ဆန်ဒီယေးဂိုးတောင်ဖက် မက္ကဆီကိုနယ်စပ် နယ်ခြားတံတိုင်းတိုင်တွေရဲ့ အဆုံးမှာ အနည်းငယ်ဟနေတဲ့ သံဆူးကြိုးကာထားတဲ့ နေရာကနေ ခိုးဝင်တွေ အလုံးအရင်းနဲ့ ဝင်လာနေကြပါတယ်။ တက္ကဆက်စ်မှာ တင်းကြပ်လိုက်တာကြောင့် ကယ်လီဖိုးနီးယားဘက်ကို အဝင်များလာတာ ဖြစ်နိုင်တဲ့အပြင် အပြာရင့် ကယ်လီဖိုးနီးယားမှာက တော်ရုံဝင်ငွေနဲ့ နိုင်ငံသားတောင် အခမဲ့မရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခိုးဝင်တွေအတွက် အခမဲ့လို့ နူဆမ်က လုပ်ပေးလိုက်တဲ့အပြင် ယူစီလို အစိုးရတက္ကသိုလ် တက်ချင်ရင်လည်း တခြားပြည်နယ်ကလာသူတွေ၊ နိုင်ငံတကာကျောင်းသားတွေလို နယ်ခံမဟုတ်သူဈေးမပေးရပဲ ကယ်လီဖိုးနီးယားပြည်နယ်သူ/သားတွေအတွက် သတ်မှတ်ဈေးနဲ့ တက်ခွင့်ပြုဖို့ ဝင်ငွေနည်းထောက်ပံ့ကြေး၊ ဂရန့်၊ စကော်လာရှစ်မျိုးစုံကိုပါ လျောက်ထားခွင့်ပြုမယ်လို့ ဆိုပါတယ်။
အဲဒီလိုလုပ်တာဟာ ဥပဒေလိုက်နာသူများကို သောက်ပေါဖြစ်စေပြီး ဥပဒေချိုးဖောက်နိုင်မှ ချီးမြှောက်တာဖြစ်ပါတယ်။ နူဆမ်လက်ထက် $၉၅၀အောက်ပဲခိုးရင် ဖမ်းမရတာနဲ့၊ ကြမ်းတမ်းရာဇဝတ်မှု ကျူးလွန်သူတွေကိုတောင် အာမခံမလိုစေပဲ ပြန်လွှတ်ပေးရတာနဲ့ သဘောချင်း အတူတူပါပဲ။ ဒီမိုကရက်တွေရဲ့ ပေါ်လစီတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ လူမှု စီးပွားရေး လုံခြုံရေး ပြဿနာအများစုရဲ့ ရေသောက်မြစ်ဖြစ်နေတာမက ဥပဒေစိုးမိုးမှုကို အခြေကနေ ပျက်ပြားအောင် ပြုလုပ်နေတာဖြစ်ပြီး အရွယ်စုံလူထုကို စိတ်ဓါတ်ပျက်စီးစေတာဟာ အဆိုးဆုံးလို့ ပြောရမှာပါ။
အဲဒီနယ်စပ်ခွေးတိုးပေါက်ကနေ အလုံးအရင်းနဲ့ ဝင်လာနေကြတာက လောလောဆယ်အထိ အများဆုံး တရုပ်တွေဖြစ်ပြီး အိန္ဒိယ၊ အာဖဂန် စတဲ့ တခြားလူမျိုးတွေလည်း ပါလာကြပါပြီ။ အဲဒီကိုလာရတယ်လို့ ဘယ်လိုသိသလဲဆိုတော့ တစ်တော့မှာ ဘယ်ကိုသွား၊ ဘယ်ကိုဆက်သွယ်ဆိုပြီး အဆင့်ဆင့် သေချာရှင်းပြထားပါတယ်တဲ့။ အများစုလာတဲ့လမ်းကြောင်းကတော့ ထိုင်းဖက်ကနေတဆင့်၊ တချို့က တရုပ်ပြည်ကနေ ဗီဇာမလိုတဲ့ အီကွေဒေါကို သွားပြီးမှ မက္ကဆီကိုက တီဝှားနားကို လေကြောင်းနဲ့ လာကြသူတွေရှိသလို ဒါရီယန်ဂက်ပ်ကို ကုန်းကြောင်းဖြတ်ပြီး ကားတွေနဲ့ လာကြသူတွေလည်း ရှိပါတယ်။ တတ်နိုင်သူတွေကတော့ တီဝှားနားကိုပဲ တိုက်ရိုက်သွားပြီးမှ နယ်စပ်ကျော်ကူးကြတာ ဖြစ်ပါတယ်။ တချို့က အမေရိကန်ရောက်တဲ့အထိ ရက် ၄၀လောက်ကြာပြီး $ ၁၄,၀၀၀ ကုန်တယ်လို့ ဆိုပါတယ်။
အဲဒီခွေးတိုးပေါက်နားမှာ မြေအကျယ်ကြီးပိုင်တဲ့သူက သူ့မြေထဲ ဖြတ်သွားသူတွေ တနေ့ကို ၃၀၀၀လောက်တော့ ရှိကြောင်း၊ တချို့ဆို သူ့မြေပေါ်က အပင်တွေပါခုတ် မီးရှို့ပြီး မီးလှုံကြကြောင်း၊ သူ့မြေပေါ်မှာလည်း တန့်တွေ၊ အမှိုက်တွေ ပစ်ထားခဲ့ကြပြီး တခါက သူ့မြေပေါ် ဖျက်လိုဖျက်ဆီးလုပ်သူတွေကို မလုပ်နဲ့လို့ပြောတာ မရတဲ့အတွက် မိုးပေါ်ထောင်ပြီး ခြောက်ပစ် ပစ်ခဲ့ကြောင်း၊ အဲဒီအတွက် သူပဲအဖမ်းခံရပြီး သူ့သေနတ်အသိမ်းခံရကြောင်း ပြောသွားပါတယ်။
တရုပ်ပြည်မှာ စီးပွားကျအောင် လုပ်နေတာတွေ၊ ရောဂါပိုးနဲနဲတွေ့ များများကြပ်တာတွေက လူတွေကို ထွက်မပြေး ပြေးချင်အောင် လုပ်နေသလိုပါပဲ။ တဖက်မှာလည်း နယ်စပ်မဖွင့်ဖွင့်အောင် ဂျိုးအစိုးရကို အန်ဂျီအိုတွေ ခြတွေကဆင့် အကြီးအကျယ် ဖိအားပေးနေတာပါ။ တခုစဥ်းစားသင့်တာက တရုပ်ပြည်မှာ အစိုးရမသိပဲ ပြည်ပကို ယင်တကောင်တောင် ထွက်ခွင့်မရှိတဲ့အနေအထားမှာ အခုလို ထောင်ချီထွက်လာတာတွေကို အစိုးရက မသိပဲနေမှာ မဟုတ်ပါဘူး။ တရုပ်ဥပဒေအရ တရုပ်နိုင်ငံသားတွေဟာ လိုအပ်လာရင် “နိုင်ငံတော်”နဲ့ ပါတီအတွက် စုံစမ်းထောက်လှမ်းမှုတွေ အပါအဝင် ပါတီရဲ့ လက်ကိုင်ဒုတ်အဖြစ် ထမ်းဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ လာကြတာက အရွယ်ကောင်းတွေ လက်ပ်တော့ပ်တွေ လပ်ဂျေ့တွေနဲ့ဆိုတော့ စီစီပီက မသိပဲနေမှာ မဟုတ်သလို တရားဝင်လာရင်လည်း ရနိုင်တဲ့ လူတန်းစားတွေ ဖြစ်နေတာပါ။ အဲဒီလူတွေဟာ သာမာန်တရုပ်တွေမဟုတ်ပဲ စီစီပီက အမေရိကန်ကို ဖျက်ဆီးဖို့ လွှတ်လိုက်တဲ့သူတွေ ဖြစ်နေရင် အန္တရာယ်ဖြစ်လာနိုင်တဲ့ အနေအထားကို မှန်းမိမှာပါ။
လွှတ်တော်မှာက ရိုင်နိုတွေအကူအညီနဲ့ ဘိုင်ပါတီဆန်အင်မီဂရေးရှင်းဘေလ်ဆိုပြီး ဒီမိုကရက်တွေက တင်ပါတယ်။ အရေးပေါ်အခြေအနေမှာ နယ်စပ်ဂိတ်အသီးသီးက နယ်စပ်အရာရှိတွေဟာ အနည်းဆုံးတနေ့ကို ခိုလှုံခွင့် ၁၄၀၀ကို စီစဥ်လက်ခံပေးဖို့နဲ့ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက တပတ်ကို ၃သောင်း-၃သောင်းခွဲ (သို့) တနေ့ကို ၈၅၀၀အထက် ဝင်လာမှ မဖြစ်မနေ ရပ်နားထားဖို့တွေ အပါအဝင် ခိုးဝင်သူပိုများစေဖို့နဲ့ ယူကရိန်းစစ်၊ အစ္စရေးစစ် စတာတွေကို ကူဖို့တွေပဲ များတာပါ။ ထရမ့်လက်ထက်ကလို ခိုလှုံခွင့်လိုချင်ရင် ဒီဘက်နယ်စပ်မှာဖောင်တင်ပြီး မက္ကဆီကိုထဲမှာပဲ စောင့်စေတဲ့ ပေါ်လစီကို ပြန်ကျင့်သုံးဖို့ မပါဝင်ပါဘူး။ ဂျိုးနဲ့ သူ့ရဲ့ပြန်ဝန်မက နယ်စပ်ပြဿနာ အကုန်လုံးကို ထရမ့်ပေါ်ပုံချသလို ပြည်ထဲရေးဝန် မယောကာ့စ်ကလည်း နယ်စပ်မှာ အကုန်ကောင်းနေတာပဲလို့ ဆိုပါတယ်။
ဟားဗတ်မှာအလုပ်လိုချင်လို့ လူနီလို့လိမ်ခဲ့တဲ့ လူဖြူဆီနိတ်တာ အဲလစ်ဇဘက်ဝါရင်က ဒီတိုင်းပြည်မှာရော သူ့ပြည်နယ်မှာပါ လုပ်အားတွေအများကြီး လိုနေသေးလို့ နယ်စပ်က ခိုးဝင်တွေကို ဒီထက်မက အများကြီးပိုဝင်လို့ရအောင် လုပ်ရဦးမှာလို့ ဆိုပါတယ်။ စီးပွားရေးကကျ၊ ငွေဖောင်းပွမှုကမြင့်ဆိုတော့ အလုပ်တွေ လှိမ့်ဖြုတ်နေကြတဲ့အချိန်မှာမှ ဒီစကားမျိုးထွက်တာဟာ သူကျမ်းကျိန်ထားတဲ့ ကတိသစ္စာတွေကို ဖောက်ဖျက်လိုက်တာပါပဲ။ စီးပွားရေးတက်လာရင်တောင် နိုင်ငံသားတွေအလုပ်ရဖို့က အရင်လာရမှာပါ။ သူမရဲ့ ပိုင်ဆိုင်မှုသန်း ၆၀ကျော်က တနှစ်တသိန်းကျော် လစာကို တပြားမှမစားပဲ တသက်လုံးချစ်ခြုပ်စုရင်တောင် မဖြစ်နိုင်တဲ့ ပမာဏဆိုတော့ သူပြောနေတာ ဘယ်သူ့အတွက်လဲဆိုတာ ရိပ်မိကြမှာပါ။
ဝါရင်လို အဂတိသမားတွေ ဘယ်လိုလှုပ်ရှားတာပြောရင်း အိုဟိုင်းအိုးက ဂျီအိုပီဂါဗနာ မိုက်ခ်ဒီဝိုင်း အကြောင်းပါ ပြောပါမယ်။ ဒီဝိုင်းက ၂၀၂၃အကုန်လောက်က ပြည်နယ်လွှတ်တော်ကတင်တဲ့ ဆရာဝန်တွေ ကလေးတွေကို လူပျို/အပျိုဖော်ဝင်တာကို တားမြစ်တဲ့ဆေးတွေ မပေးဖို့၊ ကျားကလေးကို မ ဟော်မုန်း၊ မ ကလေးကို ကျားဟော်မုန်းမပေးဖို့၊ ကျားတွေကို မ အားကစားပွဲ တွေမှာ ဝင်မပြိုင်စေဖို့ ဥပဒေကြမ်းပြဌာန်းတာကို နောက်ဆုံးအချိန်မှကပ်ပြီး ဗီတိုလုပ်လိုက်ပါတယ်။ ၂၀၁၈-၂၀၂၃အတွင်း သူအလှူခံရထားတာတွေကို ပြန်ကြည့်တော့ ဒီဝိုင်းက အိုဟိုင်းအိုကလေးဆေးရုံ အသင်း၊ စင်စင်နာတီကလေးဆေးရုံအသင်း၊ တနိုင်ငံလုံးက ကလေးဆေးရုံအသင်းတွေကနေ ၄၀,၃၀၀ ရယူထားတာ တွေ့ရပါတယ်။ အဲဒီအဖွဲ့တွေအားလုံးက လိင်ပြောင်းကို ရောဂါတခုလို ဆေးပေးပြီး ပြောင်းပေးနေကြတာပါ။ ဒါက တရားဝင်အလှူပေါ့၊ တရားမဝင်ကတော့ ဒီထက် အများကြီး ပိုနိုင်ပါတယ်။
တပ်ကာကာလ်ဆန်က လောလောဆယ် ရုရှားကို ရောက်နေပြီး ပူတင်ကို အင်တာဗျူးလုပ်မှာ ဖြစ်ပါတယ်။ အရင်က စစ်ဖြစ်ပြီဆိုရင် နှစ်ဖက်လုံးက ခေါင်းဆောင်တွေကို ဂျာနယ်လစ်တွေက သွားတွေ့ပြီး အင်တာဗျူးကြတာ ထုံးစံပါ။ အခုကျမှ ပူတင်ကို ဘယ်မီဒီယာကမှ အင်တာမဗျူးကြတဲ့အပြင် စစ်ဖြစ်စက တပ်ကာသွားဖို့ကြိုးစားတာကို ဂျိုးတို့အပါအဝင် အားလုံးဝိုင်းဖျက်ကြတဲ့အတွက် မသွားဖြစ်ခဲ့ပါဘူး။ ခု ဒီတကြိမ်တော့ ဘယ်သူတားတား ရောက်အောင် သွားဗျူးမယ်၊ ဗျူးထားတာကိုလည်း ဖြတ်ခြင်း တောက်ခြင်း ပြုပြင်ခြင်း လုံးဝမပြုလုပ်ပဲ အားလုံးကို အခမဲ့ ကြည့်ရှုခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။ မျက်မမြင်ဆင်စမ်းသလို ပူတင်ဘာလုပ်မယ်ဆိုတာ ရမ်းသမ်းပြောနေကြမယ့်အစား သွားတီးခေါက်ကြည့်လိုက်တာက ပြဿနာကို ပြေလည်ဖို့လမ်းနဲ့ ပိုနီးမယ်ဆိုတာ တော်ရုံစဥ်းစားတတ်ရင် သိကြမှာပါ။
ပူတင်ဆိုလို့ ဗမာတွေထဲ စိတ်ကူးယဥ် ကမ္ဘာပြားအဖွဲ့က ပူတင်နဲ့ ထရမ့်ပုံတွေကို အတုတမျိုး အစစ်တဖုံ နဲ့ မိတ်ဆွေရင်းချာကြီးတွေလို တင်နေကြပါတယ်။ နှုတ်တရာထက် စာတလုံး၊ စာလုံးတရာထက် ပုံတပုံက လူတွေကို အထင်အမြင်မှားစေဖို့ အများကြီးအထောက်အကူပြုနိုင်တာကြောင့် သတင်းတုဖြန့်သူတွေ၊ မှိုင်းတိုက်သူတွေက ထင်ယောင်ထင်မှားဖြစ်စေမယ့်ပုံတွေကို သုံးလေ့ရှိပါတယ်။ မသိလို့ ပုံအတုတွေ သုံးတာမဖြစ်ရအောင် သွားသတိပေးတော့လည်း ရူးချင်ယောင်ဆောင်ပြီး မဆိုင်တာတွေ လျောက်ပြောပါတယ်။ နားမလည်ပဲ ထရမ့်ကြိုက်သူက ထရမ့်ပုံပါလို့ အကောင်းထင်ပြီး ရှဲကြတယ်။ ဘာအကျိုးရှိလဲဆိုတော့ ရန်သူအားပေးပဲ ဖြစ်တာပါ။ တရုပ်ကို ထိတာလည်း ကြိုက်ပုံမရပါဘူး။ ဒိစတိတ်က ကြိုးကိုင်နေလို့ပဲ တရုပ်က လိုက်လုပ်နေရသလိုလို ပြောပါတယ်။
ဒီစတိတ်ဆိုတာ အဖွဲ့မဟုတ်ပါဘူး၊ ခြစားတွေအကုန်လုံးဟာ ဒီစတိတ်ပါပဲ။ ဒိစတိတ်နဲ့ ဂလိုဘယ်လစ်တွေ၊ အာဏာရှင်တွေ အကြမ်းဖက်တွေ အကုန်ပေါင်းမိနေတာ တဖွဲ့ထည်းမို့လို့ မဟုတ်ပါဘူး၊ ဘုံရန်သူဖြစ်တဲ့ အနောက်ကမ္ဘာကို ဖြိုခွဲဖို့ ခြတွေမွေးထားတာပါ။ ဘယ်သူတွေက ဘယ်သူ့သခင်လဲလို့ သိချင်ရင် သူဘယ်သူကို မဝေဖန်ရဲဘူးလဲ၊ ဆက်ဆံရေးမှာ ဘယ်သူက အထက်စီးကလဲဆိုတာသာ စောင့်ကြည့်လိုက်ပါ။ သူ မထိရဲသူက သူ့သခင်ပါပဲ။
အဲဒီအုပ်စုကတချို့က တော်လှန်ရေးအစစ်ကိုပဲ အလိုရှိတယ်ဆိုပြီး အန်ယူဂျီဘာလုပ်လုပ် ထိုင်ဖောင်းထုနေတာလည်း တွေ့ရတာပဲ။ ဘယ်လိုပတ်သက်သလဲတော့မသိ၊ သေချာတာက ထရမ့်ပြန်လာမှာ ဘယ်အာဏာရှင်မှ မကြိုက်တာရယ် ဘယ်အာဏာရှင်/ခြစားမှ တရုပ်ကို မဝေဖန်ဝံ့တာရယ်ပါ။ ရှေ့လျောက် အေအိုင်တွေနဲ့ရော မုသားချိုချိုတွေနဲ့ပါ ထင်ယောင်ထင်မှား ဖြစ်စရာတွေ အများကြီး လာဦးမှာပါ။ အများကြီး သတိထားကြဖို့ လိုပါမယ်။