တနေ့က ဘိုင်ဒန်က သူ့ရဲ့နောက်ဆုံး State of the Union မိန့်ခွန်းပြောပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေကို နှစ်ရပ်ပေါင်းလွှတ်တော်ကနေ တနှစ်တခါ ပြည်သူကို အသိပေးတင်ပြရတဲ့သဘောပါ။ ပုံမှန်ဆို ဇန္နဝါရီ (သို့) ဖေဖေါ်ဝါရီမှာ လုပ်လေ့ရှိပြီး တိုင်းပြည်ကို အားတက်စေမယ့် ပြည်သူချင်း သွေးစည်းစေမယ့် စကားမျိုးတွေ ပြောကြတာပါ။ ဒီမန်းရှားဘိုင်ဒန်လက်ထက်မှာ နာရီဝက်လောက် လူရှေ့ရပ် စာဖတ်ပြနိုင်ဖို့ ဆေးတွေနင်းကန်ပေးထားရတာရော၊ တိုင်းပြည်အခြေအနေကလည်း အဖက်ဖက်က စုတ်ပြတ်နေတာရောကြောင့် နောက်ကျနေပုံရပါတယ်။ သူ့မှာ ပြစရာက အဘောရှင်း right အတွက် သူတို့ ဘယ်လောက်တောင် အားပေးသလဲဆိုတာရယ် နောက်တခုက ထရမ့်ဟာ အမေရိကန်တန်ဖိုးတွေကို ဘယ်လောက်တောင် ခြိမ်းခြောက်နေတယ်ဆိုတဲ့ အကြောက်မှိုင်း၊ အမုန်းမှိုင်း တိုက်ပေးတာရယ်ပါ။
ဒီနှစ်မှာ ဇယ်လန်စကီနဲ့ နဗော်လ်နီတို့ရဲ့ ဇနီးတွေ၊ နယ်စပ်က ခိုးဝင်လာတဲ့ ရာဇဝတ်ကောင်က ရက်ရက်စက်စက်သတ်လိုက်လို့ သေသွားခဲ့တဲ့ လေကန်ရိုင်လီရဲ့ မိဘတွေက SOTU ကိုတက်ရောက်ဖို့ ဘိုင်ဒန်ရဲ့ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့ကြပါတယ်။ အဲဒီမှာလည်း လေကန်ရဲ့နာမည်ကို လင်ကွန်လို့ ဘိုင်ဒန်က ၂ကြိမ်တိုင် မှားဖတ်ခဲ့လို့ မိဘတွေ ခံစားသွားရပါတယ်။
ဘိုင်ဒန်တို့ အဘောရှင်းရိုက်ကို အားပေးရတဲ့အကြောင်းရင်းက၊ သူတို့လို ရေ့စစ် ဂလိုဘယ်လစ်တွေက ကမ္ဘာမှာ လူဦးရေ သိပ်များနေတယ်လို့ ယုံကြည်သူတွေဖြစ်ပြီး အမေရိကန်မှာ လူမည်းတွေက အဘောရှင်းအလုပ်ဆုံးဆိုတော့ တချက်ခုတ် နှစ်ချက်ပြတ်တဲ့အပြင် ဖျက်ချတဲ့ ကလေးခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သုတေသနလုပ်ဖို့တို့ အစားထိုးဖို့တို့အတွက် ပြန်ရောင်းရတာကလည်း အမြတ်ကြမ်းသေးတာလေ။
ထရမ့်ကို အောက်လုံးထိုးတာကတော့ ပေါ်လစီပိုင်း၊ နိုင်ငံတကာရေးရာပိုင်း၊ စီးပွားရေးတိုးတက်မှု အပိုင်း ဘယ်နေရာမှ မယှဥ်နိုင်တဲ့ ပြိုင်ဖက်ဆိုးတွေရဲ့ ထုံးစံပါပဲ။ ထရမ့်ဆီက အလုံခြုံဆုံးနယ်စပ်၊ ပေါများလှတဲ့ စွမ်းအင်၊ ဖွံ့ဖြိုးလိုက်တဲ့ စီးပွားနဲ့ အလုပ်အကိုင်၊ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတို့ကို အမွေဆက်ခံရခဲ့တဲ့ ဘိုင်ဒန်က executive order တွေ ရာချီထုတ်ပြီး အကုန်လုံးကို ပြောင်းပြန်လှန်ခဲ့တာ။ ဘာမှမလုပ်ပဲ အိမ်ဖြူမှာ ဒူးလေးနှံ့နေရင်တောင် တိုင်းပြည်က အခုလောက် ဆိုးလာစရာမရှိဘူး။ ဒါပေမယ့် ရှီဆီက စားထားတာရှိတော့ သခင်အားရအောင် ဖျက်ရတော့တာပေါ့။
ယူကရိန်းစစ်ကို အဓိက မောင်းခဲ့တဲ့သူဟာ ဗစ်တိုးရီးယားနူလန်ဆိုတာ ပေါ်သွားတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သူမ နှုတ်ထွက်သွားခဲ့ပါတယ်။ သူမဟာ ဘုရှ် ၄၃လက်ထက် စစ်ကြိုက်တဲ့ ဒစ်ချေနီရဲ့ ထိပ်တန်းအကြံပေးတဦးအဖြစ် အီရတ်စစ်အပါအဝင် စစ်ပွဲတွေနဲ့ လုပ်စားလာခဲ့ပုံရပြီး အိုဘားမားလက်ထက်မှာရော ဘိုင်ဒန်လက်ထက်မှာပါ ထိပ်တန်းသံတမန်အဖြစ် စစ်တွေဖြစ်အောင် နောက်ကွယ်က တွန်းနေခဲ့ပုံပါပဲ။ ထရမ့်လက်ထက်တခုပဲ အစိုးရအဖွဲ့ထဲ သူမ ဝင်မပါခဲ့ရတာပါ။ ဒါကြောင့်လည်း ထရမ့်လက်ထက်မှာ အေးချမ်းခဲ့တာဖြစ်နိုင်ပါတယ်။ အီရတ်စစ်မှာ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေရှိလို့ ဝင်တိုက်ရပါတယ်လို့ အသံကောင်းဟစ် ထားပေမယ့် မရှိတာ သူတို့အစထဲကသိတယ်၊ လိမ်နေတာလို့ ၂၀၁၆ debate မှာ ထရမ့်ပြောခဲ့တာဟာ သူတို့ ထရမ့်ကို အသေအလဲ မုန်းတီးသွားရခြင်းအကြောင်းရင်းပဲလို့ ဆိုကြပါတယ်။
စစ်ပွဲတွေ ဖန်တီးခဲ့တာကနေ military industrial complex နဲ့တကွ ခြတဖွဲ့လုံး မြိုးမြိုးမြက်မြက် ဝါးနေကြပုံရပါတယ်။ အဲဒါကြောင့် စစ်ကြိုက်တဲ့ ခြတွေမှာ ပါတီဆိုတာ ဟန်ပြပါပဲ၊ ဘာယုံကြည်ချက်၊ ဘာမူမှ လက်ကိုင်မရှိပဲ သူတို့ ကိုယ်ကျိုးစီးပွားကပဲ သူတို့ကို မောင်းနှင်နေတာပါ။ နူလန့်ခင်ပွန်း ရောဘတ်ကေဂန်ဟာလည်း ချေနီတို့ နူလန်တို့လိုပဲ စစ်ကြိုက်တဲ့ နီယိုကွန်တဦးဖြစ်ပြီး လစ်ဗြဲမီဒီယာ တခုဖြစ်တဲ့ ဝါရှင်တန်ပို့စ်မှာ အယ်ဒီတာလုပ်တာပါ။ ဘလင်ကန်တို့လိုပဲ နူလန်ရဲ့ တမိသားစုလုံးက နိုင်ငံရေးနဲ့ လုပ်စားနေကြတာပါ။
ကလင်တန်လက်ထက်မတိုင်ခင်က ဒီမိုကရက်ပါတီက စစ်ပွဲတွေကို ဆန့်ကျင်ခဲ့တဲ့ပါတီဖြစ်ခဲ့ပြီး အလုပ်သမားတွေ၊ လူနည်းစုတွေအတွက် ရှေ့ကရပ်ပေးခဲ့တဲ့ ပါတီတခု ဖြစ်ခဲ့ပုံရပါတယ်။ အခုခေတ်ဒီမိုကရက်ပါတီကတော့ ဂငယ်ကွေ့ကွေ့ပြီး စစ်ကြိုက်သူတွေ ကြီးစိုးလာတာ နူလန်ရဲ့ အခန်းကဏ္ဍက ဘုရှ်၊ အိုဘားမား၊ ဘိုင်ဒန် အစိုးရလက်ထက်တွေမှာ သိပ်အရေးပါနေခဲ့တာကို ကြည့်ရင် သိမှာပါ။ အဲဒီလို ပြောင်းလဲသွားရခြင်းအကြောင်းရင်းကတော့ စစ်ဖြစ်တာကနေ အကျိုးအမြတ် ရလာတာကြောင့်ပါပဲ။ အရင်က နိုင်ငံရေးလောကထွက်လာလို့ သူဌေးဖြစ်သွားသူတွေ၊ နိုင်ငံရေးလောကမှာပဲ မသေမချင်း တွယ်ကပ်နေသူတွေ မရှိခဲ့ပေမယ့် ကလင်တန်နဲ့ သူ့နောက်တက်တဲ့ ဒီမိုကရက်ခေါင်းဆောင်တိုင်း ရာထူးသက်တမ်းစေ့လည်း ဝါရှင်တန်က မခွာနိုင်ကြတော့တာ တခြား ဘာအကြောင်းများ ရှိနိုင်သေးလို့လဲ။
၂၀၀၀ခုနှစ်နောက်ပိုင်း ရီပါဘလစ်ကန်ပါတီမှာတော့ စစ်လိုလားသူတွေ အင်အားတောင့်ခဲ့ပါတယ်။ ဒေါ်စုလိုပဲ သမားရိုးကျနိုင်ငံရေးသမားမဟုတ်ပဲ တိုင်းပြည်အတွက် မလွှဲမရှောင်သာ နိုင်ငံရေးနယ်ထဲ ဝင်လာခဲ့ရတဲ့ ထရမ့်လက်ထက်မှာတော့ စစ်ကြိုက်တဲ့ရီပါဘလစ်ကန်တွေက ထရမ့်ကို တူးတူးခါးခါး မုန်းကြတဲ့ အက်စ်တာဘလစ်ရှ်မန့်ရီပါဘလစ်ကန်တွေ ဖြစ်နေကြတာပါ။ ပြည်သူထဲမှာက စီးပွားရေးကောင်းအောင်လုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေချင်သူတွေက အများစုဆိုတော့ အဲဒီလူတွေက ထရမ့်ရဲ့ မာဂါရီပါဘလစ်ကန်တွေဖြစ်လာပြီး ဘုရှ်/ချေနီတို့လက်ထက်က ရီပါဘလစ်ကန်တွေထက် အင်အားကြီးလာတာ ပဏာမရကပတွေကြည့်ရင် သိပါလိမ့်မယ်။
ဆိုလိုတာက ဘယ်ပါတီမှ တသမတ်တည်း မဟုတ်တာပါ၊ ပါတီရဲ့လားရာဟာ ကြိုးကိုင်သူ လူတစု လက်ထဲမှာပါ။ သိချင်ရင် မူတွေကိုကြည့်ပါ။ အခုဒီမိုကရက်ပါတီလို ဘာမူမှ ချမပြနိုင်ဘူး၊ အမုန်းမှိုင်း၊ အကြောက်မှိုင်း၊ အတင်းမှိုင်းပဲ တိုက်နေတာဆိုရင် တိုင်းပြည်အတွက် ကောင်းတာလုပ်ပါ့မယ်လို့ ဘယ်လို ယုံကြည်လို့ရမှာလဲ။ ပြီးတော့ လာဘ်ဆိုတာက ဆားငံရည်လို သောက်လေငတ်လေပဲ။ တခါနှစ်ခါလာဘ်ယူပြီးလို့ လောဘသတ်နိုင်တယ်၊ အမြင်မှန်ရတယ်ဆိုဦးတော့ အဲဒီအကွက်ကိုကိုင်ပြီး အကြပ်ကိုင်ရင် လူသိမခံနိုင်တာနဲ့ပဲ လိုက်လျောရဦးမှာ။ အကြပ်မကိုင်ဘူးပဲထား၊ သူဖော်ရင် ကျန်တပြုံတမကြီး ပေါ်ကုန်မှာစိုးလို့ စားဖော်စားဖက်တွေက အရင် နှုတ်ပိတ်ငရဲပြည်ပို့ဦးမှာ။ ဒါက စားဖားတွေရဲ့ ညီညွတ်ခြင်းမျိုးပါပဲ။ ဒါကြောင့်လဲ ဒီမိုကရက်တွေ ဘယ်တော့မှ အသံကွဲမထွက်ကြပဲ အလွတ်ကျက်ထားတဲ့ script နဲ့ သုံးနေကျ phrase တွေကလွဲရင် ဘာမှမပြော မဖြေကြတာပါ။ သူတို့ အားလုံးက တယောက်နဲ့တယောက် ချစ်လွန်းလို့ဆိုတာထက် တသံထဲထွက် တလမ်းထဲသွားနေမှ ဘေးလည်းကင်း၊ အိတ်လဲဖောင်းမို့လို့သာ သည်းခံနေကြတာ။ မအလတပ်လိုပေါ့။
ဂါဇာမှာ ငြိမ်းချမ်းရေးရဖို့ပဲဖြစ်ဖြစ်၊ ယူကရိန်းစစ် အဆုံးသတ်နိုင်ဖို့ပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာ ပြည်ထောင်စုအစိုးရ တက်ဖို့ပဲဖြစ်ဖြစ် ကမ္ဘာကြီး အေးချမ်းစေချင်တယ်ဆိုရင် အားလုံးမှာ သင့်တင့်လျောက်ပတ်တဲ့ အခြေအနေကောင်း ရှိဖို့ လိုအပ်ပါတယ်။ ခုခေတ်မှာ စစ်ဆိုတာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့မရသလို ကိုယ်ရပ်ချင်တိုင်းလည်း ရပ်လို့ မရပါဘူး။ လက်မဲတွေပါနေရင် မတိုက်ချင်လည်းတိုက်၊ တိုက်ချင်လည်းတိုက်ပါပဲ။ အမေရိကန်လို ကမ္ဘာ့ဦးဆောင်အင်အားကြီးနိုင်ငံမှာ ထရမ့်လို ငြိမ်းချမ်းရေးလိုလားသူတက်နေရင် ကမ္ဘာကြီး ငြိမ်းချမ်းခဲ့တာ အများအမြင်ပါ။
အခုဆို အမေရိကန်က ဘယ်လောက်ပဲထောက်ထောက် ယူကရိန်းမှာ တိုက်မယ့်သူမရှိတော့လို့ အတင်းကြီးစစ်မှုထမ်းဖို့ ဥပဒေထုတ်၊ လမ်းပေါ်လိုက်ဆွဲ လုပ်နေရပြီ။ အဲဒါဟာ စစ်ပွဲအပေါ် ပြည်သူရဲ့ သဘောထားကို ပြတာပါပဲ။ ဇယ်လန်စကီးက စစ်သား ၅သိန်းမှ ထပ်မရရင် မတိုက်နိုင်တော့ပါဘူးဆိုလို့ အမေရိကန်တို့ ပြင်သစ်တို့က တပ်တွေလွှတ်ဖို့ စဥ်းစားနေပါပြီ။ မတိုက်နိုင်ရင် စစ်ပြေငြိမ်းဖို့ လုပ်ကြပေါ့။ ငြိမ်းချမ်းရေးရသွားမှာ အဲဒီလောက် ကြောက်နေကြသလား။ သူတို့ဇိမ်ခံအိမ်တွေဝယ်ဖို့ ကိုယ့်သားသမီးတွေအသက် ရင်းပေးရဦးမှာလား။
ပြီးတော့ ယူကရိန်းဘက်က သူ့နိုင်ငံထဲ ကျူးကျော်နေတဲ့ရုရှားတပ်တွေကို ခုခံတာတင်မဟုတ်တော့ပဲ ရုရှားနိုင်ငံ အတွင်းပိုင်းက ရေနံချက်စက်ရုံတွေကို ဒရုန်းတွေနဲ့ လှမ်းဆော်နေတာ။ ဒါက ကျူးကျော်သူ ရုရှားကို တွန်းလှန်တာ မဟုတ်တော့ဘူး၊ စစ်ပွဲ မကြီးကြီးအောင် တမင်ရန်စနေတာဖြစ်သွားပြီ။ ဂျာမဏီဝန်ကြီးချုပ်ကလည်း ယူကရိန်းဘက်က ဝင်တိုက်ပေးမှာမဟုတ်ဘူးလို့ပြောပြီး အဲဒီနေ့မှာပဲ သူ့ကာဝန်က ခရိုင်းမီးယားမှာရှိတဲ့ တံတားကြီးတခုကို ဒုံးနဲ့ဆော်ဖို့ ယူကရိန်းကို တောရပ်စ်ဒုံးကျည်တွေ ပို့ပေးဖို့ စီစဥ်နေတဲ့ အသံဖိုင် ပေါက်ထွက်လာတယ်။ ပို့ရင်လဲ နောက် ၈လလောက်မှ စသုံးလို့ရမယ်၊ လောလို့မရဘူး၊ လောရင် အရပ်သားတွေကို ပစ်မိတာတွေ ထပ်ဖြစ်လာလိမ့်မယ်လို့ ပြောသွားပါတယ်။ ထပ်ဖြစ်လာမယ်ဆိုတော့ အရင်ကလည်း ယူကရိန်းက အရပ်သားတွေကိုပါ ပစ်နေတဲ့သဘော ဖြစ်နေတယ်လို့ ရီဒက်တက်က ကလေတန်မောရစ်က သုံးသပ်ထားပါတယ်။
ပြည်ပစစ်တွေကို အမေရိကန်တွေ ဘယ်လိုကူတယ်ဆိုတာနဲ့ ပတ်သက်ပြီး စီအိုင်အေအရာရှိဟောင်း တဦးက အမေရိကန်က ယူကရိန်းကို စစ်လက်နက်တွေကူတယ်ဆိုတာ အလကားပေးတာမဟုတ်ဘူး၊ ရောင်းတာ၊ စစ်ပြီးရင် ပြန်ဆပ်ရမှာလို့ ဆိုပါတယ်။ ဒုကမ္ဘာစစ်ကစလို့ အရင်စစ်တွေတုန်းကလည်း အဲဒီလိုပါပဲ။ အလကားသွားကူတယ်ဆိုတာ ရှိကို မရှိပါဘူးတဲ့။ ဒါကို ဇယ်လန်စကီက မသိတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း မက်ကောနယ်တို့ နူလန်တို့က ယူကရိန်းကိုကူတဲ့ ပိုက်ဆံက ဘယ်မှမသွားပါဘူး၊ ဒီမှာပဲ လက်နက်လုပ်ငန်းတွေထဲပဲ ရောက်မှာပါလို့ ပြောခဲ့တာပါ။ တိုင်းပြည် GDP တက်ဖို့လုပ်တာ ဆိုရင်တောင် လူ့အသက်တွေနဲ့ဆိုင်တာ မလုပ်သင့်ပါဘူး။ ကာကွယ်ရေးအတွက် လက်နက်တပ်ဆင်တာက လုပ်သင့်ပေမယ့် လက်နက်ရောင်းရဖို့ စစ်ပွဲတွေ ဖန်တိးပေးတာတွေက လူမဆန်လွန်းတာပါ။
စစ်ပွဲတွေက ပြည်ပတင် မဟုတ်တော့ပါဘူး။ ဘိုင်ဒန်တို့ လေယာဥ်နဲ့ သွားခိုးသွင်းလာတာတွေက ဒါရီယံ ဂက်ပ်ကို ခြေလျင်ဖြတ်ရတာ ကြာလို့ ကိုလံဘီယာတို့ ပနားမားတို့ကနေ လေယာဥ်နဲ့ သွားမ လာတာပါ။ တပ်ထဲကလူတဦးက နယ်စပ်ကဝင်လာတဲ့လူတွေနဲ့ လေယာဥ်နဲ့သွင်းလာတဲ့လူငယ်တွေကို လူစုခွဲပြီး စစ်သားစုဆောင်းရေးလို စခန်းတွေဆီ စာရင်းသွင်းဖို့ ပို့နေကြကြောင်း စစ်ဖက်သတင်းထောက် မိုက်ကယ်ယွန်းနဲ့ အန်းဗန်ဒါးစ်တို့ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ တပ်ထဲဝင်မှ စီတီဇင်ပေးမယ်၊ မဝင်ရင် ဘာစာရင်းမှမဝင်တော့ပဲ လူကုန်ကူးခံရသလို စာရင်းပျောက်သွားတဲ့အထိ ဖြစ်နိုင်တဲ့အတွက် အဲဒီလူတွေမှာ ရွေးစရာရှိမှာမဟုတ်ပါဘူး။ လစ်ဗြဲမြို့ကြီးတွေမှာလည်း ခိုးဝင်တွေကို အိုဘားမား ပြောပြောနေတဲ့ community police လိုဖွဲ့ပေးဖို့ ခေါ်နေပါပြီ။ လေ့ကျင့်ပေး၊ လက်နက်တပ်ဆင်ပေးပြီး ပြည်သူကို အာဏာရှင်တိုင်းပြည်လို အုပ်ချုပ်၊ ပြည်သူကမခံရင် ပြည်တွင်းစစ်ဖြစ်ဖို့ပဲ ရှိတော့တာပေါ့။
မကြာသေးမီက အိုဘားမားဟာ နိုင်ငံသားမဟုတ်သူတွေ မဲပေးရင် အဖမ်းခံရမလားဆိုတဲ့ မေးခွန်းကို “မဲသွားပေးပြီဆိုမှတော့ နိုင်ငံသားပေါ့၊ ဘာမှမကြောက်နဲ့၊ သွားသာပေး” လို့ ပြောခဲ့တာကိုကြည့်ရင် မဲပေးမယ့်သူတွေကိုလည်း နိုင်ငံသားအမြန်လုပ်ပေးမယ့်သဘောဖြစ်နေတယ်။ ဘယ်သူ ဘယ်ပါတီ ပဲဖြစ်ဖြစ် အာဏာကို မတရားရယူဖို့ ကြိုးစားနေပြီဆိုရင် ဘာမှ ကောင်းစရာမရှိတော့ဘူး။ ခုလိုအခြေအနေမှာ ဒီမိုကရက်ပါတီက အရင်တုန်းလို စစ်ပွဲတွေကို မလိုလားတဲ့ ပါတီမဟုတ်တော့တာ သေချာနေပါပြီ။ ပါတီသံယောဇဥ်နဲ့ မဲပေးချင်ရင်တောင် ပါတီကို ဝင်ပူးနေတဲ့ မကောင်းဆိုးဝါးတွေကို အားဆေးတိုက်နေတာပဲ ဖြစ်မှာပါ။ စစ်ပွဲတွေရဲ့ တရားခံဟာ ကိုယ်မဖြစ်ပါစေနဲ့။