သောကြာနေ့ညနေက အမေရိကန်အောက်လွှတ်တော်မှာ ၁.၂ထရီလီယံအစိုးရဘတ်ဂျက်ကို ၂၈၆-၁၃၄မဲနဲ့ အလျင်စလို အတည်ပြုခဲ့ပါတယ်။ ဒီမိုကရက်အားလုံးနဲ့ ရီပါဘလစ်ကန် ၁/၃ ကျော် ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဘတ်ဂျက်ဘေလ်မှာ စာမျက်နှာ ၁၀၁၂ ရှိပြီး ၈၂၄.၅ဘီလီယံက ကာကွယ်ရေးဝန်ကြီးဌာနကို သွားမှာဖြစ်ပါတယ်။ လက်ရှိအသုံးစာရိတ်ထက် ၂၇.၇၅ဘီလီယံ ပိုလာတာပါ။ အစ္စရေးဒုံကျည်ကာကွယ်ရေးအတွက် သန်း၅၀၀၊ ယူကရိန်းအတွက် သန်း၃၀၀၊ ပြည်တွင်းလုံခြုံရေးအောက်က Customs and Border Protection က လက်ရှိထက် ၃ဘီလီယံတိုးပြီး ၁၉ဘီလီယံ၊ Immigration and Customs Enforcement က ၁.၁တိုးပြီး ၉.၆ဘီလီယံရပါတယ်။ ဒါပေမယ့် ဒီတိုးလာတဲ့အသုံးစာရိတ်တွေက နယ်စပ်ကို လုံအောင်ကာဖို့မဟုတ်ပဲ ဘိုင်ဒန်တို့ ကမလာတို့ ပြောနေသလို “နယ်စပ်က ကျိုးပေါက်နေတာမဟုတ်ပါဘူး၊ processing လုပ်တဲ့စနစ်ကပဲ ကျိုးပေါက်နေတာပါ”လို့ ပြောနေတဲ့အတွက် နယ်စပ်လုံခြုံရေးအတွက် သုံးမှာမဟုတ်ပဲ လူပိုများများ ခေါ်သွင်းနိုင်ဖို့ ပိုတောင်းတဲ့သဘောပဲ ဖြစ်နေတာပါ။ FEMA အရေးပေါ်အသုံးစာရိတ်ကိုတော့ 72.9 သန်းလျော့ချပြီး ၂၅.၃ဘီလီယံပဲ ပေးပါတော့တယ်။
အဆိုပါဘတ်ဂျက်ဘေလ်ကို အတည်မပြုခင် နယ်စပ်ပြဿနာကို အရေးတကြီးဖြေရှင်းဖို့ မကြိုးစားကြသလို ထရမ့်အပေါ် နယူးယောက်ရှေ့နေချုပ်ရဲ့ တရားမဲ့ အာဏာပြနေတာကိုလည်း တင်ပြဆွေးနွေးခြင်း မရှိခဲ့ကြပါဘူး။ တရားမဲ့လုပ်နေတဲ့ ပြည်နယ်က တရားရေးဌာနကို ဘတ်ဂျက်ဖြတ်/လျော့ပြီး ထိန်းကျောင်းလို့ ရကြောင်း ဝေဖန်သူတချို့က ထောက်ပြကြပါတယ်။ လွှတ်တော်က အမာခံရိုင်နိုတွေကလည်း သူတို့လို စစ်ကန်ထရိုက်တာတွေဘက်တော်သားဖြစ်တဲ့ နစ်ကီဟေလီ ပြိုင်ပွဲက နှုတ်ထွက်သွားပြီးတဲ့နောက် ထရမ့်ကိုတော့ သူတို့မထောက်ခံနိုင်ပါဘူးလို့ ထုတ်ပြောလာကြပါပြီ။ နယူးယောက်က လတီးရှာတို့ ထရမ့်ကို နိုင်ငံရေးနယ်ထဲက မထွက်ထွက်အောင် စီးပွားရေးအရ လုပ်ကြံနေကြတာဟာ အမတ်တွေက မထိန်းကျောင်းပဲ ခွင့်ပြုထားတာကြောင့်လည်း ပါပါတယ်။
ဒီမိုကရက်တွေရွှေ့နေတဲ့ အကွက်အားလုံးက လတ်တလောမှာ ထရမ့် အိမ်ဖြူကို ပြန်မလာနိုင်ရေး၊ ရေရှည်မှာ အရင်လိုပဲ နှစ်ပါတီအဖြစ် သရုပ်ဆောင်ထားတဲ့ ခြတွေပဲ နိုင်ငံ/ကမ္ဘာကို ခွစီးထားဖို့ပဲ ဖြစ်ပါတယ်။ နစ်ကီပြိုင်ပွဲက ထွက်လိုက်ပြီးကတဲက ရိုင်နိုတွေရဲ့ ငွေတွင်းကြီးတွေက သူတို့ထောက်ပံ့ထားတဲ့ ရိုင်နိုတွေကို ဖိအားပေးလာပုံရပါတယ်။ ထွက်တဲ့သူကထွက်၊ ထွက်တာတောင် ပါတီအတွက် အကျပ်အတည်းဖြစ်အောင် အချိန်ကိုက်ထွက်၊ ရှိသေးတဲ့သူတွေကလည်း မျက်နှာဖုံးတွေ ခွာကျနဲ့ တိုက်ပွဲက ပြင်းထန်လာပါပြီ။ ဒီစတိတ်က ကြီးလွန်းတယ်၊ နိုင်ဖို့မလွယ်ဘူးလို့ ပြောကြတာ အကြောင်းမဲ့မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံရေးဟာ မာဖီးယားတွေလိုပါပဲ၊ ဘယ်သူကဘာဆိုတာ အောက်ခြေကလူတွေ သိဖို့ ဘယ်လိုမှ မလွယ်ပါဘူး၊ သိတဲ့ level ရောက်သွားရင်လည်း ထုတ်ပြောရင် အသက်ဘေး မင်းဘေး ဘေးအစုံတွေ့ဖို့ အလွန်လွယ်ပါတယ်။ အမေရိကန်တွေ မြန်မာပြည်က လူတွေလောက် နိုင်ငံရေးအသိစိတ်ဓါတ် အရမ်းကို နိုးကြားလာလို့ တပြည်လုံး မဲထွက်ပေးကြလို့ ထရမ့်နိုင်သွားသည့်တိုင် လွှတ်တော်မှာ အတည်ပြုပေးဖို့ ရီပါဘလစ်ကန်အများစုမကျန်အောင် နည်းပေါင်းစုံနဲ့ ညစ်နေပါပြီ။ ရီပါဘလစ်ကန်အများစုဆိုတာ ရိုင်နိုတွေနှုတ်လိုက်ရင် အများစု ဘယ်လိုမှ မဟုတ်တော့ပါဘူး။ ဒီလိုဖြစ်လာခဲ့ရင် အဲဒါဟာ ပါတီရဲ့ အရှုံးမဟုတ်ပဲ ပြည်သူရဲ့အရှုံး၊ တိုင်းပြည်ရဲ့ အရှုံး၊ တရားမျှတလွတ်လပ်ခြင်းရဲ့ အရှုံးပါ။ အဲဒါကိုတော့ မမေ့ကြဖို့ လိုပါတယ်။
အိမ်ခြံမြေအာမခံနဲ့ပတ်သက်ရင် အမေရိကန်မှာ အကြီးဆုံးဖြစ်တဲ့ State Farm အထွေထွေအာမခံ ကုမ္ပဏီဟာ ကယ်လီဖိုးနီးယားမှာ အိမ်အာမခံ ၇၂,၀၀၀ခန့်ကို (ဇူလိုင် ၃ရက်နေ့မှာ အိမ် ၃သောင်း၊ ဩဂုတ် ၂၀မှာ နောက်ထပ် ၄၂,၀၀၀) သက်တမ်းတိုးမပေးတော့ဘူးလို့ ဆိုပါတယ်။ အိမ်အာမခံထားသူ အများစုက မီးဘေးအတွက် ထားကြတာဖြစ်လို့ တောမီးတွေ လောင်တတ်တဲ့ နွေရာသီကစပြီး အာမခံမရှိတော့ရင် ဖြစ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေက သာမာန်မိသားစုတွေအတွက် ဘဝပျက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ State Farm လို အကြီးစားကြီးတောင် မတတ်နိုင်ရင် အာမခံကုမ္ပဏီလေးတွေက တတ်နိုင်ဖို့ ပိုခဲယဥ်းမှာပါ။ အခုလို သက်တမ်းမတိုးတော့တာက ကယ်လီဖိုးနီးယားမှာပါပဲ။ အကြောင်းကတော့ ငွေဖောင်းပွနှုန်းနဲ့ ကုန်ဈေးနှုန်းတက်တာတွေက ကြီးလွန်းတော့ အိမ်အစား ပြန်ဆောက်ပေးရတဲ့စားရိတ်က မြင့်လွန်းတာရယ်၊ မီးတွေလောင်တာ ပိုကြီးကြီးလာတာရယ်၊ ထပ်ဆင့်အာမခံထားရတဲ့ စားရိတ်မြင့်တာရယ်၊ ခေတ်နဲ့မညီတော့တဲ့ အာမခံဥပဒေကြောင့် လုပ်ရကိုင်ရ ခက်တာရယ်တွေကြောင့်လို့ သိရပါတယ်။
ကယ်လီဖိုးနီးယားရဲ့ ဒီမိုကရက်အစိုးရဟာ ဒီမိုကရက်အစိုးရတွေထုံးစံအတိုင်း အသုံးအစွဲကြမ်း၊ အခွန်ကောက်ကြမ်းပြီး ဥပဒေတွေ နင်းကန်ထုတ်တဲ့အတွက် စီးပွားရေးသမားတွေ မခံနိုင်တော့လို့ ပြောင်းပြေးကြတာ များပါပြီ။ ၁၉၉၄ Northridge ငလျင်ကြီးမှာ ဥပဒေရဲ့ စည်းကြပ်မှု များလွန်းတာကြောင့် လူနေအိမ်အာမခံလုပ်ငန်းကြီး တခုလုံး အခြေကနေကိုင်လှုပ်လိုက်သလို ပျက်စီးသွားခဲ့ပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီလေးတွေ ဈေးကွက်ထဲက ထွက်ပြေးခဲ့ရပါတယ်။ အခုလည်း ခိုးဝင်တွေက ဂိုဏ်းတွေနဲ့ ပိုင်ရှင်လက်ရှိမနေနေတဲ့ အိမ်တွေမှာ အရေးယူခံရခြင်းမရှိပဲ စည်းမရှိ ကမ်းမရှိ ဝင်နေကြတာတွေကြောင့် အိမ်ပျက်စီးရင် အာမခံကုမ္ပဏီတွေက ဒုက္ခများဦးမှာပါ။ ခုအချိန်မှာ ၇၂,၀၀၀ဆိုပေမယ့် တိုးလာနိုင်ခြေ အများကြီးရှိသလို တခြားအာမခံကုမ္ပဏီတွေကပါ လိုက်လုပ်ရင် ဘယ်လိုလုပ်ကြမလဲ။ အုပ်ချုပ်ရေးညံ့တဲ့ ဆိုးကျိုးဟာ ဘက်ပေါင်းစုံကနေ အနှေးနဲ့အမြန် လာမှာပါပဲ။
အီလီနွိုင်းပြည်နယ်မှာ ၂၀၂၀ကစပြီး ပြည်နယ်တွင်းက အသက် ၆၅နှစ်အထက် နိုင်ငံသားမဟုတ်သူ တွေကို ပြည်သူ့အခွန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတဲ့အပြင် ၄၂-၆၄နှစ်တွေကိုပါ မက်ဒီကိတ် သဘောမျိုး တိုးချဲ့ပေးနေခဲ့ပါတယ်။ အဲဒီကုန်ကျစရိတ်ဟာ ၂၀၂၄မှာ ၁ဘီလီယံကျော်သွားတော့မှာ ဖြစ်လို့ စရိတ်လျော့ချတဲ့အနေနဲ့ တရားမဝင်နေထိုင်သူတွေ၊ အမေရိကန်ကိုရောက်တာ ၅နှစ် မပြည့်သေးတဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိသူတွေ စုစုပေါင်း ၆၀၀၀လောက်ကို ကျန်းမာရေးခံစားခွင့် ဆက်မပေးတော့ဘူးလို့ ဆိုပါတယ်။ ရှေ့နှစ်ဆိုရင် ၆၅နှစ်အထက် ၁၆,၅၀၀ဦးသာ လက်ခံမှာဖြစ်ပြီး ဆေးရုံတက်ရင် copay $100-$250 ပေးရမယ်လို့ ဆိုပါတယ်။ အခုဝင်နေတဲ့ခိုးဝင်တွေလည်း အစပိုင်းမှာ မဲလိုချင်လို့သာ ပြည်သူ့ပိုက်ဆံနဲ့ မက်လုံးတွေ လှိုင်လှိုင်ပေးနေပေမယ့် သူတို့အာဏာမြဲမှာ သေချာသွားပြီဆိုရင် မင်းသားခေါင်းဆောင်းအောက်က အစွယ်ဖွေးဖွေးနဲ့ ညားကြဦးမှာပါ။
ထရမ့်အစိုးရလက်ထက်မှာ အိမ်ဖြူတော်ထိပ်တန်းအရာရှိတဦးဖြစ်ခဲ့တဲ့ ပီတာနဗားရိုးကို ၂၀၂၂ တုန်းက ဒီမိုကရက်လွှတ်တော်က ဂျန်၆ကိစ္စအတွက် အဆင့်ခံဖို့ ဆင့်ခေါ်ခဲ့တာကို လာရောက်ဖို့ ပျက်ကွက်မှုနဲ့ ထောင် ၄လ ချမှတ်ခဲ့ပါတယ်။ ဂျန်၆တုန်းက ပီတာနဗားရိုးဟာ ဝါရှင်တန်မှာတောင် ရှိနေခဲ့တာ မဟုတ်ကြောင်း တင်ပြထားပေမယ့် နွံအိုင်ကြီးကို ဒူးမထောက်ခဲ့တဲ့အတွက် တင်းမာသူတဦးအဖြစ်နဲ့ အညှိုးထားပြီး ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။ အမှုကလည်း ရာဇဝတ်မှုမဟုတ်ပဲ မူးပြီး မောင်းတာလိုမျိုး အသေးစားအမှား misdemeanor ပဲဖြစ်ပါတယ်။ misdemeanor အမှုတွေကို ထောင်ချတဲ့ ထုံးစံ မရှိပေမယ့် နိုင်ငံရေးအငြှိုးနဲ့ အသက် ၇၂နှစ်ရှိပြီဖြစ်တဲ့ ပီတာနဗားရိုးကိုတော့ ခိုးဆိုးလုသတ် ရာဇဝတ်သားတွေထားတဲ့ အကျဥ်းထောင်မှာ ပြီးခဲ့တဲ့အပတ်က စတင်ထောင်ချလိုက်ပြီဖြစ်ပါတယ်။
သူတို့သိပ်မုန်းနေရင် ထောင်ထဲမှာတင် အစဖျောက်လိုက်လို့ ရတဲ့အခြေအနေပါ။ ထောင်ဒဏ်မှ ကင်းလွတ်ခွင့်ပေးဖို့ အယူခံဝင်တာမှာလည်း ဆူပရင်းကုတ် တရားသူကြီးချုပ် ဂျွန်ရောဘတ်က ပယ်ချခဲ့တဲ့အတွက် ထောင်ဒဏ်ကင်းလွတ်ခွင့် မရခဲ့ပါဘူး။ သူ့ကို စတင်ဖမ်းဆီးတုန်းကလည်း ထရမ့်ရဲ့ မာရာလာဂိုစံအိမ်ကို ဝင်စီးခဲ့သလိုပဲ နံနက်မိုးမလင်းခင် တပ်အင်အားနဲ့ဝိုင်းပြီး တအိမ်လုံး မွှေနှောက်/ ရှာ/သိမ်း လုပ်ခဲ့သလို ပြန်ခုခံမယ့်သူမဟုတ်တဲ့ လူကိုပါ အိပ်ယာထဲကအဝတ်နဲ့ လက်နောက်ပြန် လက်ထိပ်ခတ် ဖမ်းဆီးခဲ့တာပါ။ တရားရေးမဏ္ဍိုင်ပျက်သုဥ်းရင် လူ့အဖွဲ့အစည်းမှာ မတရားမှုတွေ ပြည့်လွှမ်းလာတော့မှာပါ။ ဒေါ်စုကို လာဘ်ယူတယ်လို့ စွဲတဲ့အမှု၊ ဦးကိုနီနဲ့ ဗစ်တိုးရီးယားအမှုတွေ လိုပါပဲ။ မတရားတာသိသိချည့်နဲ့ လက်ပိုက်ကြည့်နေရတဲ့နေ့တွေ အဆုံးသတ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မှာ ဖွဲ့စည်းထားတဲ့ Shen Yun ဆိုတဲ့ တရုပ် performing arts အဖွဲ့ဟာ ကမ္ဘာတဝှမ်း လိုက်လံဖျော်ဖြေလျက်ရှိပါတယ်။ ရှန်ယွန်းအဖွဲ့ဝင်အများစုဟာ အမေရိကန်မှာ မွေးတဲ့ အမေရိကန်တွေဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့အပတ်က သူတို့အဖွဲ့ ဂျာမဏီကအပြန် ရှီကာဂိုမြို့ လေဆိပ်ကို အရောက်မှာ လေဆိပ်က တရုပ်နွယ်ဖွား Customs and Border Protection (CBP) တဦးက SY tour manager ကို တရုပ်လိုလာပြောပြီး ဘယ်က လာတာလဲ၊ ဘယ်မှာလုပ်တာလဲ၊ မင်းတို့အဖွဲ့မှာ လူဘယ်နှစ်ယောက်ပါလဲ၊ မင်းက ဖ’လုံဂုန်း အဖွဲ့ဝင်မှတ်လား လို့ ခပ်ရွဲ့ရွဲ့မေးပါတယ်။ ကျန်တာတွေ ဖြေခဲ့ပြီး နောက်ဆုံးမေးခွန်းကိုတော့ သူမ ဖြေရမှာ စိတ်မသက်သာတဲ့အတွက် CBP အရာရှိကို ဒါက ငါဖြေဖို့မလိုဘူးလို့ပဲ ပြန်ပြောလိုက်ပါတယ်တဲ့။ အခြားအဖွဲ့ဝင်တွေကိုလည်း ဖ’လုံဂုန်းတွေ မဟုတ်လားလို့ ထပ်မေးပြန်ပြီး အခြား CBP အရာရှိတဦးကို သူတို့က ဖ’လုံဂုန်းတွေ၊ တရားမဝင်ဘူးလို့ လှမ်းပြောနေတာ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ရှန်းယွန်းရဲ့ ဆောင်ပုဒ်ဟာ “ကွန်မြူနစ်စနစ်မတိုင်ခင်က တရုပ်ပြည်” ဖြစ်ပြီး နှစ်အကြာကြီး ပြင်းပြင်းထန်ထန် ကျင့်ထားမှ ရနိုင်မယ့် ရင်သပ်ရှုမောဖွယ် ကကွက်တွေ ပါဝင်ပါတယ်။ ရှန်းယွန်းကို လစ်ဗြဲမီဒီယာက လက်ယာစွန်းတွေလို့ စွပ်စွဲပေမယ့် သူတို့ဟာ နိုင်ငံရေးလုပ်တယ် ဆိုတာထက် ကွန်မြူနစ်စနစ်အောက်မှာ မှေးမှိန်နေရတဲ့ တရုပ်ယဥ်ကျေးမှုအစစ်ကို ဖော်ထုတ်ချင်ကြပြီး သူတို့ကို ဖိနှိပ်နေတာတွေကို လူသိအောင် အနုပညာနဲ့ ဖော်ထုတ်နေတာလို့ ယုံကြည်ကြပါတယ်။
ဖ’လုံဂုန်းကျင့်စဥ်ဟာ တိုက်ချိလိုမျိုး လေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေ ပါဝင်တဲ့ ယုံကြည်မှု တခုဖြစ်ပြီး နှစ်အနည်းငယ်အတွင်း အဖွဲ့ဝင်အင်အား သန်း၁၀၀ ကျော်လာတဲ့အတွက် စီစီပီက တရားမဝင်သတ်မှတ်ကာ နှိပ်ကွပ်၊ ထောင်ချ၊ နှိပ်စက်၊ ကလီစာထုတ်ရောင်း စတဲ့နည်းတွေနဲ့ ဖြိုဖျက်နေတာ ဖြစ်ပါတယ်။ အမေရိကန်မှာ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိတဲ့အတွက် အများပြည်သူကို မထိခိုက်သ၍ လူတယောက်/တဖွဲ့ရဲ့ ယုံကြည်မှုအပေါ် ထိပါးပုတ်ခတ်ခွင့် မရှိပါဘူး။ ဒါပေမဲ့ တရုပ်ဘောမ နယူးယောက်တိုင်းမ်စ်က ရှန်းယွန်းအဖွဲ့ကို ၆လလောက် အချိန်ယူပြီး ပုတ်ခတ် တိုက်ခိုက် ထားတဲ့သတင်းနဲ့ စတင်ထိုးနှက်လာပါပြီ။
ပြီးခဲ့တဲ့ မေလက တရုပ်အေးဂျင့် ၂ဦးဟာ အခွန်ဝန်ထမ်း အယောင်ဆောင်ထားတဲ့ အက်ဖ်ဘီအိုင် အေးဂျင့်ကို လာဘ်ထိုးပြီး ရှန်းယွန်းရဲ့ အခွန်ကင်းလွတ်ခွင့်ကို ရုတ်သိမ်းပေးဖို့ ကြိုးစားလို့ အဖမ်းခံ ခဲ့ရဖူးပါတယ်။ အမေရိကန်မြို့ကြီးတချို့မှာ တရုပ်ရဲစခန်းတွေ ရှိနေတာဟာလည်း အမေရိကန်ရဲ့ အချုပ်အချာအာဏာကို မထေမဲ့မြင် ပြုနေတာပါပဲ။ တိုင်းပြည်မှာ ဘိုင်ဒန်တို့ကျေးဇူးနဲ့ အဆိုးရွား အရက်စက်ဆုံး MS-13 ဂိုဏ်းဝင်တွေ ပြည်တွင်းမှာ တွေ့လာရပြီး ဂိုဏ်းဝင်တဦးက Queens က shelter မှာ ရောက်နေတဲ့ ၁၇နှစ်အရွယ် မိန်းကလေးတဦးကို လိင်ကုန်ကူးဖို့ ခေါ်ထုတ်သွားခဲ့ပါတယ်။ အဲဒီလူဟာ အရင်နှစ်တွေက ၉နှစ်မိန်းကလေးကို မဖွယ်မရာပြုလို့ ခံဝန်နဲ့ လွတ်နေတဲ့သူပါ။ ခိုးဝင်တွေက အမေရိကန်မိန်းကလေးတွေကို မုဒိမ်းကျင့်၊ သတ်ဖြတ်၊ လုယက်တာတွေလည်း မနည်းတော့ပါဘူး။ ဆေးလွန် သေဆုံးမှုတွေကလည်း ၂၀၂၂မှာ စံချိန်တင် မြင့်မားခဲ့ပါတယ်။ အဲဒီလိုကိစ္စတွေကို ဖော်ထုတ်တင်ပြဖို့ထက် ရှန်ယွန်းကိုထိုးနှက်ဖို့က အဓိကဖြစ်နေတာက သူတို့က ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲဆိုတဲ့ မေးခွန်းမေးစရာ ဖြစ်လာပါတယ်။