ဒီဇင်ဘာ ၁၁ ရက် ၂၀၂၃

ပြီးခဲ့တဲ့အပတ်ထဲမှာ ဂျိုးက ဆရာဝန်ဆေးစာနဲ့ ဝယ်ရမယ့် ဈေးကြီးတဲ့ ဆေးတွေရဲ့ မူပိုင်ခွင့်ကို အစိုးရကသိမ်းယူပြီး အစိုးရက ထုတ်လုပ်ဖြန့်ဖြူသွားမယ်လို့ ကြေငြာပါတယ်။ ဒါဟာ ဘာမှ မသိတဲ့ ကလေးဦးနှောက်နဲ့ အပေါ်ယံ တွေးကြည့်ရင် ဟုတ်သလိုလို ဖြစ်နေနိုင်ပေမယ့် တကယ်တမ်းမှာ ဘယ်လိုရှုဒေါင့်ကကြည့်ကြည့် ကြောက်စရာကောင်းတဲ့ အစီအစဥ်တခုဖြစ်ပါတယ်။ ဆေးတခု ထုတ်လုပ်ဖို့ မူပိုင်ခွင့်ရဖို့ စမ်းသပ်ရတာဟာ အချိန်ရော ပိုက်ဆံပါ အကုန်အကျ များလွန်းတာကြောင့် ဆေးကုမ္ပဏီတိုင်း နိုင်ငံတိုင်းတောင် လက်လှမ်းမမှီနိုင်ကြသေးပါ။​

စမ်းသပ်မှုတွေ အောင်မြင်လို့ မူပိုင်ခွင့်ရပြီး ထုတ်လုပ်တော့မယ်ဆိုမှ အစိုးရက ဝင်သိမ်းမယ်ဆိုတော့ နောက်ကို ဘယ်သူက ငွေလုံးငွေရင်းအကုန်အကျခံ အချိန်ပေးပြီး ဆေးကောင်းတွေထွက်အောင် စမ်းသပ်တာတွေ လုပ်ကြတော့မှာလဲ။ မဆလခေတ်က ပြည်သူပိုင်သိမ်းတာတွေလိုပဲ ဖြစ်နေမှာပေါ့။ အသိမ်းခံရတဲ့ကုမ္ပဏီလည်း အကျိုးယုတ်၊ အစိုးရကလည်း ကျွမ်းကျင်မှုမရှိ၊ စီးပွားရေး နားမလည်၊ ကိုယ်ပိုင်လုပ်ငန်းလို သဘောမထားနိုင်ပဲ လခစားစိတ်ဓါတ်နဲ့ဆိုတော့ ရှုံးပြီးရင်းရှုံး၊ ပြည်သူက ထပ်ထွက်လာနိုင်တဲ့ ဆေးကောင်းတွေ ရနိုင်ခြေ ဆုံးရှုံးတဲ့အပြင် စီးပွားရေးအရ အရှုံးပေါ်တာတွေကို အခွန်နဲ့ ဆပ်ရသေးတာ။ ဒါတွေက လက်ဝဲစနစ်သွားတဲ့ နိုင်ငံတိုင်း ကြုံခဲ့ရ ကြုံနေရတဲ့ကိစ္စတွေပါ။ နားလှည့် ပါးရိုက်မခံချင်ရင်တော့ သမိုင်းကို သိအောင်လုပ်မှဖြစ်ပါလိမ့်မယ်။

ခုရက်ထဲ ပွဲဆူသွားတဲ့ကိစ္စတခုကတော့ ဟားဗတ်၊ အမ်အိုင်တီ၊ ယူပန်စတဲ့ ထိပ်တန်းကျောင်းတွေက ကျောင်းသားတွေ အကြမ်းဖက်တွေဘက်ကပင်းပြီး ဂျုးတွေကို နိုင်ငံပျောက်အောင်လုပ်ဖို့ ပြင်းပြင်းထန်ထန် ဆန္ဒပြနေကြတဲ့အပေါ် အဆိုပါကျောင်းအုပ်ချုပ်သူတွေကို လွှတ်တော်က ခေါ်စစ်တာ ဖြစ်ပါတယ်။ နယူးယောက်က ရီပါဘလစ်ကန်အမတ် စတီဖာနစ်က ဂျူးတွေကို ဂျီနိုဆိုဒ်လုပ်ဖို့ နှိုးဆော်တာဟာ ဟားဗတ်ရဲ့ ဘူလီလုပ်တာ နှောက်ယှက်တာတွေနဲ့ ပတ်သက်တဲ့ ပေါ်လစီကို ချိုးဖောက်သလားလို့ ၃ဦးစလုံးကို မေးမြန်းရာမှာ ကျောင်းဥက္ကဋ္ဌ၃ဦးလုံးက အဲဒါက အခြေအနေပေါ် မူတည်ပါတယ်လို့ပဲ ဖြေကြပါတယ်။ သေချာထပ်မေးတဲ့အခါမှာ အမ်အိုင်တီဥက္ကဋ္ဌက လုပ်ရပ်မပါပဲ စကားလုံးသက်သက်နဲ့ဆိုရင် မချိုးဖောက်ပါဘူးလို့ ဆိုပါတယ်။ စကားနဲ့ နှောက်ယှက်တာက လက်မပါလို့ နှောက်ယှက်ရာမရောက်ဘူးလို့ ဆိုတာဟာ တော်တော့ကို ပစ်စလက်ခတ်နိုင်တဲ့ တာဝန်မဲ့ ဖြေကြားခြင်းပဲ ဖြစ်ပါတယ်။

 အဆိုပါစစ်မေးချက်ပြီးတော့ အဆိုပါတက္ကသိုလ်ကြီးတွေကို ငွေကြေးများစွာလှူဒါန်းနေတဲ့ သူဌေးကြီးများက ငါတို့ ဒီလိုအတွေးအခေါ်ရှိတဲ့သူတွေနဲ့ ဆက်လက်မတွဲနိုင်တော့ဘူးလို့ ကြေငြာကြသလို ကျောင်းသားဟောင်း၊ ဆရာဟောင်းတွေကလည်း အဆိုပါဥက္ကဋ္ဌများကို နှုတ်ထွက်ဖို့ တိုက်တွန်းကြပါတယ်။ ခုချိန်အထိ ယူပန်းကဥက္ကဋ္ဌတဦးသာ နှုတ်ထွက်သွားပါသေးတယ်၊ ဒါတောင် ဥပဒေပါမောက္ခအဖြစ်ကတော့ နှုတ်ထွက်သေးတာ မဟုတ်ပါဘူး။ ဟားဗတ်က တယောက်ကိုတော့ လူတွေနောက်ကြောင်းလှန်ကြတာမှာ သူမ ပါရဂူဘွဲ့စာတမ်းတင်တုန်းက သူများရေးထားတာတွေကို ခရက်ဒစ်မပေးပဲ ခိုးချထားတဲ့အကြောင်း ထွက်ပေါ်လာပါတယ်။

အဆိုပါ ဥက္ကဋ္ဌ ၃ဦးစလုံးက အမျိုးသမီးတွေချည့် ဖြစ်နေကြတာဟာ တိုက်ဆိုင်တယ်ဆိုတာထက် ဒီအီးအိုင်လို့ခေါ်တဲ့ ဒိုင်ဗာစတီ၊ အီကွတီနဲ့ အင်ကလူးရှင်းလို့ နာမည်လှလှပေးထားတဲ့ ကောသလအိပ်မက် အကောင်အထည်ဖော်ရေးလက်ဝဲလုပ်ငန်းစဥ်ကြောင့် ရာထူးနေရာ ရလာသူတွေ ဖြစ်နိုင်နေတာပါ။ ဆူပရင်းကုတ်က ကီတန်ဂျီဘရောင်းဂျက်ဆင်ဆိုလည်း အဲဒီလိုပါပဲ၊ မိန်းမဆိုတာ ဘာလဲဆိုတာတောင် ဖွင့်ဆိုဖို့ ခဲယဥ်းလွန်းနေတာပါ။ ဟာသမယ် ဟဲရစ်အကြောင်းတော့ ပြောစရာမလိုဘူးထင်ပါတယ်။ ရာထူးကို ပေါ်လစီကြောင့်မဟုတ်ပဲ အမှန်တကယ် ထိုက်ထိုက်တန်တန် ရလာသူတွေဆိုရင် ကျား/မ အသားအရောင် ဘာဖြစ်နေနေ ကိုယ့်သိက္ခာအပွန်းခံပြီး လက်ဝဲအစီအမံတွေကို ရုပ်ပျက်လောက်အောင် လိုက် မ နေစရာ မလိုဘူးထင်ပါတယ်။ အခုတော့ နှစ်ပါတီလုံးက အမတ် ၇၄ဦးက အဆိုပါ ၃ဦးကို ဆိုင်ရာဘုတ်အဖွဲ့တွေက ရာထူးကနှုတ်ပစ်ဖို့ လက်မှတ်ထိုး တောင်းဆိုစာပို့ထားပါတယ်။

အဆိုပါဂျူးဆန့်ကျင်ရေးဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်ပါတီမှာ လက်ဝဲစွန်းရောက်သူတွေက ဂျူးဂျီနိုဆိုဒ်ကို ထောက်ခံကြပေမယ့် တချို့ကလည်း ထောက်ခံကြတာ မဟုတ်ပါဘူး။ ထိုင်အတူ ထအတူ ယေးအတူ နေးအတူနဲ့ စီစီပီလောက်နီးနီးအပိုးကျိုးတဲ့ ဒီမိုကရက်ပါတီမှာ ဒီတခါတော့ ကွဲပြားမှုတွေ စတင်မြင်လာရပါပြီ။ ဒါဟာ လွတ်လပ်မှုအပေါ် သူတို့အမြင်ကို ပြတာ ဖြစ်နိုင်သလို သူတို့ရဲ့ အလှူရှင်တွေက ဂျူးထောက်ခံသူတွေ ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။  သေချာတာကတော့ ဒီကိစ္စကြောင့် ဂျိုးရဲ့ ပိုးလ်နံပါတ်တွေ ပိုဆိုးလာတာပါပဲ။

အဲဒါကိုထိန်းဖို့ ဟာမာ့စ်တွေကို ချေမှုန်းပစ်ဖို့ ပြောခဲ့တဲ့ တဦးတည်းသော ထင်ရှားတဲ့ ဒီမိုကရက်ဖြစ်တဲ့ ဟေလာရီကို ဂျိုးကမ်ပိန်းကို ကူဖို့ ပွဲထုတ်လာကြပါတယ်။ ဟေလာရီက သူ့ကိုယ်ကျိုးအတွက်ဆို ဘာပဲလုပ်ရလုပ်ရ ဘာပဲပြောရပြောရ အရေထူထူ မျက်နှာပြောင်ပြောင်နဲ့ ပြောမယ့်လုပ်မယ့် နိုင်ငံရေးပါး ဝချင်တိုင်းဝနေတဲ့ သူပါ။ ဒါကြောင့်လည်း ဟာမာ့စ်ကို အကြမ်းဖက်လို့တောင် မပြောနိုင်တဲ့ ဂျိုးအတွက် မဲဆွယ်ပေးဦးမှာပါ။ ထရမ့်ကိုမပြောနဲ့ ဒီဆန်းတစ်တို့ နစ်ကီတို့ကိုတောင် မနိုင်နိုင်တဲ့ ဂျိုးကမ်ပိန်းက ဖော်လိုဝါ ၂၇၇သန်းကျော်ရှိတဲ့ တေလာဆွစ်ဖ်ကို အပိုင်ကိုင်ဖို့ ကြိုးစားပါတယ်။ ၂၀၂၀တုန်းက ဟူစိန်ရော ဆယ်လီတွေရော ပေါင်းမဲဆွယ်တာတောင် လာမယ့်လူရှားနေတဲ့ ဂျိုးဟာ အခုလို တပြည်လုံး အကျပ်အတည်းတွေ ဒုက္ခပေါင်းစုံတွေ တွေ့အောင်လုပ်ထားပြီးတဲ့အခါမှာ (မိုးခဲ-တာကလွဲလို့) ကယ်နိုင်မယ့်သူ ရှိပါ့ဦးမလားလို့ ထင်မိပါတယ်။

ကယ်လီဖိုးနီးယားရဲ့ ကြွေးမြီပမာဏဟာ ဒေါ်လာ ၆၈ဘီလီယံ လိုငွေပြပြီး စံချိန်သစ်တင်လိုက်ပါပြီ။ မကြာခင်မှာ ငွေကြေးဘတ်ဂျက်အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့လာနိုင်ပြီး နောက် ၅နှစ်ဆိုရင် ၁၅၅ဘီလီယံအထိ လိုငွေပြသွားနိုင်တယ်လို့ ဥပဒေရေးရာ သုံးသပ်သူတဦးက ဆိုပါတယ်။ ဝင်ငွေခွန်က အရင်နှစ်ကထက် ၂၅% လျော့ရပြီးတော့ နယ်စပ်က ခိုးဝင်တွေ၊ အသားမည်းလို့လျော်ကြေးရတာတွေ အပါအဝင် မကုန်သင့်တဲ့ကိစ္စတွေမှာ ကုန်ကျစရိတ်တွေတိုးနေတာကြောင့် ဆက်ပြီး လိုငွေပြနေဦးမှာပါ။

ကယ်လီဖိုးနီးယားဟာ ပညာရေးနဲ့ပတ်သက်ပြီး တနိုင်ငံလုံးမှာ တဦးချင်းစီအပေါ် အသုံးစရိတ် အများဆုံးလို့ ဆိုနိုင်ပေမယ့် ဆန်ဖရန်စစ္စကိုက နာမည်ရှိကျောင်းကောင်းတွေက ကျောင်းသားတွေကို ပုဂ္ဂလိကကျောင်းတခုက စစ်ဆေးထားတာမှာတော့ စမ်းသပ်မှုမှာ ပါဝင်တဲ့ မူလတန်းကျောင်းသားတွေရဲ့ ၃%ကပဲ အတန်းနဲ့ညီတဲ့ စာတတ်မြောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါဟာလည်း ဟူစိန်အိုရဲ့ ပြည်ဖျက်စီမံကိန်းအရ ပညာရေးကို အရေး၊ အဖတ်၊ အတွက်နဲ့ မစစ်ဆေးတော့ပဲ​ တိုင်းတာလို့မလွယ်တဲ့ ဂရို့သ်တို့ အီကွတီတို့နဲ့ တိုင်းလိုက်တော့ စာတတ်ဖို့က မြောင်းထဲ ရောက်သွားတော့တာပါပဲ။ ပိုက်ဆံသုံးတယ်ဆိုတိုင်း ရလာဒ်မကောင်းတာ ပြောချင်တာပါ။

နယ်စပ်က ခိုးဝင်လာတဲ့သူတွေဟာ အဆင့်မြင့်ပစ္စည်းတွေသုံးပြီး အိမ်တွေကို ဖောက်ထွင်းတဲ့ ဂိုဏ်းတွေအဖြစ် အမေရိကန်မြို့ကြီးတွေမှာ စတင်လှုပ်ရှားနေကြကြောင်း စီဘီအက်စ်နဲ့ ဝက်စတန်းဂျာနယ်တို့က တင်ပြထားပါတယ်။ ကိုယ့်အနားကို မြန်မြန်ရောက်လာစေချင်ရင် ရာဇဝတ်မှုအားပေး ခိုးဝင်အားပေးသူများကိုပဲ​ ဆက်မဲပေးကြပါ။

Leave a comment