ဇွန်လ ၂၀ ရက် ၂၀၂၄

ထရမ့်နဲ့ ဘိုင်ဒန်တို့ ဒီဘိတ်လုပ်ကြဖို့ကို ဘိုင်ဒန်တို့ဖက်က ဒီလ ၂၇ရက်ကို ရွေးထားပါတယ်။ အဲဒါဟာ သမ္မတရကပအတွက် ဒီဘိတ်ကို တီဗီက လွှင့်ကြတဲ့သမိုင်းမှာ အစောဆုံးပါပဲ။ ဒီအန်စီက တရားဝင် နိုမီနေးရှင်းပေးမှာက ဩဂုတ်လမှပါ။ ဒီဘိတ်ကိုတော့ စီအန်အန် ဌာနချုပ်မှာလုပ်မှာဖြစ်ပြီး ခါတိုင်းလို တက်ရောက်ကြည့်ရှုသူများကို အဲဒီနေ့မှာ ခွင့်ပြုမှာ မဟုတ်ပါဘူး။ စာရွက်အလွတ်နဲ့ ဘောပင်ကလွဲလို့ ကြိုရေးထားတာ ဘာတခုမှ ယူမလာရဘူးလို့ ဆိုပါတယ်။ ကြည့်ပဲဖတ်တတ်တဲ့ ဘိုင်ဒန်အတွက် ဒီဘိတ်မှာ အခြေမလှရင် အကြောင်းတခုခုပြ ဖြုတ်ပြီး တခြားတယောက်နဲ့ လွှဲထည့်မယ်လို့ ခန်းမှန်းကြသူတွေ ရှိနေပါတယ်။ တကယ်သာ အဲဒီလိုဖြစ်လာခဲ့ရင် ပဏာမရကပတွေမှာ ပြည်သူတွေ မဲပေးထားတာကို ပစ်ပယ်ဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ အခုဘိုင်ဒန်သုံးမရတာ လူတိုင်းသိနေလျက်နဲ့ ပါတီစွဲ မုန်းစွဲနဲ့ ပေးနေကြတာပဲလေ။

ပူတင်က ယူကရိန်းနဲ့စစ်ရပ်စဲဖို့အတွက် ကမ်းလှမ်းလာပါတယ်၊ ယူကရိန်းအရှေ့ပိုင်း နယ်မြေ၄ခုကနေ ယူကရိန်းတပ်တွေ ဆုပ်ခွာပေးဖို့၊ ယူကရိန်း နေတိုးအဖွဲ့ထဲ မဝင်ဖို့၊ အနောက်ကမ္ဘာက ရုရှားအပေါ် ပိတ်ဆို့ထားတာတွေ ဖယ်ရှားပေးဖို့ စတာတွေ တောင်းဆိုလာပါတယ်။ ပူတင်က အစကတဲက အဲဒီအချက်တွေကိုပဲ တစိုက်မတ်မတ် တောင်းဆိုလာတာပါ။ အဲဒီနယ်မြေတွေကလည်း ရုရှားအများစု နေနေတာဖြစ်ပြီး ခြစားမှုတွေ ဖိနှိပ်ချုပ်ချယ်မှုတွေ ပြည့်နှက်လာတဲ့ ယူကရိန်းလက်အောက်မှာ မနေချင်တော့လို့ ရုရှားနဲ့ ပေါင်းချင်ကြောင်း မဲနိုင်ထားတဲ့နယ်တွေ ဖြစ်ပါတယ်။ ပူတင်ရဲ့ ကမ်းလှမ်းချက်ကို ရကပကို ဖျက်သိမ်းပြီး အာဏာဆက်ယူထားတဲ့ ဇယ်လင်းစကီးက ပယ်ချခဲ့ပါတယ်။ တခုသိထားဖို့က အရှေ့ဥရောပမှာ နယ်နမိတ်တွေက အသေတွေ မဟုတ်ကြဘူးဆိုတာပါ။

ဘိုင်ဒန်တို့က ရုရှားကိုမဖိတ်ပဲ ယူကရိန်း၊ G-7 နဲ့ ဆွစ်ဇာလန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလိုမျိုးပုံစံ လုပ်ပါတယ်။ နိုင်ငံတော်တော်များများကို ဖိတ်ထားတာမှာ တရုပ်နဲ့ သူနဲ့ရင်းနှီးတဲ့ ပါကစ္စတန်တို့ မတက်ကြပါဘူး။ Ukraine Communique ဆိုတဲ့ ခေါင်းစဥ်နဲ့ တောင်းဆိုချက် ၃ခုပါဝင်တဲ့ စာ ထွက်လာပါတယ် –  နျူဓါတ်ပေါင်းဖိုတွေအားလုံးကို IAEA မူတွေနဲ့အညီ IAEA ရဲ့ စောင့်ကြပ်မှု အောက်မှာ လုံခြုံအောင်ထားဖို့၊ ယူကရိန်းလယ်ယာထွက်ကုန်တွေကို စိတ်ဝင်စားတဲ့ ဘယ်တတိယန ိုင်ငံကိုပဲ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် တင်ပို့နိုင်ဖို့၊ အကျဥ်းသားလဲလှယ်ဖို့၊ ဥပဒေနဲ့မညီပဲ ပြည်ပမှာ ရောက်ရှိ/ ထိန်းသိမ်းခံနေကြရတဲ့ ယူကရိန်းအရပ်သားတွေကို ပြန်ပို့ပေးဖို့ စတာတွေပါ။ အဲဒီစာကို အိန္ဒိယ၊ မက္ကဆီကို၊ ဆော်ဒီ၊ တောင်အာဖရိက၊ ထိုင်း၊ အင်ဒိုနဲ့ UAE တို့ လက်မှတ်မထိုးကြပါဘူး။ ရုရှားမပါပဲ တဖက်သတ်လုပ်တဲ့အစီအစဥ်ဖြစ်တဲ့အတွက် မပေးကြတာများပါတယ်။

ဘိုင်ဒန်တို့နဲ့ ဇယ်လင်းစကီးတွေ့တိုင်း မပါမပြီးတာကတော့ ယူကရိန်းမှာ စစ်သက်ရှည်အောင်လုပ်ဖို့ ပိုက်ဆံပေးတာပါပဲ။ ဒီတခါတော့ ပေးပုံပေးနည်းက တမျိုး ပြောင်းသွားပါပြီ။ အမေရိကန်တွေ freeze လုပ်ထားတဲ့ ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေက ရတဲ့ အတိုးငွေတွေကို ရုရှားအကောင့်ထဲ ထည့်မပေးပဲ အပေါင်ထားပြီး ချေးလို့ ရတဲ့ငွေကို ယူကရိန်းကို ပေးတာပါ။ ယူကရိန်းက သားစဥ်မြေးဆက် မကြေမချင်း ပြန်ဆပ်ရပါမယ်။ တိုင်းပြည် တိုးတက်ဖို့ နည်းကောင်းလမ်းကောင်း မလုပ်တတ်သူတွေက ကိုယ်ကျိုးစီးပွားအတွက်တော့ ဉာဏ်နီဉာဏ်နက်တွေ ထွက်လာတတ်တာ ဖော်မြူလာလိုများ ဖြစ်နေသလားပါပဲ။

ဘိုင်ဒန့်အစွမ်းနဲ့ တရုပ်၊ အိန္ဒိယနဲ့ ရုရှားတို့ဟာ နီးကပ်သထက် နီးကပ်လာကြပြီး သူတို့ရဲ့ BRICS အဖွဲ့ကလည်း ကြီးသထက် ကြီးလာပါပြီ။​ တကယ်တော့ BRICS က ခုမှကောက်ခါငင်ခါ ထဖွဲ့လိုက်တာ မဟုတ်ပါဘူး။ ၂၀၀၉ကတဲက ဘရာဇေး၊ ရုရှား၊ အိန္ဒိယ၊ တရုပ်တို့ စတင်တည်ထောင်ခဲ့ကြပြီး တောင်အာဖရိကက ၂၀၁၀မှာ ပါလာတာပါ။ အဲဒီမူလ ၅နိုင်ငံစလုံးက G-20 နိုင်ငံတွေဖြစ်ကြပြီး သူတို့ဟာ အမေရိကန်နဲ့ အဓိက မဟာမိတ်တွေ ပါဝင်တဲ့ G-7 ကို ပထဝီနိုင်ငံရေးအရ ပြိုင်ဖက်တွေလို့ မြင်ကြပါတယ်။ ကျန်တဲ့နိုင်ငံအများစုက ဒီနှစ်ထဲမှာမှ ပါလာကြတာပါ။ ခုဆိုရင် ကမ္ဘာ့မြေဧရိယာရဲ့ ၃၀%နဲ့ ကမ္ဘာ့လူဦးရေရဲ့ ၄၅% ရှိနေပါပြီ။ ၂၀၀၉ ဆိုတာက အိုဘမတက်တဲ့နှစ်ဖြစ်တော့ ဒေါ်လာကို မြေလှန်ချင်တဲ့အဖွဲ့က အိုဘမတက်တဲ့နှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အိုဘမတတိယသက်တမ်းဖြစ်တဲ့ ဘိုင်ဒန့်လက်ထက်မှာ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။ အိန္ဒိယက အရင်က တရုပ်ယွမ်ငွေကို အသုံးပြပြီး ရုရှားထံက လောင်စာဝယ်ဖို့ သဘောမတူခဲ့ပေမယ့် မနှစ်ကစပြီး ယွမ်နဲ့ဝယ်ဖို့ စပြင်လာပါတယ်။ ရုရှားကလည်း ယွမ်နဲ့ ငွေချေဖို့ လက်ခံနေပြီဖြစ်ပြီး ကမ္ဘာ့အကြိးဆုံး ရေနံတင်ပို့သူ ဆော်ဒီကလည်း ယွမ်အပါအဝင် တခြားငွေကြေးတွေကိုပါ လက်ခံဖို့ ပြင်လာပါပြီ။

အမေရိကန်ဒေါလာရဲ့ အခန်းကဏ္ဍဟာ ချက်ချင်းကြီး ကျဆင်းသွားမှာမဟုတ်ပေမယ့် ကမ္ဘာမှာ တရုပ်နဲ့ မကင်းနိုင်တဲ့နိုင်ငံတွေ များလာတာနဲ့အမျှ တရုပ်ဩဇာလွှမ်းပြီး အမေရိကန်ရဲ့ ဩဇာက မှေးမှိန်လာတော့မှာပါ။ အခုတောင် အမေရိကန်က စိတ်ချ ယုံကြည်အားကိုးလောက်တဲ့ အနေအထား မရှိနေတော့ ယူအန်လိုအဖွဲ့အစည်းမှာ တခုခုမဲခွဲလိုက်ရင် တရုပ်နဲ့ မဆန့်ကျင်ဖို့ သတိထားတဲ့ နိုင်ငံတွေ များသထက်များလာပါပြီ။ သမ္မတဖြစ်ပြီး ဘဲဥပုံရုံးခန်းမှာ မထိုင်ရပဲ အဲဒီနားက အဖြစ်လုပ်ထားတဲ့ အခန်းပိုတခုမှာ ထိုင်နေရတဲ့ ဘိုင်ဒန်လက်ထက်မှာ  အမေရိကန်က မဟာမိတ်တွေအတွက် အားမကိုးလောက် ဖြစ်နေပြီး တရုပ်က အာဖဂန်အပါအဝင် မူဆလင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ ခိုင်မာအောင်လုပ်၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ပြီး ဩဇာကွန်ယက် အကြီးအကျယ် ဖြန့်ကျက်နေတာ ဖြစ်ပါတယ်။

ဘိုင်ဒန်အစိုးရရဲ့ မဆင်မခြင်သုံးစွဲမှုတွေကြောင့် ငွေချေးမယ့်သူမရှိတော့တဲ့အတွက် ငွေရိုက်ထုတ်တာနဲ့ ဖြေရှင်းရတဲ့အပိုင်းက ပိုများလာပါတယ်။ အဲဒီတော့ ငွေဖောင်းပွလာတာနဲ့အတူ ငွေဖောင်းပွမှုကို ထိန်းဖို့ အတိုးနှုန်းတွေ မြှင့်လာပါတယ်။ ငွေဖောင်းပွမှုရဲ့ အကျိုးဆက်က ပြည်သူတွေတင်မကပဲ တကမ္ဘာလုံးက ဒေါ်လာကို ကမ္ဘာသုံးငွေမာလို့ ယုံကြည်ပြီး ကိုင်ထားသူတွေ နိုင်ငံတွေ အထိနာပြီး အတိုးနှုန်းမြှင့်တာရဲ့ အကျိုးဆက်က ပြည်သူတွေ သုံးစွဲမှုကျဆင်းပြီး စီးပွားရေးကျုံ့လာတာပါ။

ဆရာကြီး Milton Friedman က ငွေဖောင်းပွမှုဟာ ဥပဒေမရှိ၊ ပြည်သူကို ကိုယ်စားပြုခြင်းမရှိတဲ့ အခွန်ကောက်ခြင်းတမျိုးပဲလို့ ဆိုပါတယ်။ ငွေဖောင်းပွလို့ လျော့သွားတဲ့ ငွေတန်ဖိုးက အခွန်ကောက်လိုက်လို့ လူတွေအိတ်ထဲကနေ လျော့သွားသလိုပါပဲလို့ ဆိုချင်တာပါ။ ဒေါ်လာကို နိုင်ငံခြားအရံငွေကြေးအဖြစ် အဓိကထားတဲ့ နိုင်ငံတွေဟာ သူတို့စုငွေတန်ဖိုး ကျုံ့သွားတဲ့အတွက် အလကားနေရင်း အခွန်ကောက်ခံလိုက်ရသလို ဖြစ်သွားပါတယ်။ အလားတူပဲ အမေရိကန်ရဲ့ မြီရှင်နိုင်ငံတွေဟာလည်း သူတို့ချေးထားတာတွေ ကျုံ့လိုက်လာတော့ လက်လွှဲရောင်းပြီး ဝိတ်လျော့ကြပါတယ်။ ဒါဟာလည်း ကမ္ဘာမှာ အမေရိကန်ဩဇာ ကျဆင်းစေတဲ့ အကြောင်းတခုပါပဲ။

နောက်တချက်က ဒေါ်လာကို ငွေမာလို့ ယုံကြည်ကြတဲ့အတွက် အမေရိကန်ဘဏ်တွေမှာ နိုင်ငံတွေ လူတွေရဲ့ ဒေါ်လာတွေ ပိုင်ဆိုင်မှုတွေကို လာအပ်ထားကြပါတယ်။ စစ်မြှူ၊ စစ်တွန်း၊ စစ်သံပေးပြီး စစ်နဲ့ လုပ်စားတဲ့ ဘိုင်ဒန်အစိုးရဟာ အမေရိကန်ဘဏ်တွေမှာ ယုံကြည်လို့ အပ်နှံထားတဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံရေး စစ်ရေးရည်ရွယ်ချက်တွေနဲ့ လိုသလို ထိန်းချုပ်ကစားတာကလည်း နိုင်ငံတွေရဲ့ ယုံကြည်မှုကို ကျဆင်းစေတဲ့ အဓိကအချက်တခု ဖြစ်နေပြန်ပါတယ်။ အဲဒီလို ထိန်းချုပ်တာက ဆန်းတဲ့ကိစ္စ မဟုတ်ပေမယ့် ပွင့်လင်းမြင်သာမှုမရှိ၊ objective မဖြစ်ရင် ပြဿနာ ရှိလာပါပြီ။ ဥပမာ ရုရှားကို ယူကရိန်းထဲ ဝင်မတိုက်တိုက်အောင် ပလန်ချ ညာသံပေးခဲ့တဲ့ ဘိုင်ဒန်တို့က ရုရှားလည်း သူတို့ထောင်ချောက်ထဲ ဝင်လာရော ပိုင်ဆိုင်မှုတွေ freeze လုပ်ခဲ့တာက အကျိုးတူမဟုတ်တဲ့ နိုင်ငံတွေကို သူတို့ပိုင်ဆိုင်မှုတွေကို အမေရိကန်ဘဏ်တွေမှာ မထားဖို့ သတိပေးလိုက်သလိုပါပဲ။

ဒါတွေဟာ BRICS ကိုကမ္ဘာ့နိုင်ငံတွေ ပိုအားထားလာကြတဲ့ အကြောင်းရင်းကြီးတခုပဲ ဖြစ်ပါတယ်။ BRICS မှာ အဖွဲ့ဝင်ထပ်တိုးဖို့ ရည်ရွယ်ချက် ရှိခဲ့ပုံမရလို့သာ ၂၀၂၃အကုန်အထိ ၅နိုင်ငံပဲ ရှိနေခဲ့တာပါ။ ဒီနှစ်ထဲမှာတော့ ရေနံထွက်တဲ့ နိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေကို ဖိတ်လာခဲ့တာ အခုဆို ၅၉နိုင်ငံက ဝင်ချင်လို့ ဆန္ဒပြုထားကြပါပြီ။ BRICS က ဥရောပမှာသုံးတဲ့ SWIFT အိန္ဒိယမှာသုံးတဲ့ Unified Payment Interface တို့လိုမျိုး BRICS PAY ကို နိုင်ငံတွေရဲ့ ကိုယ်ပိုင်ငွေကြေးတွေနဲ့ ပေးလို့ရတဲ့ စနစ်ဖြစ်အောင် လုပ်နေပါပြီ။

တရုပ်၊ UAE၊ ထိုင်းနဲ့ ဟောင်ကောင်တို့ ပူးတွဲ အကောင်အထည်ဖော်နေတဲ့ Project mBridge ကလည်း minimum viable product အဆင့်ကို ရောက်နေပြီး ဆော်ဒီလည်း ပါလာပါပြီ။ အဲဒီမှာ CBDC သုံးပြီး ရိုးရိုးငွေနဲ့စာရင် နိုင်ငံခြားငွေပေးခြေတဲ့ စရိတ် သက်သာတယ်၊ လွယ်ကူလျင်မြန်တယ်၊ ဘဏ်အကောင့် မရှိသူတွေပါ သုံးနိုင်မယ်ဆိုပေမယ့် programmable ဖြစ်ပြီး အစိုးရတွေက ဦးစီးထိန်းချုပ်ထားမှာ ဖြစ်လို့  ဥပဒေကို လိုသလိုကစားလာနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဥပမာ ဘယ်ပစ္စည်းပဲ ဘယ်လောက်ပဲ ဘယ်အချိန်အတွင်းပဲ ဝယ်ဖို့ သုံးလို့ရမယ်ဆိုတာတွေ ကန့်သတ်ထားလာနိုင်တာက စိုးရိမ်စရာပါ။ Fed Reserve Chair Jerome Powell က CBDC လုပ်ဖို့ Fed က စိတ်မဝင်စားဘူးလို့ ပြောပေမယ့် ဘိုင်ဒန်အစိုးရက ဗလောင်းဗလဲပြော/လုပ်တာ အကြိမ်ကြိမ်ရှိပြီမို့ ယုံဖို့ခက်ပါတယ်။

အစိုးရက ဒေါ်လာပဲဆက်သုံး၊ ကမ္ဘာရဲ့ စိတ်ချယုံကြည်မှုကို ပြန်ရအောင်လုပ်ပြီး တဖက်က Bitcoin တို့လို ဘယ်သူ့ကြိုးကိုင်မှုအောက်မှာမှ မရှိတဲ့ crypto currency တွေကို အားပေးရင် ကောင်းကျိုးများပြီး မကောင်းကျိုးနည်းအောင် လုပ်ဖို့ ဖြစ်လာနိုင်မယ်လို့လည်း ဆိုကြပါတယ်။ အဲဒါဆိုရင်တော့ ပုံမှန်ဘဏ်တွေဆက်သုံးလိုသူသုံး၊ ဒေါ်လာအရွက်စုချင်လဲစု၊ cryptocurrency သုံးချင်လဲသုံးကြပေါ့။ အဲဒီလိုဖြစ်လာဖို့ဆိုရင်တော့ ဒီနှစ်အမေရိကန်ရကပမှာ ထရမ့်နိုင်မှ ဖြစ်ပါမယ်။

Leave a comment