မနေ့က ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှာ အေပက်အစည်းအဝေးလာတက်တဲ့ ဦးပေါက်ဆီနဲ့ ဂျိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သမ္မတချင်း တိုက်ရိုက်ဆက်သွယ်မှုနဲ့အတူ တပ်အချင်းချင်း ဆက်သွယ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ နယ်စပ်က ဖန်တနောလ်တွေ ဝင်နေတဲ့ကိစ္စကိုတော့ လျော့ချပေးမယ်လို့ ဆိုပါတယ်။ လျော့ချမယ်ဆိုတော့ ဘယ်လို ဘယ်ပုံနဲ့လဲ၊ ဘာပေတံနဲ့ တိုင်းမလဲဆိုတာတွေက မေးစရာ ဖြစ်လာပါပြီ။ အဲဒီကိစ္စတွေက ဂျိုးတို့အုပ်စုအာဘော်အတိုင်း စကားလုံးတွေပဲ ဖောင်းပွပြီး တိုင်းပြည်နဲ့ ပြည်သူအတွက် ဘာအနှစ်သာရမှ တကယ်ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဂျိုးသတိပေးသင့်တာက အီရန်နဲ့ အကြမ်းဖက်ကို နောက်ခံပြုနေတာ ရပ်တံ့ဖို့၊ သိန်းနဲ့ချီတဲ့ အမေရိကန်တွေကို သတ်နေတဲ့ နယ်စပ်ကနေ ဝင်နေတဲ့ မူးယစ်ဆေးတွေ ရပ်တံ့အောင်လုပ်ဖို့တွေဖြစ်ပေမယ့် လက်တွေ့မှာ ဂျိုးက အမြှီးကုပ်နေပြီး ပေါက်ဆီကပဲ တိုင်ဝမ်အရေးမှာ ဝင်မပါဖို့ ဟိန်းဟောက်သွားသေးတာပါ။
တွေ့ဆုံပွဲအပြီး သတင်းထောက်အမျိုးသမီးတဦးက ဂျိုးကို အရင်က ရှီကို အာဏာရှင်လို့ ပြောခဲ့ဖူးတယ်ဆိုတော့ အခုလို လူချင်းတွေ့ပြီးနောက်မှာရော အာဏာရှင်လို့ ပြောဦးမှာလားလို့ မေးမြန်းခဲ့ပါတယ်။ အစီအစဥ်မရှိပဲ မေးမြန်းခဲ့တာဖြစ်လို့ အဆင်သင့် ရေးထားတာလေးတွေ ဖတ်ပြလို့ မရခဲ့တဲ့ဂျိုးဟာ သူက အာဏာရှင်ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါကလည်း သူ့တိုင်းပြည်ကို သူဦးဆောင်တဲ့ပုံစံပဲလေလို့ ဖြေပါတယ်။ ဘလင်ကန်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ မျက်နှာမဖော်နိုင်ကြပဲ ဖြစ်သွားတာပါ။
အာဏာရှင်တွေ ထုံးစံအတိုင်း သွားလေရာမှာ သူတို့ကို ဆန္ဒပြကြတဲ့သူတွေ မနည်းပါဘူး၊ ဟောင်ကောင်လွတ်လပ်ရေးအတွက် ဆန္ဒပြသူတွေ၊ ဝီဂါမွတ်တွေ၊ ဖ-လုံဂုံးတွေ၊ စသဖြင့် အင်အား ရာနဲ့ချီပါတယ်။ အာဏာရှင်တွေ တုန့်ပြန်ပုံကလည်း ကလင်ဒါကျ ဘုတ်အုပ်ကြီးထဲကအတိုင်းပါပဲ။ မြန်မာပြည်လို ၅၀၀၀စားတွေကို ကားနဲ့ခေါ်လာ၊ ဒန်ပေါက်ကျွေးတာတွေလည်း ထုံးစံအတိုင်း ပါတာပါပဲ။ ဒီတခါက ဆန်ဖရန်မှာဆိုတော့ နယူးယောက်နဲ့ အယ်လ်အေက ကွန်ဆူလိတ်တွေက လူရှာပြီး လေယာဥ်၊ တည်းခို၊ စားသောက် စားရိတ်ငြိမ်း ခေါ်လာကြတာပါ။
နယူးယောက်ကနေ စီစီပီဆန့်ကျင်ဆန္ဒလာပြတဲ့တဦးက သူအဲဒီလူတွေနောက် လိုက်ကြည့်နေတာဖြစ်ပြီး နယူးယောက်က ပါလာတဲ့အုပ်စုဝင်အားလုံးက ဦးထုပ်အနီလေးတွေ ဆောင်းထားကြကြောင်း ရှင်းပြသွားပါတယ်။ နေ့တွက်က တနေ့ကို ၄၀၀ပေးမယ်လို့ ပြောထားပြီး တချို့က ၁၀၀၊ တချို့က ၂၀၀ပဲ ရကြလို့ မကြေနပ်ကြတာတွေလည်း ပွင့်ထွက်လာကြပါတယ်။ စားဖို့လည်း ထမင်းဗူး ရေဗူးတွေ ကားနဲ့ လာဝေပါတယ်။ အလံတွေ စာတန်းတွေ အဆင်သင့်ပါပါတယ်။ သူတို့ဟာ စီစီပီဆန့်ကျင်တဲ့အုပ်စုရဲ့ ကြွေးကြော်သံတွေကို ဖုံးအောင် အော်ကြသလို တချို့နေရာတွေမှာ ဆန့်ကျင်အုပ်စုနဲ့ ထောက်ခံအုပ်စု ထိတွေ့လက်ပါမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
သမိုင်းကို လက်တွေ့ကျကျ သုံးသပ်ကြည့်ရင်လည်း တရုပ်/ရှီနဲ့ပါတ်သက်လို့ ဘယ်နိုင်ငံ ဘယ်ပြည်သူမှ အကျိုးဖြစ်ထွန်းသွားတာ မရှိပါဘူး။ အမေရိကန်တွေ သေဆုံး၊ ဓါးစာခံအလုပ်ခံရတဲ့ ကိစ္စရဲ့ နောက်ကွယ်မှာ ပါနေသူလည်းဖြစ်၊ အမေရိကန်ကို ရန်လိုတဲ့ အီရန်တို့ ဟာမာ့စ်တို့၊ ရုရှားတို့ဘက်က အစဥ်အမြဲ ရပ်တဲ့သူကို အနားပြာလုပ်ပြီး တခုပ်တရ ဧည့်ခံနေတာဟာ နိုင်ငံရေးအရ တော်တော်အရှုံးပြတာပါ။ ရှီကို ဒီလောက်ကြောက်နေရင် နယ်စပ်ကဝင်လာတဲ့ တိုက်နိုင်ခိုက်နိုင်အရွယ် တရုပ် ၇၀၀၀ကို ဘယ်လိုလုပ်ကြမလဲ။ မြန်မာပြည်မှာရော တရုပ်ကြောက်တွေတက်နေချိန်မှာ တရုပ်ကလာတဲ့ဟာတွေ ဝင်ဗိုလ်ကျနေတာပဲ မဟုတ်ဘူးလား။ တရုပ်နဲ့ ပါတ်သက်ပြီး အမြတ်ထွက်တာက ထိပ်ပိုင်းက ခြစားတချို့ပါပဲ။ ဒါတောင် ယူတာထက် ပြန်အချိုးခံရတာက အမြဲပိုပါတယ်။ သူတို့ဆီက ယူထား စားထားမိသူများကလည်း အညှာအကိုင်ခံနေရလို့သာ မလှုပ်နိုင်ကြ ကြောက်ကြရပေမယ့် ဘယ်သူမှတော့ မေတ္တာရှိဟန် မတူပါဘူး။
နောက်ဆန္ဒပြတဲ့တအုပ်စုက ခါတော်မီပါလက်စ်တိုင်းကိစ္စပါ။ အမြဲတမ်း ကားကြပ်တဲ့ Bay Bridge ပေါ်မှာ လဲလျောင်းပိတ်ဆို့ပြီး ဆန္ဒပြကြတဲ့အတွက် တံတားကို ၄နာရီလောက် ပိတ်ထားလိုက်ရပါတယ်။ အဲဒီလို ပိတ်ဆို့ထားတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးကုသခံမယ့် လူနာနဲ့ သယ်ဆောင်လာတဲ့ အစိတ်အပိုင်းတို့ ပိတ်မိနေတဲ့ထဲမှာ ပါသွားပါတယ်။ တခြားအလုပ်အကိုင် ပျက်တာတွေလည်း မနည်းပါဘူး။ ပုံမှန်ဆို ဆန္ဒပြချင်ရင် ဆိုင်ရာရဲဌာနမှာ ကြိုလျောက်ပြီး သူတို့ခွင့်ပြုတဲ့နေရာ အချိန် စည်းကမ်းတွေအတိုင်းပဲ ဆန္ဒပြကြရတာပါ။ ရဲတွေလည်း လာရောက်ပြီး အခြေအနေ ထိန်းသိမ်းပေးကြပါတယ်။ မြန်မာတွေ ဆန္ဒပြကြတာလည်း အဲဒီလိုပါပဲ။ အခုလိုစည်းကမ်းမဲ့တာတွေလုပ်တော့ လူတွေအများကြီး နစ်နာတဲ့အပြင် ဆန္ဒပြသူ လူ ၈၀လောက် အဖမ်းခံရပြီး ကားအစီး ၃၀လောက် အဆွဲခံလိုက်ရပါတယ်။ ဒီမိုကရက်အုပ်ချုပ်တဲ့ ဒေသတွေမှာ အစိုးရအာဘော်နဲ့ကိုက်ရင် တော်ရုံလွှတ်ပေးထားပေမယ့် အခုအချိန်က ဂျိုးတို့ကြောက်တဲ့ ဦးပေါက်ဆီ
ရှိနေတော့ မျက်နှာပျက်မှာစိုးလို့လည်း အဖမ်းပြထားတာ နေမှာပါ။