ဖေဖေါ်ဝါရီ ၂၉ ရက် ၂၀၂၄

လွှတ်တော်မှာ ယူကရိန်းကို ကူညီမယ့်ဥပဒေကြမ်းကို မိုက်ခ်ဂျွန်ဆန်ဦးဆောင်တဲ့ ရီပါဘလစ်ကန် တွေက တင်းခံနေသလို ပူတင်ကလည်း သူစစ်ရပ်ဖို့ ညှိနှိုင်းလိုကြောင်း ကမ်းလှမ်းခဲ့တာ အကြိမ်ကြိမ် ရှိပြီဆိုတဲ့အကြောင်း တပ်ကာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ကို အမေရိကန်တို့ ဆက်ပြီး သက်ဆိုးရှည်အောင် လုပ်သင့်လားလို့ စဥ်းစားရင် ရုရှား-ယူကရိန်းစစ် စဖြစ်ရတဲ့ နောက်ခံသမိုင်းကို သိဖို့လိုအပ်လာပါပြီ။

ရုရှားနဲ့ ယူကရိန်းအကြောင်း ပြောမယ်ဆိုရင် အရှေ့ဂျာမဏီမှာ ချထားတဲ့ ဆိုဗီယက်တပ် ၄သိန်းခွဲကို သမ္မတဂိုဘာချော့ဗ်က ရုပ်သိမ်းပြီး ဂျာမဏီနှစ်နိုင်ငံ ပြန်ပေါင်းစီးစေဖို့ ကမ်းလှမ်းခဲ့တာက စပြောမှ ပြည့်စုံပါလိမ့်မယ်။ အပြန်အလှန်အားဖြင့် ဂိုဘာချော့ဗ်က နေတိုးကို အဲဒီတုန်းကထက် အရှေ့ဘက်ကို တိုးမလာစေဖို့ ကတိတောင်းခဲ့တာကို ဘုရှ် ၄၁လက်ထက် အမေရိကန်နိုင်ငံခြားဝန် ဂျိမ်းစ်ဘေကာက တလက်မမှ မတိုးစေရဘူးလို့ လူသိရှင်ကြား ကတိပြုခဲ့ပါတယ်။ ကလင်တန်လက်ထက်(နိုင်ငံခြားဝန် အောဘရိုက် )မှာ ဂိုဘာချော့ဗ်ကို ပေးထားတဲ့ကတိကို ဖောက်ဖျက်ပြီး အရင်ဝါဆောစာချုပ်ဝင်နိုင်ငံ တွေဖြစ်တဲ့ ချက်ခ်သမ္မတနိုင်ငံ၊ ဟန်ဂေရီနဲ့ ပိုလန်တို့ကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါတယ်။

၂၀၀၁ခုနှစ် ၉/၁၁ဖြစ်အပြီးမှာ နေတိုးအဖွဲ့ဝင်တနိုင်ငံကို တိုက်ခိုက်ခြင်းဟာ နေတိုးကို တိုက်ခိုက်ခြင်းပဲ ဆိုတဲ့ အချက်ကို အပိုဒ်၅အဖြစ်နဲ့ ထည့်သွင်းခဲ့ပါတယ်။ ၂၀၀၂မှာ လုံခြုံရေးကိစ္စတွေအပေါ် ပူးပေါင်းဆောင်ရွက်ဖို့ နေတိုး-ရှရှားကောင်စီ ဖွဲ့စည်းပြီး ၂၀၀၄မှာ အရင်ဆိုဗီယက်မဟာမိတ် ၄နိုင်ငံနဲ့ ဆိုဗီယက်ပြည်ထောင်စုက ခွဲထွက်လာတဲ့ ၃နိုင်ငံကို နေတိုးက ထပ်လက်ခံခဲ့ပါတယ်။ ၂၀၀၈မှာ ယူကရိန်းနဲ့ ဂျော်ဂျီယာတို့က နေတိုးမှာ ပါဝင်ချင်ကြောင်း ဆန္ဒပြုတာကို နေတိုးက ကြိုဆိုခဲ့တဲ့နောက် ရုရှားက ဂျော်ဂျီယာကို ရှောင်တခင်ဝင်တိုက်ပြီး တောင်အိုဆက်တီးယားနဲ့ အဘ်ခါဇီယာနှစ်ဒေသကို လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် အသိအမှတ်ပြုပေးလိုက်ပါတယ်။ ၂၀၀၉မှာ ခရိုရေးရှားနဲ့ အယ်လ်ဘေးနီးယားတို့ နေတိုးဝင်ဖြစ်လာခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုရဲ့ရန်လည်း မရှိတော့တဲ့နေတိုးဟာ ဘယ်လိုအကြောင်းတွေကြောင့် အဖွဲ့ဝင်အသစ်တွေ ဖောဖောသီသီလက်ခံနေရတာလဲဆိုတဲ့မေးခွန်းကို ရောဘတ်ကနေဒီဂျူနီယာက နေတိုးကို ဝင်လာတဲ့ အဖွဲ့ဝင်သစ်တွေဟာ စစ်လက်နက်တပ်ဆင်ရကြောင်း၊ အဲဒီစစ်လက်နက်ဟာ နေတိုးက အတည်ပြုထားတဲ့ စံနှုန်းတွေအတိုင်း ဖြစ်ရမယ်လို့ စာချုပ်ချုပ်ရကြောင်း၊ တနည်းအားဖြင့် ပြောရရင် အမေရိကန် လက်နက်ထုတ်လုပ်သူ ကန်ထရိုက်တာကြီးတွေဆီကပဲ ဝယ်ရတာဖြစ်ကြောင်း၊ တချိန်ထဲမှာပဲ အမေရိကန်က ရုရှားနဲ့ချုပ်ဆိုထားတဲ့ နျူစာချုပ်နှစ်ခုကနေ ကိုယ့်သဘောနဲ့ကိုယ် ထွက်ပစ်ခဲ့ပြီး နျူထိပ်ဖူးတပ်နိုင်တဲ့ aegis ဒုံးကျည်တွေကို ပိုလန်နဲ့ ရိုမေးနီးယားမှာ ချထားခဲ့ကြောင်း၊ အမေရိကန်နှုတ်ထွက်ခဲ့တဲ့ စာချုပ်က တာလတ်ပစ်ဒုံးကျည်တွေနဲ့ ရုရှားကို မပစ်ဖို့ စာချုပ်ထားတာ ဖြစ်တဲ့အတွက် ဥရောပဒေသတည်ငြိမ်မှုမှာ အလွန်အရေးပါကြောင်း၊

၂၀၁၄ ဖေဖေါ်ဝါရီတုန်းက ယူကရိန်းမှာ လွတ်လပ်စွာရွေးကောက်ထားတဲ့ ဘက်မလိုက်အစိုးရကို ဖြုတ်ချအာဏာသိမ်းတာကလည်း စီအိုင်အေလက်အောက်က ယူအက်စ်အေအိုင်ဒီ ရဲ့ လက်ချက် ဖြစ်ကြောင်း၊ အာဏာသိမ်းခဲ့ပြီးနောက် ချက်ချင်းပဲ ရုရှားနဲ့ ယူကရိန်း နှစ်ဘာသာစကားပြောတဲ့ ရုရှားများတဲ့ ဒေသတွေမှာ ရုရှားစာကို တရားဝင်ရုံးသုံးစာတခုအဖြစ်က ဖြုတ်ချပစ်ခဲ့သလို ရက်ပိုင်းအတွင်း ရုရှားအနွယ် ၁၄,၀၀၀ကျော်ကို သတ်ပစ်ခဲ့တဲ့ အတွက် ပြည်တွင်းစစ် စဖြစ်ခဲ့ကြောင်း၊ ၂၀ ရက်နေ့မှာ ရုရှားက ခရိုင်းမီးယားကို သေနတ်တချက်မဖောက်ရပဲ ဝင်သိမ်းခဲ့ကြောင်း၊ ရုရှားက ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်အောင် အသည်းအသန်ကြိုးစားခဲ့ကြောင်း၊ မင့်စ်အကော့ဒ်ဆိုတဲ့ ငြိမ်းချမ်းရေးစာချုပ်ကို ဂျာမဏီ၊ ရုရှား၊ ယူကေနဲ့ ပြင်သစ်တို့ လက်မှတ်ထိုးခဲ့ကြကြောင်း၊

မတ်လမှာတော့ ခရိုင်းမီးယားဒေသကို ရုရှားနဲ့ပေါင်းမလား၊ ယူကရိန်းအောက်မှာပဲ နေမလားဆိုတဲ့ ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ကြောင်း၊ အဲဒီမှာ ခရိုင်းမီးယားက ရုရှားစကားပြောတဲ့ ရုရှားအနွယ်တွေများတော့ ၉၅%က ရုရှားနဲ့ပေါင်းဖို့ တခဲနက် မဲပေးခဲ့ကြကြောင်း၊ အဲဒါကို အနောက်လိုလားတဲ့ အာဏာသိမ်း အစိုးရက အသိအမှတ်မပြုခဲ့ကြောင်း၊ ခရိုင်းမီးယားဆန္ဒခံယူပွဲနောက်မှာ ဒွန်ဘာ့စ်နဲ့ လူဂန်စ်ဒေသ တွေကလည်း ရုရှားလက်အောက်မှာ နေလိုကြောင်း မဲပေးခဲ့ကြပေမယ့် ရုရှားက ယူကရိန်းကို ပုံမှန်နိုင်ငံတခုအဖြစ် ဆက်လက်ရပ်တည်စေချင်တာကြောင့် လက်မခံပဲ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုဖို့သာ တောင်းဆိုခဲ့ကြောင်း၊ အမေရိကန်က မလှုပ်တဲ့အတွက် ပူတင်က အစ္စရေးက နာ့ဖ်တာလီ ဘန်းနက်နဲ့ တူရကီက အာဒိုဂန်တို့ကို ကြားဝင်စေ့စပ်ခိုင်းခဲ့ကြောင်း၊ အဲဒါတွေကို သူဘယ်လို သိနေသလဲဆိုတော့ အဲဒီထဲမှာပါတဲ့သူတွေက ထုတ်ပြောလာကြလို့ဖြစ်ကြောင်း၊ နာ့ဖ်တာလီ ပြောတာတွေကို အင်တာနက်မှာရှာရင် တွေ့နိုင်မှာဖြစ်ကြောင်း၊

အဲဒီအာဏာသိမ်းမှုမတိုင်ခင် တလလောက်က အမေရိကန်လက်ထောက် နိုင်ငံခြားဝန်​ ဗစ်တိုးရီးယားနူလန်က ယူကရိန်းအာဏာသိမ်းပြီး ဖွဲ့မယ့်ကက်ဘိနက်မှာ ဘယ်သူတွေ ပါမယ်ဆိုတာကို ရွေးချယ်နေတဲ့ အသံဖိုင်ထွက်လာကြောင်း၊ ၂၀၁၉ ရကပမှာ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ လူရွှင်တော် ဇယ်လင်းစကီးဟာ ရုရှားနဲ့ ငြိမ်းချမ်းရေးရယူဖို့ မင့်စ်အကော့ဒ်ကို လက်မှတ်ထိုးမယ်ဆိုတဲ့ ကတိနဲ့ နိုင်လာတာဖြစ်ကြောင်း၊ နိုင်လာပြီးနောက်မှာ ဇယ်လင်စကီကို နူလန်တို့က ရုရှားနဲ့ ငြိမ်းချမ်းရေး လက်မှတ်မထိုးဖို့ ဖိအားပေးခဲ့ကြောင်း၊ ပူတင်ကလည်း ယူကရိန်းအစိုးရကို နောက်ကွယ်က အမေရိကန်က ကြိုးဆွဲနေတယ်ဆိုတာ သိရှိကြောင်း၊ ပူတင်က အမေရိကန်မီဒီယာတွေ ပုံဖော်နေသလို ကမ္ဘာ့စစ်ဘုရင်ကြီး ဖြစ်ချင်နေတာမဟုတ်ပဲ အမေရိကန်ရေတပ်ကြီးက ရုရှားရဲ့ သက်တမ်း ၃၄၇နှစ်ရှိ တခုတည်းသော ရေမခဲတဲ့ဆိပ်ကမ်းဖြစ်တဲ့ ဗလာဒီဗော့စတော့က ဆိပ်ကမ်းကို ဝင်တိုက်မှာကို အစိုးရိမ်ဆုံးဖြစ်ပြီး ကြိုတင်ကာကွယ်ဖို့ လုပ်နေတာသာဖြစ်ကြောင်း ဟောင်ဝီမန်ဒဲလ်ချန်နယ်မှာ ပြောကြားသွားပါတယ်။

၂၀၁၄နှစ်မှာပဲ နေတိုးက ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုအားလုံးနီးပါးကို ရပ်တံ့ပစ်ခဲ့ပြီးတဲ့နောက်

ရုရှားနဲ့ ကပ်နေတဲ့ ယူကရိန်းကို နေတိုးထဲ ပေးဝင်တော့မှာလိုလို မပေးဝင်ဘူးလိုလိုနဲ့ အနောက်အုပ်စုက ဇတ်ရှိန်မြှင့်နေခဲ့ပြီး၊ ပိုးမွှားလက်ဘ်တို့၊ ကလေးစက်ရုံတို့ စတဲ့ ရုရှားစိတ်ပူစေမယ့် အရာတွေကို ယူကရိန်းထဲမှာ အနောက်အုပ်စုက လုပ်လာကြပါတယ်။ အရင် ဂျော်ဂျီယာတုန်းကရော ခရိုင်းမီးယားကို သိမ်းတုန်းကပါ ရုရှားက လျှင်လျှင်မြန်မြန်နဲ့ တလအတွင်း အပြီးဖြတ်နိုင်ခဲ့သလို ၂၀၂၂မှာ ဘိုင်ဒန်က နဲနဲပါးပါးသိမ်းတာက ပြဿနာမရှိပါဘူးဆိုပြီး အကြိမ်ကြိမ်လေသံပစ်နေခဲ့တာပါ။ အဲဒီမှာ ပူတင်က ယူကရိန်းထဲမှာ ကျန်ရှိနေတဲ့ ရုရှားများတဲ့ဒေသတွေကို ထပ်သိမ်းခဲ့တာဖြစ်ပါတယ်။

ဒီတခါမှာတော့ အနောက်အုပ်စုနဲ့ လက်ကိုင်ဒုတ်မီဒီယာတွေက မီဒီယာလက်လှမ်းမမှီတဲ့ ရှရှားဘက်က သတင်းတွေကို အမှောင်ချပြီး သူတို့ဖြစ်စေချင်တဲ့ ပုံစံအတိုင်း ကမ္ဘာက မြင်လာအောင် ယူကရိန်းကို သနားလာအောင် ကြော်ငြာအားကောင်းကောင်းနဲ့ ရုပ်ရှင်ရိုက်ပြကြတော့တာပါပဲ။ ဒါပေမယ့် ဆုံးရှုံးသွားတဲ့အသက်တွေ၊ မျှော်လင့်ချက်မဲ့ကုန်တဲ့ ဘဝတွေ၊ ပျက်စီးသွားတဲ့ အခြေခံအဆာက်အဦတွေ နိုင်ငံ့သွေးကြောလုပ်ငန်းတွေရယ်က ရုပ်ရှင်တွေထဲကလို အတုတွေ မဟုတ်ကြပါဘူး။ ယူကရိန်းဟာ စစ်မဖြစ်ခင်ကတဲက သတင်းလွတ်လပ်ခွင့်မရှိသလို ခြစားမှုတွေနဲ့ နာမည်ကျော်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ မီဒီယာတွေမှာ စစ်ပွဲအတွင်း ယူကရိန်းစစ်သား ၃သောင်းကျော် သေဆုံးတယ်လို့ ပြောပေမယ့် အမှန်တကယ်က သိန်းချီနေပါပြီလို့ ပြောနေကြသူတွေလည်း ရှိနေပါတယ်။ ကွာတာက ဘယ်ဘက်က မီဒီယာကို ချုပ်ကိုင်ထားသလဲဆိုတာမှာ ကွာသွားတာပါ။

အခုလည်း နေတိုးအကြီးအကဲ စတိုလ်တန်ဘာ့ဂ်က ယူကရိန်းဟာ နေတိုးထဲကိုဝင်ရဖို့ တော်တော်ကို နီးစပ်လာပြီလို့ ဆိုနေပြန်ပါတယ်။ ဒါကို ဘာသာပြန်ရရင် ရုရှားကို စစ်မြှူခြင်းတမျိုးပါပဲ။ ဇတ်နာမှ ငိုပြလို့၊ တောင်းလို့ကောင်းမှာဖြစ်တာကြောင့်ရော စစ်သက်ရှည်လေ စစ်လက်နက်များများ ရောင်းရလေ နိုင်ငံရေးလုပ်စားတွေအိပ်ဖောင်းလေဖြစ်လို့ မြှူနေရတာပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးကို အခြိမ်းခြောက်ဆုံးက ကမ္ဘာ့ရွာလက်မဲအုပ်စု၊ တရုပ်နဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်တွေပါ။ နူလန်ကလည်း ယူကရိန်းကို ကူခြင်းအားဖြင့် ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပေါများပါမယ်တဲ့။ အလုပ်အကိုင်မဖြစ်စလောက်တိုးတာနဲ့ ဝိုင်းတွတ်ကြမယ့် ခြတွေနဲ့ အသားလွတ်သေပေးရမယ့်အသက်တွေ တန်ရဲ့လား။

အမေရိကန်မှာ အရင်က ယူကရိန်းကို ကူချင်ကြတဲ့သူတွေတောင် အခုအကြောင်းစုံသိလာတဲ့အခါ အပြစ်မရှိတဲ့ ယူကရိန်းလူငယ်အသက်တွေ၊ ဘဝတွေ၊ အမေရိကန်ပြည်သူတွေရဲ့ ငွေကြေးတွေဟာ နိုင်ငံရေးသမားတွေ ပါဝါပလေးတဲ့ထဲ အလဟဿ ရောက်ကုန်မှာကို မလိုလားကြတော့ပါဘူး။ ပြီးခဲ့တဲ့ ရာစုဝက်အတွင်း ဖြစ်ခဲ့တဲ့ စစ်ပွဲအများစုက သွေးရိုးသားရိုးဖြစ်တာထက် မီဒီယာရှူးတိုက်လို့ ဖြစ်တာတွေကများတော့ စစ်လိုလားတဲ့အစိုးရမျိုးကို ပြည်သူတွေ လုံးဝ မရွေးမိကြဖို့လိုပါတယ်။

Leave a comment