တနေ့ကလုပ်တဲ့ “ဒီဘိတ်”မှာ ထရမ့်ရဲ့ အားသာချက်မှန်သမျှကို မပါစေတဲ့ တဖက်သက် စည်းမျဥ်းတွေ ထုတ်ပြီး ဘိုင်ဒန်အခြေမလှတိုင်း ဝင်ကယ်ပေးတဲ့ host တွေနဲ့ တပတ်လုံးလုံး ဘယ်မှမသွားပဲ အပြည့်အဝ ဇတ်တိုက်ထားတဲ့ ဘိုင်ဒန်ဟာ ဆေးဘယ်လောက်သုံးထားထား သူ့ရဲ့ ယိုင်နဲ့နဲ့ အူလယ်လယ် ဖြစ်နေတဲ့ပုံစံရယ်၊ စကားကို လေသံတောင် မနဲကြိုးစားညှစ်ထုတ်နေရတဲ့ အနေအထားရယ်၊ စကားမှား၊ အကြောင်းအရာမှားပြောတာတွေရယ်၊ ဆေးသုံးထားသူတွေရဲ့ ထုံးစံအတိုင်း ရန်လိုတတ်တာတွေရယ်က SOTU ပြောစဥ်ကလို တယောက်တည်း စာကြည့်ဖတ်တာမျိုးမှာ သိပ်မသိသာတဲ့ အခြေအနေတခုကို ဖွင့်ပြလိုက်သလိုပါပဲ။ အများစုကတော့ အံ့ဩမယ် မထင်ပါဘူး။ ဒီဘိတ်မပြီးခင်မှာပဲ ဘိုင်ဒန့်ဘက်သားတွေက ဘိုင်ဒန်အအေးမိနေလို့ အသံက အဲဒီလိုဖြစ်နေတာပါလို့ ကြိုကာပါတယ်။ အအေးမိတာလား၊ အကြိမ်ကြိမ် ဇတ်တိုက်ထားရလို့ အသံမထွက်နိုင်တော့တာလား ဆိုတာလောက်တော့ လူတွေခွဲသိကြမှာပါ။
ထရမ့်ကတော့ ပရိသတ်မရှိတဲ့ ခြောက်ကပ်ကပ်ပွဲမှာ အလှည့်မကျမချင်း မိုက်ကရိုဖုန်း အပိတ်ခံထားရတော့ ဘိုင်ဒန်ပုတ်ခတ်သမျှ ပြန်ခြေဖို့အတွက် တခြားမေးခွန်းမေးတဲ့အချိန်ထဲက ရအောင်ယူပြီး တုန့်ပြန်တာ တွေ့ရပါတယ်။ ဘိုင်ဒန်က ထရမ့်ဒေါသထွက်အောင် ဆွပေးတာပဲလား၊ ဆေးစွမ်းပြနေတာပဲလားတော့မသိ၊ ထရမ့်ကို မမှန်ကန်တဲ့ အချက်အလက်တွေကို အသုံးပြုပြီး စွပ်စွဲ ပုတ်ခတ် တိုက်ခိုက်ပါတယ်။ စကားနဲ့တောင် အကျောမခံတတ်တဲ့ ထရမ့်က ခုတခါတော့ ဘိုင်ဒန့်ထောင်ချောက်ထဲမဝင်အောင် ကြိုးစားပြီး ခေါင်းအေးအေးနဲ့ ကိုင်တွယ်ဖြေရှင်း သွားပါတယ်။
လစ်ဗြဲမီဒီယာကတော့ ဖက်ချက်ဆိုပြီး ထရမ့်ပြောသွားတဲ့ထဲက “အမှား” ဆိုတာတွေကို ဝိုင်းဖြဲကြတာ အင်တာနက်တခုလုံး အဲဒါတွေချည့်ပါပဲ။ တကယ်တမ်းက ထရမ့်စကားမှာ လက်တန်းပြောရတာဖြစ်လို့ အမှားပါနိုင်ပေမယ့် လက်ဝဲမီဒီယာတွေက ထရမ့်ပြောတာမှန်သမျှ မဆိုစလောက်လေးမှားရင်တောင် မှန်ဘီလူးနဲ့ ချဲ့ပြသလောက် ဘိုင်ဒန့်ရဲ့ မဟာအမှားတွေကို ဖုံး၊ မဖြစ်စလောက်အမှားကိုပဲ ချပြကြတာ တွေ့ရပါတယ်။ အထဲမှာ ဘာရေးထားတယ်ဆိုတာ အများစုက ဖတ်ကြမှာမဟုတ်တော့ CNNပြောသလို ထရမ့်က အကြိမ် ၃၀ကျော်တောင် အမှားတွေပြောတယ် ဆိုတာပဲ လူတွေမြင်သွားရင် သူတို့အတွက် အမြတ်ထွက်ပြီလေ။
ဘိုင်ဒန့်အမှားတွေ ချိနဲ့ယိုင်တိုင် ဖြစ်နေတာတွေ၊ စကားတောင်ရောက်မြောက်ရောက် ဖြစ်နေတာ၊ လေမဆက်တာ၊ အသိလွတ်သလို ဖြစ်နေတာတွေ၊ အိပ်ငိုက်သွားတာတွေ၊ ပွဲအပြီးမှာ လမ်းတောင် ကောင်းကောင်းမလျောက်နိုင် စကားမပြောနိုင်တော့လို့ Jillက ချစ်လို့တွဲခေါ်သလိုလိုနဲ့ တွဲထားပေးရတာ ကျတော့ လစ်ဗြဲမီဒီယာတွေ ဖော်ပြကြတာ မတွေ့ရပါဘူး။ G-7 တုန်းက ဘိုင်ဒန် ကြောင် န နေတဲ့ ဗီဒီယိုတွေ တက်လာတော့တောင် ပြန်ဝန်မလေးက ထရမ့်လူတွေ လုပ်ကြံဖန်တီးထားတာပါ၊ ဘိုင်ဒန်က ထက်တုန်းလို့ ပြောခဲ့သေးတာ၊ မရှက်တတ်ကြတော့လည်း ခက်သားလား။
တကယ်တော့ ဖက်ချက်ကာဆိုပြီး အင်တိုက်အားတိုက် စထွက်လာတာက ထရမ့်သမ္မတဖြစ်ပြီးမှ ရုရှားကိုလူးရှင်းတို့လိုပဲ ထရမ့်ကိုတိုက်ခိုက်ဖို့ လုပ်လာကြတာပါ။ ပိုပြီးတိတိကျကျပြောရရင် ကမ္ဘာ့ရွာခြတွေ၊ စစ်နဲ့လုပ်စားသူတွေရဲ့ ထိုင်ခုံကို ခြိမ်းခြောက်လာနိုင်သူတိုင်းကို တိုက်ခိုက်ဖို့ပါပဲ။ အဲဒါကြောင့် လက်ဝဲမီဒီညာတွေ ဘစ်တက်ခ်တွေနဲ့ ကမ္ဘာ့ရွာသမားတွေ၊ အာဏာရှင်တွေကိုတော့ ဖက်ချက်တာ သိပ်မတွေ့ရပါဘူး၊ ရှိတဲ့အနည်းအကျဥ်းကလည်း မကောင်းတတ်လို့ သက်သက်ညှာညှာ လုပ်ထားတာပါ။ အခုဒီဘိတ်လိုပဲပေါ့။ မီဒီယာကိုစိုးမိုးထားသူက ကမ္ဘာကို စိုးမိုးတယ်လို့ ပြောကြတာပဲလေ။ ဇယ်လင်းစကီးလည်း ယူကရိန်းမှာ အတိုက်အခံပါတီတွေကို ဖျက်သိမ်းပြီး TV ချန်နယ်တွေအားလုံးကို ထိန်းချုပ်ခဲ့တာ ၂နှစ်ရှိပါပြီ။ မြန်မာပြည်မှာ ဘောမမဟုတ်တဲ့ မီဒီယာတွေ ပိတ်၊ ဖွဘုတ်ပိတ်၊ ဆိုတာတွေလည်း အဲဒီသဘောပါပဲ။
ဖက်ချက်ကာဆိုသူတွေ ကိုးကားတာကလည်း ဂလိုဘယ်အီလိတွေပိုင်တဲ့ မီဒီယာတွေကိုပဲဆိုတော့ ရုရှန်းကိုလူးရှင်းလို ဟန်းတားလက်ပ်တော့ပ်လိုပဲ မဟုတ်ကို အဟုတ်၊ အဟုတ်ကို မဟုတ်လုပ်ကြမှာပါ။ ဖက်ချက်ကာတွေ ကိုးကားတတ်တဲ့ Atlantic သတင်းကလည်း အရှုံးပေါ်နေတာကနေ စတိဂျော့ဘ်ရဲ့ ဇနီးဦးဆောင်တဲ့ အီမာဆန်ကော်လက်တစ်ဖ်က ထရမ့်တက်ပြီး ၂၀၁၇မှာမှ အများစုရှယ်ယာ 70% ကို သန်း၁၀၀နဲ့ ဝယ်လိုက်တာပါ။ အဲဒီပေါင်းဝဲလ်ဂျော့ဘ်စ်ဟာ ကလိုင်းမိတ်ခေါင်းဆောင်မှုကောင်စီရဲ့ တည်ထောင်သူ တဦးဖြစ်ပြီး အိုဘမလက်ထက်မှာ နိုင်ငံခြားဆက်ဆံရေးကောင်စီရဲ့ အကြံပေးဘုတ် အဖွဲ့ဝင် လုပ်ခဲ့ပါတယ်။ ၂၀၁၆မှာ ဟေလာရီကို ၂သန်းလှူပြီး ၄သန်းအလှူခံပေးခဲ့သူပါ။ သူ့ရဲ့ ပရဟိတ လုပ်ငန်းတွေက ပွင့်လင်းမြင်သာမှုရော တာဝန်ယူမှုတာဝန်ခံမှုပါ အားနည်းလွန်းတယ်လို့ ဆိုကြပါတယ်။
ဒီဘိတ်မှာ ဘိုင်ဒန့်အမှားတွေက ဗြောင်လိမ်တာတွေဖြစ်ပြီး မီဒီယာအားနဲ့ လူတွေထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားတာတွေကိုပဲ အသုံးချသွားတာပါ။ အဆိုးဆုံးအလွဲက ဘိုင်ဒန်က သူ့လက်ထက်မှာ အမေရိကန်စစ်သားတွေ မသေဘူးလို့ ပြောခဲ့တာပါ။ အာဖဂန်မှာ ၁၃ယောက်၊ ဂျော်ဒန်မှာ ၃ယောက် ကျဆုံးခဲ့တဲ့ စစ်သည်တွေရဲ့ မိသားစုတွေက ဆတ်ဆတ်ခါ နာကြပါတယ်။ မိဘတဦးဆိုရင် ဘိုင်ဒန့် SOTU တုန်းက ဘိုင်ဒန်ကို အော်ဟစ်ခဲ့လို့ အဖမ်းခံခဲ့ရတာမှာ ရီပါဘလစ်ကန်အမတ်တဦးက လိုက်ကူညီပေးလို့ လွတ်ခဲ့ရတာပါ။ ဒါကို ဖက်ချက်ကာအများစုက မဖော်ပြကြပါဘူး။
ခိုးဝင်ကိစ္စနဲ့ပတ်သက်ပြီး ရာဇဝတ်သားတွေအများကြီး ဝင်လာတာ၊ သူတို့တွေလက်ချက်နဲ့ အမေရိကန် မိန်းမငယ်လေးတွေ စော်ကားခံရ အသတ်ခံရတာ များပါပြီ။ အဲဒါကို အကုန်လုံးမဟုတ်ပါဘူးလို့ ဖက်ချက်ကာများက အသားပေး ပြောပါတယ်။ ဝင်လာတဲ့လူအကုန် ရာဇဝတ်ကောင်တွေလို့ ပြောရင် ယုတ္တိမှ မရှိတာ၊ ဒါပေမယ့် ဟိုဖက်မှာ လောလောလတ်လတ် ရာဇဝတ်မှုကျူးလွန်ခဲ့ပြီး အမေရိကန်ကို ပြေးလာကြသူတွေတော့ မနည်းသလို ဒီမှာ ရာဇဝတ်မှုကျူးလွန်လို့ အကြိမ်ကြိမ်အနှင်ခံထားရသူတွေ ပြန်ဝင်နေကြတာလည်း အမှန်ပါပဲ။
Roe V. Wade ကိစ္စကိုလည်း ဒီမိုကရက်တွေက အမျိုးသမီးအခွင့်အရေးတခုလို ပုံမှားရိုက် အသုံးချနေကြပါတယ်။ ပြည်နယ်တွေက ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်တာမှသာ ဒီမိုကရေစီ နည်းလမ်းကျတာပါ။ ဆူပရင်းကုတ်က ဆုံးဖြတ်တယ်ဆိုတာနဲ့ အားလုံးက သဘောတူတူ/ မတူတူ လိုက်နာရမယ်ဆိုတာကမှ တရားနည်းလမ်း ကျမနေတာပါ။ အထူးသဖြင့် လူ့အသက်နဲ့ဆိုင်တဲ့ကိစ္စပေါ့။ ထရမ့်က မုဒိမ်း၊ သွေးနီး၊ မိခင်အသက်အန္တရာယ် စတာတွေကို ချွင်းချက်ပေးသင့်တယ်လို့ သဘောရှိသူပါ။ ဒါပေမယ့် သူ့သဘောထက် ပြည်သူ့သဘောက အရင်လာရမယ်လေ။
ကော်ပိုရိတ်အခွန်ကို ဘိုင်ဒန်တို့ဒီမိုကရက်တွေက လူချမ်းသာတွေကို နှိပ်ကွပ်တဲ့နည်းတခုလို ပုံဖော်ပြီး လူမွဲမဲကို ဆွယ်ကြပါတယ်။ တကယ်တော့ ကော်ပိုရိတ်အခွန်မြင့်ရင် စီးပွားရေးလုပ်ငန်းချဲ့ထွင်ဖို့၊ ဝန်ထမ်းတွေ လေ့ကျင့်ပေးဖို့၊ လုပ်ငန်းခွင် ပိုကောင်းမွန်လာဖို့ လုပ်ဖို့ရာ ခက်သွားတာကြောင့် နစ်နာတာက ဝန်ထမ်းတွေ ပြည်သူတွေပါပဲ။ ဝင်ငွေခွန်မြှင့်ရင်လည်း အီလိတွေက လခလျော့ယူပြီး စတော့နဲ့ တခြားခံစားခွင့်တွေ ပိုယူမှာပေါ့။ အဲဒီအဆင့်ကလူတွေမှာ ရွေးစရာအများကြီးပါ။ ထရမ့်ပြောတဲ့ ဘိုင်ဒန်လက်ထက်မှာ အခွန် ၄ခါတိုးတယ်ဆိုတာ ဝင်ငွေခွန်တမျိုးတည်းကို ပြောတာမဟုတ်ပါဘူး။ ဥပမာ ကယ်လီဖိုးနီးယားမှာ ဓါတ်ဆီတဂါလံဈေးရဲ့ တဝက်ကျော်က အခွန်ပါ။ လူတွေ မသုံးမဖြစ် သုံးနေရတဲ့အပေါ်မှာ အခွန်တိုးတာတွေကလည်း ပြည်သူ့အပေါ် အခွန်တိုးတာပါပဲ။
အိုးပင်းဘော်ဒါလို့ ထရမ့်က တင်စားပြောသွားတာကိုလည်း ဖက်ချက်ကာများက မှားပါတယ်တဲ့။ နယ်ခြားတံတိုင်းတွေ ဆောက်ဖို့ ဘတ်ဂျက်ချပြီး၊ ငွေချေပြီးသား ၂လလောက်ဆက်လုပ်ရင် ပြီးတော့မယ့်ကိစ္စကို ဘိုင်ဒန်တက်လာလာချင်း ဖျက်ပစ်တာ၊ နယ်ခြားတံတိုင်းလွတ်နေ ပျက်နေတဲ့ နေရာတွေကို မပြင်တာ၊ ခိုးဝင်ကိစ္စ တိတိကျကျ ကိုင်တွယ်ချင်သူ နယ်ခြားရဲတွေကို ပြဿနာရှာတာ၊ လာသမျှ ဘယ်လောက်ဆိုးတဲ့ ရာဇဝတ်သမိုင်းကြောင်းရှိရှိ ပေးဝင်တာ ဘိုင်ဒန်စတက်ကတည်းက ဒီလဆန်းအထိ၊ အားလုံးဝိုင်းအော်လွန်းတော့ ဒီလဆန်းကမှ အဆိုင်လမ်ကန့်သတ်ချက်ဆိုပြီး ခါတော်မှီလုပ်ပြီးနောက်မှ တနေ့ ၂၀၀၀ အောက်ကို ကျသွားတယ်လို့ ဆိုတာ။ အဲဒီနံပါတ်ကို အတည်လို့ ယူနိုင် မယူနိုင်က နောက်တကဏ္ဍ။ နံပါတ်တွေ အတိအကျ သိနိုင်နေရင် ပြီးခဲ့တဲ့ ၃နှစ်ခွဲအတွင်း နယ်စပ်ကရော လေယာဥ်စင်းလုံးနဲ့ ခိုးသွင်းလာတာတွေပါ ဘယ်လောက်ရှိနေပြီလို့ ပြောပြနိုင်မလား။
၂၀၂၀ကတည်းကလည်း ဘိုင်ဒန်က ခန္ဓာကိုယ်ကြံခိုင်မှု အခုထက် နဲနဲ ပိုကောင်းပေမယ့် ဦးနှောက်ပိုင်းမှာ သိပ်မကွာတဲ့အတွက် ခုမှ အံ့ဩသလို လူပဲလဲပစ်ရမလို ပြောနေကြသူများကိုလည်း အံ့ဩပါတယ်။ လူလဲကစားမယ်လို့ စဥ်းစားတာကိုယ်၌က ပဏာမရကပရလာဒ်တွေကို မျက်ကွယ်ပြုတာဆိုတော့ ဒီမိုကရေစီကျင့်စဥ်ကနေ တော်တော်လွဲလာပါပြီ။ တကယ်တော့ ဒီမိုကရက်ပါတီက ဒီမိုကရေစီမကျတော့တာ ကြာခဲ့ပါပြီ။ ပဏာမရကပတိုင်းမှာ လူပိုကြိုက်တဲ့ ဘာနေဆန်းဒါး ဘယ်တော့မှ နိုမီနီမဖြစ်တာရယ်၊ ၂၀၁၆တုန်းက ဘိုင်ဒန်သမ္မတရကပ ဝင်ချင်တာကို အိုဘမက လစ်လျူရှုပြီး ဟေလာရီကို တင်ပေးလိုက်တာရယ်၊ ခုတခါလည်း ဒီမိုကရက်ချင်းတူတူ ရောဘတ်ကနေဒီကို ဘိုင်ဒန်နဲ့ ယှဥ်အရွေးမခံနိုင်အောင် နည်းမျိုးစုံနဲ့ ကြပ်လို့ အင်ဒီပန်းဒန့်အဖြစ်နဲ့ ပြိုင်ရတာရယ်တွေကိုကြည့်ရင် ဒီမိုကရက်ပါတီရဲ့ အရွေ့အားလုံးဟာ အော်ဂဲနစ်မဟုတ်ပဲ တဦး/ဖွဲ့က ထိန်းချုပ်နေတာ ထင်ရှားပါတယ်။ ဆိုလိုတာက လူထုထောက်ခံမှုတို့၊ လူထုမဲတို့ဆိုတာ ပါတီတွင်းမှာ အရေးကို မပါပါဘူး။ ကြံ့ဖွတ်တို့ စီစီပီတို့လိုပါပဲ။
ထရမ့် – ဘိုင်ဒန် “ဒီဘိတ်”ကို ကမ္ဘာတလွှား မိတ်ဆွေတွေရော ရန်သူတွေ၊ တောကြောင်တွေကပါ စောင့်ကြည့်ခဲ့ကြမှာပါ။ သင်သာ အမေရိကန်ကျဆုံးခန်းကို မြင်ချင်နေတဲ့ ရှီတို့၊ ခါမေနီတို့၊ ဟာမာ့စ်တို့ ဖြစ်ခဲ့ရင် သူတို့စိတ်တိုင်းကျကစားနိုင်တဲ့ ဘိုင်ဒန်ကိုပဲ ဆက်ရှိစေဖို့ နည်းမျိုးစုံနဲ့ ကူညီကြမလား၊ ထရမ့်တက်လည်း တက်ပါစေဆိုပြီး လက်ပိုက်ကြည့်နေကြမလား ဖြေကြည့်ကြပါ။