ဒီလထဲမှာ ရွှေမင်းဝံဆရာတော်ရဲ့ ၇ရက်တရားစခန်းကို ၅ကြိမ်မြောက် ဝင်ဖြစ်ခဲ့ပါတယ်။ တကြိမ်နဲ့ တကြိမ် သဘောပေါက်တာ တွေ့သိလာမှုလေးတွေဟာ မတူကြပေမယ့် သိမြင်မှုအားလုံးဟာ နက်နဲတဲ့ ပဟေဠိတခုရဲ့ အပိုင်းအစလေးတွေပဲဖြစ်လို့ ပိုကျယ်ပြန့်နက်နဲတဲ့ ဉာဏ်အလင်း ရရှိလာဖို့အတွက် တဒေါင့်တနေရာကနေ အကျိုးပြုလာမယ်လို့ ရှုမြင်မိပါတယ်။
၇ရက်စခန်းလိုမျိုးဟာ နောင် အခြေအနေပေးလို့ ရေရှည်အားထုတ်ဖြစ်တဲ့အခါ (သို့) အိမ်မှာဆက်လက်ပြီး အားထုတ်ကြမယ့်သူတွေ အတွက် ရက်တိုသင်တန်းပဲ ဖြစ်ပါတယ်။ တခါနဲ့ပြီးတဲ့ ရက်တိုသင်တန်းမျိုးမဟုတ်ပဲ ရှုမှတ်မှု အခြေခံတွေကို စနစ်တကျ မသိရှိသေးသူများအတွက် နည်းနာယူစရာ၊ အရှိန်ဆက်/တက်အောင် လေ့ကျင့်ရာ၊ သံသယတွေ ပယ်ဖျောက်ရာအဖြစ် ပြန်ပြန်ဝင်သင့်တဲ့ သင်တန်းမျိုးပါ။ ဒီလောက် ရက်တိုလေးနဲ့ ဘာရမှာလဲဆိုရင် လုပ်သလောက်တော့ ရပါမယ်လို့ ပြောပါမယ်။ ပါရမီဆိုတာမျိုးက ဘာမှမလုပ်ပဲ အလိုလိုပြည့်လာတာမျိုးမှ မဟုတ်တာ။ အနည်းဆုံးတော့ ဝင်ချင်စိတ်ရှိတာကနေ တကယ်ရောက်လာပြီး စအားထုတ်ပြီဆိုကတဲက ဉာဏ်အလင်းကိုရဖို့ အဓိက လိုအပ်တဲ့ ဗိုလ်၅ပါးထဲက ယုံကြည်မှု သဒ္ဓါနဲ့ ဝီရိယရှိလို့ပါပဲ။
တရားအားထုတ်တယ်ဆိုတာ တသံသရာလုံး လွှတ်ချင်တိုင်းလွှတ်ထားတဲ့စိတ်နဲ့ လွဲချင်တိုင်းလွဲနေတဲ့ အယူတွေကို အမှန်မြင်လာအောင် လေ့ကျင့်ရတဲ့လုပ်ငန်းစဥ်ဖြစ်တော့ အချိန်နဲ့အမျှ စိတ်အလုပ်လုပ်နေရမှာကိုတော့ သတိပြုကြဖို့ လိုပါတယ်။ အစပိုင်း သတိ သမာဓိ အားနည်းနေစဉ်မှာ ကမဌာန်းဆရာတွေက သူတို့ သိနားလည်ထားတဲ့ နည်းတွေနဲ့ သတိ သမာဓိ အခြေခံရဖို့ သတိပဌာန်နည်းတမျိုးမျိုးပေးပြီး အားထုတ်စေပါတယ်။ အစပိုင်းရက်တွေဟာ အခက်ခဲဆုံးဖြစ်တော့ ဘယ်လိုအကြောင်းပြပြီး ပြန်ရပါ့မလဲဆိုတာမျိုး တွေးနေတတ်ပါတယ်။ ဒါဟာ ကျမအပါအဝင် လူများစု ဖြစ်လေ့ရှိတာပါပဲ။ တကယ်တမ်းတော့ တခါမှ စောမပြန်ဖြစ်ပါဘူး၊ မဖြစ်မနေ ပြန်ရမယ့် အရေးပေါ်ကိစ္စမရှိတာလည်းတကြောင်း၊ တရားပြဆရာနဲ့ စီစဥ်သူတွေကို လေးစားသောအားဖြင့် တကြောင်း၊ အကောင်းဆုံးမဟုတ်တဲ့ အနေအထားတခုဖြစ်လာဖို့ အစ မလုပ်ချင်တာလည်း တကြောင်းပေါ့။
နောက်ပိုင်းမှာတော့ မှတ်ရင်းသိရင်း ကိုယ့်စိတ်ထဲ မတင်မကျ ဖြစ်တာလေးတွေ မရှင်းတာလေးတွေ မေးလိုက် ပြန်မှတ်လိုက်သိလိုက်နဲ့ပဲ တိုးတက်မှုလေးတွေ မြင်လာရပြီး ရှေ့ဆက်လုပ်ဖို့ ခွန်အားတွေ ရလာတဲ့အချိန်မှာ လိုလိုလားလားကို အားထုတ်ချင်လာပါတယ်။ အဲဒီလိုအနေအထား ရောက်လာရင်တော့ စောပြန်ချင်စိတ် မဖြစ်တော့ပဲ ကျန်နေသေးတဲ့အချိန်အတွင်းမှာ ကိုယ်နားလည်ပြီးသားရှုမှတ်မှုတွေကို နိုင်နင်းအောင် ရှုမှုတ်ဖို့နဲ့ ကိုယ်မသေချာ မပိုင်နိုင်သေးတဲ့ ရှုမှတ်မှုတွေကို ပုံပန်းတကျ ရှုမှတ်နိုင်ဖို့ အားထုတ်ရပါတယ်။ စိတ်ကို အချိန်ပြည့် အလုပ်ပေးထားရတာဖြစ်လို့ တရားလျောက်တာ၊ မရှင်းတာမေးမြန်းတာ စတာတွေကလွဲလို့ တခြားကိစ္စတွေနဲ့ စကား ၁ခွန်းက ၂ခွန်းဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ သိမှတ်မှု အရှိန် ကျပါတယ်။ ဖြစ်တတ်တဲ့ ကိစ္စမို့လို့ ရှောင်လွှဲမရတဲ့အခါ ပိုသတိထားရှုမှတ်ပေးဖို့ပါပဲ။ ရှုမှတ်မှုနဲ့ အသားမကျသေးတဲ့ ယောဂီအသစ်တွေအတွက်တော့ ပိုခက်ပါလိမ့်မယ်။
ရှုမှတ်မှုနဲ့ အသားကျလာလို့ စိတ်က ခန္ဓာမှာ၊ ပစ္စုပ္ပန်မှာ နေတဲ့အကျင့် စရလာတဲ့အခါ ယောဂီရဲ့ အခြေအနေပေါ် မူတည်ပြီး သဘောတရားကို မြင်အောင်ကြည့်ဖို့ တရားပြဆရာက လမ်းညွှန်တတ်ပါတယ်။ ယောဂီဟာ သဘောကို မြင်လာပြီဆိုရင် ဝိပဿနာရဲ့ အစကို ရောက်ပါပြီ။ ဒီတရားစခန်းပြင်ပမှာ နာယူဖူးသလောက် မိုးကုတ်ဆရာတော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီး၊ မူလသဲအင်းဂူဆရာတော်ဘုရားကြီး၊ ရွှေဥမင်ဆရာတော်ဘုရားကြီး၊ ပါချုပ်ဆရာတော်ဘုရားကြီး၊ ဆရာကြီးဒေါက်တာသစ်လွင်တို့ကလည်း သဘောကို ရှုဖို့ အရေးကြီးကြောင်း အထပ်ထပ် မိန့်ကြားခဲ့ကြပါတယ်။ ရွှေမင်းဝံဆရာတော်ဘုရားကတော့ သဘောတရားဟာ တရားသဘောပဲ၊ သဘောကိုတွေ့ရင် တရားကို တွေ့မယ်၊ တွေ့တဲ့အခါ စူးစူးစိုက်စိုက် ဆက်လိုက်သွားရင် ဖြစ်ပျက်ကို တွေ့လိမ့်မယ်၊ ဖြစ်ပျက် ဆုံးတဲ့အထိ တောက်လျောက် ဆက်လိုက်ဖို့ လိုတယ်လို့ မိန့်တော်မူပါတယ်။
သဘောကို မြင်ဖို့ ရှုကြရာမှာလည်း တဦးနဲ့တဦး အားသန်ပုံချင်း ထပ်တူကျလိမ့်မယ်လို့ ပြောမရပါဘူး။ ကျမအတွက်က စင်္ကြန်နဲ့ ရပ်ကမ္မဌာန်းတို့နဲ့ ရှုရတာ ပိုအားသန်ပါတယ်။ ၇ရက်တရားစခန်းတခုဆိုရင် တနေ့ကို စင်္ကြန်အနည်းဆုံး ၅နာရီပါတဲ့အတွက် အနည်းဆုံး နာရီ ၃၀ သေချာ ရှုမှတ်ခဲ့ရင် တော်ရုံယောဂီသစ်တွေတောင် ပုံစံကျလာနိုင်ပါတယ်။ တချို့မိတ်ဆွေတွေက ဒီတရားစခန်းတခုပဲ ဝင်တယ်နော်၊ တခြားစခန်းတွေရော မဝင်ဘူးလားလို့ မေးကြပါတယ်။ အကြောင်းတခုက မနှစ်က ရေးခဲ့သလိုပဲ မိခင်ကြီး ကွယ်လွန်တဲ့ နှစ်ပတ်လည်ဖြစ်တဲ့ မေလမှာ ဖြစ်တာတကြောင်း၊ နောက်တကြောင်းက ရွှေမင်းဝံဆရာတော်ကိုယ်တိုင်က စင်္ကြန်အားသန်သူဖြစ်လို့ စင်္ကြန်သွားချိန် ရှုမှတ်ပုံနဲ့ ပတ်သက်ပြီး သေသေချာချာ ပြသပေးနိုင်တာကြောင့်ပါ။ ဓမ္မာနန္ဒဝိဟာရကျောင်းတော်ကြီး ကျယ်ဝန်းဆိတ်ငြိမ်တာလည်း ပါတာပေါ့။ ဆရာတော်မိန့်သလိုပဲ စင်္ကြန်ကောင်းကောင်းလျောက်ရင် တရားထိုင်ချိန် ဖြစ်တတ်တဲ့ ဝေဒနာတွေ သက်သာတာရယ်၊ ရှုမှတ်မှု ပိုကောင်းတာရယ်ကတော့ ကိုယ်တွေ့ပါပဲ။ ပရုပ်ဆီသုံးလေ့ရှိသူများ ပရုပ်ဆီလွတ်မယ့် နည်းလေးပါ။
သဘောတရားနဲ့ ပတ်သက်လို့ ပါချုပ်ဆရာတော်က မာသဘော ပျော့သဘောဟာ ကာယပသာဒမှာ အတွေ့ရအများဆုံးဖြစ်ပြီး စားတဲ့အခါမှာတောင် အရသာထက် ပျော့/မာ၊ ပူ/အေး စတာကို အရင်သိရတယ်လို့ သူ့ရဲ့ တွေ့ရှိမှုကို မျှဝေသွားပါတယ်။ မိုးကုတ်ဆရာတော်ကြီးကလည်း ဓါတ်လေးမျိုးလုံးကို အကျဥ်းရှုရင် ပေါ်တာကိုသာရှု၊ သမာဓိအားကောင်းလာတဲ့အခါ ရုပ်ဖောက်ပြန်နေတာကို မြင်လိမ့်မယ်၊ ကံ၃ပါးပြုတိုင်း ဓါတ်ကြီး ၄ပါးရဲ့ သဘောကို ဆင်ခြင်ရင် လက္ခဏာရေး ၃ပါးကိုပါ မြင်လာမယ်လို့ မိန့်ကြောင်း ဖတ်လိုက်ရပါတယ်။ ပြောချင်တာက အထင်ကရ ဆရာတော်ကြီးများဟာ အခြေခံရှုမှတ်ပုံ သင်ကြားပေးရာမှာ အနည်းငယ်ကွာခြားတတ်ကြပေမယ့် သဘောတရားကို ရှုကြရာမှာတော့ သိပ်မကွာကြောင်း တွေ့ရှိရတာကို တင်ပြချင်တာပါ။
ဒါတွေရေးပြနေတာ တရားပြနေတာမဟုတ်သလို ဂုဏ်ဆာနေတာလည်း မဟုတ်ရပါဘူး။ ဆာလောက်တဲ့ ဂုဏ် မရှိသေးတဲ့အပြင် တရားပြရလောက်အောင်လည်း ဝမ်းစာမပြည့်သေးပါဘူး။ ခုမှ စလုံးရေစပါ။ မှတ်တမ်းတခုအနေနဲ့ ရေးတာဖြစ်သလို ဒီတခါ လူငယ်ယောဂီသစ်တွေများလို့ အားပေးချင်တာလည်း ပါပါတယ်။ ကိုယ်တိုင်လည်း စအားထုတ်ချိန်ကစလို့ နှစ်အတန်ကြာတဲ့အထိ roadmap ကို မြင်မနေခဲ့တဲ့အတွက် စိတ်ပျက်အားလျော့တဲ့ အချိန်တွေ အများကြီး ရှိခဲ့တယ်။ ဘယ်နည်း ဘယ်ကမ္မဌာန်းက ကိုယ်နဲ့ ကိုက်မယ်ဆိုတာကိုလည်း မသိတော့ လိုက်စမ်းခဲ့ရတာပါပဲ။ ဒီနေရာမှာ တခုပြောချင်တာက ပုဂ္ဂိုလ်ရဲ့ စရိုက်နဲ့ ကမ္မဌာန်း ကိုက်အောင် ပေးနိုင်တာ မြတ်စွာဘုရားပဲ ရှိပါတယ်လို့ မှတ်သားယုံကြည်ထားတဲ့အတွက် ကိုယ်နဲ့ ကိုက်/မကိုက်ဆိုတာကို ကိုယ့်အားထုတ်မှုနဲ့ လျောက်ပတ်တဲ့ တိုးတက်မှု ရှိ/မရှိဆိုတာနဲ့ တိုင်းပါတယ်။ အဲဒီလို တိုင်းရာမှာ ရိုးသားမှု အရင်းခံဖို့တော့ လိုပါတယ်။
ကျမအယူအဆအရ ရိုးသားမှုအရင်းခံတယ်ဆိုတာ ကိုယ့်ကိုယ်ကို အမှန်အတိုင်း ရှုမြင်တာပါပဲ။ အဲဒီလို အမှန်အတိုင်း ရှုမြင်ဖို့ သတိရှိရပါမယ်၊ ကြားမြင်သုတ ရှိသင့်သလောက် ရှိရပါမယ်၊ ကိုယ်ဖြစ်နေတာကို ဆရာသမားထံ ရှင်းရှင်းလင်းလင်း မေးမြန်းနိုင်သူ ဖြစ်ရပါမယ်၊ ဆရာသမားရဲ့ ညွှန်ပြချက်ကို ကိုယ်ကြားချင်တာ ရွေးမကြားပဲ သေချာနာယူပြီး လိုက်နာကျင့်သုံးနိုင်သူ ဖြစ်ရပါမယ်။ အဲဒီလိုမဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ် အမှန် မမြင်၊ အထင်တွေနဲ့ ဖုံးနေမယ်ဆိုရင်တော့ သာသနာတော်နဲ့ ဆုံတွေ့ရကျိုး မနပ်ပဲ ဖြစ်နေပါလိမ့်မယ်။ ကိုယ်ပြုသမျှ တွေးသမျှ ပြောသမျှ ကံ၃ပါးလုံးမှာ သတိကပ်နေရင် ကိုယ့်ခန္ဓာ၅ပါးအကြောင်းကို အမှန်အတိုင်း သိမြင်လာမှာပါ။ ကိုယ့်စိတ်ကို သိလာရင် သံသရာ ဘာကြောင့်လည်တယ်ဆိုတာကိုလည်း သဘောပေါက်လာမှာဖြစ်သလို သံသရာက လွတ်မြောက်ရာလမ်းကိုလည်း ရှာချင်လာပါလိမ့်မယ်။
နောက်တခုပြောချင်တာက တဦးနဲ့တဦး ဉာဏ်ရည်ချင်း၊ ကျိုးစားအားထုတ်မှုချင်း တူနေရင်တောင် ကိုယ်မသိနိုင်တဲ့ အခြားအကြောင်းတွေ ရှိနေနိုင်တာကြောင့် ကိုယ့်ကိုယ်ကို ဘယ်သူနဲ့မှ မနှိုင်းကြပဲ ပေါ့ပါး။ ပါရမီရှိတဲ့သူဆိုတာလည်း အဲဒီပါရမီ ရလာအောင် ဘယ်နှစ်ဘဝ၊ ဘယ်နှစ်နှစ် အားထုတ်ထားခဲ့လဲမှ မသိနိုင်တာလေ။ ဘယ်သူပဲဖြစ်ဖြစ် လုပ်သလောက်တော့ ရကြပါလိမ့်မယ်။