ဒီနေ့ ဖလော်ရီဒါက မာရာလေဂိုစံအိမ်မှာ ထရမ့်နဲ့ စပီကာဂျွန်ဆင်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြပါတယ်။ နယ်စပ်ကိစ္စ အရေးကြီးနေတာကို အရင်မကိုင်ပဲ ဘတ်ဂျက်ဘေလ်ကို အရင်လွှတ်ပေးလိုက်လို့ ရီပါဘလစ်ကန်အမတ်တချို့ရဲ့ ဝေဖန်တာကို ခံနေရတဲ့ မိုက်ခ်ဂျွန်ဆင်က ထရမ့်ဆီသွားရောက်တွေ့ဆုံပြီးနောက် နယ်စပ်ပြဿနာ အရေးကြီးတာမှန်ကြောင်း၊ စာရင်းဇယားထဲ မဝင်တာတွေပါပေါင်းရင် ဘိုင်ဒန့်လက်ထက်မှာ တိုင်းပြည်ထဲကို တရားမဝင် ၁၆သန်းလောက်အထိ ရောက်နေနိုင်ကြောင်း၊ အဲဒီလောက်များတဲ့သူတွေကို နေဖို့ စားဖို့ ကျန်းမာရေးစတဲ့ welfare ပေးတဲ့အခါ မဲပေးဖို့ မှတ်ပုံတင်ဖို့ပါ တွဲလုပ်ဖို့ ဒီမိုကရက်တွေ လုပ်နေကြကြောင်း၊ ဝင်လာတဲ့လူရဲ့ % အနည်းငယ်ကပဲ ဝင်မဲပေးရင်တောင် မဲရလာဒ်က ဇောက်ထိုးဖြစ်သွားနိုင်ကြောင်း၊ အပြာပြည်နယ် တွေမှာ မဲပေးသူကို ID မစစ်ရဘူးလို့ကို ဥပဒေတွေ ပြဌာန်းထားကြောင်း၊ အဲဒီလို အခြေခံဥပဒေနဲ့ မညီတဲ့ ကိစ္စတွေကို တိုက်ဖျက်ဖို့ ကွန်ဂရက်စ်က မဲပေးမယ့်သူတွေဟာ နိုင်ငံသားဖြစ်ကြောင်း သက်သေပြရမယ်လို့ ဥပဒေ ပြဌာန်းဖို့ လုပ်နေကြောင်း၊ အဲဒီဘေလ် ကွန်ဂရက်စ်မှာ တင်လိုက်ရင် ဘယ်သူဟာ အမေရိကန်အကျိုး လိုလားပြီး နိုင်ငံသားအရေး ဦးစားပေးတဲ့သူ၊ ဘယ်သူဟာ သူတို့အာဏာရဖို့ ပြည်သူကို အန္တရာယ်တွင်း၊ ကြွေးမြီနွံတွင်း ဆွဲချမယ့်သူလည်းဆိုတာ အရှင်းသား ပေါ်လွင်သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ သူခိုးအားပေးတွေကို လာမယ့်ရကပွဲတွေမှာ မဲမပေးခြင်းဖြင့် ပြည်သူ့အာဏာသာ အရေးအကြီးဆုံးဖြစ်ကြောင်း ပြကြဖို့ တိုက်တွန်းလိုက်ပါတယ်။
မနေ့က ဘိုင်ဒန်က အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဖိလစ်ပိုင်ကသမ္မတ၊ ဂျပန်ကဝန်ကြီးချုပ်တို့နဲ့ အိမ်ဖြူမှာ ၃ပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့တာမှာ သူ့ကိုထိန်းကျောင်းတဲ့သူတွေက ခါတိုင်းလိုမဟုတ်ပဲ သတင်းထောက်တွေကို ပေးမဝင်တဲ့အတွက် တွေ့ဆုံပွဲမှာ အဖွင့်အမှာစကားအဖြစ် ဘာတွေပြောသွား (ဖတ်ပြသွား)တယ်ဆိုတာ မသိခဲ့ရပဲ ဖြစ်နေပါတယ်။ သူတို့ကို ပေးဝင်တဲ့အချိန်မှာ ဘိုင်ဒန်ပြောပြီးလို့ မားကို့စ်တောင် နိဂုံးချုပ်စကား ဆိုနေပါပြီ။ ကီရှီဒါက ဒီနေ့ဆွေးနွေးပွဲက သမိုင်းဝင် ဖြစ်လိမ့်မယ်၊ ငါတို့အတူရပ်တည်ခြင်းဖြင့် အားလုံးအတွက် ပိုကောင်းတဲ့ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ပြောသွားတာကိုပဲ ကြားလိုက်ရပါတယ်။ အဆိုပါ ၂နိုင်ငံဟာ တောင်တရုပ် ပင်လယ်မှာ တရုပ်ရဲ့ ရန်လိုဗိုလ်ကျမှုနဲ့ အနီးကပ်ရင်ဆိုင်နေရတာဖြစ်လို့ သတင်းထောက် တဦးက တရုပ်အတွက် ဘယ်လို message ပေးချင်လဲလို့ မေးတာကိုတော့ ဘိုင်ဒန်က လစ်လျူရှုထားတယ်လို့ ဆိုပါတယ်။ တရုပ်ကြီးဗိုလ်ကျလာတာလည်း အိုဘမတို့ ဘိုင်ဒန်တို့ ဒီမိုကရက်တွေလက်ထက်မှာပါပဲ၊ ထရမ့်လိုလူမျိုး အိမ်ဖြူမှာ ရှိနေရင် မဟာမိတ်တွေလည်းအေးချမ်း၊ ကမ္ဘာကြီးလည်း အေးချမ်းတာပေါ့။
အာဏာဆက်ရဖို့အတွက် ပြိုင်ဖက်အပေါ် ညစ်တာနဲ့ မဲပေးသူကို လာဘ်ထိုးတာ၊ မိုးခဲတာ၊ လိမ်တာ တွေပဲ လုပ်တတ်တဲ့ ဘိုင်ဒန်ဟာ စတူးဒန့်လုံးတွေကို လျော်ပေးမယ်လို့ ထပ်ဆွယ်ပြန်ပါပြီ။ ချေးယူ ထားသူ ၂၇၇,၀၀၀ဆီက ချေးငွေနဲ့ အတိုးစုစုပေါင်း ၁၅၃ဘီလီယံဖြစ်ပါတယ်။ အရင်တခါက အမိန့်ကို ဆူပရင်းကုတ်က ဘိုင်ဒန်မှာ အဲဒီလို လျော်ပေးနိုင်တဲ့ အာဏာမရှိဘူးလို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဘိုင်ဒန်က စက်တင်ဘာ ၁၁ ၂၀၀၁မှာ ထိခိုက်ခဲ့တဲ့သူတွေအတွက် ပြဌာန်းထားတဲ့ Hero’s Act ဥပဒေကို မဆီမဆိုင် အသုံးချသွားတာပါ၊ အဲဒါက တိုင်းပြည်ရဲ့ အရေးပေါ်အခြေအနေမှာပဲ အသုံးပြုနိုင်တာပါ။
ပညာရေးဝန်ကြီးဌာနက စတူးဒန့်လုန်းပေါင်း ၁.၇ ထရီလီယံရှိနေတဲ့အတွက် ဘိုင်ဒန်ပယ်ဖျက်ဖို့ အဆိုပြုတာက လုန်းအားလုံးရဲ့ ၉% ဖြစ်ပါတယ်။ ပြဿနာတွေရဲ့ အစကတော့ ဟူစိန်အိုပဲ ဖြစ်ပါတယ်။ သူ့လက်ထက်မှာ လူပိန်းကြိုက်ဆိုရှယ်လစ်အလုံးတွေ တွင်တွင်သုံးကာ အရင်းရှင်ဘဏ်တွေက အမြတ်ကြီးစားတယ်ဆိုပြီး စတူးဒန့်လုန်းတွေကို ပညာရေးဝကဌာနအောက်ကို ဆွဲထဲ့လိုက်တဲ့အတွက် ဘဏ်တွေလို ငွေချေးတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အကျွမ်းတဝင်မရှိတဲ့ ပညာရေးဌာနဝန်ထမ်းတွေဟာ အမှားအယွင်း၊ အဆုံးအရှုံးများစွာနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။ အဲဒါတွေရဲ့ ဆိုးကျိုးက နောက်တက်တဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ မိဘတွေအပေါ် မှာ ကြီးစွာသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ပါတယ်။ အိုဘမလက်ထက်ကနဲ့စာရင် အခုခေတ်တက္ကသိုလ်တွေက ၄ဆလောက် ဈေးပိုများနေတာ အိုဘမ ရွှေ့ခဲ့တဲ့ အကွက်တွေကြောင့်ပါ။ အိုဘမက အဲဒီလို စတူးဒန့်လုန်းကို ပညာရေးအောက် ထည့်လိုက်တဲ့ နောက်ရည်ရွယ်ချက်က အဲဒီကရတဲ့အတိုးနဲ့ သူ့အိုဘားမားကဲအစီအစဥ်ကို အားဖြည့်ပေးဖို့ဖြစ်တယ်လို့ ဖောစ်စ်ဘဇ္ဇနက်စ်က လယ်ရီကဒ်လိုက ဆိုပါတယ်။ ကောလိပ်ကျောင်းသားတွေမှာလည်း ၆၀%က အကြွေးမရှိကြပဲ ၄၀%ကပဲ ကြွေးရှိတဲ့အတွက် ကြွေးမရှိ(တော့)သူတွေ၊ ဘဒကောက်သင်းကောက် ထားတဲ့ ၉% ထဲမပါတဲ့သူတွေက ကျန်တဲ့လူတွေအတွက်ပါ ပိုဆပ်ပေးရမလိုဖြစ်နေတာပါ။
ကယ်လီဖိုးနီးယားပြည်နယ်ဟာ ဇန်နဝါရီ ၂၀၂၃ကစာရင်းအရ အိမ်ယာမဲ့ ၂သိန်းနီးပါးနဲ့ တနိုင်ငံလုံးမှာ နံပါတ် ၁ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅နှစ်မှာ အိမ်ယာမဲ့တွေအတွက် ၂၄ဘီလီယံကျော် သုံးထားခဲ့ပေမယ့် အဲဒီအတောအတွင်းမှာပဲ အိမ်ယာမဲ့ဦးရေက လျော့မသွားတဲ့အပြင် တိုးလာခဲ့ပါတယ်။ တနိုင်ငံလုံးက အိမ်ယာမဲ့တွေရဲ့ တဝက်လောက်က ကယ်လီဖိုးနီးယားမှာပါ။ ဘိုင်ဒန့်ကျေးဇူးနဲ့ ခိုးဝင်လာတဲ့ ၁၀သန်းကျော်ထဲမှာလည်း ကယ်လီဖိုးနီးယားမှာ ဘယ်လောက်ရောက်လို့ ဘယ်မှာ နေကြမှာတဲ့လဲ။ အိမ်ယာမဲ့ဦးရေတင် တိုးလာတာမဟုတ်ပဲ ဆေးလွန် သေတာကလည်း ကပ်ရောဂါကြီးတခုလောက်ကို ဖြစ်လာနေပြီး အများပြည်သူလုံခြုံရေးကိုပါ ခြိမ်းခြောက်လာပါတယ်။ အဖိုးနည်းအိမ်ယာဆောက်ပေးဖို့ ဒီဗလုပ်ပါတွေကို အခွန်သက်သာခွင့် ပေးထားတာက ၂ဘီလီယံရှိပြီးနောက်ထပ် ၂ဘီလီယံက အဖိုးနည်းအိမ်ယာတွေ ထပ်ဆောက်ဖို့ ပရောဂျက်တွေမှာ သုံးထားပါတယ်။ ခုထိ ဆောက်ပြီးတာက ၄၈၁ အိမ်ခန်းပဲ ရှိပါသေးတယ်။
ပိုက်ဆံတွေကုန်ပြီး ကုန်ရကျိုးမနပ်တာမှာ အကြောင်းတွေက အများကြီးပါပဲ။ အကျဥ်းပြောရရင် အိမ်ယာမဲ့ဖြစ်ရတာအများစုက ဆေးစွဲတာနဲ့ စိတ်ကျန်းမာရေးမကောင်းတာကြောင့်ပါ၊ အဲဒီလိုလူတွေကို အိမ်ဆောက်ပေးလို့ ပြဿနာ ပြေလည်မသွားပါဘူး။ အိမ်ဈေးတွေကြီးလို့ဆိုရင် ကယ်လီဖိုးနီးယားမှာ မတရားတင်းကြပ်ထားတဲ့ ဥပဒေတွေ ဖယ်ပြစ်လိုက်ရုံနဲ့တင် အိမ်တွေ ပိုဆောက်လာနိုင်ပြီး အိမ်ဈေးတွေ ကျဆင်းလာမှာပါ။ ဘာကန်ထရိုက်ကိုမှ ပြည်သူ့အခွန်ထဲက ပိုက်ဆံပေးစရာမလိုတဲ့အပြင် မြို့တွေ ပြည်နယ်တွေတောင် အခွန်ပိုရပါဦးမယ်။ မြို့ကြီးတွေမှာ အိမ်ဈေးကြီးရင် အိမ်ဈေးချိုတဲ့ မြို့နယ်တွေမှာ အလုပ်ပေါလာအောင် ဆွဲဆောင်ကြပေါ့။ အဲဒါဆို မြို့ကြီးတွေမှာ ကြပ်ပိတ်နေတာတွေ လျော့သွားဦးမှာပါ။ အဲလိုမှမဟုတ်ပဲ တိုးလာတဲ့ အိမ်ယာမဲ့တွေကို အကြောင်းပြုပြီး တိုးလာတဲ့ ဘတ်ဂျက်နဲ့ စီးပွားဖြစ်နေကြရင်တော့လည်း ပြဿနာရဲ့ အရင်းအမြစ်ကို ပျောက်အောင် ကုစားကြမှာ မဟုတ်ပါဘူး။
အခုပြည်နယ် audit က စာရင်းစစ်တဲ့အခါမှာ ပြည်နယ်အတွင်း အိမ်ယာမဲ့ပပျောက်ရေးအတွက် တာဝန်ရှိတဲ့ အေဂျင်စီ ၉ခုနဲ့ ပရိုဂရမ် ၃၀ကို ကြီးကြပ်စောင့်ကြည့်ရတဲ့ California Interagency Council on Homelessness (ICH) က အိမ်ယာမဲ့တွေအတွက် သုံးစွဲနေတဲ့ ကိစ္စတွေအပေါ် ဒေတာ ကောက်ယူတာတွေ အစီရင်ခံတာတွေကို ၂၀၂၁ကတည်းက မပြုလုပ်တော့ပဲ ရပ်တံ့ပစ်ခဲ့ကြောင်း တွေ့ရှိလာရပါတယ်။ ရတဲ့ဒေတာကလည်း အမှားအယွင်းတွေ၊ ကောက်ယူပုံနည်းမတူတာတွေ၊ မပြည့်စုံတာတွေနဲ့ ပြည့်နေတာကြောင့် သုံးလို့ မဖြစ်ပါဘူးတဲ့။ ပြီးခဲ့တဲ့ ၂နှစ်ကဆိုရင် ပြည်နယ်က အိမ်ယာမဲ့တွေအတွက် အရင်နှစ်တွေထက် အများကြီးဘတ်ဂျက်ပိုရခဲ့တာပါ။ ခိုးကြပြီဟေ့ဆိုရင် စာရင်းကိုက်အောင်လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် မြန်မာပြည်မှာ သ/မဆိုင်တွေ ခိုးပြီး စာရင်းမပြနိုင်ရင် မီးလောင်ပစ်လိုက်ကြတာပေါ့။ ခုဒီမှာတော့ ထောက်ခံတဲ့သူကလည်း မျက်စိပိတ် နားပိတ် နှာခေါင်းပိတ်ကို ထောက်ခံနေကြတော့ ဘာမီးမှရှို့စရာမလိုဘူး၊ ဒါမျိုးသတင်းလည်း အတင်းအဖျင်းလောက်မှ စိတ်မဝင်စားကြတော့ မသိလိုက်တဲ့သူက များနေဦးမှာ။