ဒီလ ၁၂ရက်နေ့က ဆီနိတ်တာမက်ကောနဲရဲ့ ခယ်မဖြစ်သူ အန်ဂျလာချောင်ဟာ တက္ကဆက်ပြည်နယ်မှာ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ အမေရိကန်သတင်းတွေထဲမှာ ယာဥ်မတော်တဆမှုလို့ပဲ ပြောထားပေမယ့် အသေးစိတ် မဖော်ပြထားသလို ရဲဌာနကလည်း ဘယ်သူက ဖုံးဆက်ခေါ်ပြီး ဘာကြောင့်သေဆုံးရတယ်၊ သူမ သေဆုံးတဲ့ ranch က ဘယ်သူပိုင်တာ စသဖြင့် သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ သို့ပေမယ့် တရုပ်သတင်းစာဆိုင်းရှင်က အန်ဂျလာဟာ မီးပွိုင့်မှာ တဖက်က ကုန်ကားက ဝင်တိုက်ခဲ့လို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မူးနေတဲ့ ကုန်ကားမောင်းသမားကိုလည်း ဖမ်းဆီးသွားကြောင်း ချက်ခြင်းထုတ်ဝေခဲ့ပါတယ်။ အဲဒီနောက်တော့ တခြားတရုပ်သတင်းစာတွေမှာပါ အလားတူ ဖော်ပြကြပါတယ်။
အခင်းဖြစ်ပြီး နှစ်ပတ်နီးပါးကြာမှ ထွက်ပေါ်လာတာက အန်ဂျလာဟာ အော်စတင်မြို့မှာ ဆွေးနွေးပွဲတခုကိုအသွား ranch တခုထဲက ရေကန်ထဲမှာ ကားနောက်ဆုတ်ရင်း ကျနေပြီး ရေနစ်သေဆုံးနေကြောင်း တွေ့ရတယ်လို့ ချိုင်းနားအင်ဆိုက်က တင်ဆက်ထားပါတယ်။ နောက်ရင်းမြစ်တခုက ကားကို ရေကူးကန်ထဲမှာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ သူမမောင်းနှင်တဲ့ကားက တက်စ်လာဖြစ်ပြီး ရေထဲကျသွားရင်တောင် ချက်ခြင်းကြီး ရေမြုပ်/ရေနစ်သွားမှာမဟုတ်သလို သူမရဲ့ ကားမောင်းသက်နဲ့ ကားရဲ့ လုံခြုံရေးအစီအမံတွေအရ အချက်ပေးမှုတွေ ရှိနိုင်နေတာပါ။ ဒါ့အပြင် တက်စ်လာမှာ ကင်မရာတွေက ကားထဲမှာပါ ပါတဲ့အတွက် ပြန်စစ်မယ်ဆို စစ်လို့ရနိုင်ပါသေးတယ်။
အဲဒီလို ရှေ့နောက်မညီတဲ့ သတင်းတွေ ထွက်ပေါ်လာခြင်းနဲ့ ရဲဌာနက ဖုံးဖိထားတာတွေက သူမရဲ့ သေဆုံးမှုဟာ မသင်္ကာစရာ ဖြစ်နေသလို သူမရဲ့ တရုပ်ပြည်နဲ့ ပတ်သက်နေမှုကလည်း စဥ်းစားစရာ ဖြစ်နေပါတယ်။ သူမဟာ အမေရိကန်မှာ အကြီးဆုံးရှစ်ပင်းကုမ္ပဏီဖြစ်တဲ့ Foremost Group ရဲ့ ဥက္ကဋ္ဌအဖြစ် သူ့ဖခင်အရိုက်အရာကို ဆက်ခံခဲ့သူဖြစ်ပြီး FG ဟာ တရုပ် နိုင်ငံပိုင် သင်္ဘောဆောက် ကော်ပိုရေးရှင်း CSSC ကနေ ပင်လယ်ကူးသင်္ဘောတွေ ဝယ်ယူခဲ့တဲ့ ပထမဆုံး အနောက်နိုင်ငံက ကုမ္ပဏီလည်း ဖြစ်ပါတယ်။ တရုပ်ပင်လယ်ကူးသင်္ဘောတွေရဲ့ အကြီးဆုံး အမေရိကန်ဖောက်သည်ပါ။ အန်ဂျလာရဲ့ အမအကြီးဆုံးဖြစ်တဲ့ အီလိန်းချောင် (မက်ကောနယ်ရဲ့ ဒုတိယဇနီး) ဟာ ဘုရှ်၄၃နဲ့ ထရမ့် လက်ထက်တို့မှာ ဝန်ကြီးလုပ်ခဲ့ဖူးတဲ့အတွက် တရုပ်အစိုးရသတင်းစာတွေက သူမတို့ ချောင်မိသားစုကို အမြဲ အမွှမ်းတင် ရေးသားလေ့ရှိပါတယ်။
အန်ဂျလာကိုယ်တိုင်က CSSC မှာ ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး Bank of China (BoC)ရဲ့ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ အန်ဂျလာနဲ့ သူမရဲ့ ဒုတိယခင်ပွန်း ဂျင်ဘရေရာတို့ဟာ စီစီပီရဲ့ စစ်ဘက်စက်မှုလုပ်ငန်း များနဲ့ ထဲထဲဝင်ဝင် ပတ်သက်မှုတွေ ရှိနေသလို တရုပ်ပြည်ရဲ့ အိမ်ယာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးတခု ဖြစ်ပြီး လက်ရှိဒေဝါလီခံထားရတဲ့ အဲဗားဂရန်းနဲ့လည်း နက်နက်ရှုင်းရှိုင်း ပတ်သက်နေပါတယ်။ အဲဗားဂရန်းက သူမတို့အပေါ် ကြွေးပေးဖို့ ရှိနေသလို အဲဗားဂရန်းအကြောင်းကိုလည်း သူမတို့ အတွင်းကျကျ သိထားတာ ဖြစ်ပါတယ်။ အန်ဂျလာမသေဆုံးခင် လဝက်လောက်အလိုတုန်းက FG ဟာ CSSC လက်အောက်ခံ ကုမ္ပဏီတခုကနေ ဒေါ်လာ ၁၆၈သန်းဖိုးဝယ်ယူဖို့ စာချုပ်ခဲ့ပါတယ်။
အန်ဂျလာတို့မိသားစုဟာ ပုံမှန်တရုပ်မိသားစုတွေလို အိမ်ထောင်ပြုဖို့ မိသားစုလုပ်ငန်းကို ဆက်ခံမယ့် သားသမီးထွန်းကားဖို့က အဓိကဟုတ်ပုံမရပဲ ပညာကောင်းကောင်းတတ်ပြီး ရုပ်ရည် ဓန ပြည့်စုံလှတဲ့ အီလိန်းနဲ့ အန်ဂျလာတို့ဟာ အသက်ကြီးမှ သူတို့ထက် အသက်အများကြီးပိုကြီးသလောက် နိုင်ငံရေး/ စီးပွားရေးမှာ ပေါက်မြောက်နေပြီးဖြစ်တဲ့ တခုလပ်တွေနဲ့သာ အိမ်ထောင်ပြုကြပြီး သူတို့ကိုယ်တိုင်က ကလေးယူခြင်း မရှိကြတာရယ်၊ သူတို့ယူတဲ့သူများဟာ တရုပ်အစိုးရနဲ့ပါ ပတ်သက်ကုန်တာရယ်၊ မက်ကောနယ်ဆိုရင်လည်း ဝါရှင်တန်မှာ သမ္ဘာအရင့်ဆုံး ဩဇာအရှိဆုံး ရီပါဘလစ်ကန် ဖြစ်ခဲ့ပေမယ့် တရုပ်ကြိုးဆွဲရာ ကနေတာ ပိုပိုပြီး ထင်ရှားလာပြီဖြစ်ပါတယ်။
အန်ဂျလာ့ဖခင် ဂျိမ်းစ်ချောင်ဟာ သမ္မတဟောင်း ကျန်ဇီမင်းနဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်ပြီး အီလိန်းနဲ့ မက်ကောနယ် လက်ထပ်ပြီးစအချိန်မှာ ကျန်ဇီမင်းအာဏာရလာတော့ အီလိန်းက ပေကျင်းကို တိတ်တိတ်လေး သွားလည်ခဲ့ပါတယ်။ သူမလေဘာဝန်ကြီးဖြစ်ချိန်ဟာလည်း ကျန်ဇီမင်းတက်နေချိန် အတွင်းမှာ ဖြစ်ပါတယ်။ သူမတို့မိသားစုဟာ စီစီပီအတွက် အလုပ်လုပ်ပေးနေရတာလား၊ ရှီ ရာသက်ပန်သမ္မတ ဖြစ်ဖို့ ကြိုးစားစဥ်မှာ အရင်သမ္မတတွေဖြစ်တဲ့ ကျန်ဇီမင်းနဲ့ ဟူကျင်တောင်တို့ရဲ့ လူတွေကို ရှင်းထုတ်ပစ်တဲ့ထဲ ပါသွားတာလား၊ BoC နဲ့ အဲဗားဂရန်းတို့ ပြဿနာတက်ချိန်မှာ အန်ဂျလာက BoC ဒါရိုက်တာတဦးဖြစ်နေသလို အဲဗားဂရန်းရဲ့ မြီရှင်လည်း ဖြစ်နေတဲ့ အန်ဂျလာရဲ့ ဒတ်တီးလောင်ဒရီကို အဖမ်းခံနေရတဲ့ BoC ဥက္ကဋ္ဌနဲ့ အဲဗားဂရန်းတည်ထောင်သူတွေက ဖော်ခဲ့လို့လား ဆိုတာ စဥ်းစားစရာ ဖြစ်နေပါတယ်။ ပိုပြီး မသင်္ကာစရာ ဖြစ်နေတာက ချောင်မိသားစုက သူမရဲ့ သေဆုံးမှုအပေါ် နှုတ်ပိတ်နေကြတာကြောင့် ဖြစ်ပါတယ်။
အခုအချိန်မှာ အမေရိကန်ရဲ့ တရားရေးစနစ်ကလည်း မမပြည်လို ညစ်ပတ်စုတ်ပြတ်နေပြီး ရဲတွေကလည်း မမပြည်မှာလိုပဲ မဖော်ချင်တဲ့အမှုကို မဖော်၊ ပေါ်စေချင်တဲ့အမှုကိုလည်း လိုချင်တဲ့ပုံအတိုင်း ပေါ်စေနေတာအပြင် နယ်စပ်အပွင့်ကနေ လက်မရွံ့တွေ သွင်းချင်သလို သွင်းလို့ ရနေတော့ အာဏာရှင်နိုင်ငံတွေမှာလို တရားမျှတမှုနဲ့ ဝေးလာနိုင်ကြောင်း သိထားကြဖို့ လိုပါမယ်။ ဒါနဲ့ ထရမ့်ကတော့ သူအိမ်ဖြူပြန်ရောက်ရင် သူ့အစိုးရမှာ မက်ကောနယ်အတွက် နေရာမရှိဘူးလို့ ပြောသွားပါတယ်။
၉/၁၁ ဖြစ်ပြီးတော့ အဲဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ အဲမာရှယ်တွေကို တိုးချဲ့ခန့်ထားပြိး လေကြောင်းခရီးစဥ်တွေမှာ ခရီးသည်တွေနဲ့ ရောနှောကာ ခရီးသွားတွေပုံစံနဲ့ တာဝန်ထမ်းဆောင်ကြရပြီး လေယာဥ်တစီးလုံးကို ထိန်းနိုင်မယ့်နေရာမှာ နေရာယူကာ လေယာဥ်တစီးလုံးလုံခြုံရေးအတွက် စောင့်ကြည့်ကာကွယ်ပေးကြပါတယ်။ အဲမာရှယ်တွေကို ဂျေအက်ဖ်ကေလက်ထက်တုန်းက လေယာဥ်ပြန်ပေးဆွဲမှုတွေ ဖြစ်တတ်တာကို ကာကွယ်ဖို့ စဖွဲ့ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က အဲမာရှယ်ပေါင်း ထောင်ချီရှိခဲ့ပြီး ၉/၁၁ ဖြစ်သွားတဲ့အချိန်မှာ ၃၃ဦးပဲ ရှိနေတော့တာဖြစ်ပါတယ်။ ၉/၁၁ ဖြစ်ပြီးချိန်မှာ အဲမာရှယ်တွေ ထပ်ခေါ်ခဲ့တာမှာ လူပေါင်း ၃သိန်းခွဲလောက် လျောက်ထားခဲ့တဲ့ထဲက ၄၀၀၀ လောက်ကို ရွေးချယ် ခန့်ထားခဲ့ပါတယ်။
ဂျိုးတက်လာတဲ့အချိန်မှာတော့ နယ်စပ်တွေ ဖွင့်ပေးလိုက်တာနဲ့အတူ အဲမာရှယ်တွေကိုလည်း မူလတာဝန်တွေဖြစ်တဲ့ လေကြောင်းလုံခြုံရေးအစား နယ်စပ်စခန်းတွေမှာ ခိုးဝင်ကမ့်တွေမှာ ရေ၊ အစားအစာကမ်း၊ ဖျားနာသူ ဆေးရုံပို့ စတာတွေ လုပ်ပေးဖို့ ပို့ပစ်လိုက်ပါတယ်။ ခိုးဝင်တွေကို တခြား ပြည်နယ်တွေဆီ လေယာဥ်နဲ့ တင်ပိုးကြတာမှာလည်း ပြည်ထဲရေးအမိန့်နဲ့ လေကြောင်းလိုင်းက တင်သွားရတာဖြစ်ပြီး နောက်ခံဘာသမိုင်းရှိမှန်းမသိတဲ့သူတွေကို အဲမာရှယ်တွေမပါပဲ လေယာဥ်ပေါ် တင်လွှတ်လိုက်တာဖြစ်ပါတယ်။ အဲမာရှယ်တွေက ပုံမှန်ခရီးသည်တွေလို လက်မှတ်နဲ့ အရပ်ဝတ်နဲ့ ဆိုတော့ ခရီးသည်တွေကတော့ အဲမာရှယ် ပါ/မပါ သိကြမှာမဟုတ်ပါဘူး။ ခုနောက်ပိုင်းမှာ လေယာဥ် ပျံနေတုန်း လေယာဥ်မောင်းခန်းထဲ အတင်းဝင်ပြီး အင်ဂျင်ရပ်ပစ်ဖို့ ကြိုးစားတာ ဖြစ်ခဲ့ပါတယ်။ အဲမာရှယ်တွေ လေယာဥ်ပေါ်မရှိတော့ နောက်ထပ် ၉/၁၁တွေ ထပ်ဖြစ်ဖို့ လွယ်သွားတော့မှာပါ။
ပါရဂူဘွဲ့အတွက် တင်တဲ့စာတမ်းမှာ ခိုးချထားတာပေါ်သွားလို့ နှုတ်ထွက်လိုက်ရတဲ့ ဟားဗတ်တက္ကသိုလ် ဥက္ကဋ္ဌ ကလော်ဒင်းဂေးကို ဟားဗတ်က မထုတ်ရအောင် နောက်ဆုံးအချိန်အထိ ကာကွယ်ပေးခဲ့တာဟာ ခိုးကူးတဲ့ပြဿနာထက် အဆပေါင်းများစွာနက်နဲတဲ့ ပြဿနာဖြစ်တယ်လို့ အတွေးအခေါ်ပညာရှင်နဲ့ တက္ကသိုလ်ဆရာတဦးဖြစ်သူ ပီတာဘော့ဟိုရှန်က အမေရိကန်သော့လီဒါမှာ ဆွေးနွေးသွားပါတယ်။ ခိုးချတဲ့ ပြဿနာဟာ ခုနောက်ပိုင်း တီထွင်လိုက်တဲ့ သုံးစားမရတဲ့ မေဂျာတွေ (ဥပမာ ဂျန်ဒါစတယ်ဒီးစ်) မှာ ပြုလုပ်ကြတာများပြီး တကယ်တမ်းဘာအခြေအမြစ်မှမရှိတဲ့ ဘာသာတွေဖြစ်တာကြောင့် တကယ်သုတေသနလုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် ခိုးချတာကို တရားဝင်သဘောလောက်နီးနီး ခွင့်ပြုထားပုံ ရပါတယ်။
အဖက်ဖက်က ဖိအားတွေကြောင့် ဥက္ကဋ္ဌရာထူးက နှုတ်ထွက်သွားရတဲ့ ကလော်ဒင်းဂေးကို ဟားဗတ်က ဥက္ကဋ္ဌရဲ့ လစာဖြစ်တဲ့ တနှစ် ဒေါ်လာ၉သိန်း ဆက်ပေးထားတဲ့အပြင် စာသင်တဲ့ ရာထူးတခုပါ ပေးထားသေးတာပါ။ အဲဒီလို တလွဲလုပ်ရပ်တွေကြောင့် တက္ကသိုလ်ပညာရေးဟာ အဆမတန် ဈေးကြီးတာတာ ဖြစ်ပါတယ်။ ၂၀၀၁တုန်းက တက္ကသိုလ်ကျောင်းစရိတ်နဲ့ ယခုကျောင်းစရိတ်ဟာ ၅ဆလောက် ပိုဈေးကြီးသွားပြီဖြစ်ပါတယ်။ ငွေဖောင်းပွမှုကိုကြည့်ရင် ၂၀၀၁တုန်းက $1 ဟာ ၂၀၂၄မှာ $1.76 ပဲရှိတော့ အလွန်ဆုံး ၂ဆတက်ရင်တောင် အဓိပ္ပါယ်ရှိပါသေးတယ်။ စာသင်တဲ့ဘက်ကတော့ အုပ်ချုပ်ရေးဘက်လောက် လခကောင်းပုံမရပါဘူး။ လက်မဲနာရေးတစ်တွေကို ကြံဖန်ပြမယ့် ပါမောက္ခများဆိုရင်တော့ တမျိုးဖြစ်ပါလိမ့်မယ်။ ဒါဟာလည်း ခြစားတွေကို တွန်းလှန်သင့်တဲ့ အကြောင်းတခုပဲဖြစ်ပါတယ်။