ဒီဇင်ဘာ ၇ ရက် ၂၀၂၃

မနေ့က အိမ်ဖြူနဲ့ သမ္မတရုံးအင်တန်း ၄၀ကျော်ပါဝင်တဲ့အုပ်စုဟာ ပါလက်စ်တိုင်းတွေပေါ် ဂျီနိုဆိုက်လုပ်နေတာတွေနဲ့ ပတ်သက်ပြီး အသံတိတ်မနေနိုင်တော့တဲ့အကြောင်းနဲ့ အစ္စရေးနဲ့ဟာမာ့စ်ကြား အပြီးအပိုင်အပစ်အခတ်ရပ်စဲဖို့ ဂျိုးကို တိုက်တွန်းထားတဲ့စာတစောင် ရေးသားတောင်းဆိုလိုက်ပါတယ်။ စာထဲမှာ အဲဒီလူ ၄၀ကျော်ကို နာမည်ဖော်ထားခြင်းမရှိပေမယ့် အောက်ခြေ လက်မှတ်ထိုးတဲ့နေရာမှာတော့ “သွေးစည်းလျက်, ပါလက်စ်တိုင်းတွေအတွက် အိမ်ဖြူနဲ့ သမ္မတရုံးအင်တန်း ၄၀ ကျော်”လို့ ဖော်ပြထားပါတယ်။

ဂျိုးအစိုးရဟာ အမေရိကန်အစိုးရအဆက်ဆက် အစဥ်အလာအတိုင်း အသံအားဖြင့် ဒီမိုကရေစီဘက်သားလည်းဖြစ် မဟာမိတ်လည်းဖြစ်တဲ့ အစ္စရေးကို ထောက်ခံပေးရပေမယ့် နောက်ကွယ်မှာတော့ ဟူစိန်အိုလမ်းစဥ်အတိုင်း အကြမ်းဖက်တွေ အာဏာရှင်တွေကို တဖက်လှည့်နဲ့ ပံ့ပိုးပေးနေတာပါ။ ဒါတွေကို အဆိုပါအင်တန်းတွေနဲ့ ကောလိပ်က မဟာပညာယှိတွေ မသိပဲမနေပါဘူး။ အမြှောင်ဘဝကနေ တရားဝင် တင်းပြည့်ကျပ်ပြည့် အာဏာရှင်နိုင်ငံအဖြစ်ကို ကူးပြောင်းဖို့ ခြေလှမ်းစနေတာကို သဘောပေါက် သတိပြုဖို့ လိုပါတယ်။

ဂျိုးဘဒက ဒီဇင်ဘာ ၅ရက်နေ့က ဒီမိုကရက်အလှူရှင်တွေနဲ့ တွေ့ဆုံစဥ် ”၂၀၂၄မှာ ထရမ့်မပြိုင်ဘူးဆိုရင် ငါလည်းဝင်ပြိုင်ဖို့ မသေချာဘူး၊ ငါတို့က သူ့ကို ပေးနိုင်လို့ ဖြစ်ကိုမဖြစ်ဘူး” လို့ ပြောသွားပါတယ်။ မဲဆန္ဒရှင်ပြည်သူရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ့မယ်ဆိုတာမျိုး ဖြစ်သင့်တာကို မပြောပဲ သူတို့ခိုးထုပ်ခိုးထည်တွေ ပေါ်ကုန်မှာစိုးလို့ ထရမ့်ကို မတက်စေချင်တာ တော်တော်ကြီးမားတဲ့ ရည်မှန်းချက်ကြီးပါပဲ။ ထရမ့်မတက်စေချင်လို့ အနှောက်အယှက်မျိုးစုံနဲ့ တမိသားစုလုံး ဘာမှလုပ်မရ ကိုင်မရဖြစ်အောင် နှောက်ယှက်နေတဲ့ကြားက လူထုထောက်ခံမှု တက်ပြီးရင်းတက်နေတဲ့ ထရမ့်ကို မဲပြားပေါ်က ဖယ်ထုတ်ဖို့လည်း ဉာဏ်နီဉာဏ်မည်းတွေသုံးပြီး ကြိုးစားတာကလည်း မှန်းသလောက် အရာထင်မနေတော့ ဂျိုးလည်း တက်ရမလို ဆင်းရမလို ပြိုင်မှာလိုလို မပြိုင်မှာလိုလိုတွေ ဖြစ်နေရပါတယ်။ သူတို့ပါတီက ဖိုးတွမ်တိတွေထဲ ဒီမန်းရှာဂျိုးလောက်တောင်မှ ပုံမလာကြဘူးဆိုတော့ အနာဂတ်က အားရစရာကြီးပါပဲ။ တခုတော့ရှိတာပေါ့လေ၊ ဂျိုးလိမ်တာတွေကို သတိမကောင်းလို့ မှားပြောတာလိုလို လုံးချလိုက်နိုင်စရာ အခြေအနေကိုယ်၌က ဂျိုးရဲ့ အားသာချက်တခုဖြစ်နေတာကိုး။

ဟာမာ့စ်တွေရဲ့ အောက်တိုဘာ ၇ တိုက်ခိုက်မှုမတိုင်ခင် အစ္စရေးစတော့မားကက်မှာ အစ္စရေးနဲ့ ပတ်သက်တဲ့ စတော့တွေကို ရှော့ဆေးလ်ရောင်းချထားမှုတွေ ထောင်တက်သွားတာ တွေ့ရကြောင်းနယူးယောက် (NYU & Columbia) က ဥပဒေပါမောက္ခ ၂ဦးက တွေ့ရှိထားပါတယ်။ Short sale လုပ်တယ်ဆိုတာက ဈေးပြုတ်ကျမယ်ထင်တဲ့စတော့တွေကို ငွေသွင်းချေးငှားပြီး လက်ရှိပေါက်ဈေးနဲ့ ရောင်းချပါတယ်၊  ချေးငှားထားတဲ့စတော့တွေ ပြန်ပေးတဲ့အခါမှာတော့ ဈေးက ကျသွားပြီဖြစ်လို့ အမြတ်ထွက်သွားတာ ဖြစ်ပါတယ်။ အဲဒီတွေ့ရှိချက်အရ တိုက်ခိုက်မယ့် သတင်းကြိုရထားသူတွေဟာ သန်းပေါင်းများစွာ အမြတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ရှော့ဆေးလ်အတက်ဆုံးက အောက်တိုဘာ ၂ရက်ဖြစ်ပါတယ်။ အဲဒီနေ့က ရောင်းတဲ့ပမာဏက ၁၄နှစ်အတွင်း အမြင့်ဆုံးရောင်းချမှုတွေထဲက တခုဖြစ်နေတာက တိုက်ဆိုင်မှု မဟုတ်တာကို ဖော်ပြနေတာပါ။ ဘီဘီအစိုးရကတော့ ဆက်စပ်မှုတွေ ရှာဖွေဖော်ထုတ်နေဆဲဖြစ်ပါတယ်။

မိဘပေါင်း ၆၆၄၃ဦးနဲ့ ၁၀-၁၉နှစ်အတွင်း ၁၅၈၀ကို မေးမြန်းထားတဲ့ သုတေသနတခုမှာ လစ်ဗြဲမိဘတွေရဲ့ ကလေးတွေက စိတ်ရောဂါပြဿနာတွေ ခံစားရဖို့ အလားအလာပိုများကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ကွန်ဆာဗေးတစ်မိဘတွေဟာ နှစ်ပေါင်းများစွာ ကျင့်သုံးအောင်မြင်ပြီး ဖြစ်တဲ့ မူတွေ ယုံကြည်ချက်တွေ ရှိကြတဲ့အတွက် ကလေးတွေမှာ ဝေခွဲမရ ဒွိဟဖြစ်တာတွေမရှိပဲ အမြင်ရှင်းကြတာကြောင့် ဆရာ/မတွေ၊ အစိုးရနဲ့ မီဒီယာက တိုက်သမျှမှိုင်းတွေကို ကျော်လွှားနိုင်တာ ဖြစ်နိုင်ပါတယ်။

ဂျိုးအစိုးရနဲ့ သုံးစားမရတဲ့ un“အန်”အဖွဲ့၊ wef ဝက်ဖ်အဖွဲ့ကြီးတို့ဟာ လူတွေရဲ့ ဘာသာရေးယုံကြည်မှု တွေကတဆင့် ကလိုင်းမိတ်အာဂျင်ဒါကို တွန်းဖို့အတွက် ဘာသာရေးခေါင်းဆောင်တွေကို မက်လုံးပေး ဆွဲဆောင်လာကြပါပြီ။​ အကျင့်ပျက်ခြစားမှုဟာ လူသားတွေနဲ့ ခွဲမရတဲ့ အားနည်းချက်တခုဖြစ်လို့ သူတော်စင်မဟုတ်တဲ့ ဘာသာရေးခေါင်းဆောင်များဟာလည်း ဗဟုသုတနည်းတာ၊ ကြောက်တာ၊ လာဘ်လာဘ၊ နေရာ၊ ထင်ပေါ်မှု ရချင်တာ စတဲ့ လောကဓံတရားတွေကို ကျော်လွှားနိုင်ဖို့ မလွယ်ကူလှပါဘူး။

ထိုင်းမှာဆိုရင် ၁၉၉၀လောက်ထဲက သစ်ပင်တွေကို ရဟန်းအသစ်တွေကို ဥပဇ္ဇျယ်ပြုသလို လုပ်ပေးနေခဲ့ပြီး နောက်တော့ ကမ္ဘောဒီးယားကို ကူးစက်သွားပါတယ်။ ဥပဇ္ဇျယ် အပြုခံထားရတဲ့ သစ်ပင်ဟာ မြင့်မြတ်တယ်လို့ ခံယူထားတဲ့အတွက် အခုတ်ခံရခြင်းမှ ကာကွယ်ထားပြီး ဖြစ်တာပါ။ မခုတ်သင့်တဲ့နေရာမှာ မခုတ်သင့်တဲ့အပင်ကို မခုတ်တာဟာ ကောင်းတဲ့အလုပ်ဖြစ်ပေမယ့် ဘာသာရေးနဲ့ အတင်းကြီးနွှယ်လာတာက ဖြစ်သင့်တဲ့အခြေအနေတရပ် မဟုတ်နေတာပါ။

ကမ္ဘာဖျက်လက်မဲကြီးများကတော့ တော်ရုံလူအဖွဲ့အစည်းတွေမှာ ဘာသာရေးခေါင်းဆောင်တွေကို မေးခွန်းထုတ်တာမျိုး အငြင်းပွားတာမျိုး ပြုဖို့ ဝန်လေးကြတာကို အခွင့်ကောင်းယူ အမြတ်ထုတ်ကြဦးမှာပါပဲ။ ဘယ်သူမဆို ကိုယ့်နယ်မဟုတ်ရင် ကျွမ်းကျင်မှု အားနည်းနိုင်တဲ့သဘောကို နားလည် လက်ခံထားဖို့နဲ့ လောဘ ဒေါသ မောဟအလျောက် အသိမှား အမြင်မှားတွေ ဖြန့်ဖြူးပေးရင် အပြစ်ကြီးကြောင်း မမေ့ကြဖို့တော့ မျှော်လင့်ပါတယ်။

လက်ဝဲအုပ်စုက ဘာသာရေးခေါင်းဆောင်တွေကို ကလိုင်းမိတ်ကိစ္စတင်မက လက်ဝဲအာဂျင်ဒါတခုလုံး အတွက် မောင်းနေပြီဖြစ်ပါတယ်။ ချာ့ချ်ကျောင်းတွေမှာ လိင်တူ/ပြောင်း/စုံ/သူငယ်ကြိုက်စသဖြင့် အားပေးတဲ့အလံတွေ တစစ လွှမ်းလာနေပါပြီ။ ရှေ့ကပြောတာတွေအပြင် ကလေးဖျက်တာ အားပေးတဲ့ လက်ဝဲဝါဒတွေကိုမှ အားပေးတဲ့ ဘုန်းကြီးကျောင်းတွေလည်း ရှိနေပါပြီ။ အိပ်ခန်းထဲက ကိစ္စက အိပ်ခန်းထဲမှာတင်မနေပဲ ဘုရားကျောင်းတွေ ဘုန်းကြီးကျောင်းတွေပါ ရောက်လာနေတာ ကောင်းတဲ့အရွေ့လို့တော့ ခေါ်နိုင်မယ်မထင်ပါဘူး။ လိင်တူ/ပြောင်း/စုံ/သူငယ်ကြိုက်စတဲ့ ကိစ္စတွေ အမေရိကန်ကျောင်းတွေအပြင် ကမ္ဘာမှာပါပြန့်ပွားဖို့ ဂျိုးအစိုးရက ၄.၁ဘီလီယံ သုံးထားပါတယ်။ ဒီမိုကရေစီရေးအတွက် တိုက်နေတဲ့ကိစ္စတွေမှာ ဘယ်လောက်များ သုံးနေသလဲ ယှဥ်ကြည့်ပါ။

ဂျိုးကာကွယ်ရေးဌာနကလည်း အခွန်ထမ်းပြည်သူတွေရဲ့ပိုက်ဆံထဲက ၁၁၄.,၇သန်းကို ဒိုင်ဗာစတီနဲ့ အင်ကလူးရှင်းကိစ္စတွေအတွက် တောင်းထားပါတယ်။ ဂျိုးပို့ဆောင်ရေးဌာနကလည်း ဒစ်အက်ဗန်းတေ့ချ်ကွန်မြူနတီတွေကို ကူညီဖို့ဆိုပြီး ပျက်နေတဲ့ အီးဗီချာဂျာတွေပြင်ဖို့ သန်း ၁၀၀ အသုံးပြထားပြန်ပါတယ်။ အဆင်မပြေတဲ့သူတွေနေတဲ့ ရပ်ကွက်တွေမှာ အီးဗီဘယ်သူစီးနိုင်မှာမို့လဲ။ စီးနိုင်တယ်ထားဦး၊ ဆီဆိုင်တွေလိုပဲ​ ဒါတွေက ဖရီးမားကက်က ဆောက်ရင်ဆောက်၊ တက်စ်လာလို ထုတ်လုပ်သူက ဆောက်ရင်ဆောက်ပဲ။ အစိုးရက ဝင်ပါနေရင် ဇီးသီးဗန်းပဲ ဖြစ်ကုန်မှာပါ။ အဲဒီလို မဆိုင်တာတွေ မဟားဒယားသုံးနေသ၍ ကုန်ဈေးနှုန်းလဲတက်၊ အခွန်တွေလည်းမြင့်နဲ့ ပြည်သူတွေဘဝ ကျပ်တည်းနေဦးမှာပဲဆိုတာ မြင်အောင်ကြည့်သင့်ပါပြီ။

ရီပါဘလစ်ကန်အောက်လွှတ်တော် စပီကာဟောင်း ကယ်ဗင်မက်ကာသီဟာ ဒီနှစ်ကုန်အပြီးမှာ လွှတ်တော်ကနေ အနားယူတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ ပြီးခဲ့တဲ့လက သူ့ကို စပီကာအဖြစ်က နှုတ်ထွက်ဖို့ မဲပေးခဲ့သူ တန်နက်စီအမတ် တင်မ်ဘာရှက်ကို တတောင်နဲ့တွတ်သွားပြီးနောက် ပြဿနာ ထပ်ရှုပ်လာမှာကို ရှောင်ရှားလိုတာ ဖြစ်နိုင်သလို လက်ရှိစပီကာ မိုက်ခ်ဂျွန်ဆင်နဲ့ယှဥ်ရင် သူက ပြည်သူ့အကျိုး ဦးထိပ်မထားတာ ပေါ်သွားတဲ့အတွက် ပေါလ်ရိုင်ယန်လို အပြင်ကနေထွက်ကစားဖို့ ပြင်တာလည်း ဖြစ်နိုင်ပါတယ်။ ပြည်သူ့အကျိုး ဦးထိပ်မထားတဲ့ နိုင်ငံရေးသမားများဟာ ဘယ်ပါတီကပဲဖြစ်ဖြစ် ခြစားတွေနဲ့ပဲ အတူတူရပ်ပါတယ်။

အမေရိကန်တဝှမ်းမှာ ဆေးရုံပေါင်း ၂၀၀ကျော် ပိတ်သွားခဲ့ပြီဖြစ်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်း ငွေကြေးအခက်အခဲကြောင့် ကျေးလက်ဒေသက နောက်ထပ်ဆေးရုံ ၆၀၀ ထပ်မံပိတ်သိမ်းသွားဖို့ ရှိနေပါတယ်။ အဲဒီပမာဏဟာ တနိုင်ငံလုံးက ကျေးလက်ဆေးရုံတွေရဲ့ ၃၀%နီးပါး ဖြစ်ပါတယ်။ အကျိုးဆက်က အနီးနားကလူတွေရဲ့ အရေးပေါ်ကျန်းမာရေးကိစ္စတွေထက် အများကြီးပိုတဲ့ သက်ရောက်မှုတွေ ဖြစ်လာပါတယ်။ ဆေးရုံမရှိတဲ့ဒေသမှာ မနေလိုပဲ ပြောင်းထွက်သွားကြတာဟာ ဒေသတွင်း အလုပ်အကိုင် တည်ငြိမ်မှု စတာတွေအကုန် ထိခိုက်ကုန်သလို အဆင်မပြေတော့တဲ့ ဒေသတွေထုံးစံအတိုင်း ရာဇဝတ်မှုတွေ မင်းမူလာနိုင်တာပါ။ ပြောရရင်​ ရာဇဝတ်မှုအားပေးတာရော မြို့ကြီးတွေမှာပဲ လူစုတာ ကြိုက်တာရောက ဒီမိုကရက်တွေ တွန်းနေတဲ့ ပုံစံဖြစ်နေတာပါ။ မဲပေးတာတွေကြည့်လိုက်ရင် မြို့ကြီးတွေလောက်ပဲပြာပြီး တပြည်လုံးက ရဲရဲနီနေတာကို မြင်ဖူးရင် သူတို့အကွက်ရွှေ့တာတွေကို မြင်လာမှာပါ။

အမေရိကန်မှာ အသက်ကြီးလာလို့ဖြစ်ဖြစ် ကျန်းမာရေးချို့တဲ့လာလို့ဖြစ်ဖြစ် တကိုယ်တည်း မရပ်တည်နိုင်တော့ရင် Assisted-living အိမ်ယာတွေမှာ နေကြရပါတယ်။ ကိုယ့်အိမ်ခန်းနဲ့ကိုယ် နေရပေမယ့် လိုအပ်လို့ လှမ်းခေါ်ရင် ကူညီပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ တဝန်းထဲမှာ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ အိမ်ငှားခက တလ ၅၀၀၀နဲ့ အထက်ဖြစ်ပြီး အကူအညီလိုတဲ့အခါ သွေးတိုင်းတာ ၁၂၊ ဆေးတခါထိုးရင် ၅၀၊ ဆေးမှာပေးရရင် တလ ၉၀ကျော်၊ အင်ဟေးလာ နေ့တိုင်းရှုရရင် ၃၁၅ စသဖြင့် လက်လီစိတ်ထပ်ကောက်ကြတဲ့အတွက် တော်ရုံပိုက်ဆံရှိသူ လက်လှမ်းမီတဲ့ အနေအထားမျိုး မဟုတ်တော့ပါဘူး။ အဲဒါကလည်း တိုင်းပြည်စီးပွားရေးတို့ ငွေဖောင်းပွမှုတို့နဲ့ အများကြီး ဆိုင်ပါတယ်။

Leave a comment