လူတွေရဲ့ ရောဂါတွေကို သဘာဝနည်းနဲ့ ပြန်လည်ကောင်းမွန်အောင် ကုသပေးတဲ့ Naturopathy ဆရာဝန် Dr. Elizabeth Bright က အဆီနဲ့ အသားဓါတ်ဟာ အထူးသဖြင့် အရွယ်သုံးပါးသော အမျိုးသမီးတွေအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဆီကြောက် အသားကြောက်ကြတဲ့ခုခေတ်မှာ ကစီ သကြားပိုစားကြတဲ့ မိန်းကလေးငယ်တွေ အပျိုဖော်ဝင်တဲ့အသက်က ၁၀နှစ်အောက်ရောက်လာသလို ဓမ္မတာနဲ့ ပါတ်သက်တဲ့ ရောဂါတွေ အဖြစ်များလာတာကြောင့် ကလေးမရကြတာတွေ၊ ရေအိတ်တည်တာတွေ၊ အရွယ်မတိုင်ခင် သွေးဆုံးလက္ခဏာ ပြလာတာတွေ များပြားလှပါတယ်။
အမျိုးသမီးတွေမှာ Cholesterol လုံလုံလောက်လောက် မရတဲ့အခါ ဟော်မုန်းမညီမျှတာကနေ ရာသီမမှန်၊ သိုင်းရွိုက်ပြဿနာတွေ ဖြစ်လာတတ်ပြီး နောက်ဆက်တွဲအနေနဲ့ စိတ်ဓါတ်ကျခြင်း၊ အလွန်အကျွံစားမိခြင်း၊ အစားရှောင်ခြင်းကနေ စိတ်ရောဂါတွေအထိ ဖြစ်လာတတ်ပါတယ်။ စိတ်ဆရာဝန်က စိတ်ရောဂါအတွက် ဆေးတွေ ပေးကြမှာဖြစ်ပြီး ဟော်မုန်းမညီမျှလို့ သွေးဆုံး လက္ခဏာ ပြနေတဲ့ အမျိုးသမီးတွေကို ဟော်မုန်းအစားထိုးကုသမှု HRT တွေပေးကြတာပါ။ တချို့ အသက် ၃၀ကျော်လောက်ပဲ ရှိသေးတဲ့ အမျိုးသမီးတွေတောင် HRT သောက်နေရတာပါ။ ပြဿနာက HRT ဆေးတွေက ကိုလက်စထရောကို ကျစေတာပါ။ အဲဒီမှာ ဂျာအေးသူ့အမေရိုက် ပြန်တာပါပဲ။
အဆီစားပေးတဲ့အခါမှာ အမျိုးသမီးတွေအတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ဟော်မုန်းအမျိုးမျိုးကို ကိုလက်စထရောက အပိုအလိုမရှိအောင် ထုတ်လုပ်ပေးတာဖြစ်တဲ့အတွက် ဟော်မုန်းမညီမျှလို့ ဖြစ်ရတဲ့ရောဂါတွေ ကင်းသွားပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များလာတဲ့ PCOS ဟာ insulin resistance ကြောင့်ဖြစ်နိုင်သလို high cortisol ကြောင့်လည်း ဖြစ်နိုင်တာကြောင့် HFCD စားခြင်းဖြင့် insulin ကိုရော cortisol ကိုပါ ထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အဆီကို အစာက မရတဲ့အခါ လိုသမျှအသည်းကနေ အင်တိုက်အားတိုက် ထုတ်ပေးနေရတာဖြစ်လို့ အာဟာရက ရလိုက်တဲ့အခါ အသည်းဝန်ပိတာကိုလည်း ရှောင်ရှားနိုင်သွားပါတယ်။
ကစီတွေ အသီးချိုတွေ သကြားတွေစားတော့ ရောင်ကိုင်းခြင်းနဲ့အတူ ဆီးချိုနဲ့ ကိုယ်အလေးချိန် တက်တာတွေ ဖြစ်လာပါတယ်။ အာဟာရအစစ်တွေ မရနေတဲ့အချိန်မှာ ကိုယ်အလေးချိန်ကိုချဖို့ အစားလျော့လိုက်ပြန်တော့ ခန္ဓာကိုယ်က အသက်မသေဖို့အတွက် ရှိတဲ့အဆီလေးတွေကို ဆုပ်ကိုင်ထားလိုက်တဲ့အခါ ကိုလက်စထရောက တက်ပြန်ပါတယ်။ အဲဒီလိုတက်တာက ကောင်းတဲ့ HDL, LDL တွေတက်တာမဟုတ်ပဲ မကောင်းတဲ့ triglyceride တို့ VLDL တို့တက်တာ ဖြစ်နေတာပါ။ HFCD စားရင် fasting လုပ်သလိုပဲ HDL နဲ့ LDL တက်ပြီး triglyceride တို့ VLDL တို့ကျပါတယ်။ Texas, Webster, Clear Lake Hospital က နှလုံးရောဂါဌာနမှူး Dr. Nadir Ali က HDL နဲ့ LDL မြင့်တဲ့သူတွေဟာ ကင်ဆာ၊ သွေးတိုး၊ လေဖြတ်၊ နှလုံးအပါအဝင် လူသတ်ရောဂါကြီးတွေ ဖြစ်နိုင်မှုနည်းပြီး အသက်ပိုရှည်ကြပါတယ်တဲ့။ Remnant cholesterol ဆိုတဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ လက်ကျန်ကိုလက်စထရောများနေသူတွေမှာတော့ နှလုံးဖောက်တာတွေ ပိုတွေ့ရပါတယ်။
HFCD စားခြင်းဖြင့် ဟော်မုန်းဓါတ်ထိန်းညှိပေးနိုင်တာဟာ အမျိုးသမီးတွေတင်မက အမျိုးသားတွေကိုပါ အကျိုးပြုပါတယ်။ ကစီ သကြား အစားများသူအမျိုးသားတွေမှာ မ ဟော်မုန်းတွေ များလာပြီး ရင်သားစူ၊ ဗိုက်ပူတာကနေ ကျားဟော်မုန်းချို့တဲ့၊ မျိုးမအောင်၊ စိတ်ဓါတ်ကျကနေ ED အထိ ဖြစ်ကြပါတယ်။ ကစီသကြား အစားများတဲ့ ကလေးတွေမှာလည်း ADHD လို ပြဿနာတွေ ဖြစ်တတ်ကြပါတယ်။ HFCD စားသူတွေမှာ ကျား/မအလိုက် ဖြစ်သင့်တဲ့ ဟော်မုန်းတွေ မျှတစေတာကြောင့် အဆီကျပြီး ကြွက်သားတွေ ပေါ်လွင်လာတဲ့အပြင် ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ ED ပါ ပျောက်ကင်းသွားတယ်လို့ coach Raymond Nazon က သူ့အတွေ့အကြုံကို ရှင်းပြထားပါတယ်။
ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရ မရနေလို့၊ ရောဂါ/ဆေး/မတည့်စာ တခုခုကို တုန့်ပြန်ရလို့၊ အလုပ်ဝန်ပိလို့၊ စိတ်အနှောက်အယှက်ဖြစ်လို့၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်မိလို့ စသဖြင့် ဖိစီးမှုတွေများလို့ ကော်တီဆော ဆောင့်တက်ခဲ့ရင် ကိုယ်ထဲမှာ သိုလှောင်ထားတဲ့ ဂလူးကို့စ်တွေကို ထုတ်ပေးလိုက်တဲ့အတွက် သွေးထဲ သကြားဓါတ် မြင့်တက်သွားပါတယ်။ အဲဒီလို ခဏခဏ နာတာရှည်ဖြစ်လာရင် type 2 ဆီးချိုဖြစ်လာတာပါပဲ။ ဆီးချိုဆေးတို့ အင်ဆူလင်တို့ကြောင့် သွေးတွင်းသကြားဓါတ် တအားကျသွားပြန်ရင်လည်း ဖိစီးမှုတွေဖြစ်ပြီး cortisol ဆောင့်တက်ပြန်တော့ သံသရာလည်ပြီး ဆီးချိုဟာ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါမဟုတ်သလို ဖြစ်သွားပါတယ်။
ကော်တီဆောကို ငြိမ်နေအောင် ထိန်းထားဖို့မှာ အဆီစားသုံးမှုက ပဓါနကျပါတယ်။ အဆီဟာ anti-inflammatory ဖြစ်တဲ့အတွက် စိတ်ဖိစီးမှု များတဲ့အခါမျိုးမှာ အချိုသွားစားမယ့်အစား ထောပတ် စားလိုက်တာက ပိုအကျိုးရှိတယ်လို့ ဆိုပါတယ်။ ညဖက်ဆီးထသွားရတာကလည်း adrenal dysfunction ဖြစ်တဲ့အတွက် cortisol ကို ငြိမ်သွားအောင် မအိပ်ခင် အဆီစားပြီး ညဖက်နိုးရင်လည်း အဆီထပ်စားပေးသင့်တယ်လို့ ဆိုပါတယ်။ Fasting လုပ်မှ ပိုနေလို့ကောင်းသူများဟာ အဆီစားလို့ fasting မပျက်တဲ့အတွက် fat-fasting လို့ခေါ်တဲ့ အဆီနဲ့ ရေပဲစားတာကို ကျင့်သုံးလို့ရပါတယ်။ ကစီ သကြားစားသူတွေမှာ အစာခြေဖို့ ရေနဲ့ဆားဓါတ်လိုတဲ့အတွက် ခန္ဓာကိုယ်က ထိန်းပေးထားပါတယ်။ HFCD မှာ အဲဒီလိုထိန်းဖို့မလိုတဲ့အတွက် ရေက ၁.၅-၂လီတာလောက် သောက်ပေးရပါတယ်။
Dr. Bright အကြံပြုတဲ့ တနေ့စားသင့်တဲ့ အဆီအသားပမာဏဟာ ရောဂါခံစားနေရတဲ့ အမျိုးသမီးတွေ အတွက် အနည်းဆုံး 1-1.2g/KG အမျိုးသား 1.2-1.4 g/KG ဖြစ်ပြီး အဆီအသားအချိုးက အမျိုးသမီး 80:20 စားရန်ဖြစ်ပြီး အမျိုးသား 70:30 ဖြစ်ပါတယ်။ ရောဂါတွေသက်သာပျောက်ကင်းသွားမှ အသားကို ကိုယ့်ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ပမာဏအထိ တိုးစားလို့ ဆိုပါတယ်။ ပရိုတိန်းက ခန္ဓာကိုယ် ခြေဖျက်နိုင်တာထက် ပိုစားရင် သကြားဓါတ်အဖြစ်ပြောင်းပြီး ခန္ဓာကိုယ်မှာ သိုလှောင်ထားမှာဖြစ်လို့ အသားကို လိုတာထက် ပိုမစားစေချင်တာပါ။ ပရိုတိန်းဆိုရာမှာလည်း အသင့်စားပရိုတိန်းဘားတွေ ပရိုတိန်းအမှုန့် တွေကို ရှောင်ရပါတယ်။ အသားမှာလည်း အမဲသားက အာဟာရဓါတ်အကြွယ်ဝဆုံး ဖြစ်လို့ အထူးသဖြင့် အမျိုးသမီးတွေ အများဆုံးစားဖို့ အကြံပြုကြပါတယ်။ မွေးမြူရေးအသားတွေက ဈေးချိုပေမယ့် အိုမီဂါ၆ ပိုများတဲ့အတွက် အဲဒါတွေစားရင် ဆာဒင်းတို့ ငါးနီတူတို့လို အိုမီဂါ၃ကြွယ်ဝတဲ့ ငါးလေးတွေပါ စားပေးသင့်ပါတယ်။ အစပိုင်းမှာ အဆီအသားကို ခြေဖျက်ဖို့ခက်ခဲသူတွေက ox vile နဲ့ HCI သောက်ပေးဖို့ လိုပါတယ်။
ကျန်းမာရေးအတွက် နောက်ထပ် မရှိမဖြစ်တခုကတော့ အိုင်အိုဒင်းပါလို့ Dr. Elizabeth Bright က ဆိုပါတယ်။ ခုခေတ်မှာ စိုက်ပျိုးမြေအများစုက အိုင်အိုဒင်းချို့တဲ့နေတတ်တာဖြစ်လို့ အဲဒီမြေပေါ် စိုက်တဲ့ မွေးမြူတဲ့ အပင်တွေ အကောင်တွေဟာလည်း အိုင်အိုဒင်းမကြွယ်ဝကြတော့ပါဘူး။ ဒါ့အပြင် လူတွေရဲ့ အချွဲဓါတ်၊ သိုင်းရွိုက်၊ အမျိုးသားဆီးကျိတ်၊ အမျိုးသမီးရင်သား၊ သားဥအိမ်၊ စတာတွေက အိုင်အိုဒင်းကို အကြီးအကျယ်အသုံးပြုတာဖြစ်လို့ အိုင်အိုဒင်း ပြည့်ပြည့်ဝဝရလာရင် အဲဒီပြဿနာတွေ သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ သူမအကြံပြုတာက ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းမြင့်တဲ့ Lugol’s 5% iodine တနေ့ ၂စက်ဖြစ်ပါတယ်။ 5% က ဆိုင်တွေမှာ မရပဲ ထုတ်လုပ်သူ J Crow ဝက်ဘ်ဆိုက်ကနေသာ ဝယ်လို့ရပါတယ်။ မရရင်တော့ seaweed, kelp, စတာတွေ စားပေးရပါတယ်။
အိုင်အိုဒင်းကို ဗိုက်တာမင်ဒီတို့ ပြည့်ဝဆီတို့လိုပဲ ကြောက်အောင်ဖန်တီးထားတော့ သောက်ရမှာ ကြောက်တဲ့သူတွေ အများကြီးရှိပါလိမ့်မယ်။ တခုရှိတာက သွားတိုက်ဆေးအများစု၊ လက်ဖက်ရည်/ ကြမ်း၊ အပင်ကလုပ်တဲ့နို့အမျိုးမျိုးနဲ့ အစာတွေမှာ fluoride ပါနေတာအပြင် ပဲပိစပ်နဲ့ အချို့အသီးအရွက်တွေဟာ ခန္ဓာကိုယ်က အိုင်အိုဒင်းစုပ်ယူမှုကို အဟန့်အတားဖြစ်စေတာကိုတော့ သတိပြုဖို့ လိုပါတယ်။ HFCD မှာ အသီး အရွက် အနှံအကုန်ရှောင်လိုက်ခြင်းဖြင့် ပြဿနာတွေရဲ့ အရင်းအမြစ်တခုကို ရှင်းထားလိုက်တာ ဖြစ်ပါတယ်။ အိုင်အိုဒင်းကြောက်တဲ့ရာဇဝင် ဖြစ်ခဲ့ရတာက ဟိုတုန်းက radioactive iodine တွေကြောင့်ဖြစ်ပေမယ့် အခုထုတ်တဲ့ အိုင်အိုဒင်းတွေက ပိုတက်စီယံအိုင်အိုဒင်းနဲ့ trace mineral တွေသာဖြစ်လို့ ပိုတာတွေကို ဆီးက စွန့်ပစ်နိုင်တဲ့အတွက် အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။
၁၉၈၀လောက်ကစလို့ အစာအုပ်စု ၄ခုခွဲပြီး food pyramid ဇယားကို ဖန်တီးပေးခဲ့ပြီးနောက်မှာ တဖြည်းဖြည်း အမေရိကန်တွေ အဝလွန်လာခဲ့သလို ဆီးချို၊ သွေးတိုး၊ နှလုံး၊ စတဲ့ရောဂါတွေ ဖြစ်ပွားနှုန်း ဆောင့်တက်ခဲ့ပါတယ်။ အဲဒီ ဇယားက ဘာသိပ္ပံပညာအထောက်အထားမှ မရှိပဲ ဧရာမ စားသောက်ကုန်လုပ်ငန်းကြီးတွေက လံကြုတ်ထားခဲ့တာပါ။ သူတို့ကိုးကားတာတွေက သူတို့ လက်ဝေခံတွေကို ပေးကမ်းပြီး မပြည့်စုံတဲ့ ဒေတာတွေထဲက သူတို့အာဘော်နဲ့ ကိုက်ညီမယ့် အပိုင်းလေးတွေ ရွေးထုတ်ပြတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကမ္ဘာ့ထိပ်တန်းအမေရိကန်က သင်ရိုးတွေ ပေါ်လစီတွေကို ကိုးကားကြတဲ့ နိုင်ငံတွေမှာ အဝလွန်တွေ၊ ဆီးချို၊ သွေးတိုးတွေ ပစ်မလွဲဖြစ်လာကြတော့တာပါပဲ။
အခုဆို food pyramid ကနေ တဆင့်တက်ပြီး plant based မှ ကောင်းသလို ခေတ်မှီသလို မှိုင်းတိုက် လာကြပြန်ပါပြီ။ အဲဒီ food pyramid ပုံစံတွေကို သိပ်ချမ်းသာတဲ့ အီလိတွေက လိုက်နာသလားဆိုရင် လူကုံထံတွေစားတဲ့ စားသောက်ဆိုင်တို့ ဟိုတယ်တို့ တော်ဝင်မိသားစုတို့က ထောပတ်များများနဲ့ ကောင်းပေ့ဆိုတဲ့ အသား ငါး ပုဇွန် စတာတွေပဲ စားကြတာပါ။ အောက်ခြေလူတန်းစားကိုတော့ pyramid အတိုင်းစားမှ ကျန်းမာမယ်ဆိုပြီး ဦးနှောက်ဆေးထားတော့ ကစီနဲ့ သကြားမစားရင် စွမ်းအင်မရှိတော့သလောက် ထင်နေကြတာပါ။ အဲဒီတော့ ရောင်ကိုင်းခြင်းတွေနဲ့ နပမ်းလုံးပြီး တကိုယ်လုံး ဟိုကနာ၊ ဒီကနာ၊ ဟိုရောဂါ၊ ဒီရောဂါနဲ့ ဘစ်ဖာမာတို့ အောင်ပွဲဆင်ကြတော့တာပါပဲ။
Dr. Ken Berry က ဆီးချို၊ အဝလွန်ရှိခဲ့ပြီး အစာအိမ်အချဥ်ပြန်တာကို ဆိုးဆိုးရွားရွားခံစားခဲ့ရလို့ ညဆို ငုတ်တုတ်အိပ်ခဲ့ရသူဖြစ်ပြီး သူ့ဇနီးက Hashimoto ဝေဒနာရှင်ဖြစ်ခဲ့သလို Michela Peterson ကလည်း ၂နှစ်သမီးထဲက လေးဘက်နာရော အစာတော်တော်များများနဲ့ ဓါတ်မတည့်တာရော ခံစားခဲ့ရသူပါ။ Dr. Bright ကလည်း ၁၅နှစ်ထဲက သွေးဆုံးကိုင် လက္ခဏာတွေ ပြနေခဲ့ပြီး သူ့သမီး၂ဦးဟာလည်း စိတ်ဓါတ်ကျတဲ့ ရောဂါတွေ ရှိခဲ့ပါတယ်။ သူတို့ဟာ ဗီဂန်၊ ကီတိုအပါအဝင် နည်းပေါင်းဆေးပေါင်း စုံခဲ့ပြီး HFCD နဲ့ကျမှ အရှင်းပျောက်သွားလို့ ဆက်စားနေကြတာ ၅နှစ်အထက်တွေ ရှိနေကြပါပြီ။
သဗ္ဗေသတ္တာ အာဟာရ ဌိတိကာဆိုတဲ့ ဒေသနာအတိုင်း မိတ်ဆွေတို့လည်း ရောဂါတွေ မပျောက်နိုင်၊ ဝိတ်မကျနိုင်ဖြစ်နေရင် စမ်းကြည့်လို့ရအောင် နားလည်သလောက် ပြန်ရေးပေးတာပါ။ အဆီစားလို့ အသည်းထိမှာကြောက်သူများ အသည်းဆိုတာ self-regenerative ဖြစ်တဲ့အတွက် တော်ရုံအမှားကို ခံနိုင်ပါတယ်။ ၁လ စားကြည့်လို့ နေရတာ ပေါ့ပါးသက်သာမလာဘူးဆို ဆက်မလုပ်ရုံပေါ့။ ဆရာကြီးရွှေဥဒေါင်းရဲ့ အာဟာရနဲ့ ကျန်းမာရေးစာအုပ်ထဲကလိုပါပဲ၊ တကယ်ကျန်းမာတဲ့သူဟာ မိုးကိုဒူးနဲ့ တက်တိုက်ချင်လောက်အောင် ပေါ့ပါးသွက်လက်နေပါတယ်။ စာဖတ်သူတိုင်း အဲဒီလိုအခြေအနေမျိုးအထိ ကျန်းမာလာကြပါစေ။