ဂေါက်ရောဂါရှင်တွေအပါအဝင် လူအများ အသိအမှတ်မှားနေကြတဲ့ အကြောင်းလေးတွေနဲ့ ဘယ်လိုစားသောက်နေထိုင်ရင် အရှင်းပျောက်ကင်းနိုင်မလဲဆိုတာကို ဒေါက်တာကန်ဘယ်ရီက ရှင်းပြထားတာလေးကို စိတ်ဝင်စားမယ့်မိတ်ဆွေများအတွက် ပြန်ရေးပေးလိုက်ပါတယ်။ အမှတ်မှားနေကြတာတခုက အနီရောင်အသားတွေ အချို့ပင်လယ်စာတွေဟာ purine များတဲ့အတွက် ဂေါက်ရောဂါကို ဖြစ်စေတာရယ် နောက်တခုက ယူရစ်အက်ဆစ် မြင့်ရင် ဂေါက်အဆစ်နာ ဖြစ်တာကြောင့် ယူရစ်အက်ဆစ်ကို ထိန်းပေးဖို့ ဆေးပေးတာကလွဲလို့ လုံးဝအရှင်းပျောက်ကင်းဖို့ မဖြစ်နိုင်ဘူးဆိုတာရယ်ပါ။ အဲဒါတွေကလည်း ကိုလက်စထရောလိုပါပဲ၊ လူတွေယုံနေကြတာနဲ့ သိပ္ပံပညာတွေ့ရှိချက်တွေက ကွဲလွဲနေကြတဲ့အတွက် ပျောက်ကင်းမယ့်လမ်းက ဝေးနေကြတာပါ။
ခန္ဓာကိုယ်က ဆဲလ်တွေက ATP တို့ GTP တို့ကိုဖြိုခွဲပြီး စွမ်းအင်အဖြစ် အသုံးချတိုင်းသော်လည်းကောင်း DNA တို့ RNA တို့ကို ဖြိုခွဲပြီး စွမ်းအင်ထုတ်လျှင်သော်လည်းကောင်း ခန္ဓာကိုယ်က purine ထုတ်ပေးပါတယ်။ ဘယ်လောက်ထုတ်သလဲဆိုတော့ အစားအစာမှာ ပါတဲ့ပမာဏထက် အနည်းဆုံး ၃ဆကနေ ၁၀ဆလောက်ထိပမာဏကို ထုတ်ပေးနေတာပါ။ အဲဒီလိုထုတ်ပေးတာကို endogenous purine လို့ ခေါ်ပါတယ်။ အပြင်က အစားအစာမှာပါတာကိုတော့ exogenous purine လို့ ခေါ်တာပါ။ အဲဒီ purine တွေကို အစာခြေစနစ်မှာ ဖြိုခွဲလိုက်တဲ့အခါ ယူရစ်အက်ဆစ်ထွက်လာပါတယ်။
လူတွေနားလည်ထားကြတာက ယူရစ်အက်ဆစ်မြင့်ရင် ဂေါက်အဆစ်ရောင်တာ ဖြစ်လိမ့်မယ်လို့ပါ။ တကယ်တမ်းမှာ ယူရစ်အက်ဆစ်မြင့်တိုင်း gout attack မဖြစ်သလို ယူရစ်အက်ဆစ်နိမ့်ပေမယ့်လည်း gout attack ဖြစ်တတ်ပါတယ်လို့ ဆိုပါတယ်။
နောက်အယူမှားတခုက ဂေါက်သမားတွေ ရောင်နေတဲ့ အဆစ်တွေက အရည်တွေမှာ တွေ့ရတဲ့ ဖန်ကွဲစလို အပ်လို uric acid crystal အချောင်းလေးတွေဟာ gout attack ရနေသူတွေမှာပဲရှိတယ်လို့ ထင်နေကြတာဟာ မမှန်ပဲ လူတိုင်းရဲ့ အဆစ်တွေမှာ တွေ့ရမယ့်အရာတွေပဲလို့ ဆိုပါတယ်။ ဂေါက်ဖြစ်နေတဲ့သူမှာတော့ ပိုများမှာဖြစ်ပေမယ့် ဒေါက်တာဘယ်ရီပြောချင်တာက ဒီ crystal လေးတွေကြောင့် နာတာဆိုရင် လူတိုင်းအနည်းနဲ့အများ နာနေကြမှာပေါ့လို့ ထောက်ပြတာပါ။
တကယ်တော့ ယူရစ်အက်ဆစ်ကို ခန္ဓာကိုယ်က antioxidant အနေနဲ့ အသုံးပြုပါတယ်။ ယူရစ်အက်ဆစ်ကို ကျောက်ကပ်က ထုတ်လုပ်ပေးတာဖြစ်ပြီး ထုတ်သမျှယူရစ်အက်ဆစ်ရဲ့ ထက်ဝက်ကျော်ကို ခန္ဓာကိုယ်က ပြန်လည်စုပ်ယူအသုံးချတာဖြစ်ပါတယ်။
ခန္ဓာကိုယ်က အစာက ရနိုင်တဲ့ purine ထက် ၁၀ဆလောက်အထိ ထုတ်ပေးနိုင်တာဖြစ်လို့ ဂေါက်မဖြစ်အောင် low-purine diet စားရမယ်ဆိုတာက အဓိပ္ပါယ်ရှိမနေဘူးလို့ ဒေါက်တာဘယ်ရီက ရှင်းပြပါတယ်။ Purine များများစားလည်း ဂေါက်မဖြစ်သူတွေရှိသလို နဲနဲပဲစားပြီး ဂေါက်ဖြစ်သူတွေလည်း ရှိနေတာပါ။ အသီးအရွက်များများစားရမယ်၊ celery juice, cherry juice, lemon juice စသည်သောက်ရင် သက်သာတယ်ဆိုတာဟာလည်း ယုံတမ်းစကားထက် မပိုပါဘူး။ ရေပိုသောက်တာအကျိုးရှိနိုင်ပေမယ့် အချိုတွေပါသွားတော့ ဆိုးကျိုးက ပိုသွားပါတယ်။
နောက်အမှားတခုက Uloric, allopurinol စတာတွေကို ခန္ဓာကိုယ်က ချို့တဲ့နေလို့ နေ့တိုင်း ဖြည့်သောက်ပေးနေရမယ်ဆိုတာက မဟုတ်ဘူးလို့ ဆိုပါတယ်။ တကယ်တော့ သင့်တော်မှန်ကန်တဲ့ အစာတွေကိုပဲစားရင် ဂေါက်မဖြစ်အောင် ဘာဆေး၊ ဘာဖြည့်စွက်စာ၊ ဘာဖျော်ရည် ဘာဆိုဘာမှ ဖြည့်စားစရာမလိုပါဘူး။ ချယ်ရီလို အသီးတွေ ဖျော်ရည်တွေသောက်တာကမှ fructose ဟာ ရောင်ကိုင်းခြင်းကို အားပေးတာကြောင့် ဂေါက်ဖြစ်နိုင်ခြေ ပိုများလာတာပါ။ တချို့က ကော်ဖီဟာ acidity မြင့်စေတဲ့အတွက် ယူရစ်အက်ဆစ်ပါတက်ပြီး ဂေါက်ဖြစ်တယ်လို့ ထင်ကြပါတယ်။ မမှန်ပါဘူး။ ကော်ဖီက ဂေါက်ဖြစ်စေတဲ့ ရန်သူမဟုတ်ပါဘူး၊ ကော်ဖီပုံမှန်သောက်သူတွေမှာ ဂေါက်ဖြစ်တာ ပိုနည်းကြောင်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
တကယ်တမ်း ဂေါက်ဖြစ်လာရတာက purine ကြောင့်တို့ ယူရစ်အက်ဆစ်ကြောင့်တို့ဆိုတာထက် ရောင်ကိုင်းခြင်းကြောင့် ဖြစ်ရတာပါ။ အဆစ်တိုင်းမှာ uric acid crystal လေးတွေရှိပေမယ့် ရောင်နေတဲ့အဆစ်ကပဲနာတာပါ။ ဒါကြောင့် ဂေါက်ဖြစ်လို့ ဆရာဝန်ဆီသွားရင် ပေးမှာက အရောင်ကျဆေးပဲ ဖြစ်ပါတယ်။ အရောင်ကျဆေးမှာ အနာသက်သာတာပါ တပါတည်း တွဲပါတတ်ပါတယ်။
ဂေါက်နဲ့ပတ်သက်တဲ့ အယူအဆအမှားတွေကို ပြောပြီးတော့ ဂေါက်ဖြစ်စေတဲ့ အရာတွေကို ပြောပါတယ်။ အဲဒါတွေက
၁။ fructose ပါ။ အသီးချိုတွေ၊ အသီးဖျော်ရည်တွေ၊ အချိုရည်၊ ဆိုဒါ၊ high fructose corn syrup ပါတဲ့ ဘယ်အစာမဆို ရှောင်ရပါမယ်။ Sucrose (glucose + fructose) လည်း ဆိုးပါတယ်။ (တခါတလေ အချိုနည်းတဲ့အသီးမျိုး စားရင်တော့ ရပါတယ်။)
၂။ အင်ဆူလင်တွေ မြင့်တက်နေတာပါ။ အင်ဆူလင်မြင့်ရတာက ကစီဓါတ် သကြားဓါတ်တွေ အစားများလို့ဖြစ်တာပါ။
၃။ အရက်၊ ဘီယာက ကျိန်းသေဂေါက်ထစေပါတယ်။ ဘီယာက အဆိုးဆုံးပါပဲ။
၄။ ဟင်းရွက်ဆီ seed oil မာဂျရင်းစတဲ့ ဈေးချိုချိုနဲ့ လူတိုင်းရဲ့ လက်တကမ်းမှာရှိနေတဲ့ စက်ရုံကြီးတွေကထုတ်တဲ့ ဆီတွေပါ။ အိုမီဂါ ၆တွေဖြစ်လို့ ရောင်ကိုင်းခြင်းကို အားပေးပါတယ်။
၅။ သကြားနဲ့ ဆန်၊ ဂျုံ၊ အုတ်၊ ပြောင်း၊ စတဲ့ အနှံတွေပါ။ အနှံတွေက အစာအိမ်ထဲမှာ ဖြိုခွဲလိုက်ပြီးရင် ဂလူးကို့စ်အဖြစ် ပြောင်းသွားတာကြောင့် အင်ဆူလင်တက်တာအပြင် ရောင်ကိုင်းခြင်းကို အားပေးတာ ဖြစ်ပါတယ်။
၆။ ကိုယ်အလေးချိန်များနေတာ၊ အဲဒါကို ချကို ချရပါမယ်။ ဘယ်လိုချမလဲဆိုရင် တိရိစ္ဆာန်အဆီများများ၊ ပရိုတိန်းသင့်ရုံနဲ့ ကာဘိုဟိုက်ဒြိတ်အနည်းဆုံးဖြစ်အောင် စားပြီး ချရပါမယ်။ အဲဒီစားနည်းဟာ ကြွက်သားတည်ဆောက်မှုကို အားပေးပြီး မလိုလားအပ်တဲ့ အဆီတွေကျစေတာအပြင် ရောင်ကိုင်းခြင်းကို ဆန့်ကျင်တာကြောင့် အထိရောက်ဆုံးဖြစ်ပါတယ်။ ကစီ သကြားမစားရင် အင်ဆူလင်လည်း ကျသွားမှာဖြစ်လို့ ဂေါက်ဖြစ်နိုင်ခြေ အလွန်နည်းသွားပါလိမ့်မယ်။
Dr. Ken Berry က ဂေါက်မဖြစ်အောင် လိုက်နာရမယ့် အချက်တွေကို ခုလိုပြောသွားပါတယ်။
၁။ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်များများဝင်အောင် စား/သောက်ပေးရပါတယ်။
၂။ Ketone များများထွက်အောင် လုပ်ရပါမယ်။ ကီးတုန်းဘယ်လိုထွက်လဲဆိုတော့ ခန္ဓာကိုယ်က အရင်က သကြားကိုလောင်ကျွမ်းပြီး စွမ်းအင်ထုတ်နေရာက အဆီကိုလောင်ကျွမ်းပြီး စွမ်းအင်ထုတ်တဲ့အခါ ကီးတုန်းထွက်ပါတယ်။ ကီးတုန်းတိုင်းလို့ရတဲ့ စက္ကူချောင်းလေးတွေ ဝယ်လို့ရပါတယ်။ တဦးနဲ့တဦး မတူကြတာကြောင့် ကီးတုန်းသိပ်မထွက်လည်း စိတ်မပူပဲ ကိုယ်နေလို့ ဘယ်လောက်ကောင်းလာသလဲဆိုတာနဲ့ပဲတိုင်းဖို့ အကြံပြုထားပါတယ်။
အနှစ် ၄၀ကျော် အဝလွန်ခံစားခဲ့ရပြီး အနှစ် ၃၀ကျော် ဂေါက်ရောဂါခံစားခဲ့ရသူ ချပ်ခ်တယောက် ဘယ်လိုပြန်ကျန်းမာလာသလဲဆိုတဲ့ အင်တာဗျူးတခုအကြောင်း တွေ့မိတာကို ပြောပြချင်ပါတယ်။ ချပ်ခ်ဟာ ၉-၁၀သားထဲက အဝလွန်ခဲ့ပြီး အသက် ၂၀ကျော်ထဲက ဂေါက်ရောဂါရှိခဲ့လို့ ဂျိုင်းထောက်၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ အလိုပျူရီနောသောက်နေရတာ ကြာခဲ့ပါပြီ။ ဂေါက်အပြင် ဆီးချိုဖြစ်စ၊ သွေးတိုး၊ နှင်းခူ၊ သွားဖုံးရောဂါ၊ အလာဂျီ၊ ထိပ်ကပ်နာ၊ စတာတွေပါ ရှိခဲ့ပြီး ဂေါက်ထတဲ့အချိန်ဆို လက်တွေ လက်ကောက်ဝတ်တွေပါရောင်လို့ အလုပ်လုပ်လို့ကို မရတော့အောင် ဖြစ်လာခဲ့ပါတယ်။
ချပ်ခ်ဟာ အရင်က ကီတိုစားစတုန်းက အလေးချိန်ခေတ္တကျသွားပေမယ့် ကီတိုအသင့်စားတွေ ဆက်စားနေခဲ့တဲ့အခါမှာ ဝိတ်က ဆက်မကျတော့ပါဘူး။ ကီတိုစားပြီး ဂေါက်က သက်သာသွားပေမယ့် အရှင်းပျောက်သွားတာတော့ မဟုတ်သေးပါဘူး။ နောက်တော့ သူ့အမျိုးသမီးက ဒေါက်တာ ကန်ဘယ်ရီ ရဲ့ဗီဒီယိုတွေကို တွေ့မိတဲ့အခါ HFCD ကို ပြောင်းစားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အဓိကစားဖြစ်တာကတော့ ဝိတ်ချဖို့ပါ။ စားရင်းနဲ့ ဖြစ်လာတဲ့ အပြောင်းအလဲတွေက မျှော်လင့်ထားတာထက် အများကြီး ကောင်းမွန်နေပြီး ဂေါက်လည်း လုံးဝမဖြစ်တော့တဲ့အပြင် ဘာဆေးမှလည်း သောက်စရာမလိုတော့တာကို ပြောပြထားတာပါ။ HFCD ဆိုတာက တိရိစ္ဆာန်ထွက် အသားနဲ့ အဆီပဲ စားတဲ့ High Fat Carnivore Diet ကိုပြောတာပါ။ အဓိကကတော့ အမဲသားနဲ့ ထောပတ်ပေါ့။ အရင်တင်ထားတာ မကြာသေးပါ။
ကြုံခဲ့ဖူးသူများရဲ့ အင်တာဗျူးတွေမှာ တွေ့ရတာတွေက တချို့ဟာ ဂေါက်ထတာ အရှင်းပျောက်သွားပြီး နောက်မှသာ စားလိုတဲ့/ သင့်မယ်ထင်တဲ့ အသီးအရွက် စတာတွေကို တမျိုးချင်း ပြန်စားကြည့်ကြပါတယ်။ ချပ်ခ်အနေနဲ့ ခရမ်းချဥ်သီးအစိမ်းစားတာ သရိုးသရီလောက်ပဲဖြစ်ပေမယ့် သူ့ဇနီးကတော့ ချက်ချင်း ဂေါက်ထဖြစ်ပါတယ်။ တယောက်နဲ့တယောက် တုန့်ပြန်ပုံမတူတဲ့အတွက် တယောက်နဲ့သင့်တိုင်း နောက်တယောက်မှာ သင့်ချင်မှ သင့်မှာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ်သိအောင် လုပ်ထားတာက ရေရှည်အတွက် အကျိုးများမှာ အသေအချာပါပဲ။