မေလ ၂ ရက် ၂၀၂၄

အမေရိကန်က ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ အမေရိကန်ကို အသေမုန်းတဲ့ ဟာမာ့ဇ်ကို ထောက်ခံ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျောင်းတွင်းမှာ အဆောင်တွေကိုစီး၊ tent တဲတွေ ထိုးပြီးတော့ကို အကြီးအကျယ် လုပ်နေကြလို့ ရဲတွေက ဖြိုခွင်းကြရပါတယ်။ ဘိုင်ဒန်တို့ စစ်ကြိုက်ပုံနဲ့ စစ်ကတော်တော်နဲ့ ပြီးဦးမယ့်ပုံ မရှိတာကြောင့် ဆန္ဒပြပွဲတွေဟာ ပိုကျယ်ပြန့်လာနိုင်သလို ရကပွဲတွေပြီးတဲ့အထိ ဆက်ပြီး မီးမွှေးထားမယ်ဆိုလည်း ဖြစ်နိုင်နေတာပါပဲ။ ၂၀၂၀တုန်းကလည်း ကဗနဲ့ မလောက်မှာစိုးလို့ ဘာမှ ဥပဒေနဲ့မငြိတဲ့ ဂျော့ဖလွိုက်သေတာကို အကြောင်းပြုပြီး တနှစ်လုံး တနိုင်ငံလုံး ပတ်ဆူအောင် လုပ်သွားသေးတာပဲလေ။​

အခုလဲ ဘလင်ကန်က ပါလက်စ်တိုင်း ဒုက္ခသည်တွေကို အမေရိကန်ကို ခေါ်သွင်းလာဖို့ လုပ်နေပြီ။ လာဖို့ လေယာဥ်ဖရီး၊ ရောက်လာရင် နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ အကုန်စီစဥ်ပေးမှာ၊ နိုင်ငံသားဖြစ်ဖို့ အထိရောပေါ့။ နိုင်ငံသား အိမ်ယာမဲ့တွေ၊ ဒုက္ခရောက်နေတဲ့ စစ်ပြန်တွေက အပယ်ခံတွေဖြစ်နေတာ ဖြစ်သင့်ရဲ့လား။ ဟာမာ့စ်တွေ ခေါ်သွင်းဖို့ဆိုတာလည်း ခုမှ နံကြားထောက်ပြီး ရလာတဲ့ အကြံလို့များ ထင်နေကြလား။ ဂါဇာနဲ့ ကပ်နေတဲ့ ဘာသာတူ အီဂျစ်ကတောင် နယ်စပ်ကို တံတိုင်းအထပ်ထပ် လက်နက်ကိုင်အင်အားအပြည့်နဲ့ ဝင်လာရင် ပြစ်ပြီလို့ ပြောထားတာလေ။​ ဒါတောင် ပါလက်စ်တိုင်း/ ဟာမာ့စ်တွေက အီဂျစ်ကို မုန်းနေတာ မဟုတ်သေးဘူး။ ဥရောပက ကွန်ဆာဗေးတစ် နိုင်ငံတွေမှာလဲ အတင်းကြီး နယ်စပ်ဖွင့်ခိုင်းတဲ့အပြင် ကိုယ့်ပြဿနာနဲ့ကိုယ် တိုင်ပတ်နေတဲ့ ဂျပန်နဲ့ ကမ္ဘာ့လူဦးရေ အများဆုံး အိန္ဒိယတို့ကိုပါ နိုင်ငံခြားသား ကြောက်သူတွေလို့ ဘိုင်ဒန်က စွပ်စွဲလိုက်ပါသေးတယ်။

သူတို့ အကြောင်းပြချက်က အမေရိကန်ဟာ အင်မီဂရန့်တွေ အဆိုင်လမ်လျောက်သူတွေရဲ့ တိုင်းပြည် ပါတဲ့။ မှန်ပါတယ်။ ကိုယ့်ရဲ့ မွေးစားတိုင်းပြည်ကို ကိုယ့်တိုင်းပြည်လို သဘောထားပြီး တိုးတက်အောင် ဝိုင်းလုပ်ကြမယ့် အင်မီဂရန့်တွေ၊ တကယ်ဘေးအန္တရာယ်ကြုံနေရတဲ့ (သို့) လွတ်လပ်မှု မြတ်နိုးလွန်းလို့ ခိုလှုံရာရှာသူတွေဆိုရင် သတ်မှတ် အရည်အချင်းနဲ့ညီတယ်ဆိုရင် လာစမ်းပါလေ့။ ကိုယ့်တိုင်းပြည်ကို လောင်တိုက်သွင်းချင်သူတွေ၊ အမေရိကန်တွေကို မုန်းနေသူတွေ၊ လွတ်လပ်မှုကို တကယ်မြတ်နိုးသူ မဟုတ်ပဲ ကိုယ့်ကို လက်ခံထားတဲ့ နိုင်ငံသားတွေကို စော်ကား၊ လုယက်၊ သတ်ဖြတ်မယ့်သူတွေ၊ နေရာဟောင်းက ပြဿနာတွေကို နေရာသစ်ကို သယ်လာမယ့် သူတွေဆိုရင်တော့ လက်ခံလို့ ဖြစ်ပါ့မလား။

အမေရိကန်မှာ တရုပ်က မြေအများကြီး လိုက်ဝယ်နေတာမှာ စစ်ရေးအချက်အချာနေရာတွေပါသလို စိုက်ပျိုးမွေးမြူရေးမြေတွေပါ အကြီးအကျယ် ဝယ်ယူနေတဲ့အတွက် အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံသားတွေရဲ့ အစားအစာ ဖူလုံရေးကိုပါ ထိခိုက်လာနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ တရုပ်က မြေတွေလိုက်မဝယ်ခင်က စိုက်ပျိုးမွေးမြူဖို့ မြေတဧကကို ၂,၅၀၀-၃,၀၀၀ လောက်နဲ့ ရနိုင်ပေမယ့် အခုအခါမှာတော့ ၁၅,၀၀၀-၂၀,၀၀၀ အထိ ဖြစ်နေပါပြီ။ စိုက်/မွေးမြေ လေလံပွဲတွေမှာ ဘယ်အမေရိကန် လယ်သမားမှ အဲဒီလောက်ဈေးပေးပြီး ယှဥ်ပြိုင်ဝယ်ယူနိုင်တာာ မဟုတ်တဲ့အတွက် စိုက်/မွေးမြေ အများစုဟာ တရုပ် ကိုယ်စားလှယ်တွေ၊ ဂိတ်စ်တို့လို ဘီလျံနာတွေလက်ထဲကို ကျရောက်ကုန်ကြတာ ဖြစ်ပါတယ်။

မြေထပ်မဝယ်နိုင်တာအပြင် မြေဈေးတွေတက်တဲ့ အကျိုးဆက်ကြောင့် မြေခွန်တွေပါ တက်လာတဲ့ အခါ အမေရိကန်လယ်သမားတွေအဖို့ စီးပွားရေးအရ တွက်ခြေကိုက်မှု နည်းပါးလာတဲ့အတွက် ရှေ့ဆက် လုပ်ကိုင်ဖို့ရာ အခက်အခဲ ဖြစ်လာကြပါတယ်။ ဒါ့အပြင် အနီးအနားမှာ လယ်ယာထွက်ကုန် လာဝယ်တဲ့ အမေရိကန်ကုန်သည်တွေ မရှိတော့ပဲ စမစ်ဖီးလ်ဆိုတဲ့ တရုပ်ပိုင်ကုမ္ပဏီကပဲ အထိုင်ချ လက်ဝါးကြီးအုပ်ပြီး ဝယ်ယူနေကြောင်း၊ တရုပ်ကုမ္ပဏီက ခုဝယ်ပေမယ့် နောက်မဝယ်ဘူးလို့လုပ်ရင် လယ်သမားတွေ ဒုက္ခရောက်မှာ သေချာကြောင်း၊

လယ်သမားတွေဆိုတာက ကိုယ့်ထွက်ကုန်တွေကို ရိပ်သိမ်းလိုက် သွားရောင်းလိုက်၊ ပြန်လာထပ်ရိပ်၊  ပြန်သွားရောင်းလိုက်နဲ့ လုပ်ရတာဖြစ်လို့ ဝေးတဲ့နေရာကို အလုပ်ပျက်ခံပြီး တကူးတက သွားရောင်းဖို့ အဆင်မပြေဖြစ်လာကြောင်း၊ လယ်သမားတွေက မြို့ကလူတွေ အလုပ်လုပ်သလို လုပ်သက်ရလာလို့ ရာထူးတိုး၊ လခတိုး၊ ပင်စင်ရတာတွေမရှိပဲ ငွေပိုဝင်ချင်တယ်ဆိုရင် အနီးအနားက မြေယာတွေ တိုးဝယ်ပြီး လုပ်ငန်းချဲ့ထွင်နိုင်မှသာ ဖြစ်နိုင်ကြောင်း၊ အခုလိုအနေအထားနဲ့ တိုးချဲ့ဖို့ဝေးလို့ တရုပ်ပညာပြလို့ ဘဝပျက်မှာကို ပူနေရကြောင်း၊ လယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အထက်အဆင့်ဆင့်သိအောင် ကြိုးစားနေပေမယ့် ဝါရှင်တန်က ဘာမှ မလုပ်ပေးနေကြောင်း ကျွန်စနစ်က လွတ်ကတဲက မျိုးရိုးစဥ်ဆက် လယ်သမား လုပ်လာခဲ့သူတဦးက Dr. Phil မှာ ပြောသွားပါတယ်။

စိုက်/မွေးထွက်ကုန်တွေ တရုပ်ကို ရောင်းကြရတဲ့အခါ တကွေ့မဟုတ်တကွေ့မှာ ဒေသခံတွေ စီးပွားပျက် ဘဝပျက် ဒုက္ခရောက်အောင် လုပ်တတ်တယ်ဆိုတာ  မြန်မာအပါအဝင် တရုပ်ဩဇာမကင်းတဲ့ နိုင်ငံတွေမှာ ကြုံနေရတဲ့ ပြဿနာတခုပါ။ ဘိုင်ဒန်လက်ထက် တရုပ်က ရွှေ့သမျှအကွက်ဟာ မအလတို့လိုပဲ တရုပ်အသာ ကိုယ်အနာဖြစ်နေရတာ ခြစားမှုနဲ့ တိုက်ရိုက် ပတ်သက်နေလို့ဆိုတာ ရှင်းနေတာပါပဲ။

ဘလင်ကန်လို မျိုးနဲ့ရိုးနဲ့ ဝါရှင်တန်မှာ နိုင်ငံရေးလုပ်စားပြီး ချမ်းသာလာတဲ့သူက ရှီရှေ့မှာပြောသမျှကို မင်းစေတယောက်လို နုတ်ဘုတ်လေး ထုတ်ပြီး ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ လိုက်ရေးမှတ်နေရတဲ့ဟာကို ဘလင်ကန်က ရှီကို သွားဖြဲလိုက်တယ်လို့ မြင်ကြတဲ့သူတွေလည်း မနည်းဘူး။ နိုင်ငံရေးနားလည်ချင်ရင် စိတ်တွေကို နားလည်ရတယ်၊ အမူအရာတွေ အသေးစိတ်တွေကို သတိထားရတယ်။ သမိုင်းသိရတယ်၊ အလားတူ အဖြစ်မျိုးတွေနဲ့ ယှဥ်ကြည့်ရတယ်။ စကားလုံးတွေကို ဒဲ့ယူလို့မရသလို မရှိနေတာကြီးကို ကိုယ်ဖြစ်ချင်တာတွေနဲ့ ရောလွှတ်နေတာလည်း မဟုတ်ပြန်ဘူး။ မြင်နေတာနဲ့ ပြောနေကြတာက ကွဲနေပြီဆိုရင် မဟုတ်တော့ဘူးလေ။ မက်ကောနဲကြီး မြန်မာပြည်အပေါ် သံယောဇဥ်ကြီးတယ်တဲ့။ လုပ်ပေးခဲ့တာတွေလည်း ရှိပါတယ်။ ပြောပလောက်အောင် ဟုတ်သလားဆိုတာ ပြီးခဲ့တဲ့ ၃နှစ်ကျော် ဘာထူးလဲဆိုတာပြန်ကြည့်ပေါ့။ ကိုယ့်ပြည်သူ သန်းချီသတ်ခဲ့ သတ်နေတဲ့ တရုပ်ကို ကိုယ့်တိုင်းပြည် အတွက်တောင် ပြန်မပြောရဲတာ သူများနိုင်ငံအတွက် ဘယ်လိုဇနဲ့ ရပ်တည်ပေးမှာတဲ့လဲ။

မိုးခဲမှုတွေနဲ့ ပတ်သက်တဲ့ သုတေသနတွေ့ရှိချက်တွေအကြောင်းကို တပ်ကာက Heartland အင်စတီကျုက ဂျပ်စ်တင် ဟက်စ်ကင်စ်ထံ မေးမြန်းခဲ့ပါတယ်။ သူတို့လုပ်တဲ့ သုတေသနကို ၂၀၂၀မှာ မဲပေးခဲ့လား၊ မဲပေးခဲ့တယ်ဆိုရင် ပျက်ကွက်မဲ(စာတိုက်မဲ)နဲ့ ပေးခဲ့တာလားလို့ စမေးပြီး ပျက်ကွက်မဲနဲ့ ပေးခဲ့တယ်ဆိုရင် တရားဝင်အမြဲတမ်းနေထိုင်တာမဟုတ်တော့တဲ့ ပြည်နယ်မှာ မဲပေးသလားဆိုတဲ့ မေးခွန်းကို ဖြေဆိုသူ ၁၇% က သူတို့မနေထိုင်တော့တဲ့ပြည်နယ်မှာ မဲပေးခဲ့ကြောင်း၊ တပါးသူရဲ့ မဲပြားကို ဖြည့်ပြီး မဲထည့်ခဲ့သလားဆိုတဲ့ မေးခွန်းကို ဟုတ်ပါတယ်လို့ ဖြေဆိုသူ ၂၁%၊ တပါးသူရဲ့ မဲကို ခွင့်တောင်းသည်ဖြစ်စေ ခွင့်မတောင်းပဲဖြစ်စေ လက်မှတ်တုထိုးပြီး မဲထည့်ခဲ့သလားဆိုတဲ့ မေးခွန်းကို ဟုတ်ကြောင်း ဝန်ခံသူက ၁၇%၊ သင်တို့မိသားစုထဲမှာဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေထဲမှာ အထက်က မေးခွန်း ၃ခုလိုမျိုး မဲပေးခဲ့တဲ့သူ ရှိ/မရှိ မေးမြန်းရာမှာတော့ ၁၀-၁၁% က ရှိကြောင်း ဝန်ခံသွားကြပါတယ်။

အဲဒီတော့ ခြုံပြောရရင် စာတိုက်မဲပေးသူ ၅ဦးမှာ ၁ဦးနှုန်းလောက်က မသမာမှု တမျိုးမျိုး ကျူးလွန်ခဲ့ကြောင်း တွေ့ရှိကြပါတယ်။ အဲဒီနံပါတ်တွေကို ၂၀၂၀က နံပါတ်တွေနဲ့ ချိန်ထိုးကြည့်တဲ့အခါ မဲစုစုပေါင်းထဲက ၁၃သန်းလောက်က ထည့်မရေသင့်တဲ့ မဲတွေ ဖြစ်နေကြတာပါ။ ကျူးလွန်ခဲ့ကြသူတွေက ဒီမိုကရက်တွေတင်မကပဲ ရီပါဘလစ်ကန်ဘက်မှာပါ ရှိတယ်လို့လည်း ဆိုပါတယ်။ ကွာတာက ဘိုင်ဒန်က ထရမ့်ထက် စာတိုက်မဲ ၂ဆလောက် ပိုရတော့ မသမာမှု လုပ်တဲ့နှုန်းချင်းတူရင်တောင် ဘိုင်ဒန်အတွက် လုပ်ကြတာက အများကြီး ပိုများမှာ ဖြစ်ပါတယ်။ ဥပမာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ဘိုင်ဒန်ကိုပေးတဲ့ စာတိုက်မဲနဲ့ ထရမ့်ကိုပေးတဲ့ စာတိုက်မဲက 70+% နဲ့ 20+% အထိ ကွာနေတာပါ။

၂၀၂၀မတိုင်ခင် နှစ် ၅၀အတွင်းမှာ မဲပေးခွင့်ရှိသူစုစုပေါင်းထဲက မဲထွက်ပေးတဲ့အရေအတွက်ဟာ ၆၀%ကျော်တာ ၂ကြိမ်ပဲ ရှိခဲ့ပါတယ်၊ ဘုရှ်၄၃ ဒုတိယအကြိမ်မှာ ၆၀.၁% နဲ့ အိုဘမ ပထမအကြိမ်မှာ ၆၁.၆%ပဲဖြစ်ပါတယ်။ လူမျိုးရေးချစ်ကြည်မှုကို ရှေ့ရှုပြီး အမေရိကန်တွေ သဲသဲလှုပ် မဲထွက်ပေးခဲ့ကြတဲ့ အိုဘမရတဲ့ ပေါ်ပြူလာမဲဟာ ၆၉သန်းခွဲနီးပါးပဲ ရှိပါတယ်။ ၂၀၂၀ကျတော့ ဘယ်သွားသွား ထောင်နဲ့ သောင်းနဲ့ချီပြီး သဲသဲလှုပ် ဝန်းရံခံရတာက ထရမ့်ဖြစ်ပြီး သူဟာ အိုဘမရတဲ့မဲထက် ၅သိန်း၆သောင်းကျော် ပိုရခဲ့ပါတယ်။ ဘယ်သွားသွား ပရိတ်သတ်က ဆယ်ဂဏန်းလောက်ပဲရှိတဲ့ ဘိုင်ဒန်ကျမှ မဲထွက်ပေးတဲ့သူက ၆၆.၆%နဲ့ စံချိန်တင်သလို ပေါ်ပြူလာမဲ အရေအတွက်ကလည်း ၈၁သန်းနဲ့ စံချိန်တင်ပါသတဲ့။ ၆၆.၆%ဆိုတာက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပြီး အငြင်းပွားနေတဲ့ ဒီမိုကရက်မြို့ကြီးတချို့မှာ မဲထွက်ပေးကြသူက မဲပေးခွင့်ရှိသူရဲ့ ၉၀-၁၀၀% ကျော်သွားတာတောင် ရှိတယ်လို့ ဆိုကြပါတယ်။

ရွေးကောက်ပွဲတခုလုပ်ပြီဆိုရင် Voter turnout ဆိုတာ ထည့်ကို စဥ်းစားရမယ့် အချက်ဆိုတာ နိုင်ငံရေးနားလည်သူတိုင်း သိပါတယ်။  အမေရိကန်ရဲ့ သမိုင်းတလျောက် မဲနံပါတ်တွေကြည့်ချင်ရင် ကျမ ဘလော့မှာ တင်ပေးထားပါတယ်။ တခုရှိတာက မြန်မာပြည်နဲ့တော့ မတူပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ချမ်းသာလာတာ ကြာပြီဖြစ်တော့ တသက်လုံး အဆင်ပြေချမ်းသာသွားလိမ့်မယ်လို့ ယူဆကြသူတွေ၊ ကိုယ့်ထမင်းကိုယ်စားနေတာ နိုင်ငံရေးစိတ်ဝင်စားစရာ မလိုဘူးဆိုတဲ့သူတွေ မနည်းမနောပါပဲ။ အဲဒီလို ဖြစ်လာအောင်လည်း သတင်းဌာနတွေ ဂျာနယ်လစ်တွေက မြင်ကွင်းကျယ် မမြင်အောင် မြင်းတွေလို မျက်စေ့အကာတပ်ပေးထားတာ ကြာပါပြီ။

Leave a comment