ဇန်နဝါရီ ၁၉ရက် ၂၀၂၄

ကမ္ဘာ့စီးပွားရေး တိုးတက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့  ကမ္ဘာ့စီးပွားရေးဖိုရမ် ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်တွေကစလို့ သမိုင်းစဥ်တလျောက် လူမှုစီးပွားရေးတိုးတက်စေခဲ့တဲ့ စနစ်၊ ဖြစ်စဥ်၊ သမိုင်းတွေကို မျက်ကွယ်ပြုပြီး အာဏာရှင်အားပေးတဲ့ လက်ဝဲအယူအဆတွေ တွန်းထဲ့လာတာ ကြာခဲ့ပါပြီ။

ဒီတကြိမ်မှာလည်း ဥက္ကဋ္ဌကြီး ကလော့စ်ရွှက်ဘ်က ထုံးစံအတိုင်း ကမ္ဘာကြီးက ဆက်သွယ်မှုတွေ ပိုများလာသလောက် ပိုပြီး ဒဗိုက်ဒက် ကွဲလာကြကြောင်း၊ စီးပွားရေးတွေက နှေးကွေးနေရတဲ့ကြားထဲ မညီမျှမှုတွေ၊ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင်၊ ကလိုင်းမိတ်ကြီးလည်း ချိန့်ပြီး အမြဲစိန်ခေါ်နေတာတွေက လူတွေကို အကြောက်တရားနဲ့ တကိုယ်ရည်အောင်မြင်မှု တွေဘက်ကို တွန်းပို့လိုက်သလိုပါပဲ၊ ဒါကြောင့် ငါတို့ဟာ အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့အတွက် တယောက်နဲ့ တယောက် ပိုပြီး ယုံကြည်မှုကို တည်ဆောက်ရမယ်၊ တယောက်ကောင်းဖို့ထက် အများကောင်းဖို့ကို ဦးတည်ရမယ်လို့ ပြောသွားပါတယ်။ အပေါ်ယံရှပ်ကြည့်မယ်ဆိုရင် ကျလောက်ပါရဲ့၊ ဟူစိန်ရဲ့ “Change” ဆိုတဲ့ ကြွေးကြော်သံနဲ့ တသဘောတည်းပါပဲ။

ချိန့်ဆိုတာက ချိန့်တိုင်း ကောင်းတာမှ မဟုတ်တာလေ။ ရွှက်ဘ်ပြောသွားတဲ့ အများကောင်းဖို့ဆိုတာက ဆိုရှယ်လစ် ကွန်မြူနစ် ဂလိုဘယ်လစ်ဝါဒကိုပြောတာ။ အဲဒီဝါဒတွေအားလုံးက ဒီမိုကရေစီနဲ့ ဘယ်တော့မှသွားလို့မရဘူး၊ သေနတ်ပြောင်းနဲ့တေ့ပြီး သွားခိုင်းမှ ရတဲ့စနစ်တွေချည့်ပဲ။ အဲဒီစနစ်တွေမှာ ကောင်းတာဆိုလို့ မနူးမနပ်အရွယ်လေးတွေ စိတ်ကူးယဥ်လို့ကောင်းတာရယ် အဲဒီစနစ်တွေနဲ့ မှိုင်းတိုက်သကာအုပ်ပြီး အာဏာရှင်စနစ်ကို သွားချင်တာရယ်ပဲရှိတာ။ သူပြောတဲ့ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာကလည်း တဖက်သတ် သူတို့ကိုပဲ ယုံခိုင်းတာ၊ သူတို့နဲ့ အာဘော်မတူတဲ့သူတွေကို ယုံဖို့လုံးဝ မပါဘူး။ ဒါကြောင့် သူတို့ဖိုရမ်တိုင်းမှာ အပြန်အလှန် အခြေအတင် ဆွေးနွေးကြတယ်ဆိုတာမရှိပဲ မဆလတို့ စီစီပီတို့ ဒီမိုခွက်တို့လို ထိပ်ကလေလည်သမျှ အောက်က မွှေးပါ့ဘုရားလိုက်လုပ်နေကြတာတွေပဲ တွေ့နေရတာ။

ဒီတကြိမ်မှာ စိတ်ဝင်စားစရာကောင်းတာက အာဂျင်တီးနားက သမ္မတအသစ် စကားပြောတာရယ်၊ အိုင်အိုဝါကောကပ်စ်မှာ ထရမ့်နိုင်သွားတဲ့အပေါ် ချေ့စ်ဘဏ်ဥက္ကဋ္ဌဂျေမီဒိုင်းမွန်းပြောတာတွေပါ။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရကပတွေမှာ အာဂျင်တီးနားက သမ္မတအသစ် ဟာဗီးယားမလိုင်နဲ့ နယ်သာလန်က ဂစ်ဖ်ဝိုင်းလ်ဒါးစ်ဦးဆောင်တဲ့ ပါတီနိုင်တာဟာ အထင်ကရပါပဲ။ နှစ်ဦးစလုံးက လက်ဝဲမှိုင်းတွေ ခြစားမှုတွေကြောင့် သူတို့တိုင်းပြည်တွေ ရေစုံမျောနေတာကို မကြည့်နိုင်ကြလို့ ကိုယ့်နိုင်ငံ စီးပွားရေးကောင်းအောင် ပြန်လုပ်ဖို့ ကြွေးကြော်သံနဲ့ နိုင်လာကြတာပါ။ ကိုယ့်နိုင်ငံစီးပွားရေး ကောင်းဖို့ဆိုတော့ ကလော့စ်ရွှက်ဘ်ရဲ့ အာဘော်နဲ့ ပြောင်းပြန်ပေါ့။ နယ်သာလန်မှာက တခြားဥရောပနိုင်ငံတွေလိုပဲ လူဝင်မှူပြဿနာရှိတော့ ဝိုင်းလ်ဒါးစ်က မစီမစစ် ပေးဝင်နေတာမျိုးကို အလိုမရှိပါဘူး။

အာဂျင်တီးနားသမ္မတက ဒါဗို့စ်ကဖိုရမ်မှာ စကားပြောတာ အနောက်ကမ္ဘာက အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်လို့ စဖွင့်ပါတယ်။ အဲဒီအန္တရာယ်ဖြစ်လာရတာက အနောက်နိုင်ငံတွေရဲ့ စံတွေ တန်ဖိုးတွေကို ကာကွယ်ရမယ့်သူတွေက ဆိုရှယ်လစ်စနစ်ကို ဦးတည်နေပြီး ဆိုရှယ်လစ်စနစ်ဆိုတာက ဆင်းရဲမွဲတေမှုဆီ​ ခေါ်ဆောင်သွားမှာကြောင့်ပဲ ဖြစ်ပါတယ်။ လူတွေက ဆိုရှယ်လစ်စနစ်ကို လက်ခံချင်ကြတာ ၂ပိုင်းရှိပါတယ်၊ တပိုင်းက သူများကို စာနာကူညီချင်သူတွေဖြစ်ပြီး နောက်တပိုင်းက အခွင့်ထူးခံလူတန်းစားထဲကို ပါဝင်ချင်နေသူတွေပါ။ လူတွေပိန်းလေ စီးပွားရှာလို့ ပိုကောင်းလေဆိုတဲ့ လူတွေလည်း ပါမှာပေါ့။

အာဂျင်တီးနားဟာ ၁၈၆၀မှာ လွတ်လပ်တဲ့လူမှုစီးပွားရေးပုံစံမျိုးကို စတင်ကျင့်သုံးပြီး ၃၅နှစ်အကြာမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေ နောက်ထပ် နှစ် ၁၀၀လောက် ဆိုရှယ်လစ်စနစ်ကို သွားလိုက်တဲ့အခါမှာ ကမ္ဘာမှာ အဆင့်နိမ့်သထက် နိမ့်ကျလာပြီး ပြည်သူတွေလည်း ချမ်းသာမှုကနေ ဝေးကွာခဲ့ရပါတယ်။ မလိုင်ပေးသွားတဲ့ ဥပမာတခုက ၁၈၀၀ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေရဲ့ ၉၅% က အလွန်အမင်းဆင်းရဲခဲ့ပြီး ၂၀၂၀မှာတော့ အလွန်အမင်းဆင်းရဲတယ်လို့ သတ်မှတ်နိုင်တာက ကမ္ဘာ့လူဦးရေရဲ့ ၅% အထိ ကျဆင်းသွားတာပါ။ ကနေ့ခေတ်မှာ လူအများစု ကောင်းကောင်းမွန်မွန်နေနိုင်တယ်ဆိုတာက လွတ်လပ်စွာကုန်သွယ်မှုရဲ့ အသီးအပွင့်တွေကြောင့်ဖြစ်ပြီး လူ့သမိုင်းမှာ အလွတ်လပ်ဆုံး၊ အကြွယ်ဝ အပေါများဆုံး၊ အငြိမ်းချမ်းဆုံးဘဝတွေကနေ ကိုယ်စိတ်နှစ်ပါးလုံး ဆင်းရဲရတာမှာ အဆုံးသတ်တဲ့ ဘုံစနစ်ကို ပြောင်းချင်တဲ့ အိုင်ဒီယာတွေက အဓိပ္ပါယ်မရှိတာကို တွေ့မှာပါ။

မလိုင်ထပ်ပြောသွားတာတွေထဲမှာ လက်ရှိအနောက်နိုင်ငံတွေမှာ တဖက်က ဆိုရှယ်လစ်စနစ်ကို ပွဲထုတ်လာသလို တဖက်ကလည်း အောင်မြင်တဲ့လုပ်ငန်းရှင်တွေကို ဝိသမလောဘသမားတွေလို့ ရှုတ်ချပြီး အခွန်တွေချ၊ လုပ်မရ ကိုင်မရအောင် ဥပဒေတွေ ဗျူရိုကရက်လုပ်ထုံးနဲ့ ဘက်စုံက ကြပ်၊ လွတ်လွတ်လပ်လပ် ဖန်တီး ဖော်ထုတ်ခွင့်မပေးပဲ အစိုးရက နေရာတကာ ဝင်ပါနေကြပါတယ်။ အဲဒါတွေကြောင့် လုပ်ငန်းရှင်တွေမှာ တီထွင်ဖန်းတီးချင်စိတ်တွေ တွန်းအားတွေ လျော့သွားသလို ပြည်သူတွေမှာလည်း လက်ဝဲပေါ်လစီတွေကြောင့် ရနိုးနိုးဘဝကနေ တက်မလာတော့ပဲ ဖြစ်နေရတာပါ။

လက်ရှိကမ္ဘာကြီးမှာ လွတ်လပ်တဲ့နိုင်ငံတွေက အဖိနှိပ်ခံနိုင်ငံတွေထက် ၁၂ဆလောက် ပိုကြွယ်ဝပြီး အာဏာနဲ့ ဖိနှိပ်ထားတဲ့နိုင်ငံတွေမှာ လူဦးရေရဲ့ ၉၀% က ဆင်းရဲကြတာဖြစ်ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတွေဟာ လွတ်လပ်မှုနဲ့အတူ ကြွယ်ဝမှု၊ အသက်ရှည်မှုတွေပါ တတွဲတည်း ပါလာကြပါတယ်။ အာဏာနဲ့ ဖိနှိပ်ထားရတဲ့ ဆိုရှယ်လစ်နိုင်ငံတွေမှာ ဆင်းရဲတာတင်မက သူတို့စနစ် တည်မြဲဖို့ လူဦးရေ သန်း၁၀၀ကျော်ကိုပါ သတ်ထားကြတာပါ။

မလိုင်ဟာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ခြတွေနဲ့ သိတယ်၊ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတဲ့ မီဒီယာမှာ ရုပ်ပြလှစေမယ့် အပေါ်ယံကိစ္စအတွက် သူများလို အလွယ်လမ်းလိုက်ပြီး မိုးခါးရေ မသောက်ခဲ့ပဲ သူ့နိုင်ငံနဲ့တကွ ကမ္ဘာ့အကျိုးအတွက် ဖြစ်သင့်တာကို သတ္တိရှိရှိ ပြောသွားခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကြောက်ရွံ့ခြင်းမှ ကင်းဝေးတဲ့ ထရမ့်တို့ ဗီဗိတ်ခ်တို့ မလိုင်တို့ကို အကျင့်ပျက်မီဒီယာတွေက အစွန်းရောက်တွေလို့ သမုတ်ပြီး ပက်ပက်စက်စက် နှိပ်ကွပ်နေတာ ဖြစ်ပါတယ်။

အမေရိကန်မှာ ထရမ့်ကို အသေရေဖျက်တာ မထိရောက်ပဲ အိုင်အိုဝါကောကပ်စ်မှာ နိုင်သွားပြန်တော့ ထရမ့်ကိုမဲပေးသူတွေ ထရမ့်ထောက်ခံသူတွေကိုပါ နာမည်ဆိုးမျိုးစုံတပ်ပြီး စော်ကားကြပြန်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒါဗို့စ်မှာ ဖိုရမ်တက်ရောက်နေတဲ့ ချေ့စ်ဘဏ်ဥက္ကဋ္ဌ ဂျေမီဒိုင်းမွန်းက (ဒီမိုကရက်နဲ့ မီဒီယာတွေအနေနဲ့) ထရမ့်ထောက်ခံသူတွေကို မာဂါအစွန်းရောက်တွေ ဘာတွေ ညာတွေလို့ ပြောနေမယ့်အစား ထရမ့်လုပ်ခဲ့တာတွေထဲက ဘာတွေကို သူတို့ကကြိုက်လို့ ထောက်ခံတာလဲဆိုတာ မြင်အောင်ကြည့်ကြဖို့လိုကြောင်း၊ ထရမ့်လုပ်ခဲ့တာတွေကိုကြည့်ရင်လည်း နေတိုးနဲ့ ပတ်သက်တဲ့ ပေါ်လစီရော၊ လူဝင်မှုနဲ့ ပတ်သက်တာရော၊ တရုပ်နဲ့ ပတ်သက်တာရော မှန်နေတဲ့အပြင် စီးပွားရေးလည်း တော်တော်ကို တိုးတက်အောင် လုပ်နိုင်ခဲ့တာပဲလေ၊  အခွန်ပြုပြင်ပြောင်းလဲရေး လုပ်တာလည်း တော်တော်ကောင်းတာပဲ၊ လူတွေက အဲဒါကြိုက်လို့ မဲပေးကြ ထောက်ခံကြတာလေ၊ မာဂါတွေလည်း ငါတို့ပြည်သူတွေပဲ၊ သူပြောသမျှ ကြိုက်ရမယ်လို့ မဆိုလိုဘူး၊ ဒါပေမယ့် သူ့ကို ပုဂ္ဂိုလ်ရေးမကြိုက်တာနဲ့ သူ့ကို ထောက်ခံတဲ့ပြည်သူတွေကိုပါ လိုက်မုန်းတာတော့ မဟုတ်သေးဘူးလို့ စီအန်ဘီစီနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

ဂျေမီဒိုင်းမွန်းက ဒီမိုနဲ့ ရိုင်နိုတွေလိုပဲ ယူကရိန်းကို ဆက်ကူနေရမယ်လို့ အယူရှိသူပါ။ တရုပ်နဲ့ ပတ်သက်လို့တော့ တရုပ်က ဖိုင်နန်ရှယ်ဆားဗစ်ကုမ္ပဏီတွေကို ဖွင့်ပေးဖို့နဲ့ ပတ်သက်လို့ မူက တသမတ်တည်းပေမယ့် အမေရိကန်ကုမ္ပဏီတွေအတွက် အကျိုးအမြတ်ဖြစ်ဖို့ရာမှာ ရှုပ်ထွေးလှကြောင်း၊ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံထဲကို ဝင်ဖို့ စဥ်းစားရင် စွန့်စားရမှာနဲ့ ပြန်ရမယ့်အကျိုးအမြတ်က အရင်လိုမဟုတ်တော့ပဲ လုံးဝပြောင်းသွားပြီဖြစ်လို့ နဲနဲတော့ စိုးရိမ်သင့်တယ်လို့ ပါးပါးလေး ဝေဖန်သွားပါတယ်။

Leave a comment