ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မှာ နှစ်တိုင်းလုပ်တဲ့ ကမ္ဘာ့စပရဖိုရမ်မှာ တက်ရောက်ကြသူများက ကမ္ဘာကြီးရဲ့ အနာဂတ်ကို တနည်းတဖုံ ပုံဖော်ပေးနေကြသူများလို့ ပြောလို့ရပါတယ်။ ကမ္ဘာတလွှားက အီလိကြီးများ တွေ့ဆုံပြီး ပျော်ကြ ပါးကြ ဇိမ်ခံကြ၊ အနာဂတ်ကို သူတို့စိတ်တိုင်းကျ ပုံဖော်ဖို့ တနှစ်တခါ ချိန်းတွေ့ကြတာပါ။ လာတဲ့ပုဂ္ဂိုလ်တွေကလည်း နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ တက်ခ်ကဏ္ဍ၊ စသဖြင့် အစားစားဖြစ်တော့ လာတဲ့သူတွေကို အဆင့်ခွဲခြားသတ်မှတ်ပြီး ဘယ်အဆင့်က ဘယ်နေရာတွေကို ဝင်ပျော်ပါးခွင့်ရှိတာဆိုတာကအစ ခွဲခြားထားတယ်လို့ သိရပါတယ်။
အနာဂတ်ကို ထုဆစ်ကြမယ့် ပုဂ္ဂိုလ်ကြီးများရဲ့ စကားဝိုင်းဆိုတော့ သူတို့ ဘာဉာဏ်နီဉာဏ်နက်တွေ ထုတ်နေသလဲဆိုတာ သိထားဖို့တော့ လိုပါမယ်။ တကယ်တော့လည်း သူတို့ပြောမှ မဟုတ်ပါဘူး၊ သဲလွန်စတွေက သတိထားကြည့်ရင် တွေ့နေတာပါပဲ။ အဲဒီမှာတော့ တစုတစည်းထဲ တနေရာထဲမှာ ပြောကြတာဆိုတော့ လိုက်ဖတ်နိုင်ရင် အချိန်တိုအတွင်းမှာ သူတို့ခြေလှမ်းတွေကို ခန့်မှန်းလို့ ရနိုင်တာ ဖြစ်ပါတယ်။
ဒီနှစ်မှာ ရေတိုကာလအတွက် အကြီးဆုံးခြိမ်းခြောက်မှုကတော့ ဒစ်အင်ဖော်မေးရှင်းအန္တရာယ်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝေါစထရိဂျာနယ်က အယ်ဒီတာမ ပြောသွားတာက အစဥ်အလာအားဖြင့် ငါတို့က သတင်းတွေကို ပိုင်ခဲ့တယ်၊ သတင်းနဲ့ပတ်သက်ရင် တံခါးမှုးတွေဖြစ်ပြီး အမှန်တရားဆိုတာကိုလည်း ငါတို့ ပိုင်ဆိုင်ခဲ့တယ်၊ အရင်က လူတွေက သတင်းအမှန်သိချင်ရင် ဝေါစထရိဂျာနယ်တို့ နယူးယောက်တိုင်းမစ်တိုကို ကြည့်ကြရတာ၊ အခုတော့ လူတွေက သတင်းတွေကို နေရာစုံကနေ ရနေကြတော့ ငါတို့ရဲ့ သတင်းတွေကိုတောင် ပြန်မေးခွန်းထုတ်နေကြလို့ ငါတို့က သတင်း ဘယ်ကရတာပါ၊ ဘယ်လိုရတာပါဆိုတာတွေကိုပါ အကုန်ချပြနေရပြီလို့ ဆိုပါတယ်။
အရင်ကတော့ သူပြောတာ ဟုတ်ရင် ဟုတ်ပါလိမ့်မယ်။ အခုတော့ ဝေါစထရိဂျာနယ်တို့ အထူးသဖြင့် နယူးယောက်တိုင်းမ်စ်ဆိုရင် လက်မဲတွေရဲ့ အာဘော်တွေ၊ မိုးလုံးပြည့် မုသာဝါဒတွေချည့်ပဲဖြစ်နေလို့ စီစစ်ဝေဖန်တတ်တဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု မရတော့တာ ကြာနေပါပြီ။ ဟန်းတားလက်ပ်တော့ကိစ္စ၊ ရုရှားကိုလူးရှင်း၊ ကဗမူလ၊ ကဗကကဆဆိုးကျိုး၊ ဂျန်၆ အဲဒါတွေကိုကြည့်ရင် ယုံထိုက်/မထိုက် ရှင်းသွားပါမယ်။ လက်မဲဖိုရမ်မှာ ပြည်သူကိုယ်စားပြုတဲ့ ဘက်မလိုက်တဲ့ ဘယ်မီဒီယာများ အဖိတ်ကြားခံရလို့လဲ။ သူတို့ဖာသာသူတို့ တဖက်သတ် စွဲချက်တင်၊ ဆင်ခြေပေး၊ စီရင်ချက်ချနေကြတာပဲ မဟုတ်လား။
လက်မဲအီလိကြီးများ အဓိက ကြောက်ကြတာက အီလွန်ရဲ့ အိတ်စ်ဖြစ်ပါတယ်။ ဟားဗတ်က သိပ္ပံပညာသမိုင်းပါမောက္ခ နာယိုမီ အရစ်စကာ့စ်က အိတ်စ်ဟာ အီလွန်ဝယ်ပြီးတော့မှ ပိုပြီး အဆိပ်အတောက်ဖြစ်လာလို့ သူဆက်မသုံးတော့ကြောင်း၊ အိတ်စ်ဆိုတဲ့ နာမည်ကြီးကိုက ကြောက်စရာကောင်းကြောင်း၊ အခုတော့ ဘာဆက်သုံးရမယ်မသိကြောင်း ပြောသွားပါတယ်။ အရင်က သူတို့ကြိုက်တာလေးတွေပဲ ရွေးပြ၊ ကျန်တာဖိထာတော့ မှန်မရှိတဲ့ အဝတ်လဲခန်းလို ကိုယ့်ဟာနဲ့ကိုယ် ဟုတ်နေကြတာပေါ့လေ၊ အခုအိတ်စ်ကတော့ ဘက်ပေါင်းစုံမှာ မှန်တွေတပ်ထားလိုက်သလိုပဲ အပြစ်အနာအဆာရှိ/မရှိ အကုန်ထင်းထင်း ရှင်းရှင်းပါပဲ။
ကျန်တဲ့ မီဒီယာကြီးတွေ၊ ဆိုရှယ်မီဒီယာတွေ၊ အင်တာနက်ရှာဖွေရေးအင်ဂျင်တွေ၊ ယူကျူ၊ အင်စတာဂရမ်၊ တစ်တော့ စတာတွေ အားလုံးလိုလိုရဲ့ အဓိကရှယ်ယာရှင်တွေ၊ ဖောင်ဒါတွေ၊ နောက်ကွယ်က ကြိုးဆွဲတွေက ဆွဲသမျှထက်ပိုပြီး ဘာမှ မပြောရဲကြသလို၊ သုံးစွဲသူတွေကို သူတို့မြင်စေချင်တဲ့ အရေမရ အဖတ်မရတွေ၊ အကြောက်မှိုင်း၊ အမုန်းမှိုင်းတွေပဲ တွန်းလွှတ်ပေးနေတာပါ။ တချိန်ထဲမှာပဲ ပြည်သူအတွက် အကျိုးရှိမယ့်သတင်း၊ သူတို့အာဘော်နဲ့ ဆန့်ကျင်နေတဲ့ အမှန်တရားတွေကို ပြည်သူတွေဆီ တတ်နိုင်သလောက်မရောက်အောင် အယ်လ်ဂိုရစ်သမ်မျိုးစုံနဲ့ ထိန်းချုပ်ထားကြပါတယ်။ ယူကျုမှာလည်း သူတို့အာဘော်နဲ့ မကိုက်တာတင်ရင် ကြည့်ရခက်အောင် လုပ်တာတမျိုး၊ ကြော်ငြာကငွေကို မပေးတော့တာတဖုံ၊ ကြည့်သူအသက်ကန့်သတ်ပစ်လိုက်တာ တသွယ် နည်းပေါင်းစုံနဲ့ ညစ်ကြပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာ ခေါင်းစဥ်တခုကတော့ လူတွေ သိပ္ပံပညာအပေါ် ယုံကြည်မှု ကျဆင်းလာတယ်ဆိုတဲ့အကြောင်းပါ။ တကယ်တော့ လူတွေက သိပ္ပံပညာကို မယုံတာ မဟုတ်ပါဘူး။ ဂျင်းသိပ္ပံပညာကို မယုံတာပါ။ ကလိုင်းမိတ်ချိန့်၊ ကိုလက်စထရောနဲ့ နှလုံးရောဂါ၊ ပြည်ဝဆီနဲ့ နှလုံးရောဂါ၊ ဗိုက်တာမင်ဒီအန္တရာယ်၊ ကကဆမန်ဒိတ်အကျိုးနဲ့အပြစ်၊ ဘယ်ဟာကြည့်ကြည့် သူတို့ပြောတဲ့ သိပ္ပံပညာဆိုတာ ဘောင်ဝင်တန်းဝင် အစစ်ဆေးခံနိုင်တဲ့ အနေအထား မရှိပါဘူး။
ဒါကြောင့်လည်း အင်တာနက်ပေါ်မှာ သူတို့ပြောတဲ့ သိပ္ပံပညာဆိုတာတွေနဲ့ ဖီလာဆန့်ကျင်တဲ့ နည်းတွေ တင်ပြနေကြတာကို ဖဘတို့ ယူကျုတို့က ဆင်ဆာလုပ် သတိပေးတာကလွဲလို့ ဘာမှ အရေးမယူနိုင်တာပါ။ သူတို့က တကယ်အမှန်သာဆိုရင် တရားစွဲလိုက်လေ၊ နှစ်ဖက် အချက်အလက်တွေ စမ်းသပ်စစ်ဆေးချက်တွေ လူထုရှေ့မှာ ချပြကြပေါ့။ သူတို့ဘက်က မသိလို့ မှားတာဆိုရင် အမှားကြီးကို ဆက်ဆုပ်ကိုင်မနေပဲ ပြင်ကြလေ၊ လူပေါင်းသန်းပေါင်းများစွာရဲ့ ဘဝတွေ အသက်တွေ၊ အချိန်တွေ၊ လုပ်အားတွေ၊ ပိုက်ဆံတွေ၊ ဘဝအရည်အသွေးတွေ နဲနဲနောနော ထိခိုက်တာမှ မဟုတ်တာ။ ဒီဘက်က မှားတယ်ဆိုရင် လျော်ကြေးတောင်း၊ အသရေဖျက်မှုနဲ့စွဲ၊ ထောင်ချပစ်ပေါ့။ သိပ္ပံပညာဆိုတာက အသစ်အသစ် တွေ့ရှီချက်တွေပေါ်မူတည်ပြီး အမြဲပြောင်းလဲနိုင်နေတာကိုတော့ လက်ခံရမယ်လေ။
ဖိုရမ်တက်ရောက်သူ အီလိတွေက ပေါ်ပြူလစ်ဇင်ခေါင်းဆောင်တွေဟာ သိပ္ပံပညာကို မယုံကြည်သူတွေဖြစ်လို့ ဒါဟာ အန္တရာယ်ဘယ်လိုကြီးတယ်ဆိုတာလည်း ပြောသွားကြပါသေးတယ်။ လူထုကို ထိခိုက်မယ့် ဂျင်းသိပ္ပံပညာကိုတော့ ပြည်သူ့ဘဝ/အသက်ကို အလေးထားသူ ဘယ်ခေါင်းဆောင်မဆို အနည်းဆုံးတော့ မေးခွန်းထုတ်မှာ၊ စီစစ်မှာ ဖြစ်ပါတယ်။ ဘစ်ဖာမာတွေ စားသောက်ကုန်လုပ်ငန်းရှင်အကြီးစားကြီးတွေ၊ အဲဒီဂျိုင်းယန့်ကြီးတွေမှာ ရှယ်ယာအများကြီး ပါထားသူ အီလိတွေက ဘယ်ဘက်ကို အလေးသာမလဲ စဥ်းစားကြည့်ကြပေါ့။ အဲဒါကြောင့်လည်း ဒစ်/မစ်အင်ဖော်မေးရှင်းလို့ တွင်တွင်အော်ပြီး ကျန်အသံတွေကို ပိတ်ဖို့ ကြိုးစားနေကြတာပါပဲ။ အကုန်လုံးက ဆက်စပ်နေပါတယ်။ သတိထားကြည့်ရင်မြင်ပါလိမ့်မယ်။
ဥက္ကဋ္ဌကြီးကလော့ရွှဘ်ကလည်း ကမ္ဘာ့နိုင်ငံတွေမှာ ပေါ်ပြူလစ်ဇင် အောင်ပွဲခံလာကြတာကို လူတွေ တကိုယ်ကောင်းဆန်ဖို့ မသင့်ဘူးလို့ ပြောသွားတဲ့အပြင် ဂူဂယ်တည်ထောင်သူဆာဂေးဘရင်နဲ့ အေအိုင်အကြောင်း ဆွေးနွေးသွားကြတဲ့ထဲမှာ အေအိုင်တွေက သိပ်ကို အဆင့်မြင့်နေပြီ၊ ခန့်မှန်းတာတွေတောင် အေအိုင်နဲ့ လုပ်လို့ရနေပြီဆိုတော့ ရကပတွေကို ဘာကြောင့် လိုနေဦးမှာလဲလို့ ပြောသွားပါတယ်။ တော်တော့ကို ကြောက်စရာကောင်းတဲ့ အကြံအစည်တွေပါ။ ကွန်မီတိုင်းပြည်တွေမှာတောင် ရကပကို ဟန်ပြတော့ လုပ်ကြတာပါပဲ၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်လည်း စာရွက်ပေါ်မှာ အပြည့်ပါပဲ။ တကယ်ထင်ပြီး ထပြောလိုက်တော့မှ နေ့မြင်ညပျောက် ဖြစ်သွားတော့တာလေ။
တကယ်တော့ ပေါ်ပြူလစ်ဇင်ဆိုတာကိုယ်၌က လူတွေဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဘဝတွေ နှစ်ပေါင်းများစွာ အဖက်ဖက်က ဆုတ်ယုတ်လာတာကို သတိပြုမိလာလို့ ပြည်သူ့ဘက်က ရဲရဲရပ်တည်ပေးတဲ့ ခေါင်းဆောင်နောက်ကို လိုက်ကြရင်းက ဖြစ်လာတာပါ။ မြန်မာပြည်မှာ ဒေါ်စုရဲ့ အဖွဲ့ချုပ်၊ အာဂျင်တီးနားမှာ မလိုင်၊ အမေရိကန်မှာတော့ ဒေါ်နယ်ထရမ့်ရဲ့ မာဂါပေါ့။ လူဆိုတာက တော်ရုံအခက်အခဲ တခါကြုံလို့ မျှော်လင့်ချက်ရှိသေးတယ်ဆိုရင် ဘယ်သူမှ ပြောင်းလဲဖို့ မကြိုးစားကြပါဘူး။ ချိန့်တို့၊ လစ်ဘရယ်လစ်ဇင်တို့ဆိုတာ ကောင်းတယ်လို့ သတ်မှတ်ထားလို့သာ အဲဒီတံဆိပ် အတပ်ခံချင်နေကြတာပါ။
အဓိကက ဒီလိုအဖွဲ့တွေရဲ့ တကယ့်ရည်ရွယ်ချက်ကို သိဖို့လိုတာပါ။ ခုထိ သူတို့တွန်းနေတဲ့ အရွေ့တွေထဲမှာ လူသားတွေရဲ့ စီးပွားရေးလွတ်လပ်ခွင့်၊ နိုင်ငံရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ယုံကြည်မှုလွတ်လပ်ခွင့်၊ အမှန်တရား သိခွင့်၊ ရှာဖွေခွင့်၊ ဖြန့်ဖြူးခွင့် စတာတွေ ဘာမှမပါတဲ့အပြင် အဲဒီရဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ လူတွေရဲ့ အတွေးအမြင်၊ လုပ်တာကိုင်တာတွေကိုပါ ကန့်သတ်ဖို့ ကြိုးစားလာနေတာပါ။ သူတို့လုပ်ရပ်တွေက အရင်က ဖုံးဖိထားနိုင်ခဲ့ပေမယ့် အခုအခါ လွတ်လပ်တဲ့ သတင်းသမားတွေကတဆင့် ပြည်သူတွေက သိနိုင်နေတာကြောင့် မစ်/ဒစ်အင်ဖော်မေးရှင်းလို့ စွပ်စွဲချင်နေကြတာ ဖြစ်ပါတယ်။
ဒီတခါမှာ ကောင်းတာတခုကတော့ စီးပွားရေးနယ်ထဲက အီလိတချို့က ထရမ့်အိမ်ဖြူကို ပြန်လာနိုင်ခြေများနေတယ်ဆိုတာကို မလွှဲမရှောင်နိုင်တဲ့ အကြောင်းတခုလို့ လက်ခံလာကြတာပါပဲ။