ကနေ့မှာ ထရမ့်ရဲ့ တညတာအပျော်မယ်ကို ရှေ့နေကတဆင့် ငွေပေးနှုတ်ပိတ်ခြင်းဖြင့် စီးပွားရေးအရ မလျော်မကန်ပြုကျင့်မှုဆိုတဲ့ အမှုနဲ့ ပတ်လည်အဆွယ်အပွား ၃၄မှုစလုံးမှာ အပြစ်ရှိကြောင်း ၂ရက်တောင်မကြာသေးတဲ့အချိန်အတွင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ပေးလိုက်ပါတယ်။ ပထမတော့ ဒီနေ့ ဂျူရီဆုံးဖြတ်ချက် မထွက်တော့ဘူးဆိုလို့ သတင်းထောက်တွေပါ ပြန်ဖို့ ပြင်နေကြပြီးမှ တရားသူကျီးက ဂျူရီဆုံးဖြတ်ချက်ရပြီလို့ ဖြစ်သွားတာပါ။ ဂျူရီက ဒီမိုကရက်အများစုလိုပဲ ထရမ့်မှာ အပြစ်ရှိတယ်၊ ဘာအပြစ်လဲဆိုရင်တော့ မပြောနိုင်ကြသူတွေ များမယ်လို့ မှန်းထားတဲ့ကြားကပဲ တရားသူကြီးက ထရမ့်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပေးဖို့ ပိုသေချာအောင် “ကျောင်း”ပေးနေခဲ့တာပါ။
ခိုးဆိုးလုနှိုက်တွေကျတော့ ပြန်လွှတ်ပေးဖို့လွယ်အောင် ရာဇဝတ်မှုအထိ မရောက်တဲ့ misdemeanor အဆင့်နဲ့ အတင်းထိန်းထားသလို ရန်သူနိုင်ငံတွေဆီက လာဘ်ယူထားကြတဲ့ ဘိုင်ဒန်မိသားစုတို့ ကေလာရီတို့ကို ဖုံးကွယ်ပေးနေတဲ့ ဒီမိုကရက်တွေရဲ့ ခြတရားရေးစနစ်ဟာ ဘယ်သူတဦးတယောက် ကိုမှ မထိခိုက်တဲ့ ထရမ့်အမှုကျမှ ရာဇဝတ်မှု မမြောက်မြောက်အောင် သားရေကွင်းဥပဒေနဲ့ အတင်းဆွဲသွင်းထားတာဖြစ်လေတော့ ပထမဆုံး ရာဇဝတ်ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရမယ့် တဦးတည်းသော သမ္မတအဖြစ် စာရင်းဝင်သွားခဲ့ပါပြီ။ မဲပေးသူပြည်သူတွေကတော့ ဒီဆုံးဖြတ်ချက်က သူတို့မဲအပေါ် ဘာမှ အပြောင်းအလဲ ရှိစေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ထရမ့်အပေါ် စွဲဆိုထားတဲ့အမှု ၃၄ခုက သီးခြားစီဆို ၁၃၆နှစ် ဆိုပေမယ့် တပေါင်းတည်းကျခံရင်တော့ ၄နှစ်ဖြစ်ပါတယ်။ ဂျူရီဆုံးဖြတ်ချက် ဖတ်ပြချိန်မှာ ထရမ့်ရဲ့ မျက်နှာပေါ်မှာ ခံစားချက်တစုံတရာ မတွေ့ရပဲ ရှေ့တည့်တည့်ကိုသာ ကြည့်နေတယ်လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်မဖတ်ပြခင်မှာလည်း ထရမ့်နဲ့ သားကြီး ဒွန်ဂျူနီယာတို့ဟာ မုန့်စား အအေးသောက်ပြီး အေးအေးလူလူ ထိုင်စောင့်နေခဲ့ကြကြောင်း သိရပါတယ်။ ဂျူရီဆုံးဖြတ်ချက်အပေါ် တရားသူကြီးက စီရင်ချက်ချမှာက ဇူလိုင် ၁၁ရက်နေ့ဖြစ်ပြီး အဲဒီနေ့ဟာ ရီပါဘလစ်ကန်နေရှင်နယ်ကွန်ဗန်းရှင်းက ထရမ့်ကို ဂျီအိုပီကိုယ်စားပြုသမ္မတလောင်း အဖြစ် တရားဝင်မကြေငြာခင် ၄ရက်အလို ဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်းအမေရိကန်နိုင်ငံကြီးရဲ့ တရားရေးစနစ်ဟာ အာဏာရှင်သူခိုးအစိုးရတွေရဲ့ တရားရေးစနစ်လို ဖြစ်လာနေပြီလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါပဲ။ တရားမျှတမှုကို အမှန်တကယ်မြတ်နိုးတယ်ဆိုရင် ကိုယ်မုန်းသူဖြစ်နေရင်တောင် တရားတဲ့ဘက်ကပဲ ရပ်ပေးရမှာပါ။ အဲဒီလိုမဟုတ်ပဲ ချစ်သူသာစေ မုန်းသူနာစေဆိုရင်တော့ တရားမျှတမှုနဲ့ ထိုက်တန်တဲ့သူ မဖြစ်နိုင်ပါဘူး။
နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက်မှာ ထိပ်ဆုံး ၃နိုင်ငံက အိန္ဒိယ ၆.၈%၊ တရုတ် ၅.၀%နဲ့ ရုရှား ၃.၂%တို့ဖြစ်ပြီး အမေရိကန်က ၂.၇%နဲ့ နံပါတ် ၄၊ ဆော်ဒီက ၂.၆%နဲ့ နံပါတ် ၅၊ ဘရာဇီးက ၂.၂၊ တောင်အာဖရိကက ၀.၉%နဲ့ နံပါတ်၇ ဖြစ်ပါတယ်။ ထိပ်ဆုံး ၇နိုင်ငံမှာ အမေရိကန်ကလွဲလို့ ကျန် ၆နိုင်ငံက BRICS အဖွဲ့ဝင်တွေ ဖြစ်နေတာရယ်၊ ဒေါ်လာကို စုံကန်ချင်တဲ့နိုင်ငံတွေ ဖြစ်နေတာရယ်က အမေရိကန်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ဒီမိုကရက်တွေလက်ထက် အမေရိကန်ဟာ ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အဖက်ဖက်က အဆုတ်ယုတ်ကြီး ဆုတ်ယုတ်လာခဲ့ပေမယ့် ဒေါ်လာကို လုံးဝပစ်ပယ်လို့ မရသေးလို့သာ ခုလောက် ခံသာနေသေးတာ ဖြစ်ပါတယ်။ BRICS အားကောင်းလာပြီဆိုရင်တော့ အမေရိကန်က လူမလေး ခွေးမခန့်တဲ့ စက္ကူကျား အဆင့်လောက်ပဲ ရောက်သွားတော့မှာပါ။
ဘိုင်ဒန်လက်ထက်မှာ ငွေကြေးဖောင်းပွ၊ ကုန်ဈေးနှုန်းတွေ မတရားတက်၊ စီးပွားရေးကျဆင်းတယ် ဆိုပေမယ့် အလုပ်ပြုတ်တဲ့သူတဲမှာမပါသေးတဲ့ ပြည်သူလုထုက သက်ရောက်မှုကို ရုတ်တရက် မခံစားရသေးတဲ့အတွက် ကြောက်ရလန့်ရမှန်း မသိကြသေးပါဘူး။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ စစ်နဲ့ပဲ စီးပွားရှာတတ်တဲ့ ဒီမိုကရက်တွေဟာ ယူကရိန်းတို့ ဂါဇာတို့ကိုပို့မယ့် စစ်ရေးနဲ့ အခြား အကူအညီတွေအတွက် ဘတ်ဂျက်တွေကို ပြည်တွင်းမှာ သုံးနေတာဖြစ်လို့ စစ်လက်နက်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ငွေရွှင်နေကြတာလည်း အဓိကအကြောင်းတခုအဖြစ် ပါနေပါတယ်။
ငွေဖောင်းပွမှုသီအိုရီ အရ အစပိုင်းမှာ အစိုးရက ဈေးကွက်ထဲ ငွေတွေအလုံးအရင်းနဲ့ ထိုးထဲ့တဲ့အတွက် ပြည်သူက အထိမနာသေးပဲ ငွေမြင်နေသေးလို့ ပျော်နေဆဲပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အခွန်တိုးကောက်တာပဲတတ်တဲ့ ဒီမိုကရက်အစိုးရက အခွန်တွေ တိုးကောက်ပေမယ့် ဈေးကွက်ထဲမှာ ပိုက်ဆံတွေ ပေါနေသေးတော့ အရှည်မမြင်နိုင်ကြတဲ့သူတွေက ပျော်ကောင်းတုန်းပါပဲ။ အဲဒီငွေတွေ ခန်းခြောက်လာပြီး စီးပွားရေးကျုံ့လာမယ်၊ အလုပ်တွေပြုတ်လာမယ်၊ တက်တဲ့ကုန်ဈေးနှုန်းနဲ့ လက်ကျန်ငွေ မလိုက်နိုင်တော့မှသာ နှဖူးနဲ့ လက်ဝါးရိုက်ကြတော့မှာပါ။ လက်ရှိအမေရိကန်မှာ တိုးနေတဲ့ GDPက စစ်လက်နက်လုပ်ငန်းတွေပါပဲ။ ဒါကြောင့်လည်း ဒီမိုကရက်တွေနဲ့ ရိုင်နိုတွေက စစ်မီးမွှေးထားဖို့၊ စစ်ကျယ်ပြန့်လာစေဖို့ အားသန်ကြတာ ဖြစ်ပါတယ်။ အပိုဆုကတော့ သူတို့အိတ်ဖောင်းတာပေါ့။
ဘိုင်ဒန်လက်ထက်မှာဖြစ်တဲ့ ယူကရိန်းစစ်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်သလို ဂါဇာစစ်ပွဲကလည်း နှစ်၅၀အတွင်း အဆိုးဆုံးနဲ့ စံချိန်တင်ပြန်ပါတယ်။ ရုရှားကို စီးပွားရေးတွေ ပိတ်ဆို့ထားလို့ ဒုက္ခရောက်နေသလို ဘိုင်ဒန်တို့ ပုံဖော်နေတဲ့ရုရှားက စီးပွားရေးမှာ အမေရိကန်ကိုတောင် ကျော်တက်သွားပြီဆိုတော့ ဘိုင်ဒန်ပဲ ညံ့လွန်းတာလား၊ ပူတင်ပဲ စွမ်းလွန်းတာလားလို့ မေးရမလိုဖြစ်နေပါပြီ။ စစ်နဲ့ အခွန်နဲ့ပဲ လုပ်စားတတ်တဲ့ ဒီမိုကရက်အစိုးရတွေရဲ့ လုပ်ကွက်တွေဟာ GDP တက်လို့ စီးပွားရေးအတွက် ကောင်းတယ် ဆိုတာထက် လူ့အသက်တွေအများကြီး ဆုံးရှုံးပြီးမှ ဖြစ်လာရမယ့်ကိစ္စဆိုတော့ ဒါဟာ ဝမ်းမြောက်ရမယ့်ကိစ္စ မဟုတ်တော့သလို ရည်ရှည်တိုးတက်မှု ထိန်းထားနိုင်တဲ့ sustainable economy လည်း မဟုတ်တော့ပါဘူး။