မတ်လ ၁၆ ရက် ၂၀၂၄

လေယာဥ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီရဲ့ 787 Dreamliner တွေထုတ်လုပ်တဲ့ မြောက်ချာလ်စ်တန် စက်ရုံမှာ ၃၂နှစ်ကြာ အရည်အသွေးထိန်းအင်ဂျင်နီယာလုပ်သွားတဲ့ ဂျွန်ဘာနက်ဟာ ရုံးချိန်းလာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သူ့ရှေ့နေက လိုက်ရှာရာမှာ ဟိုတယ်တခုရဲ့ ပါကင်လော့မှာ ရပ်ထားတဲ့ သူ့ထရပ်ကားပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို ပြီးခဲ့တဲ့ စနေနေ့က တွေ့ရှိခဲ့ကြပါတယ်။ တာဝန်ရှိသူတွေက သေနတ်ဒဏ်ရာဟာ ကိုယ့်ဖာသာကိုယ်ပစ်တာနဲ့ တူကြောင်း ကနဦးကောက်ချက် ချကြပေမယ့် အပြီးသတ်ဆုံးဖြတ်ချက်မချခင် ထပ်စစ်ဦးမယ်လို့ ဆိုပါတယ်။ သေဆုံးပြီး နောက်တရက်မှာ သူဟာ ဘိုးရင်းကုမ္ပဏီကို စွဲဆိုထားတဲ့ အမှုအတွက် တရားရုံးမှာ တတိယမြောက်နေ့ အဖြစ် တံခါးပိတ် သက်သေခံထွက်ချက် ပေးရမယ့်နေ့ဖြစ်ပြီး ပေါ်မလာတော့မှ လိုက်ရှာကြတာပါ။ အရင် ၂ရက်ကလည်း ထွက်ချက်တွေ ပေးထားခဲ့ပါသေးတယ်။

ဂျွန်ဘားနက်နဲ့ ရင်းနှီးတဲ့မိတ်ဆွေတဦးက ဂျွန်မဆုံးခင် ၂ပတ်က တွေ့ဆုံဖြစ်ခဲ့ကြောင်း၊ ဂျွန်ဟာ သူရင်ဆိုင်နေရတဲ့ အမှုအပေါ် အလွန်အာရုံစိုက်ထားပြီး စိတ်ထွေ၊ စိတ်ကျဖြစ်တာမျိုး မတွေ့ခဲ့ကြောင်း၊ နောက်မိသားစုမိတ်ဆွေ တဦးကလည်း သူပြောစရာရှိတာတွေ ချပြပြီးသွားရင် သူသေကောင်း သေနိုင်ကြောင်း၊ သူ့ကိုယ်သူ သတ်သေတယ်လို့ ကြားရင် အဲဒါ လုံးဝမဟုတ်ဘူးလို့ ပြောဘူးတာကို သတိရမိကြောင်း ပြောသွားသလို သူတည်းခဲ့တဲ့ ဟောလီးဒေးအင်းက ဝန်ထမ်းတဦးကလည်း မဆုံးခင်ညက အစားအသောက် ပုံမှန် မှာစားပြီး ဖုံးကြည့်နေခဲ့တာဖြစ်ကြောင်း၊ စိတ်ညစ်နေတဲ့ ပုံစံမျိုးလည်း မတွေ့ခဲ့ရကြောင်း ပြောသွားပါတယ်။

ဂျွန်က ၂၀၁၀မတိုင်ခင် ဘိုးရင်းရုံးချုပ်မှာ တာဝန်ကျပြီးနောက်မှ ချာလ်စ်တန်စက်ရုံကို ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီမှာ အထက်လူကြီးတွေက အရည်အသွေးကို ဦးစားမပေးပဲ အော်ဒါတွေ အချိန်မီ ပြီးဖို့နဲ့ အကုန်အကျသက်သာအောင် အဆင့်မမီတဲ့ ပစ္စည်းတွေကို သုံးဖို့ခိုင်းခဲ့တာတွေကို အထက်ကို တင်ပြပေမယ့် ဂရုမထားကြပဲ ထပ်ပြောတဲ့အခါ ပြဿနာကောင်လို ပညာပြ ဆက်ဆံခဲ့ကြတယ်လို့ သိရပါတယ်။ အတွင်းမှာ ပြောလို့မရတဲ့အတွက် ပြည်သူအများရဲ့ လုံခြုံမှုကို ရှေ့ရှုပြီး မီဒီယာတွေမှာ ထွက်ပြောလာခဲ့တာမှာ ဘိုးရင်းက သူ့ကို နာမည်ဖျက်၊ အလုပ်အကိုင်ပျက်အောင်လုပ်ခဲ့တယ်လို့ သိရပြီး အဲဒီအတွက် ဂျွန်က တရားစွဲခဲ့တာပါ။ ဘိုးရင်းလေယာဥ်တွေဟာလည်း ပျံသန်းနေရင်း ဘီးပြုတ်ကြလိုက်၊ နှာခေါင်းပြုတ်ကျလိုက်၊ တံခါးပြုတ်ထွက်လိုက်နဲ့ သတင်းတွေ ထွက်နေပြီး အရေးပေါ်အောက်ဆီဂျင်mask ဟာလည်း ၄ခုမှာ ၁ခုက အလုပ်မလုပ်ပဲဖြစ်နေနိုင်ကြောင်း ဂျွန်က ပြောခဲ့ဖူးပါတယ်။

ဘိုးရင်းကုမ္ပဏီဟာ လေယာဥ်ထုတ်တာဆိုပေမယ့် သူ့ရဲ့ ဈေးကွက် ၄၀% က အမေရိကန်အစိုးရဖြစ်ပြီး စစ်ဖက်ကန်ထရိုက်တွေတော်တော်ရထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း နစ်ကီဟေလီကို ယူအန် သံတမန်အဖြစ်က နားချိန်မှာ စစ်လက်နက်ကန်ထရိုက်တာတွေက အလုပ်ပေးထားခဲ့ပြီး နောက်တော့ ဘိုးရင်းမှာ ဘုတ်အဖွဲ့ဝင်အထိ ဖြစ်ခဲ့ပါတယ်။ သူမ ဂါဗာနာဘဝတုန်းကတည်းက ဘိုးရင်းကို မျက်နှာသာပေးထားတာလေးတွေရှိတာကြောင့် ဟိုကပြန်သိတတ်တာလို့လည်း ဆိုကြပါတယ်။ စစ်ဖက်ကန်ထရိုက်ယူထားသူဆီက စားထားတော့ စစ်ကြိုက်လာတာ မဆန်းလှပါဘူး။

လာဘ်စားတာနဲ့ ပတ်သက်လို့ ဒီမိုကရက်ဆီနိတ်တာ ဘော့ဘ်မန်နန်ဒက်ဇ်၊ သူ့ဇနီးနဲ့ နယူးဂျာစီက စီးပွားရေးသမား ၂ဦးတို့ဟာ လာဘ်ယူမှုနဲ့ တရားစွဲခံနေရပြီး ပဉ္စမတဦးက အပြစ်ရှိကြောင်း ဝန်ခံခဲ့ခါ အစိုးရသက်သေအဖြစ် ထွက်ဆိုဖို့ သဘောတူခဲ့ပါတယ်။ မန်နန်ဒက်ဇ်ကို တရားစွဲထားတာက စက်တင်ဘာက စခဲ့တာဖြစ်ပြီး အခုတကြိမ်ဟာ ၃ကြိမ်မြောက် အမှုထပ်တိုးတာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်က အီဂျစ်အစိုးရရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့လို့ ဖြစ်ပါတယ်။ မန်နန်ဒက်ဇ်တို့လင်မယားဟာ သူတို့ရရှိတဲ့ လာဘ်ငွေနဲ့ ချေးငွေတွေကို ပြန်ပေးသယောင် ဟန်ပြ ချက် ရေးခဲ့တယ်လို့ ဆိုပါတယ်။

မန်နန်ဒက်ဇ်အပေါ် ကနဦးစွဲချက်က နိုင်ငံရေးမျက်နှာသာရဖို့နဲ့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးတဲ့အပေါ် ကာဆီးဟန့်တားပေးဖို့အတွက် ရွှေချောင်းတွေ၊ ငွေသားတွေနဲ့ ဇိမ်ခံကားရယူတာဖြစ်ပါတယ်။ သူတို့က အမှုကို ဖုံးဖိဖို့ ကြိုးစားတာမှာ မအောင်မြင်ပဲ သူ့အိမ်မှာ ငွေသား အများအပြားနဲ့ ရွှေချောင်းတွေ တွေ့ခဲ့ရတာကနေ အမှုကြီးလာတာပါ။ မန်နန်ဒက်ဇ်ကို ဆီးနိတ်က နှုတ်ထွက်ဖို့ တိုက်တွန်းကြပေမယ့် သူ့မှာ အပြစ်မရှိဘူး၊ ဒါကြောင့် မထွက်နိုင်ဘူးလို့ ငြင်းနေဆဲပါ။

General Motors ကထုတ်လုပ်တဲ့ Chevy, GMC, Cadillac, Buick ကားတွေနဲ့, Subaru, Mitsubishi, Kia, Honda နဲ့ Hyundai ကထုတ်တဲ့ ကားတွေမှာ ကားမောင်းသူရဲ့ မောင်းနှင်ပုံအကျင့်တွေကို ကားမှာပါတဲ့ OnStar Smart Driver dashboard app ကနေ မှတ်တမ်းတင်ထားပြီး LexisNexisစနစ် ကတဆင့် အင်တာနက်ကနေ အာမခံကုမ္ပဏီတွေကို ရောင်းစားပါတယ်။ တကယ်လို့ သင်ဟာ အတန်ငယ်အမောင်းကြမ်းသူ ဆောင့်ထွက်၊ ဘရိတ်ဆောင့်နင်းတတ်သူဆိုရင် ဘာမတော်တဆမှုမှ မဖြစ်ရင်တောင် အာမခံကြေးက ၂၀%လောက် တက်သွားပါတယ်လို့ ကြုံတွေ့ရသူတဦးက ဆိုပါတယ်။ အဲဒီ OnStar Smart Driver ဟာ subscription service ဖြစ်ပြီး smarter, safer driver ဖြစ်လာဖို့ သင့်ကို လေ့ကျင့်ပေးသွားမယ်လို့ ကြော်ငြာထားပါတယ်။ သတ်မှတ်စိန်ခေါ်ချက်တွေ ပြည့်စုံသွားရင် တံဆိပ်ကလေးတွေရမှာဖြစ်ပြီး သင့်ရဲ့ မောင်းနှင်မှုပုံစံကို dashboard မှာ ပြန်ကြည့်လို့ရပါတယ်။ အဲဒါကိုမက်ပြီး subscribe လုပ်လိုက်ရင် data ရောင်းစားခံရမှာပါ။ ခုခေတ်မှာ AI ကို feed လုပ်ဖို့ data တွေအများကြီး လိုတာကြောင့်လည်း data ရောင်းစားသူတွေ တော်တော်အလုပ်ဖြစ်ကြပါတယ်။

ကနေဒါမှာ ၂၀၂၁တုန်းက ပြန်ကောင်းလာမှာမဟုတ်တော့တဲ့ ရောဂါရှင်တွေအတွက် ဆရာဝန်/ဆေး အကူအညီနဲ့ ပြည်သူ့စားရိတ်သုံးပြီး သေဆေးထိုးနိုင်မယ့် MAID ပရိုဂရမ်ကို “ဆိုးရွားပြီး ကုလို့မရ”တဲ့ စိတ်ရောဂါရှင်တွေ အတွက်ပါ တိုးချဲ့လာပါပြီ။ ပြန်မကောင်းမယ့် ရောဂါဆိုတာကို သက်သေပြဖို့ ဖြစ်နိုင်ပေမယ့် စိတ်ရောဂါကို တိတိကျကျ သက်သေပြဖို့ ခက်မှာကြောင့် မလိုလားအပ်တဲ့ အမြတ်ထုတ်မှုတွေ၊ လူမှုရေးဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဥပဒေအရ ၂နှစ် အနည်းဆုံး ဆေးကုသခံခဲ့ဖူးရမယ်၊ ဆရာဝန် ၂ဦးက သီးခြားစီ ထောက်ခံပေးရမယ် ဆိုပေမယ့် လက်ရှိလိင်ပြောင်းခွဲစိတ်မှုတွေကိုကြည့်ရင် ဥပဒေထဲကအတိုင်း လိုက်လုပ်တယ်ဆိုတာ မရှိဘူးလို့ ပြောလို့ရပါတယ်။

ကနေဒါမှာ MAID အစီအစဥ်နဲ့ သေဆေးပေးဖို့ အတည်ပြုချက်ရထားတဲ့ ၂၇နှစ်အရွယ် အော်တစ်ဇင် သမီးကို ဖခင်ဖြစ်သူက အချိန်နှောင်းမသွားခင် တရားရုံးအကူအညီနဲ့ ကြားဝင်ဟန့်တားဖို့ ကြိုးစားပါတယ်။ သူ့သမီးသေဆေးထိုးဖို့ကို အတည်ပြုပေးတဲ့ ဆရာဝန်နှစ်ဦးစလုံးထံ ဆက်သွယ်ပြီး ငါ့သမီးမှာ သေဆေးနဲ့ အကျုံးဝင်တဲ့ ရောဂါဘာများရှိလို့လဲလို့ လိုက်လံမေးမြန်းခဲ့ပေမယ့် ကျေနပ်စရာ အဖြေဘာမှ မရခဲ့ပါဘူး။ မနက်ဖြန်မှ စတင်အသက်ဝင်မယ့် ဥပဒေမှာ အော်တစ်ဇင်လိုဟာမျိုး အကျုံးမဝင်တာတောင် ခုလောက်တွန်းနေကြပြီဆိုရင် ဘယ်လောက်အထိ ဆိုးလာနိုင်မလဲဆိုတာ တွေးကြည့်ကြဖို့နဲ့ ဒီဘက်ကို ရောက်မလာအောင် ကြံဆကြဖို့ လိုနေပါပြီ။

အမေရိကန်မှာတော့ ဆရာဝန်က သေဆေးပေးခွင့်ရှိတဲ့ ဥပဒေမျိုး မရှိသေးပေမယ့် သေနိုင်တဲ့ဆေးကို ကိုယ့်ဖာသာကိုယ် ထိုးမယ်ဆိုရင်တော့ ကယ်လီဖိုးနီးယား၊ ဒီစီ၊ အော်ရီဂွန်၊ ဝါရှင်တန် စတဲ့ ၁၀ဒေသမှာ ဆရာဝန်က ကူညီပေးနိုင်ပါတယ်။ ရောမမြို့ကြီးကို တနေ့ထဲတည်တာမဟုတ်သလိုပါပဲ၊ ပထမ ခြေလှမ်းအဖြစ် ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေကို မိဘကို အသိမပေးဖို့ လုပ်နေကြပါတယ်။ ကမ္ဘာ့ရွာလက်ဝဲတွေရဲ့ လူလျှော့ရေးစီမံကိန်းဟာ ဖားကို ရေအိုးထဲထည့်ပြုတ်တဲ့ ဥပမာလိုပဲ အစပိုင်းမှာ တအားကြီးဆိုးတာနဲ့ မစပါဘူး။ တရစ်ချင်း တင်းလာမှာပါ။ ဥပဒေဆိုတာလည်း ပြုရတာထက် ဖျက်ရတာခက်တာဆိုတော့ လည်ပင်းကကြိုးက တင်းသထက် တင်းလာဖို့ပဲ ရှိတာပါ။

Leave a comment