အမေရိကန်မှာ ခုနောက်ပိုင်း လူကြိုက်များလာတဲ့ စားသောက်ပုံတခုအကြောင်း ပြောပြချင်ပါတယ်။ အဲဒါကတော့ အသားနဲ့ ထောပတ်လို အဆီကောင်းကောင်းကိုပဲ စားသုံးတာပါ။ အသားဆိုတာမှာ သံဓါတ်နဲ့ အာဟာရဓါတ် အကြွယ်ဝဆုံးက အမဲသားဖြစ်ပေမယ့် အသား၊ ငါး၊ ပုဇွန်၊ ဥ၊ ပိုးကောင် အကုန်လုံး အကြုံးဝင်ပြီး အဲဒီအသားငါးတွေကို အရသာရှိဖို့ ဆားနဲ့ သောက်စရာ ရေကလွဲလို့ ဘာမှ မစားကြတာဖြစ်ပါတယ်။ အဆိုပါ High Fat Carnivore diet (HFCD)စစ်စစ်မှာ သကြား၊ အသီးအနှံ၊ အရွက်၊ အစေ့အဆံ၊ အခွံမာသီး ဘာမှ မပါဝင်ပါဘူး။
အသားဘယ်လောက်စားရမလဲဆိုတော့ အကြမ်းဖျဥ်း တနပ်ကို ၂၅-၃၀ဂရမ် ပရိုတီင်းနဲ့ အဆီ ၅၀ဂရမ်၊ တနေ့ ၃နပ် စားပေးဖို့ ဖြစ်ပါတယ်။ အဲဒီ တနပ်စာပမာဏဟာ အသား ၄အောင်စ တတုံးနဲ့ ထောပတ် ၁/၂ တောင့်လောက် ရှိပါတယ်။ ကြက်ဥတလုံးမှာတော့ အသားဓါတ် ၆ဂရမ်ပါပါတယ်။
အဆီအသားအဓိကထားစားရခြင်းအကြောင်းတွေက ခန္ဓာကိုယ်တည်ဆောက်ပြုပြင်မှုအတွက် အားဖြည့်ပေးဖို့နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ လည်ပတ်ဖို့ လိုအပ်တဲ့စွမ်းအင်ကို ကိုယ်တွင်းရောင်ယမ်းမှုကို ဖြစ်စေတဲ့ သကြားဓါတ်နဲ့ ကစီဓါတ်အစား အဆီကနေ ရစေရန်ဖြစ်သလို အဆီစားခြင်းဖြင့် စားလိုက်တဲ့ အာဟာရအပေါ်မှာ ကျေနပ်အားရပြီး အချိုတည်းချင်၊ တစွပ်စွပ်စားချင်စိတ်ကို ကျော်လွှားနိုင်မှာ ဖြစ်လို့ပါ။
အဆီရဲ့ နောက်အကျိုးတခုကတော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗိုက်တာမင်ဒီ၊ ဟော်မုန်းဓါတ် ထိန်းညှိပေးခြင်းနဲ့ ဆဲလ်အမြှေးပါးတွေအတွက် အထောက်အပံ့ဖြစ်စေတဲ့ ကိုလက်စထရောကို ရရှိစေတာဖြစ်ပါတယ်။ အသည်းက ကိုလက်စထရောထုတ်ပေးတယ်ဆိုပေမယ့် မလုံလောက်လို့သာ လူတွေမှာ ကျန်းမာရေးပြဿနာတွေ များပြားနေတာပဲဖြစ်ပါတယ်။ ထောပတ်နဲ့ တိရိစ္ဆာန်ဆီက အေးရင်ခဲတတ်တယ်ဆိုပေမယ့် လူ့ခန္ဓာကိုယ်အပူချိန်မှာ မခဲတာတော့ သိကြမယ်ထင်ပါတယ်။
အဆီကို စွမ်းအင်အတွက် အသုံးပြုရာမှာ ကစီနဲ့ သကြားကို လောင်ကျွမ်းပြီးရတဲ့ စွမ်းအင်လို ဘေးထွက်ဆိုးကျိုးမများပဲ သန့်သန့်လေးလောင်ကျွမ်းနိုင်တာက အဆီရဲ့ အားသာချက်ဖြစ်ပါတယ်။ အဆီဆိုရာမှာလည်း အစေ့အဆန်ဆီ၊ ဟင်းရွက်ဆီတွေကို ပြောတာမဟုတ်ပဲ တိရိစ္ဆာန်ကရတဲ့ ပြည့်ဝဆီကို ပြောတာပါ။ ပြည့်ဝဆီကို အမေရိကန်အီလိကြီးများနဲ့ ဗျူရိုကရက်များ မီဒီညာများ ပူးပေါင်းပြီး စနစ်တကျ ခြိမ်းခြောက်ထားကြတဲ့အတွက် ဆရာဝန်တွေကအစ ကြောက်နေကြပါတယ်။ ဒါပေမယ့် ပြည့်ဝဆီကို ထုတ်လုပ်တဲ့နေရာမှာ ဟင်းရွက်ဆီတွေလို ဓါတုပစ္စည်းတွေနဲ့ ဘာမှအတွေအထူး ပြုပြင်ထုတ်ယူစရာ မလိုသလို နှစ်ပေါင်းထောင်သောင်းမက စိတ်ချလက်ချ စားသုံးလာခဲ့ကြတာဖြစ်ပါတယ်။
သကြားနဲ့ကစီဓါတ်က ရောင်ကိုင်းစေတာ ဟုတ်ပါပြီ၊ အသီးအရွက်က ဘာလို့ရှောင်ရတာလဲ ဆိုတော့ သဘာဝကြီးမှာ ရှင်သန်နေကြတဲ့ အပင်၊ သတ္တဝါတွေအားလုံးမှာ ကိုယ့်မျိုးစိတ်ကို ထိန်းသိမ်းဖို့နဲ့ အန္တရာယ်ကို ကာကွယ်ဖို့ သဘာဝကပေးအပ်ထားတဲ့ အကာအကွယ်စနစ်တွေရှိပါတယ်။ သတ္တဝါတွေမှာ အစွယ်၊ ဂျို၊ အဆိပ်၊ ဆူးတောင်၊ လက်/ခြေသည်း၊ လျှင်မြန်မှု၊ အရောင်အသွေး၊ စတာတွေရှိပြီး အပင်တွေမှာတော့ အဆိပ်ဓါတ်၊ ဆူး၊ အရသာ၊ ဓါတ်မတည့်စေတဲ့ အလာဂျန်တွေ ဖြစ်ပါတယ်။ အဲဒါကြောင့် အသား/ငါးတွေနဲ့ ဓါတ်မတည့်သူမရှိပဲ အပင်တွေနဲ့ ဓါတ်မတည့်သူတွေသာ ရှိကြတာဖြစ်ပါတယ်။ အခွံပါငါးတချို့နဲ့ ဓါတ်မတည့်တာကတော့ အဲဒီအသားထက် သူတို့စားတဲ့ ရေမှော်တမျိုးကို ဓါတ်မတည့်တာလို့ neuro surgeon Dr. Anthony Chaffee က ဆိုပါတယ်။
Dr. Chaffee ဟာ ဗီဂန်အဖြစ် ၁နှစ်ကျော်စားသုံးခဲ့သူဖြစ်ပြီး ဆေးကျောင်းမှာ သူ့ botany ပါမောက္ခက အပင်တွေရဲ့ ကာကွယ်ရေးစနစ်အကြောင်း ပြောပြပြီးနောက်မှာ ဗီဂန်အဖြစ်ကို စွန့်လွှတ်ပြီး HFCD ကို ကျင့်သုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူ့ကျန်းမာရေး၊ ပေါ့ပါးဖြတ်လတ်မှုနဲ့ ဦးနှောက်ကြည်လင်မှုတွေက ဗီဂန်ဘဝကနဲ့စာရင် နေ့နဲ့ညလို ကွာခြားသွားပြီလို့ ဆိုပါတယ်။
High Fat Carnivore diet မှာ အမေးများတာတွေက အသီးအရွက် ဖိုင်ဘာမစားရင် ဝမ်းချုပ်မှာပေါ့၊ ဗိုက်တာမင်စီ ဘယ်ကရမလဲ၊ ကိုလက်စထရောတက်လိမ့်မယ်၊ အဆီစားရင် အသည်းပျက်မယ်၊ နှလုံးသွေးကြောပိတ်တာတို့၊ သွေးတိုးတို့၊ ကင်ဆာတို့ ဖြစ်မှာပေါ့၊ ငွေကုန်ကြေးကျများမှာပေါ့၊ စတာတွေဖြစ်ပါတယ်။ Dr. Robert Lustig က ဖိုင်ဘာမစားပေမယ့် အသားနဲ့ အဆီကရတဲ့ အမီနိုအက်ဆစ်တွေနဲ့ အော်ဂဲနစ်အက်ဆစ် တွေကြောင့် ဝမ်းသွားတဲ့ကိစ္စမှာ ပြဿနာမရှိပါဘူးလို့ ဆိုပါတယ်။ ကစီဓါတ်နဲ့ အသီး/အရွက် စားသူတွေမှာ ဖိုင်ဘာတွေကို မခြေနိုင်တဲ့အတွက် အစာခြေလမ်းကြောင်းမှာ ပိုကြာသလို အစာဟောင်းထုထည်လည်း ပိုကြီးပါတယ်။ HFCD မှာတော့ စားသလောက် အာဟာရအဖြစ် အူကစုပ်ယူနိုင်မှု မြင့်မားတဲ့အတွက် ဝမ်းသွားတဲ့ပမာဏနဲ့ အကြိမ်ရေ နည်းသွားမှာဖြစ်ပြီး အဆီလုံလုံလောက်လောက်စားနေသ၍ ဝမ်းမချုပ်ကြောင်း Dr. Ken Berry က ဆိုပါတယ်။
ဗိုက်တာမင်စီကလည်း အသားငါးကနေ ရနိုင်တာပါပဲ။ အကုန်အကျကလည်း ကြက်ဥ၊ ချက်ရာကနေ ထွက်လာတဲ့ ဝက်/အမဲဆီ၊ ငါးကလေး ပုဇွန်သေးသေး၊ ပိုးကောင်လေးတွေ စသဖြင့်စားရင် အကုန်သက်သာနိုင်ပါတယ်။ ကာနေဗိုဘုရင်လို့ သူ့ကိုယ်သူမွှန်းထားတဲ့ မိသားစုဆရာဝန် Dr. Ken Berryက အပေါဆုံးအသား ငါး စည်သွတ်ဗူး ဘာပဲဖြစ်ဖြစ် တတ်နိုင်တာ ကိုသာစား၊ သကြား၊ ကစီ၊ အရွက်၊ ဟင်းရွက်ဆီ၊ အသင့်စားမုန့် စတာတွေစားတာထက်တော့ ပိုအကျိုးရှိမယ်လို့ ဆိုပါတယ်။
ကိုလက်စထရောကတော့ တယောက်နဲ့တယောက် မတူကြတဲ့အတွက် သိပ်မတက်သူတွေရှိသလို တက်ကြသူတွေလည်း များပါတယ်။ အဲဒါဆို နှလုံးရောဂါဖြစ်မှာပေါ့လို့ အထင်မစောကြပါနဲ့။ နှလုံးရောဂါကို ဖြစ်စေနိုင်တာက Remnant Cholesterol လို့ John Hopkins University ရဲ့ သုတေသီတွေက တွေ့ရှိထားသလို အဲဒီအချက်ကို လက်ခံလာကြတဲ့ နှလုံးနဲ့ အခြားဆရာဝန်တွေလည်း တိုး၍တိုး၍သာ လာနေပါတယ်။ Remnant Cholesterol ဆိုတာက Total Cholesterol – (HDL + LDL) ဖြစ်ပါတယ်။ အဲဒီမှာ ဘာကျန်သလဲဆိုတော့ triglyceride ကြွယ်ဝတဲ့ VLDL, IDL တို့ ကျန်ပါတယ်။ ပညာရှင်တွေကတော့ Remnant Cholesterol < 17mg/dL အောက်ဆိုရင် နှလုံးအတွက် စိုးရိမ်စရာ အနည်းဆုံးလို့ ဆိုပါတယ်။ ၅နှစ်အထက် အဆီအသားစားနေသူတွေမှာတောင် ရောင်ကိုင်းမှုကို ဖြစ်စေတဲ့ Remnant Cholesterol က ၁၀မကျော်ကြပဲ LDL နဲပေမယ့် နှလုံးဖောက်တဲ့သူတွေ ရှိတာကိုလည်း နှလုံးဆရာဝန်တချို့က ထောက်ပြကြပါတယ်။
မနေ့ကတင်တဲ့ Dr. Ford Brewer ပြောသွားတဲ့ နှလုံးဖောက်စေတဲ့ အကြောင်းရင်းတွေမှာ အဓိကက ရောင်ရမ်းတာဖြစ်ပြီး လူအများက အသား(အထူးသဖြင့် အနီရောင်အသားကို) ရောင်ကိုင်းစေတယ်လို့ ယုံကြည်မှုမှားယွင်းနေကြပါတယ်။ အမှန်က သကြားဓါတ်တွေက ရောင်ကိုင်းစေတာဖြစ်သလို ကစီဓါတ်ကိုလည်း လူများစုက ခြေဖျက်နိုင်မှုအားနည်းတဲ့အတွက် ရောင်ကိုင်းစေနိုင်တာပါပဲ။ သွေးတိုးတယ်ဆိုတာလည်း ဆားစားလို့ ဖြစ်ရတယ်ဆိုတာထက် နာတာရှည်ရောင်ရမ်းခြင်းကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် ဆားဘယ်လိုရှောင်ရှောင် သွေးတိုးက ပျောက်မသွားတာဖြစ်ပါတယ်။
ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရနိုင်အောင် စနစ်တကျ စားသုံးပေးသွားတာနဲ့အမျှ ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ autoimmune၊ သိုင်းရွိုက်ရောဂါတို့အပြင် အော်တစ်ဇင်၊ ဒီမန်းရှာစတဲ့ ရောဂါတွေပါ သက်သာပျောက်ကင်းသွားကြကြောင်း သက်သေခံထားသူတွေ Dr. Ken Berry တဦးတည်း သုတေသနလုပ်ထားတာတင် ထောင်ချီနေပါပြီ။ သွေးစစ်ချက်တွေအရ AST, ALT, GFR, creatinine, glucose, စတဲ့နံပါတ်တွေ ကောင်းမွန်လာကြတဲ့အတွက် အဆီ အသားအစားများလို့ အသည်း/ကျောက်ကပ် ပျက်တယ်ဆိုတာ မဟုတ်ကြောင်း သိနိုင်ပါတယ်။ ဒေါက်တာ Berry ကိုယ်တိုင်လည်း အဝလွန်၊ ဆီးချိုရောဂါရှိခဲ့ပြီး တခြားပြဿနာတွေတော်တော်များများ ခံစားခဲ့ရသူပါ။
ဂျော်ဒန်ပီတာဆန် ဆိုရင် သူရော သူ့သမီးပါ autoimmune ရောဂါတွေ ဆိုးဆိုးရွားရွား ခံစားနေရတာဖြစ်ပြီး မိသားစုလိုက် ခြင်္သေ့စားသလို စားတော့မှ ရောဂါတွေပျောက်ရှင်းသွားတဲ့အတွက် ငယ်ငယ်ကလို ပေါ့ပါးဖြတ်လတ်မှု၊ အာရုံစူးစိုက်နိုင်မှုတွေ ပြန်ရရှိလာပြီး အဆီပိုတွေကျ ကျစ်လစ်သွားတယ်လို့ဆိုပါတယ်။ ဂျော်ဒန်ပီတာဆန်ရဲ့ သမီးဟာ juvenile rheumatoid arthritis ရှိခဲ့ပြီး အသက် ၁၆နှစ်မှာ ခြေကျင်းဝတ်နဲ့ တင်ပဆုံရိုး အစားထိုးထားရသူဖြစ်ပါတယ်။ HFCD စားသုံးသူများမှာ တွေ့ရှိရတဲ့ ထူးခြားချက်ကတော့ သူတို့ဟာ ပျော်ရွှင် ပေါ့ပါးတက်ကြွနေပြီး သူတို့ရဲ့ အသားအရေတွေ၊ မျက်လုံးတွေဟာ ကြည်လင်တောက်ပ နေတာပါပဲ။
အီရီဇိုးနားမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူ သက်ကြီးများအတွက် ဝန်ဆောင်မှုလုပ်ငန်း ထူထောင်ထားသူ လေသူရဲဟောင်းတဦးက သူကိုယ်တိုင် HFCD အကျိုးလက်တွေ့ခံစားပြီးနောက်မှာ သူ့ဂေဟာမှာ ရောက်ရှိနေသူ ဒီမန်းရှားရောဂါသည်အချို့ကို အဆိုပါစားသောက်မှုပုံစံနဲ့ ကျွေးကြည့်ရာမှာ ၆လလောက်အတွင်း သတိကောင်းမွန်လာလို့ အိမ်ပြန်ပြီး မိသားစုနဲ့အတူ ပုံမှန်နေနိုင်သွားတာ တွေ့ရသလို ကောင်းကောင်းမစားနိုင်လို့ အားနည်းချိနဲ့နေသူ များလည်း သကြား၊ ကစီနဲ့ အသီးအရွက်အစား အသားနဲ့အဆီကို သူတို့စိတ်တိုင်းကျ ချက်ကျွေးခြင်းဖြင့် ကိုယ်အလေးချိန် တက်လာကြပြီး အင်အားပြည့်လာကြပါတယ်။ ကိုယ်အလေးချိန်သိပ်များလွန်းတဲ့ သူတွေလည်း တနှစ်အတွင်း ပေါင် ၁၀၀ကျော်လောက် ကျဆင်းပြီး ကျန်းမာသွက်လက်လာတာ တွေ့ရတယ်လို့ သိရပါတယ်။ မိအိုဘအိုနဲ့ သက်ကြီးသူတွေကို အမှန်တကယ်အားရှိစေချင်ရင် သကြားတွေနဲ့လုပ်တဲ့ ensure တို့ ငှက်သိုက်ဗူးတို့ အချိုရည်တို့ မုန့်တို့အစား အသား၊ ဥ၊ ထောပတ်ကျွေးပြီး ရိုးတွင်းခြင်ဆီရမယ့် အရိုးတွေကိုသာ ပြုတ်တိုက်ကြပါလို့ တိုက်တွန်းပါတယ်။
U.C. San Diego က သုတေသီတွေက ဆေးကုလို့မပျောက်တဲ့ စိတ်ကျရောဂါ၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်စိတ်တွေနဲ့ အာဟာရချို့တဲ့နေမှုတွေ ဆက်စပ်နေတာကို တွေ့ရှိထားပြီး အသား၊ ငါး လုံလုံလောက်လောက် ပုံမှန်စားသွားပေးခြင်းဖြင့် လိုအပ်တဲ့အာဟာရဓါတ်တွေရရှိကာ ကိုယ်ရော စိတ်ပါ ကျန်းမာလာမယ်လို့ သုံးသပ်ထားပါတယ်။
အဲဒီလိုပြောလို့ အားလုံးပန်းခင်းသောလမ်းဖြစ်ပြီး နတ်ရေကန်ထဲ ပစ်ချလိုက်သလိုဖြစ်လိမ့်မယ် လို့တော့ မထင်စေချင်ပါဘူး။ တသက်လုံး စားလာခဲ့တဲ့ ပုံစံကို ပြောင်းလဲပစ်ရတာဖြစ်တဲ့အတွက် အစပိုင်းမှာ ခန္ဓာကိုယ်က ဝမ်းလျောတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းတာ၊ စသဖြင့် ဆန္ဒပြပါလိမ့်မယ်။ အရက်/ဆေးဖြတ်သူတွေလိုပဲ ခန္ဓာကိုယ်ကို အပြောင်းအလဲနဲ့ အသားကျဖို့ အချိန်တခုတော့ ပေးရပါတယ်။ အပြောင်းအလဲကြီးလေ အသားကျဖို့ အချိန်ယူလေပါပဲ။ ရက်ပိုင်းကနေ ၂ပတ် လောက်တော့ အချိန်ယူရပါတယ်။ Dr. Ken Berry က ထိထိရောက်ရောက်ဖြစ်ဖို့ဆိုရင် HFCD ကို တနေ့ ၃နပ်နဲ့ ၃လ စမ်းဖို့လိုကြောင်း၊ တနပ်နဲ့ တနပ်ကို အချိန်တခုသတ်မှတ်ပြီးစားဖို့၊ ကြားထဲမှာ ဘာမှ မစားဖို့နဲ့ ၃လပြည့် ပြီးမှ ရှေ့ဆက်/မဆက် စဥ်းစားသင့်ကြောင်း အကြံပြုထားပါတယ်။
HFCD စားစမှာ ဝမ်းလျောတာက electrolyte မျှခြေပျက်လို့ ဖြစ်တဲ့အတွက် အစပိုင်းမှာ အသားကို ဆားပိုပိုသာသာလေး နယ် (ဆားပိုစား)ပေးဖို့နဲ့ ဓါတ်ဆားရည်လိုမျိုး ဖြည့်သောက်ပေးဖို့ အကြံပြုကြပါတယ်။ တယောက်နဲ့တယောက် ခန္ဓာကိုယ်ခံနိုင်အား၊ တုန့်ပြန်ပုံတွေ မတူညီကြတဲ့အတွက် စမ်းကြည့်ချင်သူများ နဲနဲချင်းစပြီး ပိတ်ရက်ရှည်ရမှ တကယ်စဖို့ လိုပါတယ်။ လူအများစုဟာ တကယ့်အာဟာရဓါတ် မပါသလောက်ဖြစ်တဲ့ စက်ရုံထုတ် အစာမျိုးစုံစားတာ ကြာပြီဖြစ်လို့ တကယ်လိုအပ်တဲ့ အာဟာရဓါတ်တွေ နည်းနေတတ်ကြပါတယ်။ အဲဒါကြောင့် ရောဂါရှိသူများ အစပိုင်းမှာ fasting မလုပ်သေးပဲ တနေ့တာအာဟာရလိုအပ်ချက်ကို ၃နပ်လောက် ခွဲသုံးဆောင်ပေးဖို့ Dr. Bright က အကြံပြုပါတယ်။
(စာရှည်သွားပြီဖြစ်လို့ HFCD က အမျိုးသမီးကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုတယ်ဆိုတာကို နောက်တရက်မှ တင်ပေးပါမယ်။)