ဒီဇင်ဘာ ၂၈ ရက် ၂၀၂၃

ယူကေနိုင်ငံက လူသတ်သမားလို အဆိုးဆုံးရာဇဝတ်သားတွေကိုထားတဲ့ လုံခြုံရေးအမြင့်ဆုံး အကျဥ်းထောင်မှာ တကိုယ်တည်း တိုက်ပိတ်ချုပ်နှောင်ခံနေရတဲ့ ဂျူလီယန်အာဆန့်ချ်ကို တပ်ကာက ပြီးခဲ့တဲ့အပတ်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဂျာနယ်လစ်တဦးဖြစ်တဲ့ ဂျူလီယန်ဟာ မီဒီယာကြီးများရဲ့ လူမဆန်စွာ တိုက်ပိတ်ခံနေရပေမယ့် ဘာရာဇဝတ်မှုနဲ့မှ ပြစ်ဒဏ်ကျခံထားရခြင်းမရှိပဲ အမေရိကန်လက်မဲကြီးများဖြစ်ကြတဲ့ ထလရအဖွဲ့ကြီးများ၊ ခြနိုင်ငံရေးသမားများ၊ ဗျူရိုကရက်များရဲ့ အရှုပ်တော်ပုံတွေကို ပြည်သူကို ချပြခြင်းအပြစ်သာ ရှိခဲ့တာဖြစ်ပါတယ်။

သူ့ကို နာမည်ကြီးသွားစေတဲ့ ပထမဆုံးကိစ္စက ပန်တဂွန်က ဖုံးထားခဲ့တဲ့ အီရတ်နဲ့ အာဖဂန်မှာ ဖြစ်ခဲ့တဲ့ စစ်တွေအကြောင်း စာရွက်စာတမ်းတွေ ဗီဒီယိုတွေကို ဝီကီလိခ်ကနေတဆင့် ချပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အမေရိကန်တပ်တွေဝင်စဥ်မှာ အရပ်ထဲမှာ နေမြဲသွားမြဲသွားလာနေကြတဲ့ အရပ်သားတွေကို စက်သေနတ်တွေနဲ့ အပြုံလိုက်ပစ်ခတ်တဲ့ ဗီဒီယိုလည်း ပါပါတယ်။ အဲဒီဖွင့်ချမှုကြောင့် ဘယ်သူတဦးတယောက်မှ အန္တရာယ်ဖြစ်မသွားပေမယ့် ပြည်သူကိုလိမ်/ဖုံးထားခဲ့တဲ့ ပန်တဂွန်ကတော့ အရှက်ကွဲသွားခဲ့ပါတယ်။ အဲဒီကနေ နောက်နှစ်အတန်ကြာအထိ ဝါရှင်တန်နဲ့ မီဒီယာက သူ့ကို ရန်သူကြီးတယောက်လို မဆက်ဆံသေးပါဘူး။ သူတို့ အာဆန့်ချ်ကို တကယ်ကြောက်သွားတာက စီအိုင်အေက ဖုံးထားတဲ့ ကိစ္စတွေကို ၂၀၀၉-၂၀၁၀လောက်မှာ ဖွင့်ချလိုက်တာကြောင့်ဖြစ်ပါတယ်။

အဲဒီထဲမှာ ဟေလာရီရဲ့ အီးမေးလ်တွေထဲက အကြောင်းအရာတွေ၊ ဂိုလ်မန်ဆက်စ်မှာ ဟေလာရီပြောခဲ့တဲ့ ပြည်သူ့အကျိုးနဲ့ ဆန့်ကျင်နေတဲ့စကား၊ အဲဒီအချိန်အထိ ဟေလာရီက ပြည်သူ့ဘက်မှာရပ်သူလို့ ဟန်ဆောင်နေဆဲ၊ မီဒီညာကလည်း အဲဒီလို ပုံဖော်ပေးဆဲ၊ နောက်တော့ ဒီမိုကရက်ပဏာမရကပမတိုင်ခင်မှာ ဘာနေဆန်းဒါးစ်ကို ကျော်ပြီး ဒီအန်စီက ဟေလာရီကို ရွေးထောက်ခံလိုက်တဲ့အကြောင်း အပြန်အလှန်ပို့ထားကြတဲ့ အီးမေးလ်၊ အဲဒါတွေကြောင့် ဝါရှင်တန်မှာ အာဏာအပြင်းဆုံး ကေလာရီက အာဆန့်ချ်အပေါ် ထရမ့်ကို မုန်းသလောက် မုန်းသွားပြီး ရုရှားစပိုင်လိုလို သတင်းလွှင့်၊ နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိသူလို့သမုတ်ပြီး ဖမ်းခိုင်းတာပါ။

ဝါရှင်တန်မှာ ပိတ်ရက်ကြေငြာတာကစလို့ အကုန်လုံးက ကလပ်စီဖိုင်းချည့်ပဲဆိုတော့ ကလပ်စီဖိုင်းတွေ ချပြလို့ လုံခြုံရေးထိခိုက်တယ်ဆိုတာက စမကပုဒ်မနဲ့ စွဲသလို ဖြစ်နေတာပါ။ အဲဒီနောက် စီအိုင်အေအကြီးအကဲ ပွန်ပေယိုက အာဆန့်ချ်ကို လုပ်ကြံဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ၄၅အိမ်ဖြူက မခွာခင် လွတ်ငြိမ်းခွင့်တွေပေးချိန်မှာ အာဆန့်ချ်တို့ စနိုဒန်တို့ကို လွတ်ငြိမ်းပေးဖို့ အသံတွေညံလာခဲ့ပေမယ့် ပွန်ပေယိုတို့ ပန့်စ်တို့လို အက်စ်တာဘလစ်ရှ်မန့်ဘက်သားတွေက နိုင်ငံတော်အတွက် ဘယ်လိုအန္တရာယ်ကြီးကြောင်းတွေပြောပြီး မပေးဖို့ ဆွဲဆောင်ခဲ့ဟန်တူပါတယ်။ အာဆန့်ချ်ရော ထရမ့်ရောအပေါ် ခြအုံကြီးရဲ့ တုန့်ပြန်ပုံကိုကြည့်ရင် သူတို့စားခွက်မပျောက်ဖို့ ဘယ်လိုနည်းနဲ့မဆို ကုလထိုင်ကို မရအရ ဖမ်းဆုပ်ထားမယ့် ရည်ရွယ်ချက်တွေကို မြင်နိုင်မှာပါ။

တရုပ်အိပ်ထောင်ထဲမှာ ဂျိုးနဲ့အဖွဲ့တွေ ရောက်နေတဲ့ အကျိုးဆက်တွေက နက်နက်တူးကြည့်လေ ဆိုးရွားတာတွေ တွေ့လေပါပဲ။ ဂျိုးတက်နေတဲ့ ၃နှစ်အတွင်း အမေရိကန်ပင်စင်ဖန်းဒ်တွေထဲက ၆၈ ဘီလီယံက တရုပ်ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်နေပါတယ်။ အဲဒီထဲမှာ နယူးယောက်ပြည်နယ် ဘုံပင်စင်ဖန်းဒ်က ၈.၃၊ ကယ်လီဖိုးနီးယားပြည်သူ့ဝန်ထမ်းများပင်စင်စနစ်က ၇.၈၆၊ ကယ်လီဖိုးနီးယား ပြည်နယ်ဆရာများစနစ်က ၅.၀၂၊ ဆန်ဖရန်စစ္စကို ဝန်ထမ်းများပင်စင်စနစ်က ၃.၃ ဘီလီယံ၊ နယူးယောက်ပြည်နယ် (အစိုးရကျောင်း)ဆရာများပင်စင်စနစ်က ၃.၁ဘီလီယံတို့ဖြင့် အများဆုံးပါဝင်နေတာပါ။

တရုပ်ပြည်က အာဏာရှင်နိုင်ငံဖြစ်တဲ့အပြင် လက်ရှိဖြစ်နေတဲ့ စီးပွားရေး၊ နိုင်ငံရေး၊  ကျန်းမာရေး ပြဿနာတွေရော၊ အမေရိကန်အကျိုးကို မလိုလားတာရော၊ ဒေတာခိုးတာရောဆိုတော့ အဲဒီပင်စင်ဖန်းဒ်တွေ တန်ဖိုးကျ၊ ပလုံသွားခဲ့ရင် အသက်ကြီးမှ ဒုက္ခများကြရဦးမှာပါ။ ကမ္ဘာ့အကြီးဆုံး အက်ဆက်မန်နေ့ချ်မန့်ကုမ္ပဏီကြီး တွေက ခေါင်းဆောင်အများစုကလည်း လက်ဝဲအားပေးတဲ့ ပြည်ဖျက် ကမ္ဘာ့ရွာအိလိတွေဆိုတော့ ပြည်သူ့အကျိုး၊ ကုမ္ပဏီအကျိုးဆိုတာထက် လက်မဲအကျိုးကိုပဲ​ ဦးစားပေးတာကြောင့် ဂျိုးတို့လိုပဲ တရုပ်ကို အပြစ်မမြင် အချစ်ဝင်ပြီး လုံခြုံအရရော စီးပွားရေးအရရော အန္တရာယ်ရှိလာနိုင်တာတွေကို လွယ်လွယ်လေး ပလပ်လိုက်ကြမှာပါပဲ။

ဂျိုးတက်လာတဲ့ ၃နှစ်အတွင်းမှာ နယ်စပ်အပွင့်ကနေ လူ ၁၀သန်းလောက် အစစ်အဆေးမရှိ ဝင်လာခဲ့ပြီး အကျိုးဆက်တွေကတော့ ဆိုးရွားများပြားလှပါတယ်။ အကြမ်းဖက်တွေပါသလို လူသတ်မှု မုဒိမ်းမှုတွေကြောင့် အရင်အကြိမ်ကြိမ်ပြန်ပို့ထားပြီးသူတွေက ပြန်ဝင်လာပြီး အရင်လိုပဲ မုဒိမ်းကျင့် လူသတ်တာတွေ ပြန်ဖြစ်နေကြပါပြီ။ ထောင်တော့ ချပါတယ်၊ ရာဇဝတ်သားချစ်တဲ့ အပြာပြည်နယ်တွေမှာ အကြောင်းအမျိုးမျိုးပြပြီး ပြည်တွင်းမှာပြန်လွှတ်ကြဦးမှာပါ။ မလွှတ်ဘူးပဲထား၊ ထောင်သားတယောက်တယောက်အတွက် ကုန်ကျစားရိတ်က အချိန်ပြည့်အလုပ်လုပ်နေတဲ့ လူငယ်တယောက်ရဲ့ အသားတင်ဝင်ငွေထက် ပိုများပါတယ်။

လဝကတရားရုံးတွေမှာလည်း backlog ဖြစ်နေတဲ့အမှုပေါင်း ၃သန်း ကျော်သွားပါပြီ။ လဝကတရားသူကြီးတဦးကို လောလောဆယ်မှာတင် အမှုပေါင်း ၄၅၀၀ ပျမ်းမျှ ဖြစ်နေပါပြီ။ ခိုးဝင်တွေကြောင့် တရားဝင်ဝင်လာပြီး အမှန်တကယ် ခိုလှုံခွင့်လိုအပ်သူတွေက နှစ်ပေါင်းများစွာ ကြာသွားမယ်ဆိုရင် တရားပါ့မလား။ အခုလိုတွေ ဖြစ်နေတဲ့ကြားထဲမှာ ဂျိုးတို့အိမ်ဖြူက ဟစ်စပန်းနစ်အမတ်တွေကို ဘော်ဒါပေါ်လစီတွေကို ပြောင်းမပြစ်ပါဘူး၊ ဒီတိုင်းပဲ ထားမှာပါလို့ တိတ်တိတ်လေး ကတိပြုလိုက်ပါတယ်။ နယ်စပ်အပွင့်ထားတာကို ရီပါဘလစ်ကန်တွေတင်မကပဲ ဒီမိုကရက်ထဲက ဂျွန်ဖက်တာမန်းကပါ မဖြစ်သင့်ဘူးပြောလာပါပြီ။ ဂျူးထောက်ခံပြီး နယ်စပ်အပွင့်ကို ဝေဖန်ပြီး ပရိုဂရက်ဆစ်အဖြစ်ကိုပါ စွန့်လွှတ်ခဲ့တဲ့ ပင်ဆယ်လ်ဗေးနီးယားဆီနိတ်တာ ဖက်တာမန်းကို ဒီမိုကရက်တွေရော မီဒီယာတွေကပါ ဝိုင်းသမကြပါတယ်။

ဟားဗတ်တက္ကသိုလ်ဥက္ကဋ္ဌဒေါက်တာကလော်ဒင်းဂေး စာတမ်းတင်ရာမှာ ခိုးချခဲ့တဲ့စာတမ်းရဲ့ မူရင်းရေးသားသူ နိုင်ငံရေးသိပ္ပံပါမောက္ခဟောင်း ဒေါက်တာ ကာရိုလ်ဆွိန်းက ဟားဗတ်တက္ကသိုလ်ကို စိတ်မှန်တဲ့လမ်းကြောင်းပေါ် ပြန်တင်ပေးနိုင်မယ့် တကယ်အရည်အချင်းရှိတဲ့သူ၊ တကယ့်လစ်ဘရယ်စစ်စစ် ကိုသာ ခန့်အပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သူမရဲ့စာတမ်းဟာ ဆုပေါင်းများစွာရပြီး ဟားဗတ်ယူနီဗာစတီပရက်စ်က မူရင်းထုတ်ဝေထားတာဖြစ်လို့ အဲဒါကို ဟားဗတ်က မသိလိုက်တာ စဥ်းစားစရာ ဖြစ်နေတာပါ။ နှစ်ဦးလုံးကတော့ လူမည်းအမျိုးသမီးတွေပါပဲ။

လက်ဝဲစွန်းဒီအီးအိုင်ပေါ်လစီကြောင့် ထိပ်ပိုင်းရောက်လာသူတွေထဲက ကိုယ်ကျင့်တရားနဲ့ပတ်သက်လို့ သတင်းထွက်လာတဲ့ နောက်တဦးကတော့ ဆူပရင်းမ်ကုတ်မှာ နောက်ဆုံးခန့်လိုက်တဲ့ ကီတန်ဂျီဘရောင်းဂျက်ဆင်ပါ။ သူမအမျိုးသားက မက်ဒီကယ်လ်မယ်လ်ပရိုက်တစ်စ်အတွက် ၁၀နှစ်ကျော် အကြံပေးခရလာတဲ့ဝင်ငွေကို လွှတ်တော်ကို တင်ပြဖို့ ပျက်ကွက်ခဲ့ပါတယ်။ မက်ဒီကယ်လ်မယ်လ်ပရိုက်တစ်စ်ဆိုတာက လူနာကို မှားကုတာ၊ သေချာမကုတာ၊ ကုသမှု နှောင့်နှေးစေတာ၊ မလိုအပ်ပဲခွဲတာ၊ မှားခွဲတာ စတာတွေကြောင့် ဒုက္ခရောက်တာတွေ ပါဝင်ပါတယ်။ အမှုမဲ့အမှတ်မဲ့ အမှားမျိုးဆိုတာထက် ပိုလာခဲ့ရင် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်/ ခြိမ်းခြောက်မှုလို့ သတ်မှတ်ထားတာပါ။ အဲဒါကြောင့် ဖုံးဖိထားတာလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံရဲ့ အရေးအကြီးဆုံးအမှုတွေကို ဆုံးဖြတ်ပေးနေရတဲ့သူရဲ့ ကိုယ်ကျင့်တရားက ဘယ်လောက်အရေးကြီးလဲဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး။

Leave a comment