ဖေဖေါ်ဝါရီ ၁၅ရက် ၂၀၂၄

ယူကရိန်းမှာ ဇယ်လင်စကီက နိုင်ငံသား ၅သိန်းကို စစ်တိုက်ရန် ဆင့်ခေါ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ မီဒီညာမှာ ပြောနေကြသလို နိုင်ငံသားတွေက ကိုယ့်သဘောနဲ့ကိုယ် ရရာလက်နက်စွဲကိုင်ပြီး ထွက်တိုက်မယ်ဆိုတာ စစ်ဖြစ်ခါစက အမေရိကန်မီဒီညာကပြတဲ့ထဲမှာပါ။ အခုအချိန်မှာ ညှိနှိုင်းဆွေးနွေးဖို့လည်း အစီအစဥ်မရှိ၊ စစ်ကို ပံ့ပိုးပေးနိုင်တဲ့ ကိုယ်ပိုင်ဝင်ငွေလည်းမရှိ၊ နိုင်ခြေလည်းမရှိတဲ့စစ်ကို တိုက်နေတာ ကြာလာတော့ ဘယ်သူမှ စစ်ထဲမဝင်ချင်ကြတော့လို့ အကြပ်ကိုင်တဲ့ဥပဒေ ပြဌာန်းဖို့ လုပ်နေတာပါ။

ဇယ်လင်စကီအစိုးရကတော့ ယာဥ်မောင်းလိုင်စင်တွေကို သက်တမ်းတိုးမပေးတဲ့နည်း၊ ဘဏ်အကောင့်တွေကို ထိန်းချုပ်တဲ့နည်းတွေသုံးနေလို့ ယူကရိန်းယောက်ျားတွေဟာ အိမ်ထဲမှာပဲ တံခါးပိတ် သော့ခတ်နေကြတယ်လို့ သိရပါတယ်။ အတိုက်အခံပါတီများအားလုံးကို ဖျက်သိမ်းထားပြီး မီဒီယာကို ချုပ်ကိုင်ထားတဲ့အတွက် ယူကရိန်းသတင်းဟာ ဂျိုးတို့ရဲ့ အမေရိကန်မီဒီညာကြီးတွေ ပြောသလောက်ပဲ ကမ္ဘာက သိနေကြတာပါ။

မနေ့က ပြုလုပ်သွားတဲ့ ပူတင်နဲ့ ဇရူဘင်အင်တာဗျူးမှာ အမေရိကန်မှာ ဘယ်သူ့ကို တက်စေချင်သလဲဆိုတော့ ဘယ်သူတက်တက် အဆင်ပြေအောင် ဆက်ဆံရမှာပါပဲ၊ ဒါပေမယ့် ရုရှားအတွက်ဆိုရင်တော့ အတွေ့အကြုံလဲရှိ၊ ခန့်မှန်းရတာလည်း လွယ်တဲ့ ဘိုင်ဒန်တက်တာ ပိုအကျိုးရှိမယ်လို့ ပြောသွားကြောင်း သိရပါတယ်။ ယူကရိန်းဘက်က ရုရှားတနှစ်စာ စစ်အသုံးစာရိတ်မကတဲ့ ဘီလီယံရာချီ ထောက်ပံ့ပေးနေတဲ့သူကို ယူကရိန်းရန်သူ ရုရှားက တက်စေချင်နေတယ်ဆိုတာ အဓိပ္ပါယ် အများကြီး ရှိနေတာ နားလည်ကြမယ်ထင်ပါတယ်။

တပ်ကာနဲ့ ဗျူးအပြီးမှာ ပူတင်က အပစ်အခတ်ရပ်ဖို့အတွက် ညှိနှိုင်းဖို့ အဆင်သင့်ပါပဲလို့ ပြောခဲ့တာ ကမ္ဘာက သိသွားခဲ့ပြီး အတွင်းသတင်းတွေအရလည်း ပူတင်က ကြားလူတွေကတဆင့် အပစ်ရပ်ဖို့ ကမ်းလှမ်းခဲ့ကြောင်း ရုရှားသတင်းအရင်းအမြစ် ၃ခုက ဆိုပါတယ်။ အမေရိကန်ကို ဆက်သွယ်ရာမှာ မနှစ်က စခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ခုရက်သတ္တပတ်ပိုင်းမှာ လုံးဝပျက်စီးသွားပါပြီ။ တခုက ယူကရိန်းအစိုးရမပါပဲ ဆွေးနွေးပွဲ မလုပ်ဘူးလို့ ပြောသလို နောက်တခုကလည်း ယူကရိန်းကို ညှိနှိုင်းအဖြေရှာဖို့ ဖိအားမပေးချင်ဘူးလို့ ဆိုကြောင်း သိရပါတယ်။ ပူတင်ကတော့ မအံ့ဩပါဘူးတဲ့။

ပြည်သူတွေက အစိုးရအေဂျင်စီတွေကို တရားစွဲဆိုနိုင်သလားဆိုတဲ့ အမှုအပေါ်မှာ ဂျိုးအစိုးရက အစိုးရအေဂျင်စီတွေကို တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့် ရသင့်ကြောင်း အသည်းအသန် ငြင်းခုံနေပေမယ့် ဆူပရင်းကုတ်က ၉-၀နဲ့ ပြည်သူဘက်ကို အနိုင်ပေးလိုက်ပါတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ ကဗကိစ္စကစလို့ အစိုးရအဖွဲ့အစည်းတွေကို တရားစွဲဖို့ လမ်းပွင့်သွားပါပြီ။

နယ်စပ်ပြဿနာတွေကို ဖြေရှင်းဖို့ မကြိုးစားပဲ ပြဿနာပိုကြီးအောင်ပဲ လုပ်နေခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး မယောကာ့စ်ကာ့စ်အပေါ် အယုံအကြည်မရှိအဆိုကို အောက်လွှတ်တော်က ၂၁၄-၂၁၃ နဲ့ အဆိုအောင်သွားလို့ ဆီးနိတ်ကို ဒုတိယအကြိမ် ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဆီးနိတ်မှာပါ အဆိုအောင်ရင်တော့ ရာထူးက နှုတ်ထွက်ရမှာပါ။

ဂျိုးအစိုးရအဖွဲ့မှာ ဘယ်လောက်ကြီး အရည်အချင်း မဲ့မဲ့၊ နာမည်ဆိုးထွက်ထွက်၊ ဘယ်လောက် ရှက်ဖွယ်လိလိတွေကြုံကြုံ ဘယ်သူမှ မိမိဆန္ဒအလျောက် နှုတ်ထွက်တယ်ဆိုတာ မရှိဘူးလို့ ဆိုရလောက်အောင် ရာထူးကို အရှက်၊ အသက်ထက် ခင်တွယ်ကြပုံ ရပါတယ်။ ဂျိုးကအစပေါ့။ ရှူးမားတို့အုပ်စုကတော့ ဒီအဆိုဟာ မိုက်ခ်ဂျွန်ဆင်က ထရမ့်ကို မျက်နှာလုပ်ဖို့ သက်သက်ပဲဖြစ်တယ်လို့ စွပ်စွဲပါတယ်။ ရှုူမားတို့ အပြောဟာ နယ်စပ်မှာ ဘာပြဿနာမှ ဖြစ်မနေတဲ့သဘော သက်ရောက်နေတဲ့အပြင် မယောကာ့စ်ကိုယ်တိုင်ကလည်း နယ်စပ်မှာ ဘာမှမဖြစ်ဘူး၊ အကုန်အဆင်ပြေနေတာပဲလို့ ကျမ်းကျိန်အစစ်ခံထားတာပါ။

နယ်စပ်က ခိုးဝင်တွေ အပြာမြို့ကြီးတွေရောက်တော့ အပြာမြို့ဝန်တွေ ဖြေရှင်းတဲ့နည်းက လူထုအတွက် ထားရှိတဲ့ ဝန်ဆောင်မှုတွေကို ဖြတ်တောက်လျော့ချပြီး ခိုးဝင်တွေကို ထောက်ပံ့မှာ ဖြစ်ပါတယ်။ အဲဒီလိုဖြတ်တောက်ရာမှာ ဘတ်ဂျက်တင်မကပဲ လက်ရှိလူငယ်/ကလေးတွေသုံးနေတဲ့ ကစားကွင်းတွေ၊ အားကစားရုံတွေ၊ အပန်းဖြေဌာနတွေ ယူသုံးမယ့်အပြင် ဒီအမ်ဗီနဲ့ ပန်းခြံ/အပန်းဖြေဖို့ အတွက် ထားရှိပေးထားတဲ့ နေရာတွေက ဝန်ထမ်းတွေကို ဖြုတ်ပစ်မှာတွေ ပါဝင်ပါတယ်။

ဒီမိုခွက်ခေါင်းဆောင်တွေက တိုင်းပြည်မှာ လုပ်အားတွေ အရမ်းလိုနေလို့ ခိုးဝင် ၁၀သန်း ဖြစ်နေတာတောင် မလောက်ပါဘူး၊ အများကြီး ထပ်လိုပါတယ်လို့ အရှက်မရှိ လိမ်နေချိန်မှာ အရင်ဆုံးခံစားနေရတာက အောက်ခြေက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ပိုက်ဆံရှိတဲ့သူက ပုဂ္ဂလိက နေရာတွေသွားလို့ရပေမယ့် အများစုက အစိုးရကဖွင့်ထားတဲ့ နေရာတွေကိုပဲ​ အားထားရတာပါ။ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့နေရာမှာ တုနှိုင်းမမှီတဲ့ အပြာမြို့ဝန်ကြီးတွေက ခိုးဝင်အတွက် မလောက်သေးသ၍ ပြည်သူ့အတွက်ထားတဲ့ထဲက ထပ်ဖြတ်မယ်လို့ ကျုံးဝါးထားပါတယ်။

ကယ်လီဖိုးနီးယားက နျူဆမ်ကတော့ သူ့ပေါ်လစီတွေရဲ့ သက်ရောက်မှုကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ရပြီးနောက်မှာ ဥက္ကလံမြို့က ရာဇဝတ်မှုတွေ များပြားလာတာကို ကိုင်တွယ်ဖို့ အဝေးပြေးပက်ထရို CHP တွေကို ဥက္ကလံကို ပို့နေပါတယ်။ ရဲဆိုတာ အကုန်တူတူပဲလို့ ထင်နေတဲ့ဦးနှောက်ကလည်း ဩချလောက်ပါရဲ့။ အမြန်လမ်းစောင့်ရဲ တွေကို လူဆိုးဖမ်းခိုင်းဖို့ လိုအပ်တဲ့ လေ့ကျင့်သင်တန်းပေးမှု တွေမရှိပဲ တခုခု လုပ်နေပါတယ်လို့ ပြောရရုံလေး လုပ်ပြတာက နှစ်နေရာလုံးအတွက် နစ်နာပါတယ်။ ဒီကြားထဲ အမှားလုပ်မိလို့ ဥပမာ လူမည်းသေတာမျိုး ဖြစ်ခဲ့ရင် အဲဒီဘဲဥမိသားစု ဘဝပျက်ကြဦးမှာပါ။

ရေနံထွက်တဲ့ ဗင်နီဇွဲလားနိုင်ငံက ဆိုရှယ်လစ်အစိုးရဟာ အိမ်နီးချင်း ဂူယာနာနိုင်ငံက ရေနံထွက်တဲ့အပိုင်းတခုကို ဝင်သိမ်းဖို့ စစ်သံပေးနေပါပြီ။ သိမ်းဖို့ ခြိမ်းခြောက်နေတာ ၁၀နှစ်ကျော်ရှိပြီဖြစ်ပြီး အခုအခါမှာတော့ အပေါ့စား တင့်ကားတွေ၊ ဒုံးကျည်တပ် ပတ္တရောင်လှည့်တဲ့ မော်တော်ဘုတ်တွေ၊ လက်နက်ကြီး သယ်ဆောင်ထားတဲ့ယာဥ်တွေကို နှစ်နိုင်ငံနယ်စပ်မှာ ချထားလိုက်ပါတယ်။ နှစ်နိုင်ငံနယ်စပ်က ၁၈၉၉ထဲက သတ်မှတ်ထားတာဖြစ်ပြီး မကြာသေးမီကမှ ဂူယာနာမှာ ရေနံတွင်းတွေ တွေ့ထားတာရယ် ဆိုရှယ်လစ်အစိုးရလက်ထက် တိုင်းပြည် မွဲတေလွန်းတာရယ်ကြောင့် အိမ်နီးချင်းဆီကနေ ဓါးမြတိုက်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကျင်းပတဲ့ ဗင်နီဇွဲလားရကပမှာ မဲလာပေးတဲ့သူက မဲပေးနိုင်သူဦးရေ ၂၀.၆သန်းရဲ့ တဝက်သာသာလေးလို့ ဆိုပေမယ့် မျက်မြင်ပြည်သူတွေအဆိုအရ မဲပေးလာကြသူတွေဟာ သမိုင်းတလျောက် မကြုံဖူးလောက်အောင် များပြားတဲ့ လူတန်းရှည်ကြီးတွေလို့ ဆိုပါတယ်။ ဗင်နီဇွဲလားမှာ တပ်အင်အား ၁၃၀,၀၀၀ရှိပြီး ဂူယာနာမှာ တပ်အင်အား ၃၀၀၀ပဲ ရှိတာပါ။ အမေရိကန်က ဂူယာနာနဲ့ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုထားပါတယ်။ ဒါပေမယ့် ဂျိုးက ဗင်နီဇွဲလားက ရေနံဝယ်နေရတာရယ်၊ အာဖဂန်မှာ စခဲ့တဲ့ စစ်ရေးအဆုံးအဖြတ်တွေရယ်ကို ကြည့်ရင် အမေရိကန် ဂူယာနာကို ကူမယ်ဆိုတာ သိပ်တော့ အားရစရာ မရှိပါဘူး။

ဂါဇာမြို့က ပါလက်စ်တိုင်းဒုက္ခသည်တွေအတွက် ဖွင့်ထားတဲ့ ယူအန်အေဂျင်စီ ဌာနချုပ်ရုံးအောက်မှာ လှိုဏ်ခေါင်းတွေတူးထားကြောင်း အစ္စရေးစစ်တပ်က တွေ့ရှိထားပါတယ်။ အစ္စရေးကတော့ ဟာမာ့စ်တွေက ယူအန်ရုံးကလျှပ်စစ်ကို လှိုင်ခေါင်းကွန်ယက်တွေဆီ ဖြန့်ဖြူးဖို့ အသုံးပြုကြောင်း စွပ်စွဲထားပါတယ်။ အဲဒီလိုတွေ့ရှိတာဟာ ယူအန်အနေနဲ့ ဟာမာ့စ်ဘက်က ဘက်လိုက်ပြီး ကူပေးနေသလို ဖြစ်နေတာပါ။ ဒါတင်မက ဟာမာ့စ်က အစ္စရေးကို စတိုက်ခဲ့တဲ့ အောက်တိုဘာ ၇ရက်နေ့က ယူအန်ဝန်ထမ်း ၁ဒါဇင် ဟာမာ့စ်ဘက်က ဝင်ကူခဲ့ကြတယ်လို့လည်း အစ္စရေးက စွပ်စွဲထားပါသေးတယ်။ အဲဒီတွေ့ရှိချက်ကြောင့် ယူအန်ကို အဓိကအလှူငွေထည့်ဝင်နေတဲ့ နိုင်ငံတွေက အလှူငွေထည့်ဝင်တာ ရပ်တံ့ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

ယူအန်ရဲ့ အရှုပ်တော်ပုံက အမေရိကန်မှာလည်း မကင်းပါဘူး။ ယူအန်ဖောင်ဒေးရှင်းတခုက ကလိုင်းမိတ်ချိန့်ကို အကြောင်းပြပြီး ပြည်နယ်ဒီမိုကရက်အစိုးရရုံးတွေက ဝန်ထမ်းတွေကို လခပေးထားပြီး တချို့ကို လစာအပြည့်အဝ ပေးထားတာ တွေ့ရှိထားပါတယ်။ အဲဒီလူတွေက သူတို့ကို တင်ထားတဲ့ ပြည်သူတွေအကျိုးကို ရွက်ဆောင်မလား၊ ယူအန်ကနေတဆင့် အောက်ဆိုက်လခ ပေးထားတဲ့ လက်မဲတွေရဲ့ ပေါ်လစီတွေကို ပြည်သူ့အကျိုးရှိရှိ/မရှိရှိ လိုက်နာစေအောင် တွန်းမှာလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ တကယ်တော့ မေးစရမလိုပါဘူး၊ ခြတွေဆိုတာ လှေနဲ့မြင်းလို စီးရာလူနောက် ပါကြမှာပါပဲ။

Leave a comment