ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၂၄

မနေ့ကအင်တာနက်တခွင် ဖုံးလွှမ်းသွားတဲ့သတင်းကတော့ ရုရှားက ရွေးကောက်ပွဲနှစ်ဖြစ်တဲ့ ဒီနှစ်မှာ အတိုက်အခံခေါင်းဆောင် အလက်ဆီ နဗားလ်နီ ထောင်ထဲမှာ ရုတ်တရက် သေဆုံးသွားတဲ့သတင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်းက အရေးကြီးတဲ့ကိစ္စတွေမှာတောင် လူရှေ့မထွက်တဲ့ ဂျိုးအိုဟာ ဒီသတင်းအတွက် တကူးတက လူရှေ့ထွက်ပြီး ပူတင်ကို အပြစ်တင်ကာ နဗားလ်နီကို ချီးမွမ်းဂုဏ်ပြုသွားတာပါ။ ဂျိုးလိုပဲ အနောက်ကမ္ဘာက ခေါင်းဆောင်တွေလည်း အသီးသီးထွက်ပြိး ပူတင်ကို ရှုတ်ချကြ၊ နဗားလ်နီကို ဂုဏ်ပြုကြပါတယ်။ အမ်အက်စ်အမ် မီဒီယာကြီးတွေကလည်း ခါတိုင်း ဇတ်တိုက်ထားသလိုပဲ တင်ဆက်သူ/ချန်နယ်သာကွဲမယ်၊ စကားလုံးနဲ့ အကြောင်းအရာတွေက တစက်ရုံထဲက ပုံနှိပ်လွှတ်လိုက်သလို အတူတူတွေချည့် ဖြစ်နေတာပါ။

နဗားလ်နီက အရင်ကလည်း ပူတင်သူ့ကို အဆိပ်ခတ်ပါတယ်ဆိုပြီး ဂျာမဏီကိုထွက် ဆေးကုခံခဲ့ပါသေးတယ်။ အဆိပ်ခတ်တယ်ဆိုတဲ့ ရေဗူးကိုလည်း ဂျာမဏီမှာ ဓါတ်ခွဲစစ်ဆေးမယ်ဆိုပြီး ယူသွားခဲ့ပါတယ်။ ရီဒက်တစ်သတင်းချန်နယ်ကတော့ နဗားလ်နီပြောတဲ့ နိုဗီချော့ဆိုတဲ့ စစ်ဖက်သုံး အဆိပ်တမျိုးဟာ အလွန်အန္တရာယ်ကြီးတဲ့အတွက် ထိမိနိုင်သူများဟာ PPE တွေဝတ်ကို ဝတ်ရကြောင်း၊  နဗားလ်နီရော သူနဲ့အတူ ဂျာမဏီသွားသူများမှာ ဘယ်သူမှ PPE ဝတ်မထားကြတဲ့အပြင် လေဆိပ်ဗီဒီယို တွေထဲမှာ ရေဗူးဆိုတာကိုလည်း ယူဆောင်သွားတာ မတွေ့ရကြောင်း၊ ပူတင်က အဆိပ်ခတ်တယ်ဆိုရင် သူ့ကို ပြည်ပထွက်ခွင့် ပေးပါ့မလားဆိုတာလည်း စဥ်းစားစရာဖြစ်ကြောင်း၊ ဂျာမဏီမှာ ၁လခန့် ဆေးကုပြီး ရုရှားကို ပြန်လာခဲ့ကြောင်း၊ သွေးစစ်ရလာဒ်တွေအရ သူ့မှာ ကင်ဆာ (သို့) ပါကင်ဆန်လို ရောဂါကြီး ရှိနေနိုင်ကြောင်း၊ အခုထောင်ထဲရောက်နေတဲ့ ကိစ္စကလည်း ခြစားမှု၊ အလွဲသုံးမှုတွေနဲ့ ဆိုင်းငံ့ထောင်ဒဏ်ပေးပြီး အာမခံနဲ့ လွှတ်ထားတာမှာ အာမခံကို အကြိမ်ကြိမ် ဖောက်ဖျက်ခဲ့လို့ ထောင်ထဲရောက်သွားတာဖြစ်ကြောင်း၊ ၂၀၂၀ တနှစ်ထဲတင် ၆ကြိမ်ဖောက်ဖျက်ခဲ့ပြီးနောက်မှာလည်း ဥရောပကို အကြိမ်ကြိမ် အပန်းဖြေ သွားရောက်ခဲ့သေးကြောင်း၊ အဲဒီနောက်မှသာ သူထောင်ထဲရောက်သွားတာဖြစ်ကြောင်း၊

နဗော်လ်နီဟာ ပူတင်ရဲ့ အဓိက ခြိမ်းခြောက်မှုလားဆိုတာနဲ့ ပတ်သက်ပြီး ပူတင်က ပြည်ပကလူတွေ ဝင်လာတာကို အားပေးပေမယ့် နဗော်နီက အထူးသဖြင့်လူဖြူမဟုတ်သူတွေ ဝင်လာမှာကို အသည်းအသန် ကန့်ကွက်ကြောင်း၊ ရုရှားသည် ရုရှန်းတွေအတွက်ဆိုတဲ့ ကြွေးကြော်သံနဲ့ လူဖြူကြီးစိုးရေးဝါဒီတွေ လုပ်လေ့ရှိတဲ့ ရွှေခေါင်းပြောင်ချီတက်ပွဲ တွေကို ဦးစီးဦးဆောင် လုပ်ခဲ့တဲ့အတွက် ရုရှားရဲ့ လစ်ဘရယ်ပါတီဖြစ်တဲ့ ရက်ဘ်လိုကိုက ပါတီပုံရိပ်ကျဆင်းမှာစိုးလို့ ပါတီကနေ ထုတ်ပယ်ထားကြောင်း၊ အဲဒါကြောင့် ပူတင်ရဲ့ အဓိကအတိုက်အခံဆိုတာလည်း မမှန်တဲ့အပြင် ရကပွဲနီးလို့ လုပ်ကြံတယ်ဆိုတဲ့ စွပ်စွဲချက်ကလည်း အခြေအမြစ် မရှိနေကြောင်း၊

ပူတင်ရဲ့ အဓိက ပြိုင်ဖက်က ကွန်မြူနစ်ပါတီဖြစ်ပြီး လစ်ဘရယ်ပါတီတောင် မဟုတ်တဲ့အတွက် လစ်ဘရယ်ပါတီက အထုတ်ခံထားရတဲ့ နဗော်လ်နီက ရကပမှာ ပူတင်ပြိုင်စရာကို ဟုတ်မနေကြောင်း၊ သေချာတာတခုက အနောက်မီဒီယာတွေဟာ နဗားလ်နီကို အမြဲ အမွှန်းတင်ပေးပြီး သူကလည်း အင်စတာဂရမ်လို ဆိုရှယ်မီဒီယာတွေမှာ တက်ကြွတာကြောင့် လူသိများလာတာဖြစ်ကြောင်း၊ အခုတင်ပြသွားသလိုမျိုး ရှေ့နောက်မညီဖြစ်နေတဲ့ သတင်းတွေကို ဘယ်မီဒီယာကြီးကမှ လိုက်လံ ဖက်ချက်လုပ်တာမျိုး မရှိနေကြောင်း၊ စသဖြင့် သုံးသပ် ပြောကြားသွားပါတယ်။

ဒီသတင်းကို ရေးရခြင်းဟာ ပူတင်ဘက်က ရှေ့နေလိုက်နေတာ မဟုတ်သလို အတိုက်အခံတဦး အသက်ဆုံးရှုံးရတာကိုလည်း မှေးမှိန်အောင် ပြုလုပ်နေတာ မဟုတ်ပါ။ မီဒီညာကြီးတွေ ဝိုင်းပြီး ညာသံပေးနေပြီဆိုရင် တန်းမယုံဖို့ ခေါင်းထဲမှာ သတိပေးသံတွေ ညံလာတဲ့အတွက် တဖက်က တိတ်နေတဲ့ အသံတွေကို တူးဆွကြည့်မိရာက တွေ့ရှိလာတာကို သုံးသပ်နိုင်ဖို့ တင်ပြပေးတာ ဖြစ်ပါတယ်။ နိုင်ငံရေးလောကမှာ ရုပ်ရှင်ရိုက်တာတွေ လုပ်ဇတ်ခင်းတာတွေ မျက်ရည်ခြူတာတွေ ယုန်ထင်ကြောင်ထင် လုပ်တာတွေ ဘယ်ခြောက် ညာလှမ်းတွေ ပေါလွန်းများလွန်းလို့ တော်ရုံဗဟုသုတရှိသူ မျက်စေ့လည်သွား နိုင်ပါတယ်။

ရုရှားကို ဂျိုးနဲ့ အသံတူထွက်ကြတဲ့ ဂလိုဘယ်လစ် အနောက်နိုင်ငံခေါင်းဆောင်တွေက ဘာလို့ အသည်းအသန် ပုံဖျက်နေလည်းဆိုတာက စစ်တွေဖြစ်ရတဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်နေပါတယ်။ စစ်တွေဖြစ်အောင်ဖန်တီးမှ military industrial complex ဆိုတဲ့ စစ်လက်နက် လုပ်ငန်းရှင်ကြီးများ စီးပွားဖြစ်ကြမှာဖြစ်ပြီး သူတို့ရဲ့ လက်ဝေခံတွေ ရှယ်ယာရှင်ကြီးတွေဖြစ်တဲ့ နိုင်ငံရေးသမားများလည်း တသက်လုံး ကိုယ့်အရည်အချင်းနဲ့ ကိုယ်မဝယ်နိုင်လောက်တဲ့ ဇိမ်ခံအိမ်ကြီးတွေ၊ ချာတာဖလိုက်တွေ၊ သန်းပေါင်းများစွာသော စတော့ရှယ်ယာတွေနဲ့ အရှင်လတ်လတ် သူဌေးကြီးတွေဘဝကို မုသားပြောတဲ့ ပါးစပ်လေးတပေါက်နဲ့ အရောက်သွားနိုင်မှာပဲ ဖြစ်လို့ပါ။

ဆိုဗီယက်ယူနီယံကြီး ဂိုဗာချော့လက်ထက်မှာ ရေဂင်ကို ယုံကြည်လို့ ဖျက်သိမ်းပြီးတဲ့နောက် စစ်သံပေးစရာ စစ်မြှူစရာမရှိတော့တဲ့ အနောက်ကမ္ဘာက ခြခေါင်းဆောင်တွေဟာ စစ်ပွဲတွေကို ဖန်တီးခွင့်ရဖို့ အမျိုးစုံ ကြံဖန်နေခဲ့ပါတယ်။ အဲဒီလိုဖြစ်ဖို့ အုပ်စု နှစ်အုပ်စုတော့ အနည်းဆုံးရှိရမှာပါ။ နျူလက်နက်ပိုင်ဆိုင်သူလည်းဖြစ်၊ စစ်အင်အားလည်းကြီး၊ သူတို့လိုသလို ပုံဖော်လို့ရလောက်အောင် အဲဒီတိုင်းပြည်အကြောင်းလည်း ကမ္ဘာက သိပ်မသိ စတဲ့လိုအပ်ချက်တွေနဲ့ စစ်ထုတ်လိုက်တော့ အကောင်းဆုံးဆိုင်းပြည်က ရုရှား ဖြစ်နေတာပါ။ အဲဒါကြောင့် အရင်းရှင်စနစ်ကို ကူးပြောင်းလာပြီး အနောက်အုပ်စုအတွက် အန္တရာယ်မဟုတ်တော့တဲ့ အခြေအနေမှာတောင် အတင်းကြီး ရန်သူလို ပုံဖော်နေကြတာဖြစ်ပါတယ်။ တကယ်တော့ ယနေ့ခေတ်ရုရှားဟာ ခရစ်ယာန်ဘာသာ ယုံကြည်မှု အားကောင်းပြီး ခိုးမှုဆိုတာကို အသွေးအသားထဲက လက်မခံကြတဲ့အတွက် ဟိုးတုန်းကမြန်မာနိုင်ငံ လိုပဲ ဘာပစ္စည်းမှ မပျောက်ဘူးလို့ နာမည်ကျော်နေတာပါ။

အန္တရာယ်မရှိတော့ဘူးဆိုတဲ့ ရုရှားကို အန္တရာယ်ရှိတယ်လို့ မြင်လာအောင် ပုံဖော်ပေးဖို့အတွက် အနောက်အုပ်စုက ရုပ်ရှင်တော်တော် ရိုက်ရပါတယ်။ (တကယ့်ရုပ်ရှင်မဟုတ်ပါ။) အဲဒီထဲမှာ ရုရှားကို သီးခြား ပ ထုတ်ထားတာတွေ ဥပမာ ရုရှားမဟာမိတ်ဟောင်း အားလုံးနီးပါးကို အဓိပ္ပါယ်မရှိ နေတိုးထဲ ဆွဲထည့်ပြီး ရုရှားကို တမင်ချန်ထားတာ၊ ရုရှားကို အန္တရာယ်ပြုမယ်လို့ ယုံကြည်ရလောက်တဲ့ လုပ်ရပ်တွေ ဥပမာ ယူကရိန်းက ဘိုင်အိုလက်ဘ်၊ ကလေးစက်ရုံကို ရုရှားရဲ့ အနီးတဝိုက်မှာ ထားပြီး ရုရှားသိအောင်လည်း လုပ်ပေးတာတွေ၊ လက်တွေ့မှာ တရုပ်က အမေရိကန်ကို အဓိက ဒုက္ခပေးနိုင်သူ ဖြစ်နေပေမယ့် တရုပ်ကို လုံဝမထိပဲ ရုရှားကိုပဲ မဲနေကြတာ၊ ထရမ့်ကို စွပ်စွဲချင်တုန်းကလည်း ရုရှားလူ ဆိုတာမျိုး ဝါဒဖြန့်လိုက်တော့ အစမှာ မသိတဲ့သူတွေက နှစ်ဖက်စလုံးကိုမုန်းတော့ ခဲတလုံးနဲ့ ငှက်နှစ်ကောင်ထိတာ၊ ရုရှားအန္တရာယ်ရှိစေမယ့် အလုပ်တွေအပြင် မီဒီညာအားနဲ့ပါ ညာသံပေးကြတော့ စိတ်ပညာသဘောအရ တဖက်လူပူတင်ဟာ လက်ဦးမှုရယူတဲ့အနေနဲ့ စစ်ကို တိုက်နေခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။

ပူတင်က တကယ်တမ်း စစ်ဘုရင်ဖြစ်ချင်တယ်ဆိုရင် သူ့စစ်အင်အားနဲ့ တရုပ်လို ကမ္ဘာလှည့်၊ နယ်ချဲ့၊ တပည့်မွေး၊ ကြွေးနဲ့သိမ်း၊ စတာတွေ လုပ်နေနိုင်ပေမယ့် လက်တွေ့မှာ တရုပ်လို ငပွကြီး လိုက်လုပ်မနေပဲ သူ့စစ်ရေးအသုံးစာရိတ်ကလည်း ၂၀၂၃မှာ စစ်ဖြစ်နေတဲ့ကာလဖြစ်လို့ အများကြီး တိုးလာတာတောင် ၈၄ဘီလီယံပဲ ရှိနေတာပါ။ ယူကရိန်းကို အမေရိကန်ကူထားတာက ရုရှားတနှစ်စာ စစ်ရေးဘတ်ဂျက်ထက် အများကြီးကျော်နေပါပြီ။ ဒါတောင် နိုင်ဖို့က ကမ်းမမြင် လမ်းမမြင်ဆိုတော့ လွဲတာကတော့ လွဲနေတာ သေချာပါတယ်။

တပ်ကာနဲ့ အင်တာဗျူးမှာလည်း ပူတင်က တရုပ်က အမေရိကန်အတွက် ပိုကြီးတဲ့ ခြိမ်းခြောက်မှု မဟုတ်ဘူးလား၊ ဘာဖြစ်လို့ တရုပ်ကို အာရုံမစိုက်ပဲ ရုရှားကိုပဲ အာရုံစိုက်နေရတာလဲလို့တောင် ပြောသွားပါသေးတယ်။ တခုရှိတာက ဂလိုဘယ်အာဏာရှင်ဖြစ်ချင်တဲ့ အနောက်အုပ်စုက ခြခေါင်းဆောင်တွေနဲ့ တရုပ်က အကျင့်၊ အတွေး၊ လုပ်ပုံကိုင်ပုံတွေ တူနေကြတာပါ။ အဲဒီလိုပြောလို့ သူတို့ချင်း သိပ်ချစ်နေသလားဆိုရင်တော့ နိုးပါ။ တရုပ်က စစ်လိုလားသူ၊ နယ်ချဲ့ချင်သူ၊ လူ့ကျင့်ဝတ်တွေဘာတွေ ခေါင်းထဲကိုမထည့်တာဖြစ်လို့ အနောက်အုပ်စု အလိုလိုက်ထားတာလည်း ဖြစ်နိုင်ပါတယ်။

စစ်ပွဲတွေ ဆက်ဖြစ်နေဖို့အတွက် ရေခံမြေခံကောင်းဖြစ်တဲ့ အရှေ့အလယ်ပိုင်းကိုလည်း မီးမအေးရအောင် ဆက်မွှေးထားရပါဦးမယ်။ အဲဒါကြောင့် စစ်ကိုမကြိုက်တဲ့၊ ကမ္ဘာကြီး ငြိမ်းချမ်းတာကို အလိုရှိတဲ့၊ အရှေ့အလယ်ပိုင်းမှာ သမိုင်းဝင် ငြိမ်းချမ်းရေးစာချုပ်တွေ ဖြစ်အောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ထရမ့်ကို စစ်လိုလားတဲ့ ဂလိုဘယ်လစ်အုပ်စုက ဘယ်လိုနည်းနဲ့မှ မပြန်လာနိုင်အောင် နည်းမျိုးစုံနဲ့ ခြေထိုးနေတာ ဖြစ်ပါတယ်။ ပါတီနိုင်ငံရေး လုံးဝ လုံးဝ မဟုတ်ပါဘူး။

Leave a comment