အမေရိကန်ပြည်ထောင်စုမှာ ယာဥ်မောင်းလိုင်စင်လုပ်ဖို့ ဖောင်ဖြည့်တဲ့အခါ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ကလီစာတွေ လှူမလားလို့ မေးပါတယ်။ အများစုက သေပြီးမှတော့ ကျန်တဲ့သူ အကျိုးရှိတာ လှူမှာပေါ့ဆိုပြီး လှူဖို့ ရွေးတတ်ကြပါတယ်၊ ဒီဆောင်းပါးထဲမှာတော့ လူတယောက်သေသွားရင် အောက်ဆီဂျင်ပြတ်သွားတာကြောင့် သေပြီးသားလူဆီက ကလီစာက အစားထိုးဘို့အတွက် သုံးလို့မရပါဘူးလို့ ဆိုပါတယ်။ သေပြီးသားသူဆီက မျက်ကြည်လွှာ၊ အရိုး၊ အရေပြား၊ အရွတ်/အကြော စတာတွေပဲ အစားထိုးဖို့ သုံးနိုင်ပါတယ်။ လူတွေအများစု လိုအပ်နေတာက ကျောက်ကပ်တို့ နှလုံးတို့ စတာတွေဖြစ်တော့ မသေသေးတဲ့သူဆီကပဲ ယူမှ ဖြစ်တာပါ။ လူကောင်းကြီးက ကလီစာထုတ်ရောင်း/ လှူတာမျိုးကလည်း သိပ်များမှာမဟုတ်တော့ ကလီစာအလှူရှင်တွေရဲ့ ၉၀%က ဘရိန်းဒက်လို့ သတ်မှတ်ခံရတဲ့သူတွေ ဖြစ်နေကြပါတယ်။

အရင်ကတော့ ဦးနှောက်သေသွားပြီဆိုရင် သူ့ဖာသာသူ အသက်မရှုနိုင်တဲ့အတွက် စက်နဲ့ရှုပေးရင် နှလုံးကစလို့ ကျန်အင်္ဂါတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီး တော်ရုံပိုးမွှားတွေကိုပါ တိုက်ထုတ်နိုင်တဲ့အထိ စွမ်းကြသေးပေမယ့် ဘရိန်းဒက်လို့ ဆရာဝန်က ကြေငြာလိုက်တာနဲ့ အော်ဂန်ဒိုနာဆိုရင် ကလီစာတွေ ပေးလှူဖို့ ပြင်ဆင်ကြပါတယ်။ အော်ဂန်ဒိုနာအဖြစ် မိမိကိုယ်တိုင်က ရွေးချယ်ထားခဲ့ရင် မိသားစုက ငြင်းပိုင်ခွင့်မရှိပါဘူး။ စက်နဲ့အသက်ဆက်စေမလား/ မဆက်ဘူးလား ဆိုတာကိုတော့ သူအသက်ရှိစဥ်က စီမံခဲ့တာမရှိရင် မိသားစုက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကလီစာတွေ ထုတ်ယူရာမှာလည်း များသောအားဖြင့် ဘရိန်းဒက်တွေဟာ ခံစားမှု မရှိဘူးဆိုပြီး မေ့ဆေး/ထုံဆေးစသည် မပေးကြတာများပါတယ်။ တချို့ဆရာဝန်တွေကပဲ ခံစားချက်ရှိခဲ့သည်ရှိသော် ဆိုတဲ့အတွေးနဲ့ လိုရမယ်ရ ထုံဆေးပေးပြီး ခွဲကြပါတယ်။
ဘယ်လိုအချက်တွေနဲ့ ကိုက်ညီရင် ဦးနှာက်သေဆုံးပြီလို့ သတ်မှတ်ထားတာတွေရှိနေပေမယ့် ဟိုက်ပိုသားမီးယားလို အော်တိုအင်မြူမ်းလို ဆေးလွန်တာလို အဆိပ်သင့်တာလိုကိစ္စတွေက ဦးနှောက်သေဆုံးသလိုမျိုးလက္ခဏာတွေ ယာယီဖြစ်တတ်တဲ့အတွက် မှားယွင်းဆုံးဖြတ်နိုင်တာမျိုး ရှိနိုင်ပါတယ်။ ဘရိန်းဒက်ကို တခါတလေမှပဲ ကြုံဖူးကြတဲ့ဆေးရုံတွေမှာလည်း အတွေ့အကြုံ နည်းပါးလွန်းတဲ့အတွက် မှားယွင်းမှုတွေ ရှိနိုင်တာပါပဲ။
လက်တွေ့မှာ ဘရိန်းဒက်ဖြစ်သူတိုင်း ပြန်ကောင်းလာမယ်လို့ ပြောလို့မရပေမယ့် ပြန်ကောင်းလာသူတွေလည်း ရှိနေတာပါ။ ဂျာဟီဆိုတဲ့ ၁၃နှစ်အရွယ်မိန်းကလေးဟာ ၂၀၁၃ ဒီဇင်ဘာ မှာ ဘရိန်းဒက်လို့ သတ်မှတ်ခံခဲ့ရပေမယ့် မိခင်က လက်မခံတဲ့အတွက် အသက်ရှုစက်အကူနဲ့ ဆက်လက်ရှင်သန်ခဲ့တာမှာ နောက် ၉လလောက်ကြာတဲ့အခါမှာ ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေ အလုပ်လုပ်နတာ တွေ့ခဲ့ရသလို ဇက်ခ်ဒန်းလက်ပ်ဆိုသူ လူငယ်လေးကလည်း ယာဥ်မတော်တဆဖြစ်ပြီး ဆေးရုံအရောက်မှာ ဘရိန်းဒက်လို့ ကြေငြာခံခဲ့ရပါတယ်။ အဲလိုကြေငြာပြီးနောက် ဒန်းလက်ပ်ဟာ အော်ဂန်ဒိုနာဖြစ်တဲ့အတွက် သူ့ရဲ့ကလီစာတွေထုတ်ယူဖို့ ပြင်နေကြပြီး မိသားစုက နှုတ်ဆက်နေကြပါပြီ။ အဲဒီအချိန်မှာ သတိပြန်ရလာတဲ့ဒန်းလက်ဟာ အော်ဖို့ကြိုးစားပေမယ့် သူ့ခန္ဓာကိုယ်က လှုပ်မရတဲ့အတွက် အော်ဟစ်သတိပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ကံကောင်းချင်တော့ သူ့ရဲ့ ဝမ်းကွဲလေးက သူနာပြုဖြစ်နေပြီး ဒန့်လက်ပ်သေမှာကို မယုံကြည်တဲ့အတွက် လက်သဲခွံအောက်ကို ဖိပြီး နာကျင်မှုကို တုန့်ပြန်မပြန် စမ်းသပ်ခဲ့ရာမှာ လက်က တဖက်ကို ရွေ့/ရုန်းသွားခဲ့တဲ့အတွက် သေချာပြန်စစ်ကြည့်ကြပြီး ဘရိန်းဒက်သတ်မှတ်ချက်ကို ရုတ်သိမ်းပေးခဲ့ပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာ သူ့ဖာသာသူ အသက်ရှူလာနိုင်ပြီး တလအတွင်း ဆေးရုံက ဆင်းသွားနိုင်ခဲ့ပါတယ်။
ဥပဒေအရ ဦးနှောက်သေဆုံးပြီလို့ သတ်မှတ်ပေးတဲ့ဆရာဝန်ဟာ သူသတ်မှတ်ပေးလိုက်တဲ့လူနာရဲ့ ကလီစာအစားထိုးကုသမှုတွေမှာ ပါဝင်ပတ်သက်ခြင်းမပြုဖို့ ကန့်သတ်ထားပေမယ့် လူဆိုတာ မှားတတ်တဲ့သဘာဝရှိတာလည်းတကြောင်း၊ တယောက်ချင်းစီအတွက် အချိန်ယူစောင့်ဆိုင်း ကြည့်ရှုပေးဖို့ မဖြစ်နိုင်တာတကြောင်းတို့ကြောင့် အရှင်လတ်လတ် ထုံဆေးမပါပဲ ကလီစာ ထုတ်ယူခံရသူတွေထဲ ပါနေနိုင်တာကို သတိပြုနိုင်စေဖို့ မျှဝေလိုက်ပါတယ်။ တရုပ်ပြည်မှာတော့ အာဏာပိုင်တွေက ရန်သူလို့ သတ်မှတ်ထားတဲ့ ဘာဘရိန်းမှ မဒက်သေးတဲ့ အရှင်လတ်လတ် ကျန်းမာသူတွေဆီကနေ ကလီစာထုတ်ယူတာ ဘာမှမဆန်းတော့ပေမယ့် အမေရိကန်မှာကတော့ တရုပ်ပြည်နဲ့ အပြည့်အဝမတူသေးတဲ့အတွက် ခုထိတော့ ရွေးစရာရှိနေပါသေးတယ်။ ရွေးချယ်မှု မှန်ကန်ကြပါစေ။
