ဧပြီ ၃ ရက် ၂၀၂၄

ဒါလီသင်္ဘောက ဘာလ်တီမိုးမြို့အဝင် ကီးတံတားကို ဖြိုချခဲ့တဲ့ဖြစ်စဥ်မှာ တံတားပေါ်ရှိ အလုပ်သမား ၈ဦး ရေထဲပြုတ်ကျသွားခဲ့ရာ ၂ဦးကို ကယ်ဆယ်ရခဲ့ပြီး ကျန် ၆ဦးကတော့ သေဆုံးပြီလို့ ယူဆကြပါတယ်။ ထရပ်ကားတစီးလည်း ရေထဲကျသွားတယ်လို့ ပြောကြပြီး တံတားမပြိုကျခင် စက္ကန့်ပိုင်းအလိုအထိ တံတားပေါ်မှာ ကားအသွားအလာမပြတ်တဲ့အတွက် သင်္ဘောက ကမ်းပေါ်က တာဝန်ရှိသူတွေကို မေဒေး၊ ငါတို့ ထိန်းမရတော့ဘူးလို့ ဖုံးခေါ်တာနဲ့ တံတားပေါ်မှာ စက္ကန့်ပိုင်းအတွင်း ကားတွေကို တံတားပေါ်မတက်အောင် တားလိုက်နိုင်တယ်ဆိုတာ ယုတ္တိရှိတယ်လို့ ပြောဖို့ ခက်ပါတယ်။ UPS တပ်ထားလို့ မီးပျက်သည့်တိုင် သူ့ဖာသူဆက်အလုပ်လုပ်နိုင်တဲ့ ဘလက်ဘောက်စ်ကလည်း မီးစပျက်တာကနေ တံတားတိုက်မှုဖြစ်တဲ့ ၂မိနစ်လောက်အတွင်း record မလုပ်ပဲ ရပ်သွားပါတယ်တဲ့။ အက်ပ်စတိန်းအမှုလိုပဲ၊ အရေးကြီးတဲ့အချိန်မှာမှ စီစီတီဗီတွေ အလုပ်မလုပ်ဘူး။ ဒါလီမှာလည်း အလုပ်လုပ်တဲ့ စီစီတီဗီက တခုပဲရှိပြီး ရှုဒေါင့်တခုကိုပဲ ပြတယ်လို့ဆိုတယ်။ အဲဒီကနေ အရေးကြီးတဲ့ ဘာအင်ဖိုမှ မရဘူး။ အကွက်တွေက ရိုးလွန်းပေမယ့် လိမ်တာနဲ့ အလုပ်ဖြစ်ရင် ဆက်လိမ်ကြဦးမှာပေါ့။

ဒါလီသင်္ဘောရဲ့ ပိုင်ရှင်ဖြစ်တဲ့ စင်္ကာပူက Grace Ocean Pvt. Ltd. နဲ့ ဟောင်ကောင်က Synergy Marine Group တို့က သူတို့ပေးလျော်ရမယ့်ပမာဏကို ကန့်သတ်ဖို့အတွက် တိုက်တန်းနစ်သင်္ဘောတုန်းက ဥပဒေကို အသုံးပြုပြီး အသနားခံစာတင်ထားပါတယ်။ တိုက်တန်းနစ်တုန်းက ပျက်စီးမှုပေါင်း ၁၆သန်းဖိုး ပေးလျော်ဖို့ တရားစွဲခံထားရပေမယ့် သင်္ဘောရဲ့အပြစ်လည်း မဟုတ်တဲ့အတွက် တရားရုံးပြင်ပမှာဆွေးနွေးညှိနှိုင်းမှုတွေအရ $664,000 နဲ့ ကျေအေးမှု ရခဲ့ပါတယ်။ ဒါလီအမှုမှာတော့ ပိုင်ရှင်ရော၊ သင်္ဘောရော ကက်ပ္ပတိန်အမှူးရှိတဲ့ သင်္ဘောအဖွဲ့ရောမှာ အပြစ်မရှိဘူးလို့ ငြင်းနေပေမယ့် ဘလက်ဘောက်စ်က အရေးကြီးတဲ့အချိန်ကျမှ အချိန်ကိုက် record မလုပ်နေတာ၊ အရေးမပါတဲ့နေရာက စီစီတီဗီတလုံးပဲ အလုပ်လုပ်တာ၊ ၂မိနစ်လောက်အတွင်းမှာ ထိန်းမရဘူးဆိုပြီး တံတားအခြေကို ကာထားတဲ့ အကာအရံတွေနဲ့ လွတ်အောင် angle တော်တော်ကြီးစောင်းကွေ့ပြီးမှ ဝင်တိုက်တာ၊ အဲဒါတွေအတွက် ဘယ်သူ့မှာမှ အပြစ်မရှိဘူးဆိုရင် တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ကမ္ဘာမှာ ရှိဖို့ရော လိုပါဦးမလား။

ကီးတံတားပြိုပြီး ပင်လယ်အော်ကို ဝင်/ထွက်တဲ့ လမ်းကြောင်းပိတ်သွားတာကို အနည်းငယ် ရှင်းလင်းပြီးနောက်မှာ သင်္ဘောအသေးလေးတွေ ပြန်ဝင်နိုင်နေပေမယ့် ကွန်တိန်နာသင်္ဘောကြီး တွေကတော့ နယူးယောက်က ဆိပ်ကမ်းတွေမှာပဲ သွားချ/တင်ရဦးမှာပါ။ တံတားကလည်း အရေးပါတဲ့ ဟိုင်းဝေးလည်းဖြစ်၊ ဆိပ်ကမ်းကလည်း နိုင်ငံရဲ့ အကြီးဆုံးထဲက တခုဖြစ်တော့ အဲဒီဆိပ်ကမ်းကိုမှီပြီး အလုပ်လုပ်နေကြသူ အများအပြား အလုပ်လက်မဲ့ဖြစ်ကုန်မှာဆိုတော့ ထိခိုက်မှုက များလွန်းပါတယ်။ တံတားအသစ်ဆောက်ဖို့ နှစ်အတန်ငယ်ကြာဦးမှာဖြစ်ပြီး သန်း၄၀၀-၈၀၀ကြား ကုန်ဦးမှာပါ။ ခြမစားပဲ တကယ်တမ်း လွတ်လပ်တဲ့ စီးပွားရေးစနစ်မှာဆိုရင် အမေရိကန်က ဘယ်လိုအခက်အခဲနဲ့ပဲတွေ့တွေ့ ချက်ချင်းပြန်ထောင်တက်တဲ့ အစဥ်အလာရှိပါတယ်။ တလွဲတွေ၊ ပြည်ဖျက်လုပ်ငန်းတွေကိုပဲ ဦးစားပေးတဲ့ ခြဘိုင်ဒန်တို့လက်ထက်မှာတော့ သူတို့သူဌေးဖြစ်တာမြန်သလောက် တိုင်းပြည်တိုးတက်ဖို့ ခက်လွန်းနေတာပါ။

ပြည်သူတွေ ဘယ်လိုပဲ ဒုက္ခရောက်ရောက် လှည့်မကြည့် ထည့်မတွက်တဲ့ ဘိုင်ဒန်တို့ဟာ ဖလော်ရီဒါထဲက အမည်မဖော်ပြထားတဲ့ လေဆိပ်တွေကို လူ၃၂၆,၀၀၀ ကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာ-ဖေဖေါ်ဝါရီအတွင်း လေယာဥ်နဲ့ အကြိမ်ကြိမ် သွားခေါ်သွင်းလာခဲ့ပါပြီ။​ ဒါ့အပြင် ဟူစတန်ကို ၂၁,၉၆၄၊ လော့စ်အိန်ဂျလိစ်ကို ၈,၃၈၂၊ ဘော်စတွန်ကို ၄,၈၇၉၊ ဆန်ဖရန်ကို ၄,၅၇၈၊ အတ္တလန်တာကို ၄,၅၁၅၊ ဘာလ်တီမိုးကို ၃,၇၈၄၊ ရှီကာဂိုကို ၁,၅၅၆ လေယာဥ်နဲ့ သွင်းလာပါတယ်။  ဗင်နီဇွဲလား၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ် စတဲ့နိုင်ငံတွေကနေ လူဆိုးခိုးသွင်းဖို့ ဘိုင်ဒန်တို့ တမင် လုပ်ထားတဲ့ humanitarian parole program ကနေ လူဆိုး သူခိုး မုဒိမ်းကောင် လူသတ်ကောင်တွေကို လေယာဥ်နဲ့ စပယ်ရှယ်သွင်းလာတာတွေ မပါသေးပါဘူး။

နယ်စပ်ကသွင်းတာ နှေးလို့ လေယာဥ် စင်းလုံးငှားပြီး သွားပင့်၊ ဟော်တယ်တွေမှာထား၊ ဖုံးတွေ ခရက်ဒစ်ကဒ်တွေပေးနဲ့ ဖင်မနေကြတာပါ။ လေယာဥ်နဲ့ တရားမဝင်တွေ ခေါ်သွင်းတာမှာ ပြည်သူ့အခွန်ကို မသုံးဖို့ ရီပါဘလစ်ကန်တွေက အဆိုတင်ခဲ့ပေမယ့် ဆီးနိတ်ဒီမိုကရက်အားလုံးက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပါတယ်။ နယ်စပ်က ဝင်တဲ့ထဲမှာလည်း မက္ကဆီကိုထဲမှာ တရုပ်က ဈေးပေါတဲ့ ဖန်တနိုင်းတွေကို ဆေးအတုတွေပုံစံ၊ သကြားလုံးအတုပုံစံနဲ့ သွင်းနေကြတာတွေ၊ ပြန်ဖြန့်မယ့်သူတွေ အများအပြား ပါနေနိုင်ပါတယ်လို့ အိုက်စ်အေးဂျင့်ဟောင်း ဗစ်တာ အဗေးလာက ဆိုပါတယ်။ ထရမ့်တက်လာရင် မက္ကဆီကိုကိုရော တရုပ်ကိုရော နိုင်အောင်ကိုင်မှာဖြစ်လို့ ဒီလို မူးယစ်ဆေးထည့်ထားတဲ့ ဆေးအတု၊ သကြားလုံးအတုစက်ရုံတွေ ဖျက်ဆီးနိုင်ဖို့ မျှော်လင့်ပါတယ်။

တရားမဝင်တွေ အဲဒီလောက်များများ ပေးဝင်/ ခေါ်သွင်းလာတာ အားလုံး လူကောင်းတွေပဲထားဦး၊  တိုင်းပြည်ပေါ်မှာ ဘယ်လောက်တောင် ဝန်ပိစေမလဲဆိုတာ တော်ရုံစဥ်းစားတတ်သူ သိနိုင်ပါတယ်။ လူဦးရေ ၃သန်းနီးပါးရှိတဲ့ ဒန်ဗာမက်ထရိုမှာ တရားမဝင် ၃၈,၀၀၀ လောက်ရောက်လာတာနဲ့တင် ကျန်းမာရေးစနစ်ကြီး လုံးဝ ဖြူခါပြာခါကျသွားပါပြီ။ တာဝန်ရှိသူတွေက ဒီမှာက မင်းတို့ရဲ့ နောက်ဆုံးမှတ်တိုင်မဟုတ်သေးပါဘူး၊ ဆက်လက်ပြီး ပိုကောင်းတဲ့နေရာတွေ သွားကြပါ၊ လက်မှတ်ငါတို့ပေးပါမယ်၊ ငါတို့ လုံးဝ မတတ်နိုင်တော့လို့ပါလို့ ပြောနေရပါပြီ။ လူဦးရေ ၁၀သန်းရှိတဲ့ နယူးယောက်မှာလည်း ခိုးဝင်လေး သောင်းဂဏန်းလောက်ကို မတတ်နိုင်တော့ပါဘူးလို့ အော်ကုန်ပြီ။ ပြည်သူအတွက် ကျန်းမာရေးစတဲ့ ဝန်ဆောင်မှုတွေ မပေးနိုင်တော့ရင် အခွန်တိုးကောက်ဦးမှာပါ။ ရီပါဘလစ်ကန်မဲဆန္ဒနယ်တွေက မြို့လေးတွေ ကောင်တီလေးတွေများတော့ တနေရာ လူတထောင် နှစ်ထောင်စီလောက်ပို့လိုက်ရင်တောင် မဲက ချိန်ခွင်လျာ လုံးဝပြောင်းသွားနိုင်ပါတယ်။

မိုးခဲပြီး တရားသဖြင့်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ အာဏာသိမ်းချင်တဲ့ ဒီမိုကရက်တွေဟာ ဆွင်းစတိတ် အကြီးစားကြီးဖြစ်တဲ့ ပင်ဆယ်လ်ဗေးနီးယားမှာ မဲတွေကို ဘယ်လိုပဲဖြစ်ဖြစ် ရက်စွဲမပါရင်တောင် ထည့်ရေဖို့ မတရားဥပဒေ လုပ်ထားပါတယ်။ အခုတော့ ရက်စွဲမပါရင်/ မမှန်ရင် အဲဒီမဲကို ထည့်မတွက်ဖို့ အယူခံရုံးက ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ မတရားနည်းနဲ့ မဲရဖို့ပဲ အစဥ်ကြိုးစားနေတဲ့ ဒီမိုကရက်တွေဟာ ကောလိပ်ကျောင်းသားတွေကို ပိုက်ဆံပေးပြီး မဲမှတ်ပုံတင်ဖို့ လုပ်နေကြောင်း ကမလာက ပြောထားခဲ့ပါတယ်။ ၂၀၂၀တုန်းကတဲက အိုဘမတို့ ဖွဲ့စည်းထားတဲ့ civic nation အဖွဲ့က ကောလိပ်ပေါင်း ၁၇၀၀ကျော်နဲ့ ပါတနာလုပ်ပြီး ဘတ်ဂျက် ၁၆သန်းကျော် သုံးထားခဲ့ပါတယ်။ ဒီနှစ်မှာ ပိုကြမ်းမယ့်သဘောရှိပါတယ်။

US Government Accountability Office (GAO) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မနှစ်က ဘိုင်ဒန်အစိုးရက ၂၃၆ဘီလီယံကို မသင့်လျော်/မမှန်ကန်သုံးထားပြီး အဲဒီထဲက ဘီလီယံ ၁၀၀က မက်ဒီကဲ မက်ဒီကိတ်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ ၂၃၆ဘီလီယံကို အေဂျင်စီပေါင်း ၁၄ခုကနေ ပရိုဂရမ် ၇၁ခုမှာ သုံးထားတာဖြစ်ပါတယ်။ အဲဒီပမာဏဟာ နာဆာ၊ ပညာရေးနဲ့ ပြည်တွင်းလုံခြုံရေးအသုံးစာရိတ်အားလုံးပေါင်းထက် ပိုများနေတာ ဖြစ်ပါတယ်။ ၂၃၆ဘီလီယံရဲ့ ၇၄% က overpayment တွေပါ။ ဒါတောင် ၂၀၂၃ရဲ့ မလျော်အသုံးစားရိတ်က ၂၀၂၂ကနဲ့စာရင် ၁၁ဘီလီယံ လျော့သွားတာပါ။ ကိုဗစ်နဲ့ပတ်သက်တဲ့ မက်ဒီကိတ်တချို့ ဖျက်သိမ်းလိုက်တာမျိုးတွေကြောင့် လျော့သွားတာ ဖြစ်နိုင်ပါတယ်။ ဘိုင်ဒန်စတက်ကတဲကဆိုရင် မလျော်အသုံးစာရိတ်က ၇၆၄ ဘီလီယံ ရှိသွားပါပြီ။ အဲဒီစားရိတ်နဲ့ ဒီမိုကရက်နိုင်ငံရေးသမားတွေ သူတို့အမျိုး/ အဆက်အသွယ် ကန်ထရိုက်တာတွဗ အဆင့်ဆင့် ချမ်းသာသွားကြပြီး ပြည်သူတွေမှာ ကောင်းကျိုးမရတဲ့အပြင် အခွန်ပိုထမ်းရတာ မအလခေတ်လို ဖြစ်နေတာပါ။

ဒီလ ၁ရက်နေ့ကစပြီး ကယ်လီဖိုးနီးယားမှာ အသင့်စားဆိုင်တွေမှာ အလုပ်လုပ်သူတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တနာရီ လက်ရှိ $16 ကနေ $20 လို့ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ ၂ရက်အကြာမှာပဲ Burger King, In-N-Out နဲ့ အခြားဆိုင်တွေက စားသောက်ကုန်ဈေးတွေကို သိသိသာသာ တိုးမြှင့်လိုက်ပါတယ်။ တချို့အသင့်စား စားသောက်ဆိုင်ချိန်းတွေကတော့ ဒီဥပဒေအတွက် ဈေးကြိုတက်ထားနှင့်ပါပြီ။ မသိ နားမလည်သူတွေကို လှိမ့်ထားတာက အရင်းရှင်ကြီးတွေ အမြတ်ကြီးစားလို့ အလုပ်သမားတွေကို လုပ်ခ ပိုပေးသင့်တယ်ဆိုတာရယ်၊ ကုန်ဈေးနှုန်းတွေတက်တာကို ကာမိအောင် လုံလောက်တဲ့ လုပ်ခ ရဖို့တို့ပါ။

တကယ့်လက်တွေ့မှာ လုပ်ခတက်တော့ အလုပ်တွေ အဖြုတ်ခံရမယ်၊ အလုပ်အကိုင် ပိုနည်းသွားမယ်၊ ပြည်သူတွေ စားစရိတ် တက်လာမယ်၊ စားစရိတ်တက်လာရင် သူတို့ရဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှု စတာတွေကိုလည်း ဈေးလိုက်တက်ရတော့မှာဖြစ်လို့ ကြပ်တည်းမှုသံသရာထဲ လည်ကြပါဦးမယ်။ ကုန်ဈေးနှုန်းတက်တာကလည်း ဘိုင်ဒန့်စနက်တွေဖြစ်တဲ့ ပြည်တွင်းရေနံပိတ်တာ၊ စစ်ထဲတွေဝင်ပါတာ၊ ပြည်သူအများစုအကျိုးမရှိတဲ့ သူတို့အာဂျင်ဒါတွေအတွက် မတရားသုံးတာ ဆိုတော့ ပြဿနာရဲ့ ရင်းမြစ်ဖြစ်တဲ့ ပြည်သူကြပ်တည်းဖို့ပဲ တစိုက်မတ်မတ်လုပ်နေတဲ့ အစိုးရကို ဖြုတ်မချပဲ အလုပ်ရှင်နဲ့ လှည့်ရန်တိုက်လိုက်၊ လုပ်ခတိုးလိုက်ပဲ လုပ်နေရင် ကြပ်တည်းမှုသံသရာက ထွက်ရဖို့ လမ်းမမြင်ပါဘူး။

Leave a comment