၂၆ရက်နေ့က သန်းခေါင်ကျာ် တချက်ခွဲမှာ ဘာလ်တီမိုးမြို့က ဖရန်စစ်စကော့ကီးတံတားကို ကွန်တိန်နာ သင်္ဘောက ဝင်တိုက်လို့ ပြိုကျသွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မသင်္ကာစရာ စဥ်းစားစရာတွေ အများကြီး ရှိနေပါတယ်။ ပထမဦးဆုံးအချက်က ဖြစ်ပြီး နာရီအနည်းငယ်သာကြာတဲ့ မနက် ၈နာရီမှာ ဘိုင်ဒန်က ဒီကိစ္စဟာ မတော်တဆဖြစ်တာပါ၊ ဖြစ်သွားတဲ့ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး အစိုးရက အကုန်အကျခံပါမယ်လို့ တကူးတက ထွက်ပြောခဲ့ပါတယ်။ အဲဒီနေ့ညနေ ၃နာရီထိုးခါနီးကျမှ National Transport Safety Board ကတော့ ကာဂိုသင်္ဘောရဲ့ ဒေတာရီကော်ဒါ (ဘလက်ခ်ဘောက်စ်)က စစ်ဆေးမှုတွေအတွက် အခရာကျလိမ့်မယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောသွားတာပါ။ အဲဒီအချိန်အထိ NTSB က သင်္ဘောပေါ် မတက်ရသေးပဲ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ US Coast Guard နဲ့ ရဲတွေ ဆက်လုပ်နိုင်ဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ အဖြေချက်ချင်း ထွက်လေ့မရှိပဲ နှစ်နဲ့ချီကြာသွားတာမျိုးတောင် ဖြစ်တတ်တယ်လို့လည်း သတိပေးသွားပါတယ်။
ဘာလ်တီမိုးဆိပ်ကမ်းဟာ အမေရိကန်ရဲ့ အဝင်အထွက်အများဆုံးဆိပ်ကမ်းတခုဖြစ်ပြီး ၂၀၂၃မှာ တန်ချိန် ၅၂.၃သန်း တန်ဖိုးအားဖြင့် ၈၀ဘီလီယံဖိုး ဝင်ထွက်နေတာဖြစ်ပါတယ်။ အဆိုပါတံတား ပြိုပျက်သွားခြင်းကြောင့် တံတားတန်ဖိုး ဆုံးရှုံးတာ၊ အပျက်ဖယ်ရ၊ အသစ်ပြန်ဆောက်ရမယ့် စားရိတ်တွေအပြင် ပိုဆိုးတာက ဖရန်စစ်စကော့ကီးတံတားက ပင်လယ်အော်ဘက်ကနေ ဘာလ်တီမိုးမြို့အဝင်မှာ ဖြတ်ဆောက်ထားတာဖြစ်တဲ့အတွက် ဘာလ်တီမိုးမြို့က ဆိပ်ကမ်းတွေ အကုန်လုံးကိုပါ အဝင်အထွက် ပိတ်သွားတော့မှာပါ။ အနီးအနားမှာလည်း လောက်လောက်လားလား တခြားဆိပ်ကမ်း မနီးလှတဲ့အတွက် အဝင်ကုန်ရော အထွက်ကုန်အတွက်ပါ ဒုက္ခများကြမှာပါ။
ပြည်သူတွေအနေနဲ့လည်း တခြားလမ်းတွေက သွားရရင် အချိန်ပိုကုန်တာ၊ ကားပိုကြပ်တာ စတဲ့ အဆင်မပြေမှုတွေ အများကြီး ကြုံကြရတော့မှာပါ။ သင်္ဘောငှားခက တရက်တရက် ဈေးကမသေးတဲ့အပြင် အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုကြောင့် အဲဒီဘက်ကို ရှောင်မောင်းနေရလို့ စားရိတ်တက်ရတဲ့ကြားထဲ တခြားဆိပ်ကမ်းကို သွားရရင် မူလဆိပ်ကမ်းက သင်္ဘောတွေရော ဘာလ်တီမိုးကလာမယ့် သင်္ဘောတွေအတွက်ပါ အချိန် စားရိတ် အကုန်ထောင်တက်သွားပါလိမ့်မယ်။ အဲဒါတွေကိုရော ဘိုင်ဒန်က တာဝန်ယူမှာတဲ့လား။ တာဝန်ယူတယ်ပဲထားဦး၊ ပြည်သူ့ပိုက်ဆံနဲ့ပဲလေ။
မသင်္ကာစရာကောင်းတာက NTSB က ဖြစ်ရတဲ့အကြောင်းရင်းကိုစစ်ဆေးဖို့ သင်္ဘောပေါ်တောင် မတက်ရသေးခင် အများကြီးစောပြီး ဘိုင်ဒန်က မတော်တဆဖြစ်တာပါ၊ အစိုးရက အကုန်တာဝန်ယူ အကုန်အကျခံ ပြန်ဆောက်ပေးပါမယ်လို့ အိမ်ဖြူမှာ အလျင်စလို ထွက်ဖတ်ပြတာ၊ ဂျက်ဖရေ အက်ပ်စတိန်းတို့၊ အိုဘမစားဖိုမှုးတို့လို မသင်္ကာစရာအမှုတွေလိုပါပဲ၊ ဖြစ်ပြီးတာနဲ့ မစစ်ရသေးဘူး၊ သတင်းထုတ်ပြန်ဖို့ အဖြေက အတိအကျ ရေးထားပြီးသားဖြစ်နေပြီ။ အံ့ဩစရာမကောင်းဘူးလား။ ထောက်လှမ်းရေးအသိုင်းအဝိုင်းကတော့ ဒီကိစ္စကို မသင်္ကာနေကြပါဘူး။ သင်္ဘောက စင်္ကာပူမှာ မှတ်ပုံတင်ထားပေမယ့် နိုင်ငံစုံကုမ္ပဏီတွေက ငှားသုံးနေကြတာပါ။
မနှစ်က ပင်ဆယ်လ်ဗေးနီးယားနယ်စပ်နားက အိုဟိုင်းအိုးပြည်နယ် အရှေ့ပါလက်စ်တိုင်းမြို့မှာ ဓါတုပစ္စည်းတွေ တင်ဆောင်ထားတဲ့ ၅၁တွဲပါတဲ့ ရထား လမ်းချော်တိမ်းမှောက်ခဲ့လို့ ရက်အတန်ကြာမီးလောင်နေခဲ့တဲ့ဖြစ်စဥ်ကိုတော့ ဘိုင်ဒန်က နှစ်ပေါက်နီးတဲ့အထိ သွားမကြည့်ခဲ့သလို အစိုးရက တာဝန်ယူလျော်ပေးဖို့တို့ ဘာတို့လည်း မဟခဲ့ပါဘူး။ ဓါတုပစ္စည်းတွေ မီးလောင်တဲ့ နောက်ဆက်တွဲအကျိုးဆက်က ခုချိန်မှာ ဒေသခံတွေရဲ့ ကျန်းမာရေးကို ဒုက္ခစပေးလာပါပြီ။ အဲဒါကြောင့် ဒေသခံတွေက Environmental Protection Agency ကို လွှတ်ပြီး မြေ ရေ လေ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုနေတာကိုလည်း လစ်လျူရှုခံနေရပါတယ်။ ပြောချင်တာက ဒီသင်္ဘောတိုက်တဲ့ကိစ္စကျမှ ဘိုင်ဒန်က အလျင်စလို ဒါက မတော်တဆပါ၊ အစိုးရက ကုန်ကျစရိတ်တွေအားလုံး တာဝန်ယူပါမယ် ဆိုတာ ဘာစံနှုန်းနဲ့တိုက်ပြီး ဘာကိုဖြင့် တာဝန်ယူမယ်၊ ဘာကိုဖြင့် တာဝန်မယူဘူး ဆိုတာကို ပြောနိုင်တာလဲ၊ ပါးစပ်ထဲ ရှိသလို ပြောကြေးလား၊ အပြစ်ရှိမှန်းသိလို့ တာဝန်ယူလိုက်တာလားဆိုတာ စဥ်းစားစရာဖြစ်လာပါတယ်။
နောက်တချက်က သင်္ဘောတွေမှာသုံးတဲ့ ကွန်ပြူတာစနစ်တွေဟာ encrypt မလုပ်ထားဘူးလို့လည်း ပြောကြပါတယ်။ မှန်ရင်တော့ ဟက်ကာတွေ ဝင်ဟက်ဖို့ဆိုတာလည်း ဖြစ်နိုင်ခြေတခုပါပဲ။ ဆိုင်ဘာအကြမ်းဖက်မှုဆိုတာ ဘယ်သူက ဘယ်လိုလုပ်တယ်ဆိုတာ ချက်ချင်းသိဖို့ခက်တော့ မဟုတ်ဘူး/ဟုတ်တယ်ဆိုတာ အပြင်လူအနေနဲ့ ခန့်မှန်းဖို့ မလွယ်ပါဘူး။ မတိုက်ခင် လေးမှာ သင်္ဘောက မီးတွေပျက်သွားပြီး ခေါင်းတိုင်က မီးခိုးမဲမဲတွေ ထွက်လာတာ တွေ့ရပါတယ်။ အဲဒါပြီးတော့မှ သင်္ဘောက တည့်တည့်သွားနေရာကနေ ကွေ့သွားတာပါ။ မီးပျက်တာနဲ့ ကွေ့သွားစရာ မလိုဘူးလို့လည်း ပြောကြပါတယ်။ မီးပျက်ပြီးတဲ့နောက်မှာ သင်္ဘောရဲ့ ဦးတည်ရာနဲ့ ရွေ့လျားမှုကို အမြန်ဆွဲကြည့်ရင် အလွတ်ကြီးကနေ တမင်ကွေ့တိုက်သလိုမျိုး ဖြစ်နေပါတယ်။ မီးပျက်ပြီးတော့ သင်္ဘောပေါ်က ငါတို့ ထိန်းမရတော့ဘူးလို့ ဆိပ်ကမ်းကို လှမ်းအကြောင်းကြားပါတယ်။ ခဏနေတော့ အရံမီးစက်ကနေ မီးနဲနဲ ပြန်ရတာတွေ့ရပါတယ်။
တံတားဆောက်ကျွမ်းကျင်သူတဦးက သင်္ဘောတစင်းကဝင်တိုက်လို့ တံတားတခုလုံးကြီး အပိုင်းပိုင်း ကျိုးကျသွားတာ ဖြစ်နိုင်လား၊ ဖောက်ခွဲတာတွေများ ပါနေနိုင်လားဆိုတော့ တံတားအခြေတွေမှာ အကာအရံတွေ ရှိပါတယ်၊ အဲဒီတံတားမှာ အကာက နှစ်ခုပဲရှိပြီး တည့်တည့်ဝင်တိုက်ရင်သာ ကာမိမှာ ဖြစ်ပါတယ်။ အခုသင်္ဘောတိုက်တာက ကွေ့ပြီးမှ ဝင်တိုက်တာ ဖြစ်တဲ့အတွက် ဝန်အပြည့် ကွန်တိန်နာသင်္ဘောရဲ့အားနဲ့ တံတားအခြေကို ဝင်တိုက်တာဖြစ်လို့ တံတား အပိုင်းပိုင်းကျိုးတာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။ မီးပျက်သွားတဲ့ အချိန်တိုလေးအတွင်း သင်္ဘောကို ထိန်းချုပ်လို့ မရတော့ဘူးလို့ ပြောပေမယ့် အကာအရံလွတ်တဲ့ angle ကို တည့်တည့်ဝင်အောင်းနိုင်တာ နည်းနည်းနောနော တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။
နောက်တိုက်ဆိုင်မှုဖြစ်နိုင်တာတခုက ဒါလီသင်္ဘောရဲ့ ကပ္ပတိန်က ယူကရိန်းနိုင်ငံသား ဖြစ်နေပါတယ်။ တံတားပြိုပြီး သိပ်မကြာခင် ယူကရိန်းကလို့ ဆိုတဲ့ တဖွဲ့က X မှာ “တွေ့လား၊ ငါတို့ကို မထောက်ပံ့ရင် ဒီလိုတွေထပ်ဖြစ်လာဦးမယ်၊ ဥရောပလည်း စောင့်ကြည့်နေပါ”လို့ တင်ထားပါတယ်။ တကယ်လား၊ နောက်နေတာလားတော့ ခုချိန်မှာ မသိနိုင်သေးပါဘူး။ ကွန်ဂရက်စ်က အတည်ပြုလိုက်တဲ့ ၁.၂ထရီလီယံ ဘေလ်မှာ ဘိုင်ဒန်တောင်းတဲ့ ၆၁.၄ဘီလီယံမရပဲ Ukraine Security Assistance Initiative အတွက် သန်း ၃၀၀ပဲ ပါပါတယ်။
ဒီသင်္ဘောတိုက်တဲ့ကိစ္စမှာ ဖြစ်သွားတဲ့နေရော၊ ဖြစ်သွားတဲ့ပုံစံနဲ့ အိမ်ဖြူက တုန့်ပြန်တဲ့ပုံစံ အားလုံးက မသင်္ကာစရာဖြစ်နေတာပါ။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆက်စပ်ကြည့်နိုင်တာက ဘိုင်ဒန်လက်ထက်မှာ ကြက်ခြံ၊ နွားခြံစတဲ့ မွေးမြူရေးလုပ်ငန်းအကြီးစားကြီးတွေ မီးလောင်တာ အကြိမ်ရေရော ဆုံးရှုံးတဲ့ ပမာဏရော အများကြီးတက်လာသလို supply chain ပိုင်းမှာလည်း ၂၀၂၃မှာ ၂၀၂၂ကထက် supply chain တိုက်ခိုက်မှု/လုံခြုံရေးချိုးဖောက်ခံရမှုတွေဖြစ်တာ ၂၆% တက်လာပါတယ်။ ဆီဈေးတွေတက်၊ အခွန်တွေကြီး၊ စစ်တွေတိုက်၊ စီးပွားရေးကမကောင်းတော့ အလုပ်တွေပြုတ်ကြတဲ့အပြင် အဲဒီလို ကြားပေါက်တွေကလည်း ပြည်သူကို မမွဲ မွဲအောင် လုပ်နေတဲ့ ကိစ္စတွေပါပဲ။ ပြည်သူအများမွဲမှ အစိုးရဆီ ဒူးထောက် လက်ဖြန့်ကြရမှာဆိုတော့ မွဲစေချင်ကြတာ အဆန်းတော့ မဟုတ်ပါဘူး။
ဟက်ကာတွေ အနေနဲ့ အမေရိကန်ကို အထိနာအောင် ထိုးနှက်ချင်ရင် financial စနစ်ကြီးတခုလုံးကို ထိုးဖောက်ဖို့ မလွယ်ပေမယ့် သား/ငါးအပါအဝင် စားသောက်ကုန်ဖြန့်ဖြူးရေးလုပ်ငန်းတွေ၊ ဓါတ်အားဖြန့်ဖြူးရေး power grid စတာတွေမှာ ဘိုင်ဒန်တို့က ဘာမှပြင်ဆင်ထားတာမရှိလေတော့
သိပ်အခက်အခဲမရှိပဲ ကိုင်လိုက်လို့ ရနိုင်နေတဲ့ အနေအထားပါ။ တရုပ်နဲ့ ရုရှားက အာကာသကို စိုးမိုးဖို့အတွက် လပေါ်မှာ နျူဓါတ်ပေါင်းဖိုတောင် ပူးပေါင်းပြီး ဆောက်နေပါပြီ။ ဒီမှာက ဆမူဆာကို အီကြာကွေ့၊ အီကြာကွေ့ကို ဆမူဆာပြောင်းဖို့ပဲ ဇောင်းပေးတွန်းနေတုန်း။ အမေရိကန်ရန်သူတွေ အာကာသကို စိုးမိုးနိုင်ရင် အဲဒီကနေ ကမ္ဘာပေါ်က ကြိုက်တဲ့နေရာကို လှမ်းဆော်လို့ မရဘူးပြောနိုင်မလား။
ထုံးစံအတိုင်း မသင်္ကာစရာတွေ ဖြစ်လာလို့ ဖြစ်နိုင်ခြေရှိတာတွေကို ချပြရင် အာဏာရှင် အလိုတော်ရိတွေက ကွန်စပီရေစီသီအိုရစ်လို့ စွပ်စွဲပြီး ဟားကြ၊ ရှုတ်ချကြဦးမှာပါ။ ဒါပေမယ့် ဘိုင်ဒန့်လက်ထက်မှာ ကွန်စပီရေစီသီအိုရီဆိုတာတွေက မှန်နေတာ အကြိမ်ကြိမ်ရှိနေပြီ ဖြစ်တဲ့အပြင် မသေချာပဲ ဟုတ်ပါတယ်လို့ တထစ်ချပြောတာမဟုတ်သ၍ ဖြစ်နိုင်ခြေတွေအားလုံးကို ထည့်သွင်းစဥ်းစားတာဟာ ကျန်းမာတဲ့ ဦးနှောက်အသုံးချပုံဖြစ်တယ်လို့ ယုံကြည်တဲ့အတွက် စာဖတ်သူများ ကိုယ်ပိုင်ဉာဏ်နဲ့ စဥ်းစားနိုင်အောင် ဖတ်ရှုထားသမျှ ပြန်မျှဝေတာပါ။