ဇန်နဝါရီ ၃၁ရက် ၂၀၂၄

ဆီးရီးယားနယ်စပ် ဂျော်ဒန်အရှေ့မြောက်ဘက်မှာ အီရန်ထောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေက ဒရုန်းနဲ့ ပစ်ခတ်လို့ အမေရိကန်တပ်သား ၃ဦးကျဆုံးပြီး အနည်းဆုံး ၁၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ခုမှ အကျအဆုံးရှိပေမယ့် ပစ်နေတာ ကြာပြီဖြစ်သလို ဒဏ်ရာရထားသူတွေလည်း မနည်းပါဘူး။ အရင် ၂ပတ်လောက်က ဟူသီတွေဆီသွားတဲ့သင်္ဘောကို တက်ရှာတုန်းက အီရန်လုပ်ဒုံးကျည် အစိတ်အပိုင်းတွေ မိခဲ့ပေမယ့် အမေရိကန် နေဗီဆီးလ် နှစ်ဦး ပျောက်ဆုံးသွားခဲ့ပါသေးတယ်။ ဂျိုးအစိုးရက လက်စားချေမယ်ပြောပေမယ့် အမေရိကန်တပ်တွေကို စပစ်ကတဲက ပညာပေးထားခဲ့ရင် ခုလိုအနေအထားအထိ ဖြစ်လာစရာမရှိပါဘူး။

ဂျိုးရဲ့ လက်စားချေမယ်ဆိုတဲ့ ဟစ်လုံးကလည်း အင်ကြီးဆိုတာ အစ္စရေးကို နှစ်နိုင်ငံအဖြစ် အတင်းဖိအားပေးလက်ခံခိုင်းပြီး အစ္စရေးက လက်မခံတော့ ပါလက်စ်တိုင်းကို အချုပ်အချာအာဏာနိုင်ငံအဖြစ် လုပ်ပေးဖို့ ကြံနေကြတာကိုကြည့်ရင် သိနိုင်ပါတယ်။ ပါလက်စ်တိုင်းကို အချုပ်အခြာအာဏာပေးမယ်ဆိုတာက မဲရဖို့ ငါးစာချတဲ့လုပ်ရပ်တခုထက် မပိုပါဘူး။ နှစ်နိုင်ငံဆိုတာလည်း အကြိမ်ကြိမ် နှစ်များစွာကြိုးစားလာခဲ့ပြီးပြီ၊ အဆုံးစွန်အထိ လိုက်လျောခဲ့တာကနေ ခုလို အကြမ်းဖက်တွေ သောင်းကျန်းလာတဲ့အထိ ဖြစ်ခဲ့တာပါ။ အချုပ်အချာအာဏာ ပေးပါပြီတဲ့၊ ဘယ်သူအုပ်ချုပ်မလဲ၊ ဟာမာ့စ်အကြမ်းဖက်တွေပဲပေါ့။ သူတို့ကို လက်မခံရင် လူမျိုးတူ ဘာသာတူလည်း မပြန်လမ်းမြန်းရမှာပဲလေ။ အဲဒါက ဒေသအေးချမ်းဖို့ နှစ်ဖက်ပြည်သူတွေ လုံခြုံဖို့ ဘာမှအကျိုးမပြုတဲ့အပြင် အီရန်ကိုပါ အားဆေးထိုးသလိုဖြစ်တော့ ဂျိုးတို့ အိပ်ဖောင်းပေမယ့် မမှန်းဆနိုင်လောက်တဲ့ ဒုက္ခတွေ အသက်ဆုံးရှုံးမှုတွေ ရင်းရမှာကို မမေ့သင့်ပါဘူး။

နယ်စပ်က တရားမဝင်ဝင်လာသူတွေ အဆမတန်များပြားလာနေလို့ ပုံမှန်ဆို လက်ညှိုးထောင် ခေါင်းငြိမ့်လောက်ပဲ လုပ်တတ်ကြတဲ့ ဒီမိုကရက်တွေထဲမှာတောင် ဂျိုးရဲ့နယ်စပ်ပေါ်လစီကို အသံထွက် ဝေဖန်သူတွေ ရှိလာကြပါပြီ။ တက္ကဆက်စ်က မနိုင်တော့တဲ့အဆုံး ကျူးကျော်တဲ့ အင်ဗေးရှင်းလို့ သတ်မှတ်ပြီး ဘလိတ်ဓါးတွေပါတဲ့ သံဆူးကြိုးတွေ ချထားလိုက်ပါတယ်၊ ဆူပရင်းကုတ်က ဖက်ဒရယ်အရာရှိတွေက နယ်စပ်က သံဆူးကြိုးတွေကို ဖယ်ရှားခွင့်ရှိတယ်လို့ ဆုံးဖြတ်ပေးလိုက်တော့

တက္ကဆက်စ်နဲ့အတူ ရီပါဘလစ်ကန်ပြည်နယ် ၂၅ခုက အုပ်ချုပ်ရေးမှူးတွေက သူတို့တပ်တွေလွှတ်ပြီး နယ်စပ်ကို ကူပေးမယ်လို့ ဆုံးဖြတ်ကြပါတယ်။ နယ်စပ်ကို အားဖြည့်ဖို့ ကနေဒါအပါအဝင် တနိုင်ငံလုံးက ထရပ်ကားသမားတွေ၊ စစ်မှုထမ်းဟောင်းတွေပါဝင်တဲ့ ကားတန်းကြီးကလည်း တက္ကဆက်စ်မှာ ရောက်နေပါပြီ။ ဂျိုးတက်တဲ့ ၃နှစ်အတွင်းမှာ ရန်ကုန်တမြို့လုံးလူဦးရေ လောက်ရှိတဲ့ ခိုးဝင်တွေ ဝင်လာကြတာပါ။

နယ်စပ်ပေါ်လစီနဲ့ပတ်သက်ပြီး ဂျိုးက တိုင်းပြည်အကျိုး ပြည်သူအကျိုး တကယ်ကြည့်တယ်ဆိုရင် ကွန်ဂရက်စ်က ရီပါဘလစ်ကန်တွေကို အပြစ်ပုံချစရာ မလိုပါဘူး။ သူလုပ်ချင်တာတွေကို လက်မှတ်လေးတခုနဲ့ အလွယ်တကူ လုပ်နေခဲ့တာပဲလေ။ အခုကျမှ အချိန်ဆွဲချင်၊ အပြစ်တင်ချင်တော့ ကွန်ဂရက်စ်ကနေ ဥပဒေကြမ်းဖြတ်ခိုင်းတယ်။ အဲဒီမှာလည်း အိုကလာဟိုးမားက ရိုင်နိုဆီနိတ်တာ ဂျိမ်းစ်လန့်ဖို့ဒ်က  ပုတ်သင်ညိုလို အရောင်ပြောင်းပြီး ဘယ်ရီပါဘလစ်ကန်မှမထောက်ခံတဲ့ ဒီမိုကရက်ဘော်ဒါဒီးလ်ကို ဝင်ထောက်ခံပါတယ်။ အဲဒါကလည်း သွေးရိုးသားရိုး မဟုတ်ပါဘူး။ အရင်အကြိမ်ကြိမ်ရေးခဲ့သလိုပဲ လက်မဲတွေက ဒီမိုကရက်တွေကိုပဲလိုင်းဝင်ထားတာ မဟုတ်ပါဘူး၊ နှစ်ပါတီလုံးကို ဝင်တာပါ။​ ဒီမိုကရက်တွေက အကုန်လုံးအဝယ်ခံထားရလို့သာ အသံကွဲထွက် မလာကြတာပါ။ ရီပါဘလစ်ကန်မှာ အဝယ်ခံထားရတဲ့သူတွေက အရေးမကြီးတဲ့ကိစ္စဆိုရင် တခြားရီပါဘလစ်ကန်တွေနဲ့ အတူမဲပေးကြပြီး ပြည်ဖျက်မယ့်အရွေ့တွေဆိုရင် ဒီမိုကရက်တွေနဲ့အတူ မဲပေးကြပါတယ်။ ပြန်အရွေးခံဖို့ နီးလာရင်တော့ ရီပါဘလစ်ကန်တွေကြိုက်မယ့်ပေါ်လစီတွေ တွင်တွင်ပြောလာကြတာပါပဲ။

မန်ဟက်တန်တိုင်းမ်စ်စကွဲမှာ ခိုးဝင်လာတဲ့ လူဆိုးတစုက ရဲတွေကို ရိုက်နှက်ကန်ကျောက်ခဲ့ကြပါတယ်၊ အဲဒီလူတွေကို ဖမ်းသွားပြီးမကြာခင်မှာပဲ အာမခံမလိုပဲ ပြန်လွှတ်လိုက်ပါတယ်။ အဲဒီလို ပြန်လွှတ်မယ်မှန်း သိနေကြလို့လည်း ရောင့်တက်နေကြတာပါ။ ပုံမှန်ဆို ရဲကို ရန်ပြုတာက အပြစ်ကြီးပါတယ်။ ဟူစိန်တို့ ဂျိုးတို့လက်ထက်မှာ လူဆိုးတွေကိုထိရင်သာ ပြုသူမှာ အပြစ်ကြီးတာဖြစ်ပြီး ရဲနဲ့ ပြည်သူလူကောင်းတွေကတော့ ခံရတဲ့ဖက်မှာချည့်ပါပဲ။

ဟန်းတားကို ၂၀၁၈ အောက်တိုဘာတုန်းက သေနတ်ဝယ်တဲ့အခါ ဖြည့်ရတဲ့ပုံစံမှာ သူဆေးသုံးတာကို အမှန်မဖြည့်ပဲ လိမ်လည်ထားခဲ့တဲ့အတွက် ဖက်ဒရယ်က တရားစွဲဆိုထားပါတယ်။ အဲဒီအပေါ် ဟန်းတားက သူသေနတ်ဝယ်ရတာက ထရမ့်နဲ့ သူ့ရဲ့မာဂါလူထုကြီးကြောင့်ပါ၊ အခုတရားစွဲတာကလည်း နိုင်ငံရေးအရ တိုက်ခိုက်တာပါ၊ သူ့မှာတော့ အပြစ်မရှိပါဘူးလို့ ထုချေပါတယ်။ သူ့နေရာမှာ ဘယ်သူပဲဖြစ်နေနေ သေနတ်ဝယ်ပုံစံဖြည့်စဥ် လိမ်လည်ရင် အပြစ်ရှိတာပါပဲ။ ပေးတဲ့ဆင်ခြေက ကလေးတွေ ရန်ဖြစ်တုန်း ငါ့စကားနွားရ အနိုင်လုပြောတာမျိုး ဖြစ်နေပြီ။

အခုထရမ့်ရင်ဆိုင်နေရတဲ့ အမှုတွေကိုကြည့်ရင် ဟိုးတုန်းက သူပိုင်အဆောက်အဦကို တန်ဖိုးဘယ်လောက်ရှိတယ်လို့ပြပြီး ဘဏ်မှာ ငွေချေးတာ၊ အဲဒါကို တန်ကြေးထက် ပိုပြောတယ်ဆိုပြီး တရားစွဲတာ၊ ဘဏ်တွေမှာ ရာဖြတ်တွေလည်း ရှိတယ်၊ ဘဏ်ကလည်း ပြန်ရမှာသေချာသလို အတိုးလည်းရလို့ ငွေချေးပြီးပြီ၊ ဘဏ်ကလည်း မဆပ်မှာ မပူပါဘူးလို့ ထုတ်ပြောပြီးပြီ၊ အဲဒါကို ဆေးရိုးသည် အမွှေစိန့်ဒီအေက အဂတိလိုက်စားပြီး အတင်းအမှုဆင်နေတာ။ ဒါက အရင်က၊ နိုင်ငံရေးနယ်ထဲ ဝင်လာတဲ့ ၂၀၁၅နောက်ပိုင်း ထရမ့်တင်မက သူ့သားသမီးတွေပါ ဘာအလုပ်မှ လုပ်လို့မရအောင်၊ ငွေချေးလို့မရအောင်၊ မန်ဟက်တန်က အိမ်မှာပါ နေလို့မရအောင် ဒီမိုကရက်တွေကပဲ လုပ်ထားကြတာလေ။

နောက်တမှုက ထရမ့်ကျင်လည်တဲ့ အသိုင်းအဝိုင်းထဲကတောင် မဟုတ်တဲ့ မိန်းမတဦးက သူသိပ်ကြိုက်တဲ့ Law and Order ဇတ်လမ်းတွဲထဲက ဇတ်လမ်းတခုအတိုင်း တသွေမတိမ်းကူးချပြီး သူ့ကို ဆိုင်တခုရဲ့ အဝတ်လဲခန်းထဲမှာ မုဒိမ်းကျင့်ပါတယ်လို့ စွပ်စွဲတာ။ ကလေးတောင် ဒီထက်ကောင်းတဲ့ ဇတ်လမ်း ဖန်တီးနိုင်ဦးမယ်။ အောက်ရုံးကလည်း ထရမ့်ကိုအနိုင်ပေးပြီးသား၊ အဲဒါကို ဆိုရော့အောက်ဆွဲ ဒီအေ လတီးရှာက အမှုထပ်ဖွင့်ခိုင်းပြီး တရားရုံးက ၈၃သန်း လျော်ကြေးနဲ့ အဲဒီမိန်းမကို အနိုင်ပေးလိုက်တယ်။ တရားဥပဒေ စိုးမိုးသလား၊ တရားရေးဝန်ထမ်းတွေ သမာသမတ်ရှိလား အသိသာကြီး။ ဒီနှစ်လို အရေးကြီးတဲ့ ရကပနှစ်မှာ မဲဆွယ်တာတွေ၊ လူထုတွေ့ဆုံပွဲတွေ၊ ဟောပြောပွဲတွေနဲ့ ပြည့်နေတဲ့ကြားက အမှုရက်ချိန်းတွေက အရေးကြီးတဲ့ ရက်တိုင်းမှာ လှုပ်မရအောင် အပြည့်ယူထားပြီးသား။ အဲဒါကမှ နိုင်ငံရေးတိုက်ခိုက်မှု မဟုတ်ဘူးလား။ ထရမ့်နေရာမှာ တခြားတယောက်ဆို ဒီအမှုတွေ ဖြစ်လာစရာ ရှိလား၊ မရှိရင် ဒါက လူကိုတိုက်ခိုက်တာ ရှင်းနေတာပဲလေ။ ဘာလို့ ထရမ့်ကိုမှ ဒီမိုကရက်တွေ ဂလိုဘယ်လစ်တွေ ခြဗျူရိုကရက်တွေ ပြုံဆင်းတိုက်ခိုက်နေတာလဲဆိုတော့ ဒိစတိတ်ပြိုကွဲပြီး ကွင်းဆက်တွေလိုက်ဖော်ရင် အကုန်လုံး ဂျေးအောင်းရမှာမို့လို့ပေါ့။

နိုင်ငံရေးဝေဖန်သူတဦးကတော့ ထရမ့်က သမ္မတတဦးအနေနဲ့ ကင်းလွတ်ခွင့်တွေရှိလို့ ဘယ်ရုံးချိန်းကိုမှ သွားစရာမလိုဘူး၊ သူသွားတယ်ဆိုတာက ဒီတိုင်းပြည်ရဲ့ တရားရေးစနစ် ဘယ်လောက်တောင် ပျက်စီးနေတယ်ဆိုတာ လူထုကို မျက်ဝါးထင်ထင် မြင်စေချင်လို့သာဖြစ်တယ်လို့ ဆိုပါတယ်။

Leave a comment