မေလ ၂၉ရက် ၂၀၂၄

သမ္မတထရမ့်ကို လွန်ခဲ့တဲ့ ၁၈နှစ်လောက်က အဖော်အချွတ်မယ်နဲ့ တညတာ ပျော်ပါးခဲ့တယ်လို့ အဖော်အချွတ်မယ်က စွပ်စွဲခဲ့တဲ့အမှုဟာ အရင်ကလည်း စွဲပြီး ပလပ်ပြီးသားအမှုပါ။ ယခုတဖန်ထပ်ပြီး အမှုလုပ်ရာမှာ ဒီမိုကရက်တွေ ထုတ်သုံးလာတဲ့ ထရမ့်ရှေ့နေဟောင်း မိုက်ကယ်ကိုဟန်ကိုယ်တိုင်က ထရမ့်အနေနဲ့ သူကတဆင့် နှုတ်ပိတ်ခပေးခဲ့ခြင်းမရှိကြောင်း အရင်တဲက ကျမ်းကျိန်ထွက်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကို အခုမှ တမျိုးပြောင်းပြောတာရယ်၊ သပ်သပ်စီသာ အပြစ်ချရရင် ၁၃၆နှစ် ထောင်ကျနိုင်တဲ့အထိ အမှုပေါင်းများစွာ ကလိန်စေ့ငြမ်းဆင်ပြီး လုပ်ကြံစွဲထားတာတွေရယ်၊ အမှုအကြောင်း လုံးဝ မဟရ၊ ထုတ်ပြောရင် ထောင်ထဲဝင်ဖို့ လုပ်တားတာတွေဟာ ထရမ့်ပြန်လာလို့ အာဏာလက်လွှတ်ရမှာကို ကြောက်နေကြတဲ့ ဒီမိုကရက်တွေနဲ့ ကမ္ဘာ့ရွာအီလိတွေရဲ့ ပျက်ရယ်ပြုစရာ တရားရေးစနစ်ကို မီးထိုးပြနေတာပါပဲ။ အာဏာနဲ့မှ လုပ်စားတတ်တဲ့ ခြတွေဖျက်ဆီးထားတဲ့ ကမ္ယာ့ထိပ်တန်း အမေရိကန်နိုင်ငံရဲ့ တရားရေးစနစ်ဟာ အာဏာနဲ့မှ လုပ်စားတတ်တဲ့ မအလတို့ရဲ့ တရားရေးစနစ်လိုအဆင့်မျိုးကို ဆင်းလာနေပါပြီ။ ဦးကိုနီလုပ်ကြံမှု၊ ဗစ်တိုးရီးယားအမှု၊ ဒေါ်စုလာဘ်စားတယ်ဆိုတဲ့အမှုတွေကို ကြည့်ရင် သဘောပေါက်မှာပါ။

ထရမ့်ကို လုပ်ကြံစွပ်စွဲကြတဲ့အမှုတွေရဲ့ နောက်ကွယ်မှာ ငွေရှင်ကြေးရှင် ကမ္ဘာ့ရွာခိုနီအီလိတွေ ပါနေကြောင်းကို တရားသူကြီးရဲ့ သမီး၊ ဒီအေတွေ၊ ဦးဆောင်ပါဝင်သူတွေ သန်းချီတဲ့ငွေ ရပေါက်ရလမ်းတွေ ကြံဖန်ပေါ်လာတာတွေကြည့်ရင် သိနိုင်ပါတယ်။ ဘယ်လိုပဲလုပ်လုပ် အသိဉာဏ်ရှိတဲ့ ပြည်သူတွေကတော့ သူတို့လှည့်ကွက်ထဲ မဝင်ကြတဲ့အတွက် အကြွေးဝိုင်းနေတဲ့ ရောဘတ်ဒနီးရိုးလို နာမည်ကြီးဆယ်လီတွေကို လူစိတ်ဝင်စားအောင် စတိတ်မန့်ရေးပေးပြီး မီဒီယာရှေ့ အငှားဖတ်ပြခိုင်းရတဲ့အထိ ရုပ်ပျက်လာနေပါတယ်။ သူလည်း ဘိုင်ဒန်လိုပဲ ဖတ်ပြတာကလွဲရင် ဘာမှခေါင်းထဲမရှိတော့ မီဒီယာကပြန်မေးသမျှကို မဖြေနိုင်ပြန်ပါဘူး။

အခုဆိုရင် ဂျူရီတွေက ဆုံးဖြတ်ချက်ပေးဖို့ စပြင်နေကြပြီဖြစ်ပြီး ပြီးခဲ့တဲ့ရကပွဲတုန်းက အဲဒီနေရာမှာ ရီပါဘလစ်ကန်ကို မဲပေးခဲ့သူ ၁၂% ပဲရှိခဲ့တဲ့အတွက် ဂျူရီအဖွဲ့ကလည်း ထရမ့်မုန်းသူတွေ များနေနိုင်ပါတယ်။ စီးကရက်ဆားဗစ်အဖွဲ့ဝင်တွေလည်း ထရမ့်ထောင်ထဲဝင်နိုင်ခြေအတွက် နယူးယောက်အကျဥ်းထောင်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးနေကြပါပြီ။ ရကပမှာ ထရမ့်နိုင်ပြီး သမ္မတဖြစ်လာရင်တောင် ဒီအမှုတွေက ဖက်ဒရယ်အမှုမဟုတ်ပဲ ပြည်နယ်အမှုဆိုတော့ သူ့ကိုယ်သူ ပါဒန်လုပ်လို့ မရအောင်အထိ ပလန်ချထားကြတာပါ။ ဒီမိုကရက်တွေရဲ့ ရည်မှန်းချက်က ထရမ့်ပြန်မလာရုံတင် မကပါဘူး၊ အရှက်ခွဲဖို့၊ သမ္မတထရမ့်ရော မိသားစုပါ စိတ်အေးလက်အေး မနေရဖို့ မိသားစုဝင်တိုင်းကို ပြဿနာရှာနေတာ ၁၈နှစ်ပြည့်ခါစ ဘာရွန်လေးပါ မကျန်ပါဘူး။ ဒေါ်စု သူ့သားငယ်ကို နိုင်ငံရေးနဲ့ မပတ်သက်စေချင်တာ အာဏာနဲ့ ပတ်သက်လာရင် ညစ်ပတ်လွန်းကြတဲ့ လူ့စရိုက်တွေကို သိနေလို့ပါပဲ။

အမေရိကန်တရားရေးဌာနက ထရမ့်နဲ့ ထိပ်ပိုင်းက မကြောက်သူတွေကိုပဲ မဲတာမဟုတ်ပါဘူး။ ပရိုလိုက်ဖ်လှုပ်ရှားသူတဦးက ဆေးခန်းတခုမှာ လရင့်ကိုယ်ဝန်ဖျက်ချဖို့ ဖြစ်နိုင်မလားလို့ သွားဆွေးနွေးတာကို ဗီဒီယိုခိုးရိုက်ထားလို့ ထောင် ၅နှစ်ကျခဲ့ပါတယ်။ အဲဒီထဲက ဆရာဝန်က ကိုယ်ဝန် ဖျက်ချဖို့ ဆေးခန်းရောက်နေတုန်းမှာ မဖျက်ချရခင် အရင်မွေးသွားတယ်ဆိုရင် ငါတို့က ဘာလုပ်ပေးနိုင်လဲဆိုတော့ ငါတို့က (ကလေးကို အသက်ရှုဖို့) မကူပဲထားရုံပေါ့လို့ ပြောသွားပါတယ်။ ယဥ်ကျေးလှပါတယ်ဆိုတဲ့ လူ့အသိုင်းအဝိုင်းမှာ လူ့အသက်တချောင်းသေဖို့ လုပ်နေတာက ဥပဒေနဲ့ မဆန့်ကျင်ပဲ ဗီဒီယိုခိုးရိုက်တာကမှ တကယ့်ပြစ်မှုကြီး ဖြစ်နေတော့တာပါ။

ကနေ့ထွက်လာတဲ့ သတင်းကောင်းတခုကတော့ Decision Desk HQ ရဲ့ ဒီနှစ် ရကပအတွက် ပဏာမ ခန့်မှန်းခြေ ထွက်လာတာပါ။ အဲဒီခန့်မှန်းချက်အရ ထရမ့်က နိုင်ခြေ ၅၈% ရှိပြီး ဘိုင်ဒန်က ၄၂%ပဲ ရှိပါတယ်။ အီလက်တိုရယ်မဲတွေမှာ ထရမ့်က ၂၃၅ နဲ့ ဘိုင်ဒန်က ၂၂၆ အသီးသီး ရကြမယ်လို့ မှန်းထားပြီး ၇၇မဲကတော့ ဘယ်သူ့ဆီမဆို သွားနိုင်ပါတယ်တဲ့။ အကြိတ်အနယ် ယှဥ်ပြိုင်ရမယ့် ပြည်နယ်တွေက အရီဇိုးနား၊ ဂျော်ဂျာ၊ မိရှီဂန်၊ နီဗားဒါး၊ ပင်ဆယ်လ်ဗေးနီးယားနဲ့ ဝစ္စကွန်ဆင်တို့ ဖြစ်ကြပြီး DDHQ ခန့်မှန်းချက်အရ ထရမ့်က မိရှီဂန်ကလွဲလို့ ကျန် ၅ပြည်နယ်မှာ နိုင်မယ်လို့ ဆိုပါတယ်။ မိရှီဂန်မှာ ဘိုင်ဒန်ဘက် နည်းနည်းယိမ်းနေတဲ့အတွက် အဲဒီပုံအတိုင်းဆိုရင် ထရမ့်က အီလက်တိုရယ်မဲရဲ့ ၂၉၇နဲ့ ဘိုင်ဒန်က ၂၄၁ရမယ်လို့ မှန်းထားတာပါ။ ဒါပေမယ့် အကြိတ်အနယ်ပြိုင်ရတဲ့ ရကပတွေဖြစ်လို့ ပိုသတိထားတွက်ချက်တဲ့အခါ ထရမ့်က ၂၈၂နဲ့ ဘိုင်ဒန်က ၂၅၆ လို့ဆိုပြန်ပါတယ်။ တခုရှိတာက ထရမ့်နိုင်ခြေများနေသ၍ တဖက်ကညစ်လုံးတွေက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ပိုးလား၊ စစ်လား၊ အဓိကရုဏ်းလား၊ ကျောင်းတွေ ပိတ်ရအောင် လုပ်ဦးမှာလား၊ ဘာပဲလာလာ ပြည်သူအတွက်ကောင်းတာ တခုမှမပါမှာကတော့ သေချာပါတယ်။

ဘိုင်ဒန်တရားရေးဌာနက အရာရှိဟောင်းဖြစ်တဲ့ မက်ဂီဂွတ်လန်ဒါက နယူးဟမ်ရှိုင်းယားကနေ လွှတ်တော်အမတ် ဝင်ပြိုင်စဥ် မဲဆွယ်ပွဲတခုမှာ သူ့ပြည်နယ်မှာ အိမ်ငှားခတွေ အရမ်းကြီးကြောင်း ငြီးငြူပြပြီး မျက်ရည်ခြူပါတယ်။ မက်ဂီက အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်ရဲ့ ဇနီးဖြစ်ပြီး သူ့ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ဖလော်ရီဒါကဂေါက်ကွင်း၊ နယူးဟမ်ရှိုင်းယားက ကစီနိုရုံ အပါအဝင် ၆သန်းကနေ သန်း၃၀ဖိုးလောက် ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါက ဒီမိုကရက်ပလေးဘွခ် ပါပဲ၊ ငါလည်း မင်းတို့လိုပါပဲကွာဆိုတဲ့ ပုံစံနဲ့ မဲဆွယ်ကြပေမယ့် တကယ်တမ်းမှာ ကိုယ့်လုပ်အားနဲ့ ရလာတာမဟုတ်တဲ့ သန်းဆယ်/ရာချီ ချမ်းသာကြသူတွေချည့် ဖြစ်နေကြတာပါ။ အဲဒီလိုလူတွေက ပြည်သူတွေကို လုပ်ငန်းရှင်တွေနဲ့ လှည့်ရန်တိုက်ပေးတာကလည်း သူတို့ကိုယ်တိုင်က တိုင်းပြည် ဖွံ့ဖြိုးရေးမှာ အရေးပါတဲ့ လုပ်ငန်းရှင်တွေ မဟုတ်ကြတာလည်း အဓိကအကြောင်း ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားမှာ အိမ်အာမခံတွေ သက်တမ်းမတိုးတော့တာ၊ ဝယ်မရတော့တာတွေအကြောင်း ရေးခဲ့ပြီးပါပြီ။ ကားအာမခံတွေလည်း ၂၀% လောက်တက်ကုန်ပါတယ်။ ပုံမှန်ဆိုရင် ကားအာမခံ ဈေးတက်ရင် ဈေးကွက်ထဲ စုံစမ်း တွက်ချက်ပြီး ပိုဈေးသက်သာတဲ့ ပေါ်လစီ/ အာမခံကုမ္ပဏီကို ရွေးဝယ်ကြတာပါ။ အခုတော့ အဲဒီလို ပြောင်းလိုက်ရင် အိမ်အာမခံပါ ဆုံးသွားနိုင်တဲ့ အခြေအနေ ဖြစ်နေလို့ တက်သမျှ ကြိတ်မှိတ်ပေးနေရမယ့် သဘောဖြစ်နေပါတယ်။ ဘာလို့ အဲဒီလိုတွေ ဖြစ်နေသလဲဆိုတော့ ငွေဖောင်းပွမှုတို့ ကုန်ဈေးနှုန်းတက်တာတို့က အခြေခံအကြောင်းတွေ ဖြစ်နေပေမယ့် အဲဒါကလည်း တပြည်လုံးမှာ ဖြစ်နေတာပါ။ ကယ်လီဖိုးနီးယားမှာမှ ဘာလို့ ကားအာမခံတွေ ဈေးတအားတက်ပြီး အိမ်အာမခံတွေ အဖြုတ်ခံနေရသလဲဆိုရင်တော့ အစိုးရကြောင့်လို့ပဲ ပြောရမှာပါပဲ။ ကယ်လီဖိုးနီးယားအကြောင်း ရေးရတာက ဒီမိုကရက်တွေပဲ​ ဆက်တက်နေရင် ကယ်လီဖိုးနီးယားလိုဖြစ်လာမှာကို သတိပြုစေချင်လို့ပါ။

ကယ်လီဖိုးနီးယားက အာမခံဥပဒေတွေ နှုန်းထားတွက်ချက်တဲ့ ဖော်မြူလာတွေက ၁၉၉၀ခုနှစ်တွေ ထဲကဖြစ်ပြီး တခြားပြည်နယ်တွေမှာ ခေတ်အခြေအနေနဲ့အညီ ပြောင်းလဲလာကြပေမယ့် ကယ်လီဖိုးနီးယားမှာတော့ မပြောင်းလဲပဲ ကျန်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာ တွက်ချက်တဲ့ပုံစံက အမေရိကန်မှာ အရှုပ်ထွေးဆုံးလည်း ဖြစ်နေပါတယ်။ ဥပဒေအရ အာမခံကုမ္ပဏီ တွေဟာ လျော်နိုင်လောက်တဲ့ ပမာဏကို ငွေသားအဖြစ် ထားရှိရတာဖြစ်ပြီး ၂၀၁၅အကုန်မှာ ငွေသား ၄.၁ ဘီလီယံ ရှိခဲ့ပါတယ်။ မနှစ်ကနှစ်ကုန်မှာတော့ ငွေသားဟာ အရင်ကရဲ့ ၃၀% ဖြစ်တဲ့ ၁.၃ ဘီလီယံပဲ ရှိပါတော့တယ်။ ကျန်တဲ့ငွေသားတွေက ဘယ်ရောက်ကုန်လဲဆိုတော့ ဆုံးရှုံးမှုတွေမှာ လျော်ပေးရလို့ ကုန်သွားပါတယ်တဲ့။ တောမီးတို့ ရေကြီးတာတို့ပေါ့။ အဲဒါတွေကလည်း အသစ်တော့ မဟုတ်ပါဘူး။

အသစ်ဖြစ်နိုင်တာက မတရားတက်လာတဲ့ ကားခိုးမှုတွေ၊ အိမ်ဖောက်ခိုးတာတွေ၊ ခိုးဝင်တွေ အိမ်ရှင်မရှိနေချိန် ဝင်နေကြပြီး ဖျက်ဆီးသွား/ ပျက်စီးတဲ့အထိ ဖြစ်သွားတာတွေအတွက် အာဏာပိုင်တွေကိုယ်၌က ပြည်သူဖက်က မရှိလေတော့ အာမခံကုမ္ပဏီတွေမှာလည်း အဖြေရှိပုံမရပါဘူး။ ဒါမျိးကိစ္စတွေက များသထက် များလာချိန်မှာ risk ကိုတွက်ချက်ပြီး လုပ်ကိုင်ရတဲ့ အာမခံကုမ္ပဏီတွေ ဝိတ်လျော့လာတာဟာ ပြည်သူအတွက် အိပ်မက်ဆိုးတခုပါပဲ။ အောရင့်ချ်ကောင်တီမှာ အိမ်ယာမဲ့ဦးရေဟာ ၂၀၂၂ကထက် ၂၈% တက်လာပါတယ်။ ကယ်လီဖိုးနီးယားက တနိုင်ငံလုံးမှာ အလုပ်အပြုတ်ဆုံးပြည်နယ်လည်း ဖြစ်နေပါပြီ။ ဒီနှစ်ထဲမှာတင် အလုပ်ပြုတ်ကြတာ ၄၈၂,၇၀၀ ရှိနေပါပြီ။ ခိုးဝင်တွေက Door Dash လို Uber Eat လို အစားအသောက်လိုက်ပို့တဲ့ လုပ်ငန်းတွေမှာ သူများအကောင့်တွေ သုံးပြီး အလုပ်လုပ်ကုန်ကြတော့ ပြည်သူတွေ အလုပ်ရှားသထက် ရှားတာအပြင် ဘက်ဂရောင်းချက် မလုပ်ထားတာကြောင့် မှာယူစားသုံးသူတွေ အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။ ဒီမိုကရက် အစိုးရကတော့ ပြည်သူ့မဲကိုလည်း အလေးထားစရာမလိုနေတဲ့အတွက် ပြည်သူ့အပူကို ကုစားပေးမယ့်ပုံ မရှိပါဘူး။

Leave a comment