ဖေဖေါ်ဝါရီ ၂ ရက် ၂၀၂၄

နယူးယောက်မြို့ဝန်အဲရစ်အဒမ်အစိုးရဟာ တရားမဝင်ဝင်ရောက်လာတဲ့သူတွေကို ဟိုတယ်တွေမှာ ထည့်ထားတဲ့အပြင် စားစရာဝယ်ဖို့အတွက် ၅၃သန်းတန်ဖိုးရှိတဲ့ ငွေထည့်ထားပြီးသားခရက်ဒစ်ကဒ် တွေကိုပါ စတင်ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ နယူးယောက်မြို့ကြီးမှာ စစ်မှုထမ်းဟောင်းတွေ အပါအဝင် နိုင်ငံသားအိမ်ယာမဲ့တွေ စာရင်းအရတောင် ၉သောင်းကျော်ရှိနေတာပါ။ အဲဒီလူတွေက ဟိုတယ်မရ၊ စားဖို့ခရက်ဒစ်ကဒ်မရပဲ ဥပဒေဖောက်ဖျက်ပြီး နိုင်ငံနဲ့ ပြည်သူကို ဒုက္ခပေးမယ့်သူတွေ ပါနေနိုင်တဲ့ ခိုးဝင်လာသူတွေက ဟိုတယ်မှာနေ စားဖို့ကဒ်နဲ့ဆိုတော့ တော်ရုံလွဲတာ မဟုတ်ပါဘူး။

မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မှာလည်း ဂါဗာနာနဲ့ မြို့ဝန်က လူမည်းအများစုနေတဲ့ရပ်ကွက်က အားကစားရုံ/အပန်းဖြေအဆောက်အဦမှာ ခိုးဝင်၄၀၀အတွက် အိပ်စင်တွေ ကလေးကစားဖို့နေရာတွေနဲ့ နေရာချထားတဲ့အတွက် အဆိုပါရပ်ကွက်က ကလေး/လူငယ်တွေ စု/ဆုံပြီး အားကစားလုပ်လို့ မရကြတော့ပါဘူး။ ဂါဗာနာလူဖြူမကတော့ သူ့မှာရွေးစရာမရှိပါဘူးလို့ ဆိုပါတယ်။

အဂတိဂျိုးရဲ့ ရန်သူဖား မိတ်ဆွေ/ပြည်သူဖိပေါ်လစီကြောင့် အမေရိကန်ရဲ့ အစဥ်အလာ မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီ၊ ယူအေအီးနဲ့ အီဂျစ်တို့ဟာ အီရန်၊ အီသီယိုးပီးယားတို့နဲ့အတူ တရုပ်ဦးဆောင်တဲ့ (G7​ နဲ့ စင်ပြိုင်ဖွဲ့ထားတဲ့) ဘရစ် BRICS ကုန်သွယ်မှုအဖွဲ့မှာ ပူးပေါင်းပါဝင် လိုက်ကြပြီဖြစ်ပါတယ်။ G7 နဲ့ကွာတာက G7 မှာ ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံကြီးတွေ ပါဝင်ပြီး BRICS မှာတော့ ကမ္ဘာ့အကြီးဆုံးစွမ်းအင်ထုတ်လုပ်သူနိုင်ငံတွေနဲ့ သူတို့ရဲ့ အကြီးဆုံးဖောက်သည်တွေလည်းဖြစ်တဲ့ စားသုံးသူဈေးကွက် အကြီးဆုံးနိုင်ငံတွေ ပါဝင်နေတာပါ။ နောက်ထပ် နိုင်ငံ ၃၀လောက်လည်း ပါဝင်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒီလိုစွမ်းအင်ဂျိုင်းယန့်ကြီးတွေကို စုစည်းထားလိုက်ခြင်းအားဖြင့် ပြည်တွင်းစွမ်းအင်ပိတ်ပစ်ထားထဲ့ ဂျိုးတို့ဒီမိုကရက်တွေလက်ထက်မှာ အမေရိကန်က သူတို့အဖွဲ့ကို ဒူးထောက်လာစေဖို့ လုပ်လာနိုင်ပါတယ်။ ထရမ့်ပြန်လာရင် စွမ်းအင်ပြဿနာ ပြေလည်သွားမှာဖြစ်ပေမယ့် ရန်သူနဲ့ လက်တွဲသွားတဲ့ မိတ်ဆွေဟောင်းတွေကို ပြန်စည်းရုံးယူနိုင်မယ့် ထရမ့်ရဲ့ အရည်အချင်းကို သံသယမရှိပေမယ့် ၂၀၁၆ကထက်တော့ ပိုခက်ပါလိမ့်မယ်။ နေတိုး၊ ဂျီဆဲဗင်း၊ အီးယူ စတာတွေ ကလည်း လက်ဝဲယိမ်းပြီး တရုပ်ကြီးဘက်ကို ခပ်ပါပါဖြစ်နေတာက ပိုလက်ဝင်မှာပါ။ ထရမ့်ပြန်လာရင် တရုပ်နဲ့ ရုရှားဦးဆောင်တဲ့အုပ်စုကို ဘရိတ်အုပ်နိုင်မှာဖြစ်ပေမယ့် ၂၀၂၀ကလို မသမာမှုတွေကြောင့် ပြန်မလာနိုင်ခဲ့ရင် တရုပ်နဲ့ရုရှားက ကမ္ဘာကို မင်းမူတော့မှာပါ။ တရုပ်နဲ့ရုရှားမင်းမူရင် ကမ္ဘာမှာ ဒီမိုကရေစီ ဆိတ်သုဥ်းပြီဆိုတာ မမေ့ကြဖို့လိုပါတယ်။

တရုပ်ဆိုလို့ အမေရိကန်မှာ ဒီမိုကရက်တွေရဲ့ တမင်ဖန်တီးယူတဲ့ ပြဿနာတွေဖြစ်တဲ့ နယ်စပ်ကျူးကျော်မှု၊ မရှိတဲ့အပြစ်ကို ကလိန်စေ့ငြမ်းဆင် အရှိလုပ်ပြနေတဲ့ ထရမ့်အမှုတွေ၊ ရကပ ညစ်တဲ့ပြဿနာတွေ၊ အပုပ်ချမှုတွေနဲ့ သတင်းတွေနဲ့ ငြင်းမဆုံး မုန်းမဆုံး ဖြစ်နေတဲ့အချိန်မှာ တရုပ်က ဂျိုးတို့အုပ်စုတွေအားနည်းချက်ကို အခွင့်ကောင်းယူပြီး ကမ္ဘာကို စိုးမိုးဖို့ မနေမနား ဆက်လက်လှုပ်ရှားနေပါတယ်။ ယူအန်တို့ ဟူးတို့တွေက တရုပ်ဩဇာခံဖြစ်လို့ တရုပ်ကို လေသံတောင် မမာရဲတာ သိကြမှာပါ။ ကမ္ဘာ့လက်မဲဖိုရမ်လိုအဖွဲ့ကလည်း ကမ္ဘာကို ချုပ်ကိုင်ချင်တာဆိုတော့ တရုပ်ကို ဆရာတင်ကြတာလား၊ ညွှတ်ကွင်းမိနေကြတာလားတော့မသိ၊ တရုပ်အကျိုးစီးပွားနဲ့ဆန့်ကျင်တာ ဘာတခုမှ မလုပ်ရဲကြတာ အမှန်ပါ။

နောက်ဆုံးသိလာရတဲ့ တရုပ်ရဲ့ အရွေ့တခုက အမေရိကတိုက်မှာဖြစ်ပါတယ်။ ဂျိုးရဲ့ နယ်စပ်ပွင့်ပေါ်လစီနဲ့ ဝင်လာကြသူတွေအများစုဟာ ဗီဇာကိစ္စ စိတ်မပူရတဲ့ အီကွေဒေါနိုင်ငံကို အရင်ဝင်လာကြပြီး အဲဒီကနေမှ ကိုလံဘီယာ၊ ပနားမား၊ ကော့စတာရီကာ၊ နိကရာဂွာ၊ ဟွန်ဒူးရပ်စ်၊ ဂွာတီမာလာနိုင်ငံတွေကို ဖြတ်ပြီးမှ မက္ကဆီကိုတောင်ဖက်နယ်စပ်ကို ရောက်ပါတယ်။ အဲဒီကနေ မက္ကဆီကိုမြောက်ဖက် အမေရိကန်တောင်ပိုင်းနယ်စပ်ကို ကူးဖို့လုပ်ကြတာပါ။ အဲဒီလမ်းကြီးကတော့ အလက်စကားကနေ အာဂျင်တီးနားအထိပေါက်တဲ့ ပန်အမေရိကန်လမ်းမကြီးဖြစ်ပါတယ်။ အဲဒီလမ်းမှာ ကိုလံဘီယာကနေ ပနားမားထဲဝင်စ မိုင်၆၀လောက် Darién Gapမှာပဲ မြေမျက်နှာပြင်နဲ့ ရာသီဥတု ကြမ်းတမ်းခက်ထန်လွန်းတဲ့အတွက် လမ်းမရှိတာပါ။ အဲဒီနေရာဟာ လမ်းမရှိတဲ့ တောတွေ၊ တောင်တွေ၊ ရေအိုင်တွေ၊ ဓနိတောတွေ၊ ရွှံ့နွံတွေ၊ ဒေါင်းသေချောင်းလို အချိန်မရွေး ရေလွှမ်းနိုင်တာတွေနဲ့ ပြည့်နေတာဆိုတော့ ဖြတ်သန်းလာတဲ့သူတွေဟာ မတော်တဆကျိုးပဲ့၊ ရေနစ်၊ ဖျားနာပြီး အသက်ဆုံးကြတာတွေ ရှိတတ်ပါတယ်။  

လမ်းတောင် ကောင်းကောင်းမရှိတဲ့ အဲဒီလိုနေရာမှာ ဆက်သွားရင်း ဆန်ဗီစန်တေးကိုရောက်တဲ့အခါ ရေ၊ အစားအစာနဲ့ လိုအပ်တတ်တဲ့ ပစ္စည်းလေးတွေ ရောင်းပေးတဲ့ တဲဆိုင်လေးရှိပါတယ်။ အဲဒါကတော့ တရုပ်လိုတွေ ရေးထားတဲ့ တရုပ်ဆိုင်ပါ။ ဂျိုးတက်တဲ့အချိန်မှ လူသုံးများလာတာကလွဲလို့ ကျန်စီးပွားရေး ဘာမှမရှိလှတဲ့ အဆိုပါ ဒေသမှာ ကွန်ကရစ်နဲ့ အကျအန တံတားဆောက်နေတာလည်း တွေ့ရပါတယ်။ ဘယ်သူဆောက်လဲလို့ မေးလို့မရပေမယ့် တရုပ်ကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ပါဘူး။ ဆိုင်နားမှာ စစ်တိုက်တဲ့အရွယ် တရုပ်အရွယ်ကောင်းယောက်ျားတွေကို တွေ့ရပြီး သူတို့ကိုတော့ ဘာမှမေးလို့မရပါဘူး။ ဘာသာစကားကြောင့်ထက် မပြောဖို့ အမိန့်ရထားပုံပါပဲ။ အဲဒီ gap ကို ကျော်ပြီး ပန်အမေရိကန် အဝေးပြေးလမ်းမကြီးကိုရောက်ရင် ခိုးဝင်မယ့်သူတွေကို ဘတ်စ်ကားကြီးတွေနဲ့ ကန်တောင်ဘက် နယ်စပ်အရောက် စနစ်တကျ ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကလည်း ရှိနေပါတယ်။

တရုပ်က တံတားဆောက်တာ ဒီယုန်မြင်လို့ ဒီခြုံထွင်တယ်ဖြစ်မှာစိုးတော့ ကာဗာအနေနဲ့ ဒေသခံတွေကို ယွတ်ကာတွေ စိုက်ခိုင်းပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်တာက စိုက်ဖို့တောရှင်းရတော့ သူတို့ခြေကုပ်ရတဲ့အပြင် သစ်တွေလည်း ပေါပေါပဲပဲ ရလိုက်တာပါ။ ယွတ်ကာပင်က အားကြီးအားမက် ရောင်းနေရတာမျိုး မဟုတ်တော့ အဲဒီကိုသွားခဲ့တဲ့ ဇီဝပညာရှင် ဘရက်ဝိန်းစတိန်းက တကယ်လိုလို့ စိုက်ခိုင်းတယ် မထင်ဘူးလို့ တပ်ကာကို ပြောပါတယ်။ မြန်မာပြည်မှာ ကြက်ဆူပင်တွေ အဓိပ္ပါယ်မရှိ စိုက်ခိုင်းကြတာကို သတိရမိပါတယ်။ တံတားမရှိခင်ကတောင် တနှစ်ကို ၅သိန်းလောက် ဖြတ်သွားနေတာဆိုတော့ တံတားများပြီးသွားရင် သန်းချီနေမှာ အသေအချာပါ။

ယူအန်လက်အောက်က အိုင်အိုအမ်ဆိုတဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအဖွဲ့အစည်း အကြီးအကဲ အေမီပုပ်က ဇန်နဝါရီ ၁၉ရက်တုန်းက ဥရောပကို ရွှေ့ပြောင်းလာကြသူတွေဟာ ဥရောပနိုင်ငံတွေ စီးပွားရေး ဖွံ့ဖြိုးဖို့နဲ့ ကြွယ်ဝချမ်းသာဖို့အတွက် အများကြီး အထောက်အကူပြုတဲ့အတွက် ဥရောပဟာ ရွှေ့ပြောင်းတွေကို လိုအပ်သလို ရွှေ့ပြောင်းတွေကလည်း သူတို့လုံလုံခြုံခြုံ အလုပ်လုပ်နိုင်မယ့် လမ်းကြောင်းတွေ လိုအပ်နေတယ်လို့ ပြောသွားပါတယ်။ ရောက်ရာအရပ်မှာ တွေ့နေရတာကတော့ ပြဿနာတွေချည့်ပါပဲ။ ထိုင်စား၊ ခြူစား၊ လုယက်၊ မုဒိမ်းကျင့်၊ အကြမ်းဖက်အပြင် သူတို့အကြိုက် ဥပဒေတွေကို ဥရောပမှာ ပြဌာန်းပေးစေပြီး ဒေသခံတွေကိုပါ လိုက်နာစေချင်တာလည်း ပါပါသေးတယ်။ တကယ်အလုပ်လုပ်ကြသူတွေလည်း ရှိကောင်းရှိမှာပါ၊ ဒါပေမယ့် အေမီပြောသလို ဝင်လာသလောက်သာ လုပ်အားဖြစ်ရင် စီးပွားရေးတွေ ထောင်တက်နေပြီပေါ့။ တကယ်တော့ စီးပွားရေးတိုးတက်ချင်ရင် အရင်ဆုံးလိုတာက မလိုအပ်ပဲ ဝန်တိုးစေတဲ့ ဥပဒေတွေကို အရင်ဖြိုရမှာဆိုတာ ထရမ့်က သက်သေပြသွားပြီးပါပြီ။

ဆက်စပ်ကြည့်ရင်တော့ ဘိုင်ကြီးရဲ့ နယ်စပ်ဖွင့်ပေါ်လစီဆိုတာ တရုပ်စနက်လို့ ပြောလို့ရပါတယ်။ ယူအန်က တရုပ်လက်အောက်ခံဖြစ်နေတာရယ်၊ ဂျိုးတို့သားအဖကို သန်းချီခွံ့ထားတာရယ်ကို ကြည့်ရင် လွဲစရာမရှိပါဘူး။ ဒါကြောင့် ၂၀၂၀တုန်းက မဲရေတဲ့စက်တွေ ဂန္ဓာလရာဇ်တိုင်းကို သတင်းပို့ရတာ ချိတ်ထားတာဆိုတာတွေ ဖြစ်လာတာပေါ့။ ဒီမန်းရှာဂျိုးကို ရုပ်သေးမှန်းတော့ သိကြတာပါပဲ။ ဘယ်သူကြိုးဆွဲနေလဲဆိုတော့ အနီးကပ်ကတော့ ဟူစိန်ပေါ့။​ အဝေးကတော့ ဦးပေါက်ဆီနဲ့အဖွဲ့ ဆိုပါတော့။ အဲဒီဆက်စပ်မှုတွေကို မမြင်ပဲ ဟိုလူကြီးကိုပဲ ပစ်မုန်းနေ၊ မာဂါတွေကိုပဲ မဲနေရင် နောက်က တဆုံးဝင်နေတာ မသိပဲ ဖြစ်နေကြပါဦးမယ်။

ပွင့်လင်းဖခင်ကြီးအမွှေစိန်ရဲ့ ရင်းနှီးမြှုပ်နှံမှုဖန်းဒ်မှာ အကြီးအမှူးလုပ်ခဲ့သူ လက်ရှိကီးစကွဲကာပီတယ်က ဘီလျံနာစကော့ဘက်ဆန့်က ခုတလော စတော့မားကက်မှာ အတက်လှိုင်းတွေပြန်အားကောင်း နေတာဟာ ထရမ့်ပြန်လာနိုင်တယ်လို့ ယုံကြည်ကြတာကြောင့်ဖြစ်ကြောင်း၊ ပိုးလ်တွေမှာ ထရမ့်က ဂျိုးထက် သိသိသာသာ နိုင်ခြေရှိနေသ၍ မားကက်က အတက်ပြနေဦးမှာဖြစ်ကြောင်း၊ ထရမ့်ပြန်လာရင် ၂၀၁၇-၁၈ကလိုပဲ မလိုအပ်တဲ့ဥပဒေတွေ ဖျက်သိမ်းမယ်၊ စီးပွားရေးဖွံ့ဖြိုးမယ်၊ စွမ်းအင်ဖူလုံဈေးချိုမယ်၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေအားကောင်းပြီး အလုပ်အကိုင် ပေါများမယ် လို့ ဟောကိန်းထုတ်သွားပါတယ်။

ရီပါဘလစ်ကန်စပီကာဟောင်း ကယ်ဗင်မက်ကာသီဟာ သူ့ကိုမဲပေးထားတဲ့ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင်ပြီး လွှတ်တော်အမတ်အဖြစ်က နှုတ်ထွက်လိုက်ပြီဖြစ်ပေမယ့် သူနဲ့ရင်းတဲ့ လက်ရှိအမတ် ဘရိုင်ယန်ဝက်လ်ရှ်နဲ့ပေါင်းပြီး သူ့ကို လွှတ်တော်စပီကာအဖြစ်ကနေ ဖယ်ထုတ်ဖို့ကြိုးပမ်းခဲ့တဲ့ ရီပါဘလစ်ကန်အမတ် ၈ဦးကို လက်စားချေဖို့ ကျုံးဝါးထားပါတယ်။ အောက်လွှတ်တော်အမတ် နေရာက ၂နှစ်တကြိမ် ပြန်အရွေးခံရတာဖြစ်လို့ ပဏာမရကပမှာ အဲဒီ၈ဦးနဲ့ ယှဥ်ပြိုင်မယ့်သူတွေကို သူ့မိတ်ဆွေတွေ၊ အလှူရှင်တွေအကူအညီနဲ့ ငွေလုံးငွေရင်းသုံးပြီး ကူညီပေးဖို့ လုပ်နေတာပါ။ မက်ကာသီကို ဖြုတ်လိုက်တာ ဘယ်လောက်မှန်သလဲဆိုတာ မိုက်ခ်ဂျွန်ဆန်က အကောင်းဆုံး သက်သေပါပဲ။

ဒီနေရာမှာ အားလုံးကို တိုက်တွန်းချင်တာက primary ပဏာမရကပကလည်း အရေးကြီးတဲ့အတွက် မဲပေးဖြစ်အောင် ပေးကြဖို့ပါ။ primary မှာ ပါတီတွင်း အက်စ်တာဘလစ်ရှ်မန့်ဘက်က ရိုင်နိုတွေနဲ့ ပြည်သူ့ဘက်က မာဂါတွေကို ဇကာစစ်ချမှာဖြစ်ပါတယ်။ မဲအများဆုံးရတဲ့သူမှ နိုဝင်ဘာရကပမှာ တခြားပါတီကလူတွေနဲ့ ပြိုင်ရတာဖြစ်လို့ ပရိုင်မရီမှာ ပြည်သူ့ဘက်သားနိုင်ဖို့လိုပါတယ်။ မဲပေးဖို့ နားမလည်တာရှိရင် ချက်ဘောက်စ်လာမေးပါ။

Leave a comment