ပါတယ်။

၁။ ပုဂ္ဂလိက လွတ်လပ်ခွင့်

၂။ သေးသေးကျစ်ကျစ်အစိုးရ

၃။ တရားဥပဒေစိုးမိုးမှု

၄။ အင်အားတောင့်ခြင်းဖြင့် ငြိမ်းချမ်းစေခြင်း

၅။ (တိုင်းပြည်ပိုက်ဆံကို) တာဝန်သိသိ စည်းကမ်းရှိရှိသုံးစွဲခြင်း

၆။ လွတ်လပ်သော ဈေးကွက်စနစ်

၇။ လူသားဂုဏ်သိက္ခာပြည့်ဝမှု

အဆိုပါအချက်တွေကိုကြည့်ရင် ဘယ်တချက်ကမှ အစွန်းရောက်နေတာ မတွေ့ရပါဘူး။ ဒီမူတွေအတိုင်းသာ ထိထိရောက်ရောက် အုပ်ချုပ်နိုင်ရင် နောင်နှစ်ပေါင်းများစွာ မျိုးဆက်ပေါင်းများစွာ အမေရိကန်ဟာ ကမ္ဘာ့နံပါတ် ၁ ဖြစ်နေဦးမယ့်အပြင် ကမ္ဘာ့ကြီးမှာပါ ဒီမိုကရေစီ ထွန်းကားလာဖို့ အများကြီး အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် စပီကာ မိုက်ခ်ဂျွန်ဆင်ဟာ ခရစ်တော်နဲ့ ကျမ်းစာကို အထူးတလည် သက်ဝင်ယုံကြည်သူဖြစ်ပြီး တိကျခိုင်မာတဲ့ မူတွေကို လက်ကိုင်ထားသူဖြစ်ကာ စကားကိုလည်း ချိုသာယဥ်ကျေးစွာနဲ့ တဖက်သားနားဝင်အောင် ပြောတတ်သူ ဖြစ်ပါတယ်။ စပီကာမိုက်ခ်ဟာ ရှေ့နေလူတော်တဦး ဆိုပေမယ့် ခပ်အေးအေး နေတတ်တဲ့အတွက် လူသိ သိပ်မများလှပါဘူး။ သူရဲ့ မူတွေဟာ သမ္မတရေဂင်လက်ကိုင်ထားတဲ့ မူတွေဖြစ်သလို သမ္မတထရမ့်လက်ထက်မှာ ကျင့်သုံးခဲ့တာဖြစ်တာရယ် ဘာသာရေးကိုင်းရှိုင်းတာရယ်ကြောင့် မီဒီယာနဲ့ ဒီမိုကရက်တွေက အကြီးအကျယ် ထိုးနှက်ကြပါတယ်။

ဆာ့ချ်အင်ဂျင်တခုခုမှာ မိုက်ခ်ဂျွန်ဆန်လို့ ရှာကြည့်လိုက်ရင် ကျလာတာတွေအားလုံးက အတင်းအဖျင်းတွေ အပုတ်ချတာတွေပဲ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အဲဒါဟာ ဂျိုးနဲ့အိုတို့ လုပ်တတ်တဲ့ တခုတည်းသော ကျွမ်းကျင်ရာပါပဲ။​ ထရမ့်လက်ထက်နဲ့ယှဥ်ရင် တိုင်းပြည်အတွက် ကောင်းအောင်လုပ်တဲ့နေရာမှာ ခြေဖျားမမှီတော့ ဖိုးတွမ်တိ ဂျင်းကမ်ပိန်းနဲ့ မစ္စအင်ဖော်မေးရှင်းတွေ ဖြန့်ပါတယ်။

လူဆိုတာက မုန်းပြီဆိုရင် ကိုယ်မုန်းတဲ့သူအကြောင်း ဆိုးတာကြားရရင် မှန်/မမှန် မစဥ်းစားတော့ပဲ ပစ်ယုံတတ်ကြတာမျိုးဆိုတာကို လက်မဲကြီးတွေ ကောင်းကောင်းသိပါတယ်။ အဲဒါကြောင့် သူတို့တိုက်ခိုက်ချင်တဲ့သူဆိုရင် မုန်းအောင် မမှန်သတင်းတွေကို မီဒီညာတွေ ဆိုရှယ်မီဒီညာတွေအကူနဲ့ တက်ညီလက်ညီ ဝါဒဖြန့်မှိုင်းတိုက်ကြပါတယ်။ အမေရိကန်မှာက တရုပ်ပြည်လို ပြည်သူကို လုံးဝ အမှောင်ချ အသံမထွက်အောင် လုပ်လို့ မရသေးတော့ မစ်စ်အင်ဖော်မေးရှင်းတွေနဲ့ ဖိတိုက်ပါတယ်။ ဆာ့ချ်အင်ဂျင်တွေမှာရှာရင် သတင်းအမှန်ကို မတွေ့ရသလောက်ပါပဲ။ အမှန်ကို မသိတော့ အလိမ်ခံရဖို့ အခွင့်အလမ်း ပိုများလာပါတယ်။

မုန်းသွားပြီဆိုရင်တော့ ဘယ်လောက်ကောင်းတာကြီးလုပ်လုပ် မမြင်နိုင်လောက်အောင် ဖြစ်ကုန်ကြတော့ မီဒီညာတွေ လိမ်တာ ပေါ်လည်း အပြစ်မမြင်ကြတော့ပါဘူး။ တရားဥပဒေက မတရားဥပဒေ ဖြစ်လာရင်လည်း ဂရုမစိုက်တော့ပါဘူး။ ရေရှည်မှာ ကိုယ့်အပေါ် ပတ်ဝန်းကျင်အပေါ် လူ့ဘောင်ကြီးတခုလုံးအပေါ်  မတရားမှုတွေ ပြန့်နှံ့လာမှာတွေကိုလည်း မတွေးတော့ပါဘူး။ မုန်းတဲ့သူကို ဥပဒေအပြင်က မတရားတာလုပ်လည်း လုပ်သင့်တယ်၊ ခံရသင့်တယ်လို့ပဲ မြင်ပါတော့တယ်။ အမုန်းက အဲဒီလောက် အဆိပ်ပြင်းတာပါ။

သတင်းတပုဒ်ကို (သို့) အကြောင်းအရာတခုကို ဓမ္မဒိဌာန်ကျကျ သိနားလည်အောင် ဖတ်ရှု/ နားထောင်ချင်ရင် အမုန်းတံတိုင်းကို အရင် ဖယ်ရှားပြီးမှ အကြောင်းအရာနဲ့ ကောင်း/ဆိုးခံစားချက်တွေကို ခွဲခြားသိပြီး သုံးသပ်ရမှာပါ။ အနှုတ်ဓါတ်ခံ ရှိနေတဲ့သူဟာ အမှန်တရားကိုလည်း မမြင်နိုင်သလို ဘုရားကိုလည်း မမြင်နိုင်ပါဘူး၊ တရားကိုလည်း မမြင်နိုင်ပါဘူး။ နီးလျက်နဲ့ ဝေးနေပါလိမ့်မယ်။

စပီကာ မိုက်ခ်ဂျွန်ဆန်က ခရစ်တော်ကို ယုံကြည်သူ ဘာသာရေးကိုင်းရှိုင်းသူဆိုတော့ ဂျိုးတို့ကို မျက်စိမှိတ် ထောက်ခံသူများက မဘသတွေလို့ အမည်တပ်ကြပါလိမ့်မယ်။ မဘသ ဆိုတာ ဘယ်မဘသမှ ဘုရား တရား အဓိက မထားပါဘူး။ ဘာသာရေးတို့ လူမျိုးရေးတို့က မှိုင်းတိုက်လို့ကောင်းတာကြောင့်သာ အဲဒါတွေဘန်းပြပြီး အာဏာရှင်လူတစု ကောင်းစားရေးပဲ လုပ်ကြတာ ခုလောက်ဆို သဘောပေါက်သင့်နေပါပြီ။

ရင်ထဲမှာ ဘုရား တရားတကယ်​ရှိတဲ့သူက သုံးတာ စွဲတာ နေတာ ထိုင်တာ ပြောတာဆိုတာ အကုန် စည်းကမ်းရှိသွားတယ်၊ ကိုယ်ကျင့်တရား မပျက်ဘူး၊ အမုန်းတွေနဲ့ ခက်ထန်မနေသလို တဖက်သားအပေါ် အထင်သေးခြင်း ကြီးခြင်းတွေ မရှိတော့ဘူး။ သူ့ရဲ့ ယုံကြည်ချက်တွေ မူတွေဟာ လာဘ်လာဘကြောင့်လည်းကောင်း ဘယာကြောင့်လည်းကောင်း ချစ်ခြင်း မုန်းခြင်းကြောင့်လည်းကောင်း မပြောင်းလဲတော့ဘူး။ ဘာသာအယူမရှိပဲ လူကောင်းဝါဒကို လက်ခံရင်လည်း အဲဒီသဘောတရားက အများကြီးပြောင်းလဲသွားမှာ မဟုတ်ဘူး။

စပီကာမိုက်ခ်ဂျွန်ဆန်ကို တိုက်ခိုက်ကြတဲ့ လက်ဝဲအုပ်စုဒီမိုကရက်တွေက အပေါ်က မူ ၇ချက်အပေါ် ထင်ထင်ပေါ်ပေါ်ပဲဖြစ်ဖြစ် တိတ်တခိုးပဲဖြစ်ဖြစ် ခါးခါးသီးသီး ဆန့်ကျင်ကြပါတယ်။ ဆင်ဆာလုပ်တာ၊ အင်တာနက်တခုလုံးကို မစ်စ်အင်ဖိုတွေနဲ့ ဖြန့်ထားဖုံးထားတာ၊ မပြောရဲ မဆိုရဲဖြစ်အောင် ဝိုင်းရန်တွေ့တာ၊ ကန်ဆယ်လုပ်တာ။ ဝိုင်းကျဥ်တာ၊ အစိုးရလက်ကိုင်ဒုတ်တွေကနေတဆင့် “ပညာပေး”နှိပ်ကွပ်တာ၊ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ချိုးဖောက်တာ၊ စတာတွေအားလုံးက ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖောက်နေတာပါပဲ။

ဒီမိုကရက်တွေတိုင်းက အစိုးရကြီးကြီးဖွဲ့ပြီး ပြည်သူ့လိုအပ်ချက်တွေအားလုံးကို တာဝန်ယူစေချင်ပါတယ်။ ပြဿနာက အစိုးရကြီးလာလေ၊ အစိုးရအာဏာကို အလွဲသုံးစားလုပ်လေ၊ ပြည်သူကို ပိုနှိပ်ကွပ်လေ၊ အလေအလွင့်များလေ၊ တိုင်းပြည်အကြွေးထူလေပါပဲ။ အစိုးရကြီးလာလို့ ပြည်သူချမ်းသာလာတယ်ဆိုတာ ဘယ်သမိုင်းမှာမှ မရှိပါဘူး။ မြန်မာပြည်မှာ ကြီးခဲ့တဲ့ လူတိုင်း သိမှာပါ။ အစိုးရပိုင်စက်ရုံ/လုပ်ငန်းတွေမှာ ဘယ်စက်ရုံ/လုပ်ငန်းများ အောင်မြင်/အမြတ်ထွက် ဖူးလို့လဲ။ အစိုးရကြီးလာရင် လုပ်ပိုင်ခွင့် သုံးပိုင်ခွင့် ဘုန်းပိုင်ခွင့်တွေ များလာတာကြောင့် အာဏာကို လက်မလွှတ်ချင်တော့တာ ထုံးစံပါ။ အဲဒီတော့ ပြည်သူကို လည်ညှစ်ချင်လာပြီး ပြည်သူ့လွတ်လပ်ခွင့်ကို ထိန်းချုပ်လာကြတာပါပဲ၊ သန်းခေါင်စာရင်းတို့၊ အိမ်ထောင်စုစာရင်းတို့၊ ဧည့်စာရင်းတိုင်ရတာတို့ ပြန်များ တမ်းတနေကြသလားဟင်။

ကျန်တဲ့ ၅ချက်ကတော့ အရင်က အကြိမ်ကြိမ်ပြောထားဖူးတာရော ထင်ရှားတာကြောင့်ရော ထပ်မပြောတော့ပါဘူး။ အဓိက ပြောချင်တာက ချင့်ယုံကြဖို့ပါပဲ။

Leave a comment